အကြမ်းဖက်စစ်တပ်ဂိတ်များ တရားမဝင် ငွေကြေးတောင်းခံမှုကြောင့် ကုန်ကားများ အခက်အခဲဖြစ်လာပြီး ကုန်ဈေးနှုန်းလည်းမြင့်မားလာ
ကိုမြင့်သူ (Radio NUG) ဩဂုတ် ၄၊ ၂၀၂၅
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တစ်နိုင်ငံလုံးကို ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် နိုင်ငံတဝန်း ကုန်စည်စီးဆင်းမှုတွေဟာ ပိုပြီးခက်ခဲလာသလို ကုန်ကျစရိတ်တွေလည်း ပိုပြီးများပြားလာတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသအဆင်းက ကျွဲတပ်ဆုံဂိတ်မှာ ကုန်စိမ်းကား အများအပြား တန်းစီနေရပြီး တရားမဝင် ငွေကြေးပေးဆောင်နေရတဲ့ အခြေအနေကို ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက အခုလို ပြောပါတယ်။
“ကျွန်တော်တို့ မကွေး၊ အောင်ပန်း အသွားအပြန်ဝိတ်ပါရင် ခြောက်သောင်း၊ ခုနစ်သောင်းလောက် ကုန်တယ်။ ဆန်ဆို ပိုပေးရတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း မျောစာတွေ ဘာတွေ အကုန်ပါတယ်။ ဒါပေမဲ့ မဆိုင်ဘူး။ ကျန်တာဆို တစ်ထောင်ပဲ ပေးရတယ်။ နှမ်းတို့၊ ပဲတို့ဆိုရင်” သီးနှံပို့ကုန်လုပ်ငန်းတွေမှာ ဆန်၊ ပဲ၊ ပြောင်းထက် ကုန်စိမ်းသီးနှံတွေမှာ ကုန်ကျစရိတ်တွေ မြင့်တက်လာသလို စစ်ဆေးရေးဂိတ်တွေမှာ အချိန်ကြာမြင့်စွာ တန်းစီရတာတွေကြောင့်လည်း ပျက်စီးဆုံးရှုံးရတာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ဂိတ်တွေမှာ တရားမဝင် ငွေကြေးပေးဆောင်ရတာတွေ ရှိသလို နာနတ်သီး တောင်းယူတာတွေလည်း ရှိနေပါတယ်”
ဒီအခြေအနေကို သီပေါမြို့နယ်မှ နာနတ်သီးတင်ပို့သူတစ်ဦးက အခုလို ပြောပါတယ်။
“တစ်လုံးပေါ့။ တစ်လုံးပဲပေါ့။ တချို့ကျ လက်ဖက်ရည်ဖိုး နှစ်ထောင်၊ သုံးထောင်ပေါ့။ ကျွန်တော်တို့က မန်းလေး ရန်ကုန် ပေးရတာ၊ ရှစ်သောင်း။ တစ်သိန်းတော့ ကုန်တယ်။”
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံး စီးပွားရေးကျဆင်းလာပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ တိုင်းပြည်စီးပွားရေးဟာ အဘက်ဘက်က ချည့်နဲ့လာတာ ဖြစ်ပါတယ်။
ဒီအခြေနေကို ကမ္ဘာ့ဘဏ်ကလည်း သုံးသပ်တွေ့ရှိထားပေမယ့် နိုင်ငံသားအများစု မှီခိုနေကြတဲ့ အခြေခံကျတဲ့ သီးနှံစိုက်ပျိုးရေလုပ်ငန်းမှာလည်း စိုက်ပျိုးစရိတ် အရင်းအနှီးတွေ ကြီးမားပြီး သီးနှံဈေးက မတည်ငြိမ်ပေမယ့် ဘူးလေးရာ ဖရုံဆင့် ဆိုသလို သီးနှံပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း အကြမ်းဖက်စစ်တပ်က တရားမဝင်ငွေကြေး တောင်းခံတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီသတင်းကို ကိုမြင့်သူက ပေးပို့ထားပါတယ်။
No comments:
Post a Comment