အကြမ်းဖက်စစ်တပ်က စစ်ကိုင်းမြို့ ငလျင်ဘေးတွင် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်မီ မဆောင်ရွက်နိုင်သည့်အပြင် အလောင်းတွေကို ကောင်းမွန်စွာ မသင်္ဂြိုဟ်နိုင်




အကြမ်းဖက်စစ်တပ်က စစ်ကိုင်းမြို့ ငလျင်ဘေးတွင် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်မီ မဆောင်ရွက်နိုင်သည့်အပြင် အလောင်းတွေကို ကောင်းမွန်စွာ မသင်္ဂြိုဟ်နိုင်ဘဲ နေရာအနှံ အပုပ်နံ့များ ပြင်းထန်လာ …

ရွှေညာမောင် Radio NUG, April 8th 2025

အကြမ်းဖက်စစ်တပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်မီ မဆောင်ရွက်နိုင်လို့ စစ်ကိုင်းမြို့ လူအသေအပျောက် ပိုများခဲ့ပြီး စစ်ကိုင်းတစ်မြို့တည်း လူဦးရေ ၁,၀၀၀ လောက် သေဆုံးဖွယ်ရှိတယ်လို့ လတ်တလော ဒေသခံတွေက ခန့်မှန်းထားပါတယ်။

ပြိုကျအဆောက်အအုံတွေထဲက အလောင်းတွေနဲ့ အပျက်အစီးတွေကို ရှင်းလင်းဖို့ စက်ကိရိယာ မလုံလောက်ဘူးလို့ ပြိုကျသွားတဲ့ အုတ်တံတိုင်း အပျက်အစီးတွေကို လက်နဲ့ တစ်ခုချင်း သယ်ထုတ်နေရတဲ့ စစ်ကိုင်းမြို့ခံတွေက အခုလို ပြောပါတယ်။

“စက်တွေကတော့ မရှိသေးပါဘူး။ ပိနေတဲ့ သူတွေတောင် အနံ့တွေ ထွက်နေတယ်။ ပိနေတဲ့ လူတွေတောင်မှ ထုတ်လို့မရတဲ့သူတွေ တော်တော်ရှိတယ်။ လုပ်နေဆဲပါပဲ။ ဒါပေမဲ့ အဲဒီနားတွေတော့ အနံ့တွေ တော်တော်ထွက်နေပြီ။ စက်ကိရိယာက အဲဒီလောက်ကြီး မလုံလောက်ဘူး ဖြစ်နေတယ်။ စစ်ကိုင်းမှာ။ လူအားနဲ့ပဲသွား နေရတာ၊ အကုန်လုံးက စက်က အဲဒီလောက်ကြီး သိပ်ပြီးတော့ မလောက်ဘူး။ အဲဒီလောက်ကြီးလည်း မရှိဘူး ဖြစ်နေတာ။ အဲဒါကြောင့်မို့ ခုချိန်ထိ။ ခုဆို ၃ ရက်လောက် ရှိပြီလေ။ ထုတ်လို့မရတဲ့ လူတွေက အနံ့တွေ ထွက်နေပြီပေါ့”

စစ်ကိုင်းတံတားဟောင်း ပြိုကျရာ အနီးရှိ မင်းလမ်းရပ်ကွက်ဟာ ငလျင်ဒဏ်ကြောင့် အထိနာရဆုံး ရပ်ကွက်တွေထဲမှာ ပါဝင်ပြီး ငလျင်ကြော ဖြတ်သန်းသွားရာ လမ်းကြောင်းတလျှောက် နေအိမ်နဲ့ သာသနိက အဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။ ဧပြီလ ၁ ရက်နေ့အထိ ငလျင်တွေကလည်း လှုပ်ခတ်နေဆဲဖြစ်တာမို့ အိမ်အပြင်မှာ ထွက်နေကြရပြီး အပျက်အစီးတွေကို ပြုပြင်ဖို့က သိပ်တော့မလွယ်ဘူးလို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

“ပြန်လည်တည်ဆောက်ဖို့ အခြေအနေကတော့ သိပ်တော့မလွယ်ဘူး။ စစ်ကိုင်းကလည်း သိပ်ပြီးစီးပွားရေးကောင်းတာမဟုတ်ဘဲ။ မန်းလေး မှီနေတာကိုး။ စစ်ကိုင်းအနေနဲ့က စီးပွားရေးဖြစ်တဲ့မြို့ မဟုတ်ဘူး။ လက်လုပ်လက်စား၊ နေ့စား သူဌေးဖြစ်လောက်အောင်အထိ မြို့ မဟုတ်ဘူး။ အရောင်းအဝယ် ဘာညာ ဒီလိုပဲ စားနေတာပဲ။ စစ်ကိုင်းက ဒီတစ်ခုတည်း မဟုတ်ဘူး။ ဟိုး ဦးတို့ငယ်ငယ်ကလည်း ဒီလို ငလျင်ကြီးမျိုး ဖြစ်ခဲ့ဖူးတယ်။ ၃ ကြိမ်ရှိနေပြီ။ တော်တော်လေးကို နာပါတယ်။ စစ်ကိုင်းက သိပ်ပြီးတော့ မလွယ်ဘူး။ ရှင်းရှင်းပြောရင် စစ်ကိုင်းက စည်ကားမယ် ကြံလိုက်ရင်း မလွယ်ပါဘူး။ စစ်ကိုင်းက ခပ်ခြောက်ခြောက် တောမြို့လိုပါပဲ”

လတ်တလောမှာ အကြမ်းဖက်စစ်တပ်က ငလျင်ဒဏ်ခံရတဲ့ စစ်ကိုင်းမြို့ခံတွေကို စာရင်းကောက်ယူနေပြီး ဘာအကူအညီပေးမယ် ဆိုတာတော့ ပြောဆိုခြင်း မရှိပါဘူး။ စစ်ကိုင်းမြို့ပေါ်မှာ အသင့်စား စားသောက်စရာ ဆိုင်တွေ ဖွင့်လှစ်နိုင်တာမရှိဘဲ လျှပ်စစ်မီးနဲ့ သောက်သုံးရေတွေလည်း ပြတ်တောက်နေတဲ့အပြင် နေစရာ အခက်အခဲကြောင့် ဘုန်းကြီးကျောင်းဝိုင်းတွေ၊ လမ်းမဘေးတွေမှာ ဖြစ်သလို နေထိုင်နေကြရပြီး စားဝတ်နေရေး အကျပ်တည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

၂၀၂၅ခုနှစ် မတ်လ ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ထူပါရုံစေတီတော်နဲ့ စောင်းတန်းအားတွေ့မြင်ရစဥ်

Share:

No comments:

Post a Comment