စာရေးဆရာငြိမ်းအေးအိမ်၏ ဈာပန ရေဝေးသုဿန်မှာ ကျင်းပပြီးစီး
ကိုမြင့်သူ (Radio NUG) ဇွန် ၂၅၊ ၂၀၂၅
နိုင်ငံရေးကို နည်းမျိုးစုံနဲ့ ပါဝင်ဆောင်ရွက်ခဲ့တဲ့ စာရေးဆရာ ငြိမ်းအေးအိမ်ရဲ့ဈာပနအခမ်းနားကို ရေဝေးသုသန်မှာကျင်းပခဲ့ပြီး နယ်ပယ်အစုံမှလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ငြိမ်းအေးအိမ်ရဲ့ ဈာပန အခမ်းနားကို ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့လည် ၁၁ နာရီမှာ ရန်ကုန်မြို့က ရေဝေးသုသန်မှာကျင်းပ ခဲ့ပါတယ်။ အဲ့ဒီအခမ်းနားမှာ ၁၉၇၄၊ ၇၅၊ ၇၆ ကာလများဆီက လက်နက်ကိုင်တော်လှန်ခဲ့ကြတဲ့ အတွေ့ကြုံတွေကို ဈာပနအခမ်းနားကို တက် ရောက်လာတဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူက အခုလိုပြောပါတယ်။
“ ကိုငြိမ်းဟာ ကျွန်တော်တို့နဲ့ဆိုရင် အတော်လေးကို ဆင်းရဲပင်ပန်းခံပြီးတော့နေခဲ့တာ မညည်းမညူပဲ။ ခက်ခဲကြမ်းတမ်းခဲ့တဲ့ ဘဝတွေအများကြီးကြုံခဲ့ပါတယ် နော်။ အသက်မသေလို့လည်းကျန်တာ ပေါ့။ သံလွင်မြစ်တစ်ဖက်ကမ်းကိုလက်နက်ခဲယမ်းတွေပို့တဲ့အချိန် သံလွင်မြစ်ဆိုတာ ဇောက်ကြီး၊ ရေစီး ကလည်းတအားသန်တယ်။ အဲ့ဒီမှာ ကျွန်တော်တို့ လက်နက်ခဲယမ်းတွေတင်ပြီးပို့တဲ့အချိန်မှာ တော်တော်လေးအသက်အန္တရယ်နီးစပ်ပါတယ်။ ရေထဲလည်းပြုတ်ကျဖူးတယ်။ ဖောင်ကိုတွယ်မိပြီး ပါမသွားပဲနဲ့ကျန် ခဲ့တာပေါ့။ ဖောင်ကို မတွယ်မိရင်သူပါသွားတော့မှာ ”
စာရေးဆရာ ငြိမ်းအေးအိမ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ အဖွဲ့ဝင်ဟောင်းဖြစ် လို့ သူ့ဈာပနမှာလည်း ဗမာပြည်ကွန်မြူနစ်ပါတီက အခြားအဖွဲ့ဝင်တွေလည်း နောက်ဆုံးလာရောက်နှုတ်ဆက်ခဲ့ပါတယ်။ ငြိမ်းအေးအိမ်ဟာ နိုင်ငံရေးအကျဥ်းသားဘဝကလွတ်မြောက်လာပြီးတဲ့နောက် လက်နက်ကိုင်တော်လှန်ရေး မဝင်ခင် ၁၉၈၀ ကာလမှာ ကျောင်းဆရာဖြစ်ခဲ့ပါသေးတယ်။ သူကျောင်းဆရာလုပ်ခဲ့တဲ့ ပညာရဲရင့်ကျုရှင် ကနေ ဆယ်တန်းအောင်သည်အထိ ငါးနှစ်ကြာတက်ရောက်ခဲ့တဲ့ကျောင်းသားဟောင်းတွေကလည်း ဈာပနကိုလိုက်ပါပို့ဆောင်ခဲ့ကြပြီး ဆရာဟောင်းနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေကိုလည်းအခုလို ပြော ဆိုခဲ့ပါတယ်။
“ ကျွန်တော်တို့ အမက ၁၈ ကျောင်းကနေ အလက ၅ ဖြစ်သွားတယ်။ တွဲဘက်ကျောင်းရတယ်။ တွဲ ဘက်ကျောင်းစဖြစ်တော့ အနောက်အုတ်ကျင်း၊ ၁၄ ရပ်ကွက်ပေါ့၊ ၁၄ ရပ်ကွက်မှာ ပညာရဲရင့်ဆိုပြီး ကျူ ရှင်လေးဖွင့်တယ်။ အဲ့ကိုကျွန်တော်တို့စရောက်ကြတယ်။ ငါးတန်းကနေစရောက်ကြတယ်။ ဆရာဦးသန်းမြင့် ဆုံးတုန်းကတော့ကျွန်တော်တို့ မမှီလိုက်ဘူး။ ဆရာ့ကိုတော့ Facebook ကနေစပြီး အမြဲမပြတ်တွေ့ နေတော့ ဆရာ့ကျန်းမာရေးဘာညာ သိခဲ့ကြတယ်။ ဆရာ့သင်ကြားမှုကနေ ကျွန်တော်တို့ ဆယ်တန်း အောင်ခဲ့ကြတယ်။ အဲ့ထဲမှာ ၈၅ မှာအောင်ခဲတဲ့ထဲမှာ ဆရာဝန်ဖြစ်သွားတဲ့တစ်ယောက်ပါတယ်။ ဆရာ့ ကျေးဇူးတွေ”
ကျောင်းဆရာအသည်းနှလုံးနဲ့ လက်နက်ကိုင်တော်လှန်ခဲ့ပြီး ပို့စ်မော်ဒန်စာရေးဆရာနဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ်လည်းဖြစ်ခဲ့သူ ငြိမ်းအေးအိမ်ရဲ့ နောက်ဆုံးခရီးမှာ မောင်ကြည်သစ်ရဲ့ ဒသနအလင်းစာအုပ်ကို သူအသုံးပြုခဲ့တဲ့ မျက်မှန်တစ်လက်နဲ့အတူ ထည့်သွင်းသင်္ဂြိုဟ်ခဲ့ကြပါတယ်။
No comments:
Post a Comment