၂၀၂၅ အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက အခုနှစ် တတိယ ၃ လပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာထုတ်ပြန်
📌 ၂။ ဆောမြို့က သက်ငယ်မုဒိမ်းနဲ့ လူသတ်မှုကျူးလွန်သူကို NUG ရဲချုပ် ဦးဆောင်စစ်ဆေးနေ
📌 ၃။ စစ်တပ်ဘက်က အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာနိုင်တဲ့အတွက် စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် သတိပေး
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိုးကုတ်မြို့ကိုကာကွယ်ဖို့ တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေကို မိုးကုတ်ဗျူဟာနဲ့ မိုးကုတ် - ပကဖ တို့က ပြန်လည်ဖိတ်ခေါ်
🚩 ၂။ ရခိုင်စစ်မြေပြင်ကို အပို့ခံရမယ့် စစ်တပ်က တပ်ကြပ်တဦး မုံရွာမြို့နယ် ပကဖထံ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက အခုနှစ် တတိယ ၃ လပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာထုတ်ပြန်
အောက်တိုဘာလ (၃၁)ရက်
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က အခုနှစ် တတိယ ၃ လပတ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံ စာကို မနေ့ အောက်တိုဘာ ၃ဝ ရက်နေ့က ထုတ်ပြန်လာပါတယ်။
ဒီအစီရင်ခံစာမှာ ပြည်ထဲရေးဌာနအောက်မှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးဌာနကခွဲက ဆောင်ရွက်နေတဲ့ ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ ကရင်နီပြည် ရဲဌာနခွဲရဲ့ လုပ်ဆောင်မှုအခြေအနေ၊ အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက လုပ်ဆောင်ခဲ့တာတွေ ဖော်ပြထားပါတယ်။
ကျန်းမာရေးဌာနဘက်ကဆိုရင်လည်း ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဌာနခွဲရဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ အကြောင်း အသေးစိတ်ဖော်ပြထားသလို လူသားချင်း စာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနအနေနဲ့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု၊ ရေတိုကာလ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ ထောက်ပံ့တာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာခံရသူတွေကို ပံ့ပိုးကူညီပေးတာတွေကို အသိပေးထားပါတယ်။
တရားရေးဌာနဆိုရင်လည်း ဥပဒေရေးရာကြီးကြပ်မှုဌာနခွဲက အကြံပေးနိုင်ခဲ့တဲ့ ဥပဒေမူကြမ်းတွေနဲ့ စစ်သုံ့ပန်းတွေ ရာဇဝတ်သားတွေအပေါ် လူဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေတာတွေ ဖော်ပြ ထားပါတယ်။
စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ အခွန်ဌာနရဲ့ စီမံကိန်းဌာနခွဲအနေနဲ့ ဒေသဖွံ့ဖြိုးရေးစီမံကိန်း ၆ ခုကို သက်ဆိုင်ရာဌာနတွေနဲ့ အကောင် အထည်ဖော်နေပြီး ဘဏ္ဍာရေးဌာနခွဲက ကဏ္ဍအလိုက် ဘဏ္ဍာငွေခွဲဝေမှု၊ အခွန်ဌာနခွဲအနေနဲ့ ဒီ ၃ လပတ်ထဲမှာရရှိခဲ့တဲ့ မြန်မာကျပ်ငွေနဲ့ ထိုင်းဘတ်ငွေ တို့ကို အသိပေးထားပါတယ်။
ရရှိထားတဲ့ အခွန်ငွေတွေကို IEC ပြည်ထဲရေးဌာန ကရင်နီပြည်ရဲဌာနခွဲအတွက် ၂၂ ဒသမ ၅ ရာခိုင်နှုန်း၊ ကျန်းမာရေးဌာန အတွက် ၉ ဒသမ ၂ ရာခိုင်နှုန်း၊ ပညာရေးဌာနအတွက် ၃ ဒသမ ၃ရာခိုင်နှုန်း၊ ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲအတွက် ၂ဒသမ၆ ရာခိုင်နှုန်း၊ တရားရေးဌာနအတွက် ၇ ဒသမ၂ ရာခိုင်နှုန်း၊ ကာကွယ်ရေးဌာနအတွက် ၃ ဒသမ ၁ ရာခိုင်နှုန်းအပါအဝင် ဌာနဆိုင်ရာအသီးသီးအတွက် သုံးစွဲထား တဲ့အခြေအနေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာအသီးသီးရဲ့ လုပ်ငန်းဆောက်ရွက်မှုအခြေအနေတွေကို အသေးစိတ်ဖော်ပြထားပါတယ်။
========================
📌📌 ၂။ ဆောမြို့က သက်ငယ်မုဒိမ်းနဲ့ လူသတ်မှုကျူးလွန်သူကို NUG ရဲချုပ် ဦးဆောင်စစ်ဆေးနေ
အောက်တိုဘာလ (၃၁)ရက်
မကွေးတိုင်း ဆောမြို့မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့သူကို အမျိုးသား ညီညွတ်ရေးအစိုးရ - NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ရဲချုပ်ရဲ့ ဦးဆောင်ကြီးကြပ်မှုနဲ့ စစ်ဆေးနေ တယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
သက်ငယ်မုဒိမ်းနဲ့ လူသတ်မှုကျူးလွန်သူ မင်းမင်းစိုးကို စစ်ဆေးပြီးပါက အမှုတွဲတင်ရေး၊ တရားရုံးထုတ် စစ်ဆေးရေး၊ ထိရောက်တဲ့ အရေးယူမှု ပြုလုပ်နိုင်ရေး စတာတွေ အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတာကို ပြည်သူလူထုထံ အသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။
ဆောမြို့မှာ အောက်တိုဘာ ၂၁ ရက်က အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ်ကို အသက် ၂၁ နှစ်အရွယ် မင်းမင်းစိုးဆို သူက အဓမ္မပြုကျင့်သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့တာလို့ သိရပါတယ်။
မိန်းကလေးငယ်ရဲ့ မိသားစုနဲ့ အရင်ကတည်းက သိကျွမ်းသူဖြစ်တဲ့ မင်းမင်းစိုးကို ကာကွယ်ရေးတပ်ဖွဲ့က မသင်္ကာလို့ စစ်ဆေးခဲ့ရာက ကျူးလွန်ကြောင်းဝန်ခံခဲ့တာဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူကို သေဒဏ်ပေးဖို့ ဆောမြို့နယ်မှာရှိတဲ့ ဒေသနေပြည်သူတွေက အောက်တိုဘာ ၂၆ ရက်မှာ ဆန္ဒထုတ် ဖော်ခဲ့ကြပါသေးတယ်။
မင်းမင်းစိုးဟာ အရင်ကလည်း မုဒိမ်းမှုကျူးလွန်ခဲ့ဖူးပြီး ဆော PDF ရဲဘော်တဦးဖြစ်တယ်လို့ ဒေသနေပြည်သူတွေက ပြောနေပေမယ့် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ကျူးလွန်သူ မင်းမင်းစိုးဟာ ကာကွယ်ရေးရဲဘော် ဟုတ်တယ် မဟုတ်ဘူးဆိုတာ ဖော်ပြမထားပါဘူး။
========================
📌📌 ၃။ စစ်တပ်ဘက်က အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာနိုင်တဲ့အတွက် စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် သတိပေး
အောက်တိုဘာလ (၃၁)ရက်
စစ်တပ်ဘက်က အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာနိုင်တဲ့အတွက် စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဒေသနေပြည်သူတွေကို သတိပေး ပြောကြားလိုက်ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်လို့ အခုလို သတိပေး ပြောကြားလိုက်တာဖြစ်ပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြှင့်တင်နေတဲ့အချိန်ဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတိ အထူးရှိ ကြဖို့နဲ့ သတိနဲ့ သွားလာနေထိုင်ကြဖို့ ပြည်သူလူထုကို အသိပေးထားပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာဆိုရင်လည်း စစ်တပ်ဘက်က အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့အတွက် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လိုက်နာကျင့်သုံးကြဖို့လည်း ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဒေသနေပြည်သူတွေကို တိုက်တွန်းထားပါတယ်။
တော်လှန်ရေးတပ်တွေဘက်က စစ်ရေးအရှိန်မြှင့်လာတာနဲ့အမျှ ပြည်သူ့ဘက် အမှန်တရားဘက်က ရပ်တည်လိုတဲ့ စစ်သား တွေ၊ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံပြီး ပူးပေါင်းပါဝင်ပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်တပါဘက်က ၁ဝ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိုးကုတ်မြို့ကိုကာကွယ်ဖို့ တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေကို မိုးကုတ်ဗျူဟာနဲ့ မိုးကုတ် - ပကဖ တို့က ပြန်လည်ဖိတ်ခေါ်
အောက်တိုဘာလ (၃၁)ရက်
မိုးကုတ်မြို့ကို ကာကွယ်ဖို့နဲ့ တော်လှန်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်ကြဖို့ တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေကို မိုးကုတ်ဗျူဟာနဲ့ မိုးကုတ် - ပကဖ တို့က ပြန်လည်ဖိတ်ခေါ်ထားပါတယ်။
ဒီရဲဘော်တွေဟာ နွေဦးတော်လှန်ရေးခရီးမှာ သွေး၊ချွေး၊ အနစ်နာခံမှုတွေနဲ့အတူ တော်လှန်ရေးမှာ အင်အားကြီးမားတဲ့ အစိတ်အပိုင်းအဖြစ်ပါဝင်ခဲ့တာကြောင့် အခုလို ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။
မိုးကုတ်မြို့ရဲ့ လက်ရှိ စစ်ရေးအခြေအနေဟာ စစ်ကော်မရှင်ကို ပြန်လည်ခုခံ တိုက်ခိုက်တွန်းလှန်ဖို့ လိုအပ်လာတဲ့အတွက် မိုးကုတ်မြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးရဲဘော်ဟောင်းတွေကို ဖိတ်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မိုးကုတ်မြို့ဟာ စစ်ရေးအကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့အချိန်ဖြစ်တဲ့အတွက် အတူတူလက်တွဲပြီး အကြမ်းဖက် စစ်ကော်မရှင်ကို ပူးပေါင်းတိုက်ခိုက်ကြဖို့ မိုးကုတ် ပကဖ က တိုက်တွန်းထားပါတယ်။
အကြောင်းအမျိုးမျိူးကြောင့် မိုးကုတ်ဗျူဟာနဲ့ ခေတ္တခဏ ကင်းကွာနေခဲ့ကြတာကို စာနာနားလည်သလို ရဲဘော်တို့ရဲ့ အတွေ့အကြုံ၊ ရဲဘော်တို့ရဲ့ စွမ်းရည်၊ ရဲဘော်တို့ရဲ့ တော်လှန်ရေးအပေါ်မှာထားတဲ့ စေတနာကို တန်ဖိုးထားတဲ့အတွက် တော်လှန်ရေးကာလမှာ ပြန်လည်လက်တွဲ တိုက်ပွဲဝင်ကြဖို့ မိုးကုတ်ဗျူဟာကလည်း တိုက်တွန်းထားပါတယ်။
ဒါကြောင့် တပ်ဖွဲ့နဲ့ကင်းကွာနေပြီး ပြန်လည်တာဝန်ထမ်းဆောင်ကြမယ့် ရဲဘော်တွေအနေနဲ့ ၇ ရက်အတွင်း ချိတ်ဆက် ပေးကြဖို့ အသိပေးထားပြီး သတ်မှတ်ရက်ကျော်လွန်တဲ့အထိ ဆက်သွယ်လာတာမရှိတဲ့ ရဲဘော်တွေကိုတော့ တပ်ပြေး အဖြစ် တရားဝင်ကြေညာမှာဖြစ်သလို MOD က ထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာတပ်ပြေးမူ ဥပဒေအတိုင်း ပြစ်ဒဏ် ခံယူရမယ်လို့ မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ရခိုင်စစ်မြေပြင်ကို အပို့ခံရမယ့် စစ်တပ်က တပ်ကြပ်တဦး မုံရွာမြို့နယ် ပကဖထံ အလင်းဝင်
အောက်တိုဘာလ (၃၁)ရက်
စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက် အမှတ် ၆ ဆက်သွယ်ရေးတပ်ရင်း - ဆသရ ၆ က တပ်ကြပ်တဦး ရခိုင်စစ်မြေပြင်ကို ပို့ဆောင်ခံရတာကြောင့် ထွက်ပြေးလာခဲ့ပြီး အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၃၁ မှာ ထုတ်ပြန်လာပါတယ်။
ကလေးမြို့အခြေစိုက် ဆသရ ၆ က တပ်ကြပ်တဦးဟာ အောက်တိုဘာလ ၂၉ ရက်နေ့မှာ မုံရွာမြို့နယ် ပကဖ အမှတ် - ၂ တိုက်နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ - တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့နဲ့ချိတ်ဆက်ပြီး လက်နက်မဲ့ အလင်းဝင်လာခဲ့တာ လို့ ဆိုပါတယ်။
သူဟာ ရခိုင်ဘက်ကနေ ထွက်ပြေးလာပြီး အလင်းဝင်လာတာဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှု ရှိ မရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ အလင်းဝင်တပ်သားတွေကို ရိုက်နှက်တာ၊ အကြမ်းဖက်နှိပ်စက်တာ လုံးဝ မရှိကြောင်းနဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှုမရှိဘူးဆိုရင် အလင်းဝင်လာသူဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးမယ် လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ကျောက္ကာ ရွှေဂူနီ ဘုရားဝန်းမှာ အထိုင်ချတပ်စွဲနေတဲ့စခန်း ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းဖြစ်လာတဲ့ ပြည်သူစစ် ၂ ဦးလည်း အမှတ် - ၂ တိုက်နယ် ပကဖ တိုက်ခိုက်ရေး အဖွဲ့ နဲ့ချိတ်ဆက်ပြီး MA 3 တလက်၊ MA 11 တလက်နဲ့အတူ အလင်းဝင်လာခဲ့တာရှိပါတယ်။
ဒါကြောင့် စစ်သားတွေ စစ်မှုထမ်းတွေအနေနဲ့ စိတ်လုံခြုံမှုနဲ့ ပြည်သူ့မေတ္တာခံယူချင်တယ်ဆိုရင် တော်လှန်ရေးတပ်တွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ကြဖို့တိုက်တွန်းထားပြီး အလင်းဝင်လာသူတွေကို နွေးနွေးထွေးထွေးစွာ ကြိုဆိုနေမယ့်အကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





No comments:
Post a Comment