ပြီးခဲ့တဲ့ မတ်လ ဆန်းပိုင်း၊ ၂၀၂၅ ပဲတီစိမ်းရာသီမှာ ပဲတီစိမ်းသိမ်းဆည်းနေသူတစ်ဦးအား ခရမ်းမြိုနယ်တွင် တွေ့ရစဥ်...

 

အကြမ်းဖက်စစ်တပ် ရဲ့လူဖမ်း၊ ဆိုင်ကယ်ဖမ်းတာတွေကြောင့် ပဲတီစိမ်းတွေမှာ ဓာတ်ကြွင်းကိစ္စ အသိပညာပေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ ခက်ခဲလာ

ကိုမြင့်သူ (Radio NUG) စက်တင်ဘာ ၁၆၊ ၂၀၂၅

အကြမ်းဖက်စစ်တပ်က ရန်ကုန်နဲ့ ပဲခူးနယ်စပ်မြို့နယ်တွေမှာ ပေါ်တာဆွဲတာ ဆိုင်ကယ်ဖမ်းဆီးတာတွေ ကြောင့် ပိုးသတ်ဆေးဓာတ်ကြွင်းမပါအောင် စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ အသိပညာပေးပွဲတွေကိုမလာနိုင်ကြတဲ့အတွက် အဲ့ဒီလုပ်ငန်းတွေဆောင်ရွက်ရာမှာ အခက်အခဲတွေဖြစ်လာပါတယ်။ ဒီအခြေနေကို ပဲတီစိမ်း ပြည်ပတင်ပို့သူတစ်ဦးကအခုလိုပြောပါတယ်။

“ ပွင့်ပွင့်လင်းလင်းပြောမယ်ကွာ အရင်တုန်းက ပညာပေးပွဲလုပ်လို့ရှိရင် တောင်သူတွေအများကြီး တက်တယ်။ အခု နောက်ပိုင်းကျတော့မတက်တော့ဘူး။ ဆိုင်ကယ်ဖမ်းတာနဲ့ ဆိုင်ကယ်တွေက မရှိတော့ တာနဲ့။ အဲ့ဒါ မျိုးနဲ့ကျတော့မတက်ကြတော့ဘူး။ ပွဲလုပ်မယ်ဆိုရင်တောင်မှ ဆိုင်ကယ်မဖမ်းစေရဘူး။ အာမခံတယ်။ ဖမ်းခဲ့လို့ ရှိရင်လည်း တာဝန်ယူပါတယ်ဆိုပြီးပြောမှ အဲ့အဆင့်ကဖြစ်သွားပြီ ” 

ပဲတီစိမ်းက စိုက်ဧက ၃သန်းနီးပါးရှိပြီး တရုတ်နိုင်ငံကို အများဆုံးတင်ပို့တဲ့သီးနှံလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံနဲ့ အီးယူနိုင်ငံတွေကိုလည်း တင်ပို့နေတာဖြစ်ပြီး ပိုးသတ်ဆေးဓာတ်ကြွင်း ကန့်သတ်ချက်တွေမှာ ဖြေလျှော့မှုရှိခဲ့တဲ့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့ ၂၀၂၅ ပဲတီစိမ်းရာသီမှာ မြန်မာနဲ့ အမည်ခံတရုတ်ကုမ္ပ ဏီ ၂၂ခုက တင်ပို့ခဲ့တဲ့ ပဲတီစိမ်းတန်ချိန်တစ်သောင်းကို အသုံးမပြုဖို့ တားမြစ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ကြွင်းမကျန်ဖို့ အသိပညာပေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကသာ အသည်းအသန်ပြင်ဆင်နေပေမယ့် ဆိုင်ကယ် ဖမ်းတာ၊ ပေါ်တာဆွဲတာ စတဲ့အခြေနေတွေကြောင့် တောင်သူတွေဟာ အသိပညာပေးပွဲတွေဆီ ရောက်မလာနိုင်ကြတာဖြစ်ပါတယ်။ ဒီအခြေနေတွေကို ပဲတီစိမ်းစိုက်ပျိုးသူတောင်သူတစ်ဦးကအခုလိုပြောပါ တယ်။


“ ဒီဘက်လောက်မှာ ဒီပိုးသတ်ဆေးဓာတ်ကြွင်းကျန်မှုတို့ဘာတို့ ကုမ္ပဏီပိုင်းကလည်း စပွန်ဆာတွေပေးပြီးတော့ စိုက်ပျိုးရေးဝန်ကြီးဌာနတို့နဲ့လုပ်တဲ့အခါကျတော့ တောင်သူက အဲ့ဒီသူတို့ လုပ်နေတဲ့ တောင်သူက စနစ်ကျလာတယ်။ စနစ်ကျလာပြီး ဒီဘက်ရောက်လာ၊ ပဲနှမ်းအသင်းကလည်း ကုန်သည်ကုမ္ပဏီပိုင်းကလည်း အဲ့ဒီဟာကို သိပ်ပြီးတော့ လိုက်မလုပ်တာလို့ ထင်တာပဲ။ ဟိုအရင် သုံးခွတို့ ဘာတို့မှာ GAP သင်တန်းကို တစ်ရက်၊ နှစ်ရက် အဲ့အချိန်မှာ တောင်သူကလည်း အများကြီး တက်တယ်။ တောင်သူကတစ်ရွာကို ထောင်ချီပြီးတက်တာမျိုးတွေရှိတယ်။ အခုနောက်ပိုင်းအဲ့ဒီဟာတွေကို သိပ်လုပ် တာမတွေ့ရတော့ဘူး ” 


ဒါကြောင့် ယခင်ပြည်သူ့အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကစတင်လုပ်ကိုင်ခဲ့တဲ့ သီးနှံ ကာကွယ်ရေးလုပ်ငန်းစဥ် တွေဖြစ်တဲ့ စိုက်ပျိုးရေးဆိုင်ရာအလေ့ကျင့်ကောင်းများဖြစ်တဲ့ GAP စနစ်ဟာ အကြမ်းဖက်စစ်တပ်လက် ထက်မှာလျော့လျဲလာသလို ဓာတ်ကြွင်းတွေလည်း ပြန်လည်တွေ့ရှိလာတာဖြစ်ပါတယ်။ ပဲတီစိမ်းဟာ တောင်သူအားထားတဲ့ ဝင်ငွေရသီးနှံတစ်ခုဖြစ်သလို ကမ္ဘာ့ပဲတီစိမ်းတင်ပို့မှုမှာလည်း မြန်မာ့ပဲတီစိမ်းက ထိပ်တန်းနေရာမှာရှိနေတဲ့ ဈေးကွက်ဝင်သီးနှံတစ်ခုဖြစ်ပေမယ့် ဓာတ်ကြွင်းပြသနာကြောင့် ဈေးကွက်ထိ ခိုက်မယ့်အရေးဖြစ်လာတာဖြစ်ပါတယ်။

“ ဈေးကွက်က ပစ္စည်းအရည်သွေးကောင်းရင် ဈေးကွက်ကရှိတယ်လေ။ ဒီပစ္စည်းအရည်အသွေး ကောင်းအောင်လုပ်ပေးရင် ဈေးကွက်ကကျတာမဟုတ်ဘူး။ ဟိုဘက်က ဈေးကျလို့ဖြစ်တာမဟုတ်ဘူး။ ဓာတ်ကြွင်းကြောင့်ဖြစ်တာလေ။ ဈေးကကျတာမဟုတ်ဘူး ” 

လတ်တလောတရုတ်ဈေးကွက်မှာ မြန်မာပဲတီစိမ်းတွေသတ်မှတ်ထားတဲ့ဓာတ်ကြွင်းပမာဏထက် ပိုပြီးပါ ဝင်လာတဲ့အတွက် မြန်မာပဲတီစိမ်းတင်ပို့မှုကို ကန့်သတ်လာပြီးတဲ့နောက် လာမယ့် နိုဝင်ဘာလ ပဲတီစိမ်းစိုက်ပျိုးရာသီမှာ ပဲတီစိမ်းစိုက်ပျိုးဖို့ မရေရာမသေချာဖြစ်လာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနည်းတူ၊ ဂျပန်နဲ့ အီးယူနိုင်ငံတွေကလည်း မြန်မာပဲတီစိမ်းတွေဓာတ်ကြွင်းပါဝင်လာတာနဲ့ ပတ်သက်ပြီး သတိပေးလာတာတွေရှိနေပါတယ်။ တစ်နိုင်ငံလုံး ပဲတီစိမ်းစိုက်ဧက ၂၈သိန်းကျော်ရှိပြီး ပဲတီစိမ်းအပါအဝင်ပဲမျိုးစုံတင်ပို့မှုက အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရရှိခဲ့တဲ့ ထိပ်တန်းသီးနှံအုပ်စုလည်း ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ လူဖမ်း၊ ဆိုင်ကယ်သိမ်းတဲ့ အကြမ်းဖက်လုပ်ရက်တွေက ဆင်းရဲတဲ့ကျေးလက်ဒေသတွေရဲ့ ဝင်ငွေရလမ်းတွေကို ပိတ်ဆို့လာသလို သီးနှံမျိုးစုံဈေးကျဆင်းလာတဲ့အ ပြင် ဈေးကွက်ရှိတဲ့သီးနှံတွေမှာလည်း ဓာတ်ကြွင်းတွေကြောင့် ရောင်းလို့မရတဲ့အခြေနေကိုရောက်ရှိလာ တာက အကြပ်တည်းတွေ ပိုပြီးဖြစ်လာစေမှာဖြစ်ပါတယ်။


#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment