ရွှေညာမောင်၊ Radio NUG, မေ ၁၃၊ ၂၀၂၅
မန္တလေးမြို့မှာ ငလျင်လှုပ်ခတ်သွားပြီးတဲ့နောက် ဝင်ငွေနည်းပါးလာကြတဲ့ မြို့ခံအများစုဟာ အစားအသောက်အတွက် မဖြစ်မနေ ဈေးလာရပေမယ့် ဝယ်နိုင်ခြမ်းနိုင်တဲ့ အခြေအနေကတော့ သိသိသာသာကို လျော့ကျလာခဲ့ပါတယ်။ ဈေးချိုတော်မှာ တစ်ရက်ခြား တစ်ခါ ဈေးလာဝယ်လေ့ရှိပေမယ့် အခုအခါမှာတော့ သုံးရက်ခြား ဆိုသလိုသာ လာဝယ်နိုင်တော့တဲ့ မန္တလေးသူတစ်ဦးက အရောင်းဝယ်အခြေအနေကို အခုလို ပြောပါတယ်။
“အဲဒါကတော့ အဆင်မပြေသေးဘူး။ လုပ်ငန်းကိုင်ငန်းတွေကလည်း ထိခိုက်တော့၊ ညီမတို့ ရွာဘက်တွေလည်း ထိခိုက်တဲ့သူ ရှိတယ်။ ညီမအစ်ကိုကြီးကလည်း တိုက်ပြိုသွားရှာတယ်။ သူ့မိန်းမလည်း အဲဒီထဲမှာ ပါသွားတယ်။ ဆုံးသွားတယ်။ ညီမဆို ဈေးချိုကို ခါတိုင်းဆို တစ်ရက်ခြား တစ်ခါ လာရတယ်။ ခုဟာက နှစ်ရက်ခြား၊ သုံးရက်ခြားမှ တစ်ခေါက်လောက် အဲဒီလိုမျိုးလေး လာရတာပေါ့။ ၀.၄၄ ခါတိုင်း ရောင်းရတာထက်စာရင် နည်းနည်းနှေးသွားတာပေါ့”
မန္တလေးမြို့ ၂၉ လမ်းရှိ သစ်သီးပွဲရုံတန်းတွေမှာ ရုံတိုင်းလိုလို သရက်သီးတောင်းတွေနဲ့ အပြည့်ဖြစ်နေပြီး အရောင်းအဝယ်ပါးလို့ သစ်သီးတွေ ပျက်စီးစပြုလာတာကို တွေ့ရပါတယ်။ အဲဒီလမ်းပေါ်က ပွဲရုံပိုင်ရှင် အမျိုးသမီးကြီးတစ်ဦးကတော့ အရောင်းအဝယ် အခြေအနေကို အခုလို ပြောပါတယ်။
“ပါးတယ်။ အရောင်းအဝယ်ပါးတယ်။ ဆိုင်ပုံနေတာသာ ကြည့်လိုက်တော့”
သစ်သီးမှ မဟုတ်ဘဲ ကြက်သွန်ပွဲရုံကစလို့ အခြားပွဲရုံတွေ၊ ဈေးချိုတော်အတွင်းက လူသုံးကုန်၊ အလှကုန် စတဲ့ အရောင်းဆိုင်တွေကလည်း အရောင်းအဝယ်တွေ အေးနေပြီး ကျောင်းဖွင့်ရာသီနီးလာပေမယ့် ဒေသတွင်း ရက်လုပ်တဲ့ ကျောင်းစိမ်းပုဆိုးတွေ ဈေးကွက်တွင်း ဝင်ရောက်လာတာ မရှိသေးပါဘူး။ ငလျင်အပြီး မန္တလေးမြို့ စီးပွားရေးဟာ ပြန်လည်ထူထောင်ဖို့ နှစ်နဲ့ချီ ကြာမြင့်နိုင်ပြီး တိုက်ဟောင်းတွေ ပြိုပျက်သွားသလို ဒေသခံ မန္တလေးသူ၊ မန္တလေးသားတွေ မြို့စွန်ကို ပြောင်းရွှေ့ရမှာကို စိုးရိမ်နေကြပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ မြို့တော်စည်ပင်ကတော့ စာအမျိုးမျိုးထုတ်ပြီး မြို့ခံတွေကို ဝန်ပိစေသလို ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေ၊ သံ၊ သွပ်၊ ရောင်းချပေးဖို့ကိုပဲ အစည်းအဝေးမပြီးပြတ်နိုင်သေးဘဲ ဖြစ်နေပါတယ်။
No comments:
Post a Comment