၂၀၂၅ မေလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကိုရီးယားနေ မြန်မာနိုင်ငံသားများနဲ့ တွေ့ဆုံမယ်
📌 ၂။ လေကြောင်းတိုက်ခိုက်မှုများအား ရှောင်ရှားစေနိုင်ရန်အတွက် မြေပြင်ကျောင်းများအားလုံး ယာယီပိတ်ကြောင်း မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ ကြေညာ
📌 ၃။ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ KCR Co.Ltd ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်သမား (၄၃) ယောက်သည် လုပ်အားခ မရှင်းပေးဘဲ အလုပ်မှထုတ်ခံရသဖြင့် အယုဒ္ဓယမြို့နယ်၊ ဆာဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့
📌 ၄။ အိုးတိန်တွင်းကျေးရွာ လေကြောင်းပစ်ခတ်မှုတွင် ဒဏ်ရာရသူထဲမှ ကျောင်းသားတစ်ဦး ထပ်မံ ကွယ်လွန်
========================
၂၀၂၅ ခုနှစ် မေလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် အရပ်သား ၁၃ ဦးခန့် သေဆုံး
🚩 ၂။ ဂန့်ဂေါမြို့နယ် လယ်မရွာတွင် စစ်ကောင်စီတပ်မှ အရပ်သား ၁၁ ဦးကို အစုလိုက်အပြုံလိုက် ပစ်သတ်ပြီး ၂၀ ကျော်ဖမ်းဆီး
🚩 ၃။ ဆောထိမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ်(၅)လုံး နှင့် စာသင်ကျောင်း (၁)ကျောင်း ထိခိုက်ပျက်စီး
🚩 ၄။ ညောင်ရွှေမြို့နယ် စန့်စွဲကျေးရွာသို့ စစ်ကြောင်းထိုး ချီတက်လာသော စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၃)ဦး ရှိခဲ့
🚩 ၅။ ဝက်လက်မြို့နယ် စခန်းသာကျေးရွာနှင့် ရွှေဘိုနယ် ငါးပိအိုးရွာပေါ်သို့ စကစက လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သား နှစ်ဦး သေဆုံး
🚩 ၆။ ပခုက္ကူမြို့တွင် တပ်မ(၁၀၁)မှ ဗိုလ်မှူးတစ်ဦးပိုင်ဆိုင်သည့် ကာရာအိုကေ(KTV)ကို ဝင်ရောက်စီးနင်းရာ စစ်ကောင်စီ အခိုင်းအစေ လက်နက်ကိုင် တစ်ဦးအား ဖမ်းဆီးရမိ
🚩 ၇။ ပခုက္ကူမြို့တွင် ပျူစောထီးခေါင်းဆောင်တစ်ဦးအား ဖမ်းဆီးရမိ
🚩 ၈။ ငါန်းဇွန်မြို့နယ်တွင် ပျူစောထီးအုပ်ကြီး ဦးထွန်းဦးအား ရှင်းလင်းသုတ်သင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကိုရီးယားနေ မြန်မာနိုင်ငံသားများနဲ့ တွေ့ဆုံမယ်
မေလ ၁၃ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ကိုရီးယားနေ မြန်မာနိုင်ငံသားများ၏ လူထုတွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ မေလ ၁၈ ရက်နေ့တွင်၊ ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေးရိပ်သာခန်းမ၌ ကျင်းပမယ်လို့ သိရပါတယ်။
သို့ဖြစ်၍ နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်နေသော မြန်မာနိုင်ငံသားများ တက်ရောက် ဆွေးနွေးကြရန် ဖိတ်ခေါ်ထားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ၄၅-နှစ်မြောက် ၅.၁၈ဂွမ်ဂျူး ဒီမိုကရေစီတော်လှန်ရေး အထိမ်းအမှတ်၊ "World Human Rights City Forum 2025" သို့ တက်ရောက်ပြီး၊ မြန်မာပြည်၏ လူ့အခွင့်အရေး အခြေအနေကို တင်ပြဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ လေကြောင်းတိုက်ခိုက်မှုများအား ရှောင်ရှားစေနိုင်ရန်အတွက် မြေပြင်ကျောင်းများအားလုံး ယာယီပိတ်ကြောင်း မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ ကြေညာ
မေလ ၁၃ရက်
Radio NUG
လေကြောင်းတိုက်ခိုက်မှုများအား ရှောင်ရှားစေနိုင်ရန်အတွက် မြေပြင်ကျောင်းများအားလုံး ယာယီပိတ်ကြောင်း မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ကြေညာချက်အမှတ် (၁/၂၀၂၅)ကို မေလ ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများစွာ အသက်ဆုံးရှုံးရသော သတင်းကို ဝမ်းနည်းစွာ အသိပေးအပ်တယ်လို့ ဖော်ပြပါတယ်။
သို့ဖြစ်ပါသောကြောင့် လေကြောင်းတိုက်ခိုက်မှုများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ယာယီရှောင်ရှားနိုင်ရန်အတွက်၊ မြိုင်မြို့နယ်အတွင်းရှိ မြေပြင်ကျောင်းများအားလုံး ယာယီပိတ်ပေးပါရန် အသိပေးကြေညာထားပါတယ်။
========================
📌📌 ၃။ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ KCR Co.Ltd ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်သမား (၄၃) ယောက်သည် လုပ်အားခ မရှင်းပေးဘဲ အလုပ်မှထုတ်ခံရသဖြင့် အယုဒ္ဓယမြို့နယ်၊ ဆာဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့
မေလ ၁၃ရက်
Radio NUG
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ KCR Co.Ltd ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်သမား (၄၃) ယောက်သည် အလုပ်ရှင်ဘက်မှ လုပ်အားခ မရှင်းပေးဘဲ အလုပ်မှ ထုတ်ပယ်လိုက်သဖြင့် အဆိုပါအလုပ်သမား(၄၃) ဦးမှ တိုင်ကြား အကူအညီတောင်းခံလာမှုအပေါ် အယုဒ္ဓယမြို့နယ်၊ ဆာဝါဒီကန်ရုံးတွင် အလုပ်သမားဝန်ကြီးဌာနနှင့် MHAC အဖွဲ့တို့အတူ သွားရောက်၍ အမှုဖွင့်တိုင်ကြားပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများအား ဖုန်း၊ Social Appနှင့် complaint@molmyanmar.orgသို့ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ အိုးတိန်တွင်းကျေးရွာ လေကြောင်းပစ်ခတ်မှုတွင် ဒဏ်ရာရသူထဲမှ ကျောင်းသားတစ်ဦး ထပ်မံ ကွယ်လွန်
မေလ ၁၃ရက်
Radio NUG
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ လေကြောင်းပစ်ခတ်မှုဖြစ်စဥ်တွင် ဒဏ်ရာရသူထဲမှ ကျောင်းသား တစ်ဦးထပ်မံ ကွယ်လွန်သွားခဲ့တယ်လို့ မေလ ၁၃ရက် ဒီပဲယင်း ပအဖကအတည်ပြုဆိုထားပါတယ်။
"မောင်စွမ်းကိုကို (ဘ)ဦးမောင်ဇော် G 7 ဖြစ်ပါတယ်။ ဖြစ်လေရာဘဝမှာ ဤကဲ့သို့အဖြစ်ဆိုးမျိုးနဲ့ ရှောင်လွှဲနိုင်ပါစေ"လို့ အသိပေးဖော်ပြထားပါတယ်။
မေလ ၁၂ရက် ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိမှု စာရင်းမှာ မြေပြင်စာရင်းကောက်ယူမှုအရ (၁၀၂)ဦး ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် အရပ်သား ၁၃ ဦးခန့် သေဆုံး
မေလ ၁၃ရက်
Radio NUG
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာ (ရွာဟောင်း) ကို မေလ ၁၃ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်များနှင့် မိခင်များ အပါအဝင် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
သေဆုံးသူများထဲတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးများ ပါဝင်တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူများကို အနီးစပ်ဆုံး ဆေးရုံနှင့် ဆေးခန်းများသို့ အရေးပေါ်ပို့ဆောင်ထားပြီး၊ အချို့မှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကာ အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခ ကလည်း ဤဖြစ်စဉ်တွင် သေဆုံးသူ ၁၃ ဦး၊ ဒဏ်ရာရသူ ၂၀ ဦးကျော်နှင့် လူနေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု မီဒီယာများသို့ အတည်ပြုပြောကြားထားပါတယ်။
ထို့ပြင် စစ်ကောင်စီသည် ယနေ့တွင်ပင် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာကို နံနက် ၄ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လိပ်ခမော်ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ဂန့်ဂေါမြို့နယ် လယ်မရွာတွင် စစ်ကောင်စီတပ်မှ အရပ်သား ၁၁ ဦးကို အစုလိုက်အပြုံလိုက် ပစ်သတ်ပြီး ၂၀ ကျော်ဖမ်းဆီး
မေလ ၁၃ရက်
Radio NUG
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာတွင် မေလ ၁၂ ရက်၊ နံနက် ၂ နာရီခန့်က ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သား ၁၁ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။
သေဆုံးသူများမှာ ကျော်စန်းခိုင် (၂၄ နှစ်)၊ သက်ပိုင်ဦး (၂၃ နှစ်)၊ အောင်ကြည်မင်း (၃၉ နှစ်)၊ နေလင်းဦး (၂၅ နှစ်)၊ ညီလေး (၂၇ နှစ်)၊ ဂျွန်ကိုဝင်း (၁၉ နှစ်)၊ သီဟလင်း (၁၅ နှစ်)၊ မျိုးသီဟ (၁၅ နှစ်)၊ လျှံထွန်း (၁၂ နှစ်)၊ ကျော်မြတ်သူ (၁၉ နှစ်)နှင့် မှိုင်းဝေ (၁၃ နှစ်)တို့ ဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံရသူများ၏ အခြေအနေနှင့် နောက်ဆက်တွဲ အချက်အလက်များကို လက်ရှိတွင် အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
========================
🚩🚩 ၃။ ဆောထိမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ်(၅)လုံး နှင့် စာသင်ကျောင်း (၁)ကျောင်း ထိခိုက်ပျက်စီး
မေလ ၁၃ရက်
Radio NUG
ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ပြည်သူ လူထုများ နေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ပစ်မှတ်ထား တိုက်ခိုက်လျှက်ရှိသောကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ်(၅)လုံးနှင့် စာသင်ကျောင်း (၁)ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ကေအဲန်ယူ ဗဟိုမှ သတင်းထုတ်ပြန်ထားပါတယ်။
မေလ (၁၁) ရက်နေ့ နံနက် (၇း၂၀) မိနစ် အချိန်ခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀)ဗုံးသီးများဖြင့် သိုက်တူးကုန်းကျေးရွာအတွင်းသို့ (၂) လုံး ဝိုင်းကျွန်ကျေးရွာ (၁၈) လံအင်းအတွင်းသို့ (၁) လုံး စုစုပေါင်း (၃) လုံးခန့် ကြဲချတိုက်ခိုက်ခဲ့သောကြောင့် သိုက်တူးကုန်းကျေးရွာအတွင်းမှ ဦးအေးစိုး၊ ဦးချစ်စိုး၊ ဦးစိန်ညွန့်၊ မစနေ၊ မောင်ထွန်းသိန်းတို့၏ နေအိမ် (၅)လုံးနှင့် စာသင်ကျောင်း (၁)ကျောင်းပါ ထိမှန်ပျက်စီးခဲ့ရပြီး ကိုသန်းဝင်း ၃၉နှစ်မှာလည်း ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ မေလ (၁၀) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် သူရဲသူမိန် ရှိ ခမရ−၄၄၀ တပ်မှ ကွင်းဆိပ်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ဒေါ်မေပုလဲ (၅၄)နှစ် ထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် မေလ (၈) ရက်နေ့ နံနက် (၈း၀၅) မိနစ် အချိန်မှ ညနေ (၄) နာရီအချိန်အတွင်း ညောင်ခြေတောက်၊ ဇလုတ်ကြီး၊ ညောင်သာယာ၊ ဝင်းကံ၊ လေးလမ်းဆုံနေရာများသို့ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး (၁၆) ကြိမ် အလုံးရေ (၃၀) နှင့် Y−12 မှ ဗုံးသီး အလုံးရေ (၁၄၀) လုံးခန့် ကြဲချခဲတယ်လို့ သိရပါတယ်။
ဤကဲ့သို့ လေယာဥ်ဖြင့် အရပ်သား ပြည်သူလူထုများအား ပစ်မှတ်ထား တိုက်ခိုက်လျှက်ရှိသောကြောင့် ဒုံစရစ်၊ ရှမ်းစု၊ ခလယ်ကော်လာ၊ ဝေါ်ကေ၊ ခလယ်လော်စယ်၊ စံတွင်းကုန်း၊ ကွင်းဆိပ်၊ သရက်ချောင်း၊ ကွီးစယ်လော်၊ ဇလုတ်ကြီးစသည့်ကျေးရွာမှ အိမ်ထောင်စုပေါင်း (၃၈၃) အိမ်မှ လူဦးရေ (၁၇၁၂) ဦးမှာ စိုးရိမ်ကြောက်ရွံ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကာ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု များစွာ လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ညောင်ရွှေမြို့နယ် စန့်စွဲကျေးရွာသို့ စစ်ကြောင်းထိုး ချီတက်လာသော စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၃)ဦး ရှိခဲ့
မေလ ၁၃ရက်
Radio NUG
ညောင်ရွှေမြို့နယ် စန့်စွဲကျေးရွာသို့ စစ်ကြောင်းထိုးချီတက်လာသော စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့သည် ရောက်ရှိရာကျေးရွာများအတွင်း ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်မှုရှိသည့်အပြင် အရပ်သားပြည်သူများ နေထိုင်ရာ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဦးတည်ကာ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ပြည်သူ (၁)ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၃)ဦး ရှိခဲ့ကြောင်း pekon pdf2မှ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်တွင် သွားလာနေထိုင်သော ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှုကို ဦးစားပေးကာ အသွားအလာ မပြုလုပ်ကြရန် အသိပေးထားပါတယ်။
ပြည်သူများအနေဖြင့် မြေပြင်စစ်ရေးအခြေအနေအရ ကာကွယ်ရေးတပ်များမှ ထုတ်ပြန်သော စစ်ရေးသတိပေးချက်များကို လိုက်နာကြဖို့လည်း ဆိုပါတယ်။
========================
🚩🚩 ၅။ ဝက်လက်မြို့နယ် စခန်းသာကျေးရွာနှင့် ရွှေဘိုနယ် ငါးပိအိုးရွာပေါ်သို့ စကစက လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သား နှစ်ဦး သေဆုံး
မေလ ၁၃ရက်
Radio NUG
ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း စခန်းသာကျေးရွာနှင့် ရွှေဘိုနယ် အရှေ့တောင်ခြမ်း ငါးပိအိုးရွာပေါ်သို့ တံတားဦးတက် J-Fighter ၁စီးဖြင့် ညနေ ၃နာရီ ၅၉အချိန်နဲ့ ၄နာရီအချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုခဲ့ရာ စခန်းသာရွာရှိ ပြည်သူ အသက် ၂၀အရွယ် အမျိုးသား ကိုအောင်လှိုင်ဝင်း ၁ဦး နှင့် အသက် ၃၅နှစ်အရွယ် အမျိုးသမီး မယဉ်ယဉ် ၁ဦး သေဆုံးခဲ့ပြီး နွား ၂ကောင်လည်း သေဆုံးခဲ့ရတယ်လို့ wetlet informational networkက အတည်ပြုထားပါတယ်။
ပြည်သူ ၇ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် တချို့ ပျက်စီးခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၆။ ပခုက္ကူမြို့တွင် တပ်မ(၁၀၁)မှ ဗိုလ်မှူးတစ်ဦးပိုင်ဆိုင်သည့် ကာရာအိုကေ(KTV)ကို ဝင်ရောက်စီးနင်းရာ စစ်ကောင်စီ အခိုင်းအစေ လက်နက်ကိုင် တစ်ဦးအား ဖမ်းဆီးရမိ
မေလ ၁၃ရက်
Radio NUG
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့အဝင် တပ်မ(၁၀၁)မှ ဗိုလ်မှူးတစ်ဦး ပိုင်ဆိုင်သည့် ကာရာအိုကေ(KTV)ကို မေလ ၁၀ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်တွင် Badassess Burma Force အဖွဲ့နှင့် ပခုက္ကူမြို့နယ်တပ်ရင်း(၁) ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ ပြည်သူများ၏ သတင်းပေးပို့မှုကြောင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
စီးနင်းမှုအတွင်း ZCZ ပစ္စတိုတစ်လက်နှင့် စစ်ကောင်စီ၏ အခိုင်းအစေ လက်နက်ကိုင် တစ်ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၇။ ပခုက္ကူမြို့တွင် ပျူစောထီးခေါင်းဆောင်တစ်ဦးအား ဖမ်းဆီးရမိ
မေလ ၁၃ရက်
Radio NUG
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့၊ စက်မှုဇုန် (၆)လမ်းနှင့် (၇)လမ်းကြားတွင် နေထိုင်သည့် ပျူစောထီးခေါင်းဆောင် အရှည်ကြီး (ခေါ်) ဒူးရှည်အား ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်၊ ညနေ ၅ နာရီတွင် Myingyan Black Tiger (MBT) တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းကာ စစ်အသုံးဆောင်ပစ္စည်းအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိသူ အရှည်ကြီးသည် ပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်မှုများ ပြုလုပ်ခဲ့သူဖြစ်ရုံသာမက စစ်ကောင်စီ၏ အရေးပါသော ပျူစောထီးခေါင်းဆောင်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ပြည်သူများအား အနိုင်ကျင့်နှိပ်စက်သူမည်သူမဆို ထိရောက်သော အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဤစစ်ဆင်ရေးတွင် နဂါးမင်း (PDF) အဖွဲ့မှ ပူးပေါင်းပါဝင်အားဖြည့်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၈။ ငါန်းဇွန်မြို့နယ်တွင် ပျူစောထီးအုပ်ကြီး ဦးထွန်းဦးအား ရှင်းလင်းသုတ်သင်ခဲ့
မေလ ၁၃ရက်
Radio NUG
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရွှေတောင်ကျေးရွာတွင် နေထိုင်သည့် စစ်ကောင်စီ၏ ဒေါက်တိုင်ဖြစ်သူ ပျူစောထီးအုပ်ကြီး ဦးထွန်းဦး (အသက် ၅၄ နှစ်) သည် စစ်ကောင်စီနှင့် ပူးပေါင်း၍ ပြည်သူလူထုအပေါ် အနိုင်ကျင့်ခုတုံးလုပ်မှုများ ပြုလုပ်နေသည်ဟု ဒေသခံပြည်သူများထံမှ သတင်းအရ သိရှိရတာကြောင့် မြင်းခြံတိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ၎င်းအား ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးစဉ်အတွင်း ဦးထွန်းဦးသည် တပ်ဖွဲ့၏ ရဲဘော်များအား ပြန်လည်ခုခံကာ ထွက်ပြေးရန် ကြိုးစားခဲ့ရာ ရဲဘော်များမှ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဦးထွန်းဦးထံမှ လက်ပစ်ဗုံးသီး (၂) လုံး နှင့် ၎င်းကိုင်ဆောင်ထားသည့် နိုင်ငံသားစီစစ်ရေးကတ်ပြား တစ်ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment