စစ်ကိုင်းတောင်ရိုးရှိ ရဟန်းသံဃာ၊ သီလရှင်ဆရာလေးများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျံလွန်တော်မူ တာတွေရှိနေပြီး ကူညီကယ်ဆယ်ရေးတွေလည်း မလုံမလောက်ဖြစ်နေ
ရွှေညာမောင် ၊ Radio NUG, APril 08,2025
စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးမှာလည်း ထိခိုက်ပျက်စီးတာတွေ အများအပြား ရှိနေပြီး အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာကတော့ စစ်ကိုင်းနဲ့ မင်းဝံတောင်ရိုးရှိ ချောင်ပေါင်း ၂,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို ထုတ်ပြန်ပါထားပါတယ်။
စစ်ကိုင်းတောင်ရိုးရှိ ပညာသိင်္ဂီ ငါးထပ်ကျောင်းဆောင်မှာ ဆရာလေးတွေ၊ စစ်ဘေးရှောင်တွေ နေထိုင်ကြတာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို သိမြင်လိုက်သူ သီလရှင်ဆရာကြီးတစ်ပါးက အခုလို မိန့်ကြားပါတယ်။
“ကျောင်းတွေထဲ ဝင်လို့မရဘူး။ အက်ကျကွဲ၊ ဟိုဘက်ကျတော့ သူတို့ကတော့ ဆရာလေးတွေ၊ ကိုရင်တွေ။ လူတွေ ခပ်များများပေါ့။ စစ်ဘေးရှောင်တွေ လာနေကြတာလေ။ အဲဒါတွေ ခပ်များများ၊ အလယ်ထပ်တို့၊ အောက်ထပ်တို့ အဲဒါတွေ ခံရတာပေါ့။ အပေါ်ထပ်ကြီးတောင် လူ အဲဒီလောက် မများဘူး။ ကျိုးတဲ့သူတွေ၊ ခြေထောက်ကို စိုက်မိတဲ့လူတွေ။ ခြေထောက်တွေ နှစ်ဖက်လုံး ဖြတ်ရမှာတို့။ သေတာကတော့ ညထိအောင် အလောင်းတွေ ထုတ်ရတယ်တဲ့။ တစ်နေ့ တစ်လောင်း တစ်လောင်းပေါ့။ ဒီနေ့မနက် တစ်လောင်းလောက်ပဲလားလို့။ ဒီနေ့မနက် နှစ်လောင်းတဲ့”
ငလျင်ဗဟိုချက်နဲ့အနီးဆုံးမှာ တည်ရှိနေတဲ့ စစ်ကိုင်းမြို့ဟာ ပျက်စီးဆုံးရှုံးမှုများပေမယ့် လျှပ်စစ်မီးနဲ့ အင်တာနက်မရရှိတာကြောင့် ငလျှင်လှုပ်ခါစမှာ အဆက်အသွယ်တွေပျက်ပြီး စစ်ကိုင်းမြိုရဲ့ ဒုက္ခကို ကယ်တင်နိုင်ဖို နောက်ကျခဲ့တာလည်း ဖြစ်ပါတယ်။ ငလျင်လှုပ်ပြီးတဲ့နောက် စစ်ကိုင်းတံတားဟောင်းက ပြိုကျသွားခဲ့ပြီး တံတားအသစ်မှာလည်း အနည်းငယ် ရွဲ့စောင်းကာ အောက်ခြေသံဘောင်ချုပ်တန်းတွေလည်း ပြတ်ထွက်ကုန်လို့ တံတားဖြတ်သန်းခွင့်ကိုလည်း ကန့်သတ်ခဲ့ပါတယ်။ စစ်ကိုင်းမြို့ရဲ့ အပျက်အစီး အဆုံးအရှုံးအခြေအနေနဲ့ပတ်သက်ပြီး ပညာသိင်္ဂီသီလရှင် စာသင်တိုက် ပြိုကျရာမှာ မတ်လ ၃၁ ရက်နေ့က လာရောက်ကယ်ဆယ်သူတစ်ဦးက အခုလို ပြောပါတယ်။
“ကျွန်တော်တို့ ထင်ထားတာထက် ပျက်စီးဆုံးရှုံးမှုက များပါတယ်။ ငါးထပ်ကျောင်းဆောင်ကြီး ပြိုကျသွားတဲ့နောက်မှာ ဆရာလေးတွေ ပိတ်မိနေတယ်ပေါ့နော်။ သူတို လက်လျှော့သွားပြီလို့ ပြောတယ်။ အထဲမှာတော့ ၇ ယောက် ကျန်သေးတယ်ပေါ့နော်။ အဲဒါကို ကယ်ဆယ်ရေးအဖွဲ့တွေ ထပ်ခေါ်ပြီးတော့ ရှင်နိုင်သေးလားဆိုတာကို မကြာခင်မှာ ကျွန်တော်တို့ ရှာဖွေပြီးတော့ ကယ်လို့ရရင် ဆက်ကယ်ပါမယ်။ ဒါပေမဲ့ အခုလတ်တလောမှာတော့ ဘယ်သူ သေဆုံးသွားလို့လည်း မသိဘူး၊ အနံ့အသက်တွေကတော့ ရနေတယ်ဗျ”
စစ်ကိုင်းတောင်ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ နေရာတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ သာသနာ့နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။ လတ်တလော ငလျင်ဘေးကြောင့် ကျောင်းတိုက်နေ ရဟန်းသံဃာတော်တွေနဲ့ သီလရှင်ဆရာကြီး၊ ဆရာလေးများဟာ နေစရာ ကျောင်းနဲ့ ဆွမ်းဘုဉ်းပေးဖို့ကိုလည်း အခက်အခဲတွေ ဖြစ်လာပါတယ်။
No comments:
Post a Comment