ခရီးသွားဒေသရဲ့ သဘာဝဘေးအဖြစ်ဆိုး ကယ်သူမရှိဖြစ်နေ
ကိုမြင့်သူ (Radio NUG) ဩဂုတ် ၄၊ ၂၀၂၅
ဓနုလူမျိုးတွေ အများဆုံးနေထိုင်ပြီး အေးချမ်းသာယာတဲ့ ပင်းတယမြို့လေးဟာ မြန်မာတစ်နိုင်ငံလုံးရဲ့ ခရီးသွားမြို့လေးတစ်မြို့ ဖြစ်ပါတယ်။
စိုက်ပျိုးရေးဟာ အဓိက အသက်မွေးလုပ်ငန်းဖြစ်ပြီး စပါးနဲ့ ဂျုံ ကစလို့ ပြောင်း၊ အာလူးနဲ့ ဟင်းသီးဟင်းရွက်တွေအပြင် ကမ္ဘာ့ဈေးကွက်ကြီးတဲ့ လက်ဖက်နဲ့ ကော်ဖီလို သီးနှံတွေ အောင်မြင်ဖြစ်ထွန်းတဲ့ဒေသ ဖြစ်ပါတယ်။
ပင်းတယမြို့ရဲ့ ရွှေဥမင်ဘုရား၊ ပုန်းတလုတ်ရေကန်နဲ့ တကုန်းတပြန့် အပြည့်ဖြည့်ထားတဲ့ စိုက်ခင်းတွေဟာ ပင်းတယရဲ့ ကမ္ဘာကျော် အမှတ်အသားတွေပဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာပဲ တောင်တန်းပေါ်မှာ လာဘ်ငွေပေးပြီး လုပ်ကိုင်လာတဲ့ သစ်ခုတ်လုပ်ငန်းတွေ၊ ကျောက်မီးသွေးရှာတဲ့ လုပ်ငန်းတွေ တစ်စတစ်စ များပြားလာခဲ့ပါတယ်။
ရွာမရှိတော့တဲ့ တောင်တန်းတွေပေါာမှာ ကျောက်မီးသွေးတူးဖို့ လမ်းတွေဖောက်ခဲ့ပြီး ဒီလမ်းတွေ ဖောက်တာကို ဒေသခံတွေက သဘောမတူခဲ့ဘူးလို့ ဆိုပါတယ်။ တကယ်တမ်း တောင်ပြိုလာတဲ့အခါမှာလည်း ကျောက်မီးသွေးတွေ ပါလာတဲ့အတွက် ဒေသခံတွေရဲ့ စိုးရိမ်မှုဟာ တကယ်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
“တကယ် ဒုက္ခရောက်တော့မှာလေ၊ သူတို့ တူးတောင်မတူးရသေးဘူး။ လမ်းထိုးတာနဲ့တင် ရွာတွေက ဒုက္ခရောက်နေပြီ။ ပြောမယ်ဆိုရင် ဒီတောင်တန်းကလည်း ထွက်မယ်၊ မထွက်ဘူးဆိုတာ ပြောလို့ မရဘူး။ အဲဒါလုပ်လို့ရှိရင် ပန်းစစ်လည်း ခံရမယ်၊ ကြံခင်းမြောင်လည်း ခံရမယ်။ ကျွန်မတို့ အုံအက် လည်း ခံရမယ်၊ ကုန်းစောင်း၊ ပင်စိမ်းပင်၊ သိမ်ကုန်းခံရမယ်။ ပန်းစစ်၊ ပန်းအိုးကွဲ အဲဒီတောင်တန်းဒေသတွေ အကုန်လုံးခံရမယ်။ အဲဒီတေ့ာ တကယ်ပြောမယ်ဆိုရင် မလုပ်စေချင်ဘူး။ ပြီးတော့ လမ်းထိုးတာလည်း လုံးဝ သဘောမတူဘူး။ ကျွန်မတို့ သောက်သုံးရေယူတာလည်း အဲဒီ တောင်ကြားကပဲ ယူရတာ ဆိုတော့ မပေးချင်ဘူးပေါ့”
ပင်းတယတောင်တန်းဟာ သစ်ခုတ်လုပ်ငန်းတွေကြောင့် ဟင်းလင်းပွင့်လာတဲ့ တောင်မြေတွေက တစ်နှစ်ထက်တစ်နှစ် များပြားလာခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဒေသဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ဒဏ်ကို ခံစားခဲ့ရလို့ မပြုပြင်ရသေးတဲ့ ဘုရားစေတီတွေ ရှိနေသလို မိုးရေချိန်တွေ များလာတာကြောင့်လည်း ဟင်းလင်းပွင့်လာတဲ့ တောင်မြေတွေမှာ ရေစိမ့်ဝင်မှု များလာပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက် ညသန်းခေါင်အချိန်မှာ ပြင်းထန်တဲ့တောင်ပြိုမှု ဖြစ်ပွားခဲ့ပါတယ်။
ပန်းစစ်၊ ကြံခင်းမြောင်ကစလို့ ပင်စိမ်းပင်၊ ကုန်းစောင်း၊ သိမ်ကုန်းနဲ့ အုံအက်ကျေးရွာတွေမှာ မြေပြိုမှုကြောင့် လူသေဆုံးတာ၊ အိုးအိမ်ပျက်စီးတာနဲ့ အဓိက အသက်မွေးလုပ်ငန်းဖြစ်တဲ့ သီးနှံစိုက်ပျိုးတဲ့ လုပ်ငန်းတွေ ပျက်စီးခဲ့ရပါတယ်။
ရွာတွေနဲ့ စိုက်ခင်းမြေတွေထဲကို တောင်ပေါ်ကကျလာတဲ့ သစ်တုံးကြီးတွေ၊ ကျောက်တုံးကြီးတွေ ပြန့်ကျဲသွားခဲ့ပြီး လူတွေ နေထိုင်ဖို့ ခက်ခဲတဲ့ နေရာအဖြစ် တခဏအတွင်း ပြောင်းလဲသွားခဲ့ပါတယ်။
“လုပ်စားဖို့ မရှိဘူး။ နောက်တစ်နှစ်တာအတွက် မတွေးတတ်တော့ဘူး။ ဘာမှလည်း မရှိတော့ဘူး။ ပျက်စီးကုန်တယ်။ ကျွန်မတို့ခြံလည်း ကျောက်တောင်ဖြစ်သွားပြီ။ ကျောက်တုံး၊ သစ်တုံး အကြီးကြီးတွေ၊ ဖြတ်လည်း မဖြတ်နိုင်ဘူး။ ဘတ်ဖိုးနဲ့ ကော်ရမယ်။ အဲဒီလိုမျိုး ဖြစ်သွားပြီ။ ဘတ်ဖိုးနဲ့ လုပ်မှ၊ စက်တွေနဲ့ ဖြတ်မှ၊ အဲဒါတောင် လုပ်စားဖို့က ရွံ့ကအထပ်ထပ်နဲ့ဆိုတော့ ပျက်စီးသွားတော့ နောက်တစ်နှစ် စားဖို့ရာက ထည့်တွေးရဲတော့ဘူး”
တောင်ပြိုရာလမ်းကြောင်းတလျှောက်ရှိ ကြံခင်းမြောင်ရွာကစလို့ ပင်စိမ်းပင်၊ ကုန်းစောင်း၊ သိမ်ကုန်းနဲ့ အုံအက်ကျေးရွာတွေမှာ တောင်ပြိုမှုကြောင့် ကုန်းစောင်းကျေးရွာမှာ လူ ၇ ဦး သေဆုံးပြီး၊ တစ်ဦး အလောင်းပြန်မရဘဲ ၂ ဦးကတော့ ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် ၂၇ လုံး ပျက်စီးခဲ့ပြီး အုံအက်ကျေးရွာမှာတော့ နေအိမ် ၃ လုံး ပျက်စီးခဲ့ပါတယ်။ သိမ်ကုန်းကျေးရွာဟာ လူနဲ့ အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိဘဲ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့ပေမယ့် သဘာဝဘေးဒဏ်ခံရတဲ့ အခြားကျေးရွာသားတွေကို သိမ်ကုန်း ဘုန်းတော်ကြီးကျောင်းမှာ လက်ခံ ကျွေးမွေးထားတာ ဖြစ်ပါတယ်။ ဒီလိုကူညီဖို့အတွက် မစိုက်ရသေးတဲ့ စပါးခင်းတွေကို ၅ ရက် နောက်ဆုတ်ထားပြီး သဘာဝဘေးဒဏ် ခံစားရတဲ့ ရွာနီးနားချင်း မိသားစုဝင်တွေကို ကူညီဖို့ သဘောတူထားကြတာ ဖြစ်ပါတယ်။
သဘာဝဘေးအန္တရယ်ဖြစ်ပွားရာနေရာကို လာရောက်ကြည့် ရှုတဲ့ အခြားရွာသားတစ်ဦးကတော့ အခုလို ပြောပါတယ်။
“ကျွန်တော်တို့က ဒီဘက်မှာတော့ ကိုယ့်ရွာလိုပဲ ခံစားရတာပေါ့။ ဒီလိုဖြစ်သွားတာ တစ်ခါမှ မကြုံဖူးဘူးလေ။ ကိုယ့်စိတ်ထဲမှာလည်း မကောင်းဘူး။ သနားလည်းသနားကြတာပေါ့။ ဒီလိုဖြစ်သွားတာကို ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ သိတာက မိုးည ဆယ်နာရီအချိန်မှာ ကျွန်တော်တို့ မအိပ်သေးဘူး။ တောင် အော်ပြီးမှ ကျောက်တုံး ဆင်းလာတာ။ ကျွန်တော်တို့ ကြားတာ။ ကုန်းစောင်းဘက်မှာ တအားအော်နေတာ၊ ကျွန်တော်တို့ မအိပ်ဘူး။ မိုးကလည်း တအားရွာ၊ တစ်မျိုးမျိုးတော့ လာမှာပဲ ဆိုပြီးတော့ ကျွန်တော်တို့နားမှာလည်း ရေတအားကြီးတာ။ ဧကပေါင်း နှစ်ရာကျော် ပျက်စီးတယ်။ စိုက်ထားပြီးသား အကုန်ပျက်စီးတယ်။ ဒါက ဝမ်းနည်းစရာပဲ။ တောင်သူတစ်ဦးမှာ သိန်း လေး ငါး ခြောက်ဆယ် ကုန်ပြီးမှ အရင်းနှီးခံပြီး လုပ်ထားတာ။ ဒီဘက်တွေ အိမ်တွေ ပြိုပျက်ပြီးတော့မှ တချို့လည်း အသက်တွေပါကုန်တာ ဝမ်းနည်းတယ်လေ”
တောင်တန်းပေါ်မှာ မြေပြိုသလို တောင်ခြေမှာရှိတဲ့ ပင်းတယမြို့နယ်အတွင်းမှာလည်း အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ကံ့ကော်တော ကျောင်းရေထွက်ဟာ အဆမတန် ရေများလာပြီး အခုနှစ်မှာလည်း မနှစ်ကထက် ရေပိုများလာသလို ရေထွက်ရက်လည်း ပိုများလာလို့ အဲဒီရေတွေစီးဝင်ရာ ပုန်းတလုတ်ကန်ရေ မြင့်တက်လာသလို ပင်းတယမြို့ထဲက နေအိမ်အချို့ ရေနစ်မြုပ်လာပါတယ်။ ဒါ့အပြင် အမြင့်ပိုင်းက အိမ်တွေမှာလည်း အိမ်ထဲ ရေဝင်တာ ကန်မြောက်ဘက်အခြမ်းရှိ ဈေးပိုင်းအရပ်ထဲကိုလည်း ရေတွေ စတင်ဝင်ရောက်လာပြီး သွားလာရေးတွေ ခက်ခဲလာတဲ့ ဘေးဒုက္ခကို စတင်ခံစားလာရပါတယ်။
ဒါ့အပြင် ဇော်ဂျီမြစ်ဖျားခံရာ ဇော်ဂျီရေထွက်ကလည်း အရင့်အရင်နှစ်တွေကနဲ့မတူ၊ ရေများလာလို့ ပင်းတယမြို့မြောက်ဘက်အခြမ်းရှိ သီးနှံစိုက်ခင်းတွေမှာ နုန်းရေနစ်မြုပ် ဖုံးလွှမ်းလာပြီး ပျက်စီးဆုံးရှုံးလာပြီ ဖြစ်ပါတယ်။
ဒီအခြေအနေကို ဝမ်းစာစပါးအပြင် သီးနှံစိုက်ပျိုးသူတောင် သူတစ်ဦးက အခုလို ပြောပါတယ်။
“လောလောဆယ်က စပါးတွေပေါ့။ စပါးတွေ စိုက်ထားတော့ စပါးတွေ ဆုံးတယ်၊ ငရုတ်ပွတွေ၊ ခရမ်းချဥ်တွေလည်း ဆုံးတယ်။ ဟိုးဘက်မှာ ချောင်းရှိသေးတယ်။ ဆန်ရေက ကုန်းတောက ခရမ်းချဥ်တွေ၊ ငရုတ်ပွတွေ ပါကုန်တာ။ ရေမြုပ်ကုန်တာ။ ခုနှစ်ကပိုဆိုးနေတာ။ ခါတိုင်းက ၃ နှစ် တစ်ကြိမ်၊ ၅ နှစ် တစ်ကြိမ် အဲဒီလို လာတာ။ ဒီနှစ်တွေက ပိုဆိုးလာတာ။ ကြာလေဆိုးလေ ဖြစ်လာတာ။ သီးနှံဆုံးရှုံးမှုက များလာတယ်။ ရေက အတက်ကြာသွားရင် မရတော့ဘူး။ နုန်းတွေ ဖိပြီး ပျက်စီးကုန်တာ။ အပင်တွေ ပေါက်ပြီးတော့၊ ခါတိုင်းက တက်ပြီးရင်ကျသွားတာ။ ခုက ၃၊ ၄ ရက်မကဘူး။ ၄၊ ၅ ရက်ရှိပြီ ရေတင်တာ။ ခါတိုင်းက တစ်ရက်၊ နှစ်ရက် တက်ပြီးရင် ပြန်ကျသွားတာပါ။ အဲဒီလောက် ပျက်စီးမှု မရှိဘူး။ ခုနှစ်က ပိုဆိုးတယ်”
အကြမ်းဖက်စစ်တပ်ဟာ သဘာဝဘေးခံစားရတဲ့ ဒေသခံတွေကို အသင့်စားစရာနဲ့ ရေအနည်းငယ်သာ ပေးဝေနိုင်ပြီး အများပြည်သူ အားကိုးရလောက်တဲ့ ယုံကြည်မှုမျိုး မပေးနိုင်ခဲ့ပါဘူး။
ဒါကြောင့် သာယာအေးချမ်းခဲ့တဲ့ ပင်းတယဒေသက သဘာဝဘေးဒဏ် ခံစားနေရတဲ့ ရိုးသားတဲ့ တောင်ပေါ်တိုင်းရင်းသားတွေဟာ ကျောက်တုံးကြီးတွေနဲ့ သစ်လုံးတွေ ပြည့်နေတဲ့ ရွာမြေနဲ့ ခြံမြေတွေကို ပြုပြင်ဖယ်ရှားဖို့ မတတ်နိုင်သလို ရွာကိုပြောင်းရွှေ့ရမယ့် စရိတ်စကတွေလည်း မရှိရှာတဲ့အတွက် စားဝတ်နေရေးအတွက် ရတက်မအေးနိုင်အောင် ဖြစ်နေရပါတယ်။
ဒီသတင်းကို ကိုမြင့်သူက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment