အပစ်ရပ်သက်တမ်းတိုးထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် နောင်ချိုမှာ ကလေးငယ်အပါအဝင် ၄ ဦး သေဆုံး


အပစ်ရပ်သက်တမ်းတိုးထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် နောင်ချိုမှာ ကလေးငယ်အပါအဝင် ၄ ဦး သေဆုံး 


အပစ်ရပ်သက်တမ်း တလ ထပ်တိုးထားတဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် နောင်ချိုမြို့နယ်မှာ အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားတယ်လို့ တအာင်းတပ် TNLA က ပြောပါတယ်။  

စစ်ကောင်စီလက်အောက်ခံ ၉၀၂ အမြောက်တပ်က မနေ့ မေလ ၈ ရက်မှာ နောင်ချိုမြို့နယ် သရက်ချိုကျေးရွာကို လက်နက် ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ 

မင်္ဂလာဆောင်အခမ်းအနားကျင်းပနေချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည်ကြောင့် အသက် ၅ နှစ် အရွယ် ကလေးငယ်အပါဝင် ဒေသနေပြည်သူ ၄ ဦးသေဆုံးကာ ၇ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။ 

စစ်ကောင်စီဟာ မေလ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်ထားမယ်လို့ ကြေညာထားပေမယ့် တအာင်း ပြည်ထဲကကို ထိုးစစ်ဆင်တာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ ဒရုန်းအပါအဝင် လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ် နေတာပဲဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ အမှတ် ၉၀၂ အမြောက်တပ်က မနေ့ မေလ ၈ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ သရက်ချိုရွာကို ဒရုန်းနဲ့ ဗုံး ၂ လုံးကြဲကာ လက်နက်ကြီးနဲ့ ၁၆ ကြိမ် ပစ်ခတ်ပြီး တအာင်းတပ်ဖွဲ့တွေရှိရာနေရာကို ထိုးစစ်ဆင်လာတာကြောင့် သရက်ချိုရွာအနီးတဝိုက် နေ့လည် ၁၂ နာရီမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ တအာင်းတပ် TNLA က အသိပေးပါတယ်။ 

ဒါ့အပြင် နေ့လည် ၁ နာရီခန့်မှာလည်း ယာပြင်ကျေးရွာကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံးကြဲပြီး လက်နက်ကြီးနဲ့ ၂ကြိမ်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာတာကြောင့် နေ့လည် ၃ နာရီခန့်အချိန်မှာ ယာပြင်ကျေးရွာအနီးမှာ တိုက်ပွဲတပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ထို့အတူ ညနေ ၄ နာရီ ကျော်အချိန်မှာ ဒရုန်းနဲ့ ဗုံး ၈ လုံး၊ အဆိပ်ငွေ့ဗုံး ၅ လုံး၊ လက်နက်ကြီးနဲ့ ၃၁ ကြိမ်ပစ်ခတ်ကာ နောင်တလင်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့အတွက် ညနေ ၆ နာရီခန့်အချိန်မှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် PSLF/TNLA တပ်တို့ နောင်လင်ကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တဲခေါ်ရွာနေပြီး ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးတလုံး အုမ္မတီးကျေးရွာကို လာရောက်ကြဲချခဲ့သလို PSLF/TNLA တပ်ဖွဲ့ရှိရာ တောင်လှကျေးရွာကိုလည်း လက်နက်ကြီးနဲ့ ၁၈ ကြိမ်၊ အဆိပ်ငွေ့ဗုံးနဲ့ ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လုပ်နိုင်အောင် တိုက်ပွဲဖြစ်နေရာ တွေမှာ ထိုးစစ်ဆင်မှာမဟုတ်ဘူးလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က မေလ ၁ ရက်နေ့မှာ အပစ်ရပ်ကာလတလ ထပ်တိုးထား ပေမယ့် စစ်ကောင်စီဘက်က အခုလိုတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

အခုလို စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ စစ်ရေး သတိ အမြဲရှိဖို့လိုပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ကြဖို့ PSLF/TNLA သတင်းနှင့်ပြန့်ကြားရေးဌာနက နှိုးဆော်ထားပါတယ်။

Share:

No comments:

Post a Comment