စစ်ကိုင်း ငလျင်ဒဏ်သင့်ဒေသများသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ငွေကြေးနဲ့ ရိက္ခာ ဆေးဝါးအထောက်ပံ့များ ထောက်ပံ့
ခွပ်ဒေါင်းနီ၊ Radio NUG
(သတင်းနှင့်အတူ လူထုစကားသံ)-(တင်ဆက်)နွေဦးလေပြေ
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ မွန်းမတည့်ခင် မိနစ်ပိုင်းအလို လှုပ်ခတ်သွားတဲ့ စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးသွားတဲ့ ပြည်သူတွေနဲ့ ပြိုပျက်သွားတဲ့ နေအိမ်တွေ အခြေခံအဆောက်အအုံတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကူအညီများ ပေးအပ်နေတာ ဖြစ်ပါတယ်။ စစ်ကိုင်းမြို့၊ စာရေးအနောက်ရွာမှာ ရိက္ခာလာရောက်ထောက်ပံ့တဲ့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စစ်ကြောင်း ၁ တာဝန်ခံ ကိုတောက်ဆစ်က ထောက်ပံ့ကယ်ဆယ်ရေးလုပ်ငန်း အခြေအနေကို အခုလို ပြောပါတယ်။
"ကျွန်တော်တို့ ပြည်သူ့အစိုးရအနေနဲ့ကတော့ ဘေးအန္တရာယ်ကျရောက်နေတဲ့ နေရာတိုင်းကိုတော့ လိုက်လုပ်ပေးတာပေါ့နော်။ တချို့ ဝေးလံခေါင်ပါးတဲ့ နေရာကျတော့ အချိန်တစ်ခုတော့ စောင့်ရတာပေါ့။ အဲဒီလိုမျိုး ပြည်သူ့အစိုးရကတော့ နယ်ပေါင်းစုံကို လိုက်လုပ်ပေးတာပေါ့နော်"
NUG က ငလျင်ဒဏ်သင့် ပြည်သူတွေကို ဆန်၊ ဆီ၊ ကုလားပဲနဲ့ ငါးသေတ္တာ စတာတွေကို ကူညီထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိမှုအလိုက် ငါးသောင်း၊ တစ်သိန်း၊ သုံးသိန်း စသဖြင့် ငွေသား ထောက်ပံ့ပေးတာတွေလည်း ရှိပါတယ်။ စာရေးအနောက်ကျေးရွာသူ တစ်ဦးကတော့ NUG ရဲ့ ထောက်ပံ့ကူညီတဲ့ အစီအစဥ်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ညီမတို့ဘက်က ဒီလိုမျိုး မကြုံဖူးဘူး။ ဒီလိုမျိုး ဖြစ်လိုက်တော့ တရားကို စိတ်လည်း ထိခိုက်ရတယ်၊ စိတ်လည်း မကောင်းဘူး။ ပျက်စီးမှုတွေ ရှိတော့လည်း အဆင်မပြေတော့ ဒီအတိုင်း ပစ်ထားရတယ်။ စားဝတ်နေရေးကို မနည်းကို လုံးပန်းနေရတယ်။ ဒီလို ကူညီတော့ ဝမ်းသာတယ်"
ငလျင်လှုပ်ခတ်ပြီးတဲ့နောက် လမ်းမကြီးများ၊ မြစ်ရေတင်မြောင်းများ ပြတ်ထွက်တာ၊ မြောင်းဘောင်များ အက်ကွဲနိမ့်ဆင်းတာ သာသနိကအဆောက်အအုံများ ပျက်စီးတာတွေ ဖြစ်ပွားခဲ့ပါတယ်။ ဝက်လက်မြို့နယ် စမောကျေးရွာမှ NUG လူသားစာနာအဖွဲ့ဝင် ဦးသောင်းဌေးက အခုလို ပြောပါတယ်။
"မင်းကွန်းစစ်ရှောင်တွေနဲ့ ငလျင်ဒဏ်သင့် ပြေးလာတဲ့ လူတွေကို ဆီက အစိတ်သား၊ ဆန်က တစ်စိတ်၊ ဒါကလည်း ရွာသာယာတို့၊ ကျောက်ပနန်တို့ အကုန်လုံး လှူခဲ့တယ်။ လှူပြီးသွားပြီ။ ဒါကလည်း ထပ်ဆင့်ပဲ။ မနေ့တုန်းကလည်း တလိုင်းရွာမှာ အလှူရှင် ဆက်သွယ်ပြီးတော့ NUG လက်အောက်ခံတွေကလည်း ငွေရေးကြေးရေးတွေနဲ့ပေါ့။ ဒဏ်ရာရတဲ့သူကိုလည်း ငါးသောင်း၊ အသေပျောက် ဆိုရင်လည်း လက်ငင်း ၃ သိန်း ပေးကမ်းပါတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေရှိ မိဘပြည်သူတွေကို စားရေရိက္ခာ၊ ဆေးဝါး၊ ငွေကြေး စတာတွေကို ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးရွာ ပကဖ၊ ပလဖ များကို ငလျင်ကြောင့် ပျက်စီးသွားတဲ့ လမ်းတွေကို အမြန်ဆုံး ပြန်လည် ပြုပြင်ပေးကြသလို ငလျင်လှုပ်ခတ်ချိန်မှာ သွားလာနေတဲ့ ကားများ၊ ဆိုင်ကယ်တွေ တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးသူ မိဘပြည်သူတွေကိုလည်း ကယ်ဆယ်ဆောင်ရွက်ခဲ့ကြပါတယ်။
No comments:
Post a Comment