၂၀၂၅ ဧပြီလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နှစ်သစ်ဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ အစပြုခြင်း ဖြစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆုမွန်ကောင်းတောင်း
📌 ၂။ အကြမ်းဖက် စစ်အာဏာရှင်စနစ်ဆိုးကြီး အမြစ်ပြတ်ချုပ်ငြိမ်းမှသာ ပြည်သူလူထု ကြုံတွေ့ရသည့် ဘေးအမျိုးမျိုးအား စနစ်တကျဖြင့် ပိုမိုဖြေရှင်းစီစဉ် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဆို
📌 ၃။ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့စောင့်ရှောက်ပေးခဲ့တာတွေအတွက် အမှတ်ရနေမယ်လို့ ထိုင်းအစိုးရကို NUG ပြော
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာတက္ကသိုလ်များ အဖွဲ့အစည်းများ စုစုပေါင်း၂၁ခုတို့နှင့် ပညာရေးဝန်ဆောင်မှုများဆောင်ရွက်
📌 ၅။ (၄)နှစ်တာကာလတွင်း အမျိုးသမီးများ နိူင်ငံရေးတွင်ပိုမိုပါဝင်လာနိုင်စေရန် နည်းပညာအထောက်အကူများနှင့်ငွေကြေးဆိုင်ရာထောက်ပံမှုအစီစဥ်များချမှတ်နိူင်ခဲ့
📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ တရားစီရင်ရေးကဏ္ဍတွင် မြို့နယ်တရားရုံး၂၉ရုံးဖြင့် မြေပြင်တရားစီရင်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိ
📌 ၇။ အခက်အခဲဒုက္ခတွေ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူများနဲ့အတူရှိနေကြောင်းကိုထိန်လင်းအသိပေး
📌 ၈။ မြန်မာပြည်သူတွေရည်မှန်းတဲ့ ငြိမ်းချမ်းတဲ့ဒီမိုကရေစီအနာဂတ်အတွက် ဆက်လက်ပံ့ပိုးပေးမယ်လို့ ဗြိတိန်သံရုံး အကြီးအကဲပြော
========================
၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တော်လှန်ရေး အပြီးသတ်အောင်ပွဲ ယူဆောင်နိုင်မယ့်နှစ်ဖြစ်စေရေး ဆထက်ထမ်းပိုး ကြိုးစားကြဖို့ တော်လှန်ရေးအင်အားစု အားလုံးကို NUG ယာယီသမ္မတ တိုက်တွန်း
🚩 ၂။ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မိုးကုတ်မြို့နယ်က ကဆုတ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်
🚩 ၃။ စစ်ကောင်စီကပေးတဲ့ လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပါတယ်လို့ PPNM ပြော
🚩 ၄။ ဘုတ်ပြင်းမြို့နယ်မှာရှိတဲ့ ပျူစောထီးစခန်းကိုတိုက်ခိုက်ရာမှာ ပျူစောထီးခေါင်းဆောင်သေဆုံးပြီး သေနတ် ၁၀ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိ
🚩 ၅။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ တပ်တည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကျင်းပ
🚩 ၆။ အတင်းအဓမ္မ စုဆောင်းခြင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားသစ်တဦး လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်
🚩 ၇။ ချက်နိုင်ငံပရက်ဂ်မြို့အခြေစိုက် ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ ကုမ္ပဏီ Compelson s.r.o. ကို စုံစမ်းစစ်ဆေးမှုတစ်ရပ် အမြန်ဆုံးလုပ်ဆောင်ပေးရန် ချက်နိုင်ငံအစိုးရအား Justice For Myanmar က တောင်းဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နှစ်သစ်ဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ အစပြုခြင်း ဖြစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆုမွန်ကောင်းတောင်း
ဧပြီ၁၇ရက်
နှစ်သစ်ဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ အစပြုခြင်း ဖြစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဆုမွန်ကောင်းတောင်းဆိုလိုက်ပါတယ်။
"အကြမ်းဖက်စစ်အုပ်စုရဲ့ နှိပ်စက်ဖိနှိပ်သတ်ဖြတ်မှု ဘေးအန္တရာယ်တွေအပြင် ထပ်မံကြုံတွေ့ခဲ့ရတဲ့ သဘာဝငလျင်ဘေးအန္တရာယ်ကြောင့် မိသားစုဝင်တွေ အိုးအိမ်တွေကို ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့စိတ်နှလုံးတွေ နာကျင်ခံစားနေရတဲ့ အချိန်အခါမျိုးမှာ ဝမ်းနည်းပူဆွေးနေရသူတွေနဲ့အတူ ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်စွာနဲ့ ရပ်တည်ပြီး အချင်းချင်း အားပေးနှစ်သိမ့်ကြရင်း ဒီနှစ်သစ်ဟာ တော်လှန်ရေးရဲ့ အောင်မြင်မှုများနဲ့အတူ ပြည်သူလူထုရဲ့ ဆုံးရှုံးမှုတွေ နာကျင်မှုတွေကို ပြန်လည်ကုစားပေးနိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ အစပြုခြင်း ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်"လို့ဖော်ပြပါတယ်။
ယာယီသမ္မတနှင့်ပြည်ထောင်စုဝန်ကြီးချုပ်အပါအဝင် ပြည်ထောင်စုဝန်ကြီးများဟာ နွေဦးတော်လှန်ရေးအမြန်ဆုံးအောင်မြင်ရေးအတွက် ပြည်တွင်းရှိ တော်လှန်ရေးအင်အားစုများနဲ့အတူ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ အကြမ်းဖက် စစ်အာဏာရှင်စနစ်ဆိုးကြီး အမြစ်ပြတ်ချုပ်ငြိမ်းမှသာ ပြည်သူလူထု ကြုံတွေ့ရသည့် ဘေးအမျိုးမျိုးအား စနစ်တကျဖြင့် ပိုမိုဖြေရှင်းစီစဉ် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဆို
ဧပြီလ ၁၇ ရက်
ဧပြီ၁၇ရက် ယနေ့ကျရောက်သည့် မြန်မာနှစ်သစ်ကူးမင်္ဂလာ အချိန်အခါကာလတွင် နိုင်ငံတော်တစ်ဝှမ်းရှိ တိုင်းရင်းသားများ၊ ပြည်သူလူထုအားလုံးနှင့်တကွ ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး ဘေးအမျိုးမျိုး၊ ရန်အသွယ်သွယ် ကင်းဝေးလျက် စိတ်အေးချမ်းလုံခြုံစွာဖြင့် လူ့အခွင့်အရေးများ အပြည့်အဝရရှိခံစားနိုင်ကြပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဆန္ဒပြုမေတ္တာပို့သအပ်တယ်လို့ ဖော်ပြပါတယ်။
မိမိတို့နိုင်ငံတွင် သင်္ကြန်ပွဲတော်သည် ချစ်ခင်မြတ်နိုးဖွယ်ရာ ရိုးရာအစဉ်အလာတစ်ခု၏ ပြယုဂ်ဖြစ်သည်နှင့်အညီ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန်တွင် ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း၊ကုသိုလ်တရားများ ပွားများအားထုတ်ခြင်း၊ အတာရေသဘင်ပွဲတော် ဆင်နွှဲခြင်းများဖြင့် လူမျိုးဘာသာမရွေး ပျော်ရွှင်စွာ ဖြတ်သန်းကြသည့် အခါသမယ ဖြစ်ခဲ့တယ်လို့ဖော်ပြပါတယ်။
သို့ရာတွင် ယခုအခါ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဘေးအန္တရာယ်သာမက သဘာဝဘေးအန္တရာယ်တို့ကိုပါ တွေ့ကြုံရင်ဆိုင်နေကြရသည့် အလွန်ခက်ခဲသော အချိန်ကာလဖြစ်ပြီး အကြောင်းတိုက်ဆိုင်မှဖြစ်တတ်သောသဘောရှိသည့် သဘာဝဘေးထက် ပိုမိုဆိုးရွားသော မသူတော်စစ်မိစ္ဆာတို့၏ နေ့စဉ်နေ့တိုင်း ပြည်သူများကို သတ်ဖြတ်နှိပ်စက်ဖျက်ဆီး နေသည့်ဘေးကို ခံစားနေကြရချိန် ဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ မြန်မာနှစ်သစ်ကူးနေ့မှစ၍ နှစ်တစ်နှစ်၏ ပြက္ခဒိန်နှစ် ပြောင်းရုံမျှသာမက စနစ်တစ်ခု၏ အပြောင်းအလဲ ဖြစ်စေသည့်တိုင်အောင် ပြည်ထောင်စုဖွား နိုင်ငံသူ၊ နိုင်ငံသားတိုင်း လိုလားတောင့်တလျက်ရှိသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်သစ်အား တည်ဆောက်သွားနိုင်ရေးအတွက် မိမိတို့အားလုံးအနေဖြင့် စိတ်ဓာတ်ခိုင်မာစွာ တွဲလက်ညီညီ ဆက်လက် ကြိုးစားသွားရန် နှစ်သစ်သန္နိဋ္ဌာန်ပြုလျက် သဝဏ်လွှာပါးအပ်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၃။ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့စောင့်ရှောက်ပေးခဲ့တာတွေအတွက် အမှတ်ရနေမယ်လို့ ထိုင်းအစိုးရကို NUG ပြော
ဧပြီလ ၁၇ ရက်
ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည်က စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့စောင့်ရှောက်ပေးခဲ့တာတွေအတွက် အမှတ်ရနေ မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထိုင်းအစိုးရကို ပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ဧပြီလ ၁၇ ရက်မှာ ထိုင်းအစိုးရကို နှစ်သစ်ကူး ဆုမွန်ကောင်း သဝဏ်လွှာပေးပို့ရာမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။ထိုင်းနှစ်သစ်ကူး အချိန်အခါသမယမှာ ထိုင်းနိုင်ငံအတွင်း နေထိုင်ကြသူတွေ ဘေးဘယာဝေးကွာပြီး ရွှင်လန်းချမ်းမြေ့ကြပါ စေလို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုမွန်ကောင်း တောင်းပေးထားပါတယ်။
မြန်မာနဲ့ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းရာထောင်မက အတူယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ နိုင်ငံတွေဖြစ်သလို ယဥ်ကျေးမှုချင်း နှီးနှောစပ်ဖလှယ်ပြီး ယှဥ်တွဲလာကြတဲ့ မိတ်ကောင်းဆွေမွန် နိုင်ငံတွေလည်း ဖြစ်တယ်လို့ဆိုပါတယ်။
အခုလို နှစ်နိုင်ငံပြည်သူတွေအကြား ရေရှည်ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ချစ်ကြည်ရင်းနှီးမှုရဲ့ အခြေခံအုတ်မြစ် ကြောင့် နှစ်နိုင်ငံကြား စိန်ခေါ်မှုအမျိုးမျိုးကို ကျော်လွှားနိုင်ပြီး နယ်ပယ်အားလုံးမှာလည်း နက်ရှိုင်းတဲ့ ချိတ်ဆက်မှုတွေနဲ့ ဒေသတွင်း အမှန်တကယ်အကျိုးရှိမယ့် ပိုမိုခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေး တရပ်နဲ့ အတူတကွ ရှေ့ဆက်နိုင်စေခဲ့တယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည်က စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့စောင့်ရှောက် ပေးထားတာ ထိုင်းနိုင်ငံအတွင်း အခြေချနေထိုင်ကြတဲ့ မြန်မာလုပ်သားတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပံ့ပိုးပေးထားတာ စတဲ့ ကူညီထောက်ပံ့ပေးမှုတွေအတွက် NUG အနေနဲ့ အထူး ကျေးဇူးတင်ရှိကြောင်းနဲ့ ကူညီပေးခဲ့တာတွေအတွက် အမြဲ အမှတ်ရနေမယ်လို့ ထပ်လောင်းပြောဆိုထားပါတယ်။
လာမယ့်နှစ်သစ်မှာလည်း နှစ်နိုင်ငံပြည်သူအပေါင်း ငြိမ်းချမ်းစွာ ကူးလူးဆက်ဆံပြီး ချစ်ကြည်ရင်းနှီးမှုကို အတူတကွ မြှင့်တင်ကြပြီး အောင်မြင်တိုးတက်ကာ အေးချမ်းသာယာသည့် နှစ်သစ်ဖြစ်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုမွန်ကောင်းတောင်းပေးထားပါတယ်။
ဒါ့အပြင် ထိုင်းဘုရင်မင်းမြတ်နဲ့တကွ ထိုင်းပြည်သူပြည်သားအပေါင်း ငြိမ်းချမ်းသာယာရှိကြပါစေကြောင်းနဲ့ ထိုင်းနိုင်ငံ အနေဖြင့် တိုးတက်ကောင်းမွန်တဲ့ နှစ်တနှစ်ကို ပိုင်ဆိုင်နိုင်ပါစေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရက နှစ်သစ်ဆုမွန်ကောင်း တောင်းပေးထားပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာတက္ကသိုလ်များ အဖွဲ့အစည်းများ စုစုပေါင်း၂၁ခုတို့နှင့် ပညာရေးဝန်ဆောင်မှုများဆောင်ရွက်
ဧပြီလ ၁၇ရက်
အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်နေ့ဖြစ်သည့် ၂၀၂၅ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ထုတ်ပြန်ရာတွင် အခုလိုဖော်ပြပါရှိပါတယ်။
နိုင်ငံတကာရေးရာအနေဖြင့် korean University ၊Arizona state University တို့နဲ့ ချိတ်ဆက်၍ MOU လက်မှတ်ရေးထိုးကာ ချိတ်ဆက်ဆောင်ရွက်ခြင်း၊နိုင်ငံတကာတက္ကသိုလ်များ၊အဖွဲ့အစည်းများ စုစုပေါင်း၂၁ခုနဲ့ ချိတ်ဆက်ပြီး ပညာရေးဝန်ဆောင်မှုများဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ်ပညာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်အသုံးစရိတ်စုစုပေါင်းမှာ မြန်မာကျပ်ငွေသန်းပေါင်း၅၅၂၇သန်းဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
========================
📌📌 ၅။ (၄)နှစ်တာကာလတွင်း အမျိုးသမီးများ နိူင်ငံရေးတွင်ပိုမိုပါဝင်လာနိုင်စေရန် နည်းပညာအထောက်အကူများနှင့်ငွေကြေးဆိုင်ရာထောက်ပံမှုအစီစဥ်များချမှတ်နိူင်ခဲ့
ဧပြီလ ၁၇ရက်
(၄)နှစ်တာကာလတွင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနအနေနဲ့ အမျိုးသမီးများနိုင်ငံရေးတွင် ပိုမိုပါဝင်လာနိူင်စေရန် နည်းပညာအထောက်အကူများနှင့် ငွေကြေးဆိုင်ရာထောက်ပံမှုအစီစဥ်များ ချမှတ်နိူင်ခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၏ နွေဦးတော်လှန်ရေး လေးနှစ်တာကာလပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ဤကာလအတွင်း ဝန်ကြီးဌာနသည် နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး အမျိုးသမီးများ၊ လူငယ်များနှင့်ကလေးသူငယ်များ၏ ဘဝအရည်အသွေးမြင့်မားရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ၏အောင်မြင်မှုများနှင့် လုပ်ဆောင်ချက်များအနေနဲ့အမျိုးသမီးများ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စွမ်းဆောင်ချက်များမြင့်မားလာစေရန် မူဝါဒများချမှတ်နိူင်ခဲ့ပြီးစစ်ဘေးရှောင် အမျိုးသမီး များအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကာကွယ်ပေးရေးနှင့် အကြမ်းဖက်ခံရသူများရှင်သန်လွတ်မြောက်ရေးအတွက် အထောက်အကူများ ပံပို့ပေးခဲ့ပါတယ်။
လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် စီးပွားရေးဆိုင်ရာ သင်တန်းများ ပို့ချခဲ့ပြီးနိုင်ငံရေး တက်ကြွလှုပ်ရှားလူငယ်များအတွက် လုံခြုံရေးနှင့်တိုးတက်ရေးအတွက် ဆက်လက်လုပ်ကိုင်ရမည့်လုပ်ငန်းစဥ်များအတွက် အထောက်အပံ့များ ပံ့ပိုးပေးခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင်ကလေးသူငယ်များ၏ လုံခြုံစိတ်ချရမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးအခွင့်အရေးဆိုင်ရာ မူဝါဒများကို ချမှတ်ဆောင်ရွက်ပေးခဲ့ပါတယ်။
========================
📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ တရားစီရင်ရေးကဏ္ဍတွင် မြို့နယ်တရားရုံး၂၉ရုံးဖြင့် မြေပြင်တရားစီရင်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိ
ဧပြီလ၁၇ရက်
အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်နေ့ဖြစ်သည့် ၂၀၂၅ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် တရားစီရင်ရေးကဏ္ဍ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ထုတ်ပြန်ရာတွင် အခုလိုဖော်ပြပါရှိပါတယ်။
"၂၀၂၄ ခုနှစ် နှစ်ကုန်အထိ မြို့နယ်အဆင့်တရားရုံး၃၁ရုံး၊ကြားကာလအယူခံတရားရုံး၁ရုံးတို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။အမျိုးသားတရားသူကြီး ၁၀၀ဦးနဲ့အမျိုးသမီး တရားသူကြီး၄၉ဦး စုစုပေါင်း၁၄၉ဦးခန့်အပ်နိုင်ခဲ့တယ်"လို့ ဖော်ပြပါတယ်။၂၀၂၄ ခုနှစ် နှစ်ကုန်အထိ တရားသူကြီး၁၁၁ဦးတို့ဖြင့် မြို့နယ်တရားရုံး၂၉ရုံးတွင် မြေပြင်တရားစီရင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် မြို့နယ်ဥပဒေရုံး၃၁ရုံးကိုဖွင့်လှစ်ထားနိုင်ခဲ့ပြီး ဥပဒေအကြံဥာဏ်ပေးရန်နဲ့ အမှုလိုက်ပါဆောင်ရွက်ရန် မြို့နယ်ဥပဒေတာဝန်ခံ၁၈ဦး၊ဒုတိယမြို့နယ်ဥပဒေတာဝန်ခံ၂၀ဦး၊တွဲဖက်ဥပဒေတာဝန်ခံ၂ဦး စုစုပေါင်း၄၀ဦးကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါတယ်။
========================
📌📌 ၇။ အခက်အခဲဒုက္ခတွေ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူများနဲ့အတူရှိနေကြောင်းကိုထိန်လင်းအသိပေး
ဧပြီလ ၁၇ရက်
အခက်အခဲဒုက္ခတွေ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူများနဲ့အတူရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းက ဧပြီ၁၇ရက် နှစ်သစ်ကူး ဆုမွန်ကောင်းတောင်းဆိုရာမှာ ထည့်သွင်းဆိုခဲ့ပါတယ်။
"သင်္ကြန်ဆိုတာ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ ပျော်ရွှင်လန်းဆန်းရတဲ့ အချိန်ကာလဖြစ်တယ်။ ဒီနှစ်ကတော့ ပြည်သူတွေအားလုံး ကြေကွဲဝမ်းနည်းနေတဲ့ ကာလဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကစလို့ လတ်တလော ငလျင်ဒဏ်အထိ ကျွန်တော်တို့ မြန်မာပြည်သူတွေ အပြင်းအထန် ဒုက္ခတွေ ခံစားနေကြရတယ်။ ငလျင်ဒဏ်ကြောင့် ပြည်သူတွေ အသက်ဆုံးရှုံးတဲ့အတွက်ရော ကျွန်တော်တို့ အမြတ်တနိုးတန်ဖိုးထားရတဲ့ သမိုင်းဝင်အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးရတာတွေအတွက်ပါ အင်မတန်ဝမ်းနည်းပူဆွေးရတယ်။ ဒါပေမယ့် ကျွန်တော်တို့ပြည်သူတွေရဲ့ စိတ်ဓာတ်ကတော့ မြဲမြံခိုင်မာနေဆဲပါ။ အခက်အခဲဒုက္ခတွေ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူများကိုအနေနဲ့တစ်ယောက်တည်း ခံစားနေရတယ်လို့ မမှတ်ပါနဲ့ ကျွန်တော်အားလုံး အမြဲအတူတူရှိနေပါတယ်"လို့ဆိုပါတယ်။
မတ်လ၂၈ရက်စစ်ကိုင်းမြို့ဗဟိုပြုလှုပ်ခတ်ခဲ့သောစစ်ကိုင်းငလျင်ကြောင့်သေဆုံးသူလူဦးရေသုံးထောင်ကျော်ရှိခဲ့ပါတယ်။
"မြန်မာပြည်ဖွား မိသားစုတွေဆီကနေ ရဲရင့်မှုနဲ့ စေတနာဂရုဏာတွေကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတာကြောင့် ကျွန်တော့်ရဲ့မျှော်လင့်ချက်နဲ့ ယုံကြည်မှု ပိုတိုးစေပါတယ်။
မြန်မာပြည်သူတွေအားလုံး စိတ်ဒဏ်ရာတွေကို ကုစားရင်း အင်အားအပြည့်နဲ့ အေးချမ်းလုံခြုံမှု ရရှိကြစေဖို့ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။နှစ်သစ်မှာ မီးတောက်လို ပြင်းပြတဲ့ မျှော်လင့်ချက်နဲ့ တရားမျှတမှုရရှိဖို့ ကျွန်တော်တို့အတူ ဆက်ကြိုးစားကြရအောင်"လို့ကိုထိန်လင်းက ဆိုပါတယ်။
========================
📌📌 ၈။ မြန်မာပြည်သူတွေရည်မှန်းတဲ့ ငြိမ်းချမ်းတဲ့ဒီမိုကရေစီအနာဂတ်အတွက် ဆက်လက်ပံ့ပိုးပေးမယ်လို့ ဗြိတိန်သံရုံး အကြီးအကဲပြော
ဧပြီလ ၁၇ရက်
မြန်မာပြည်သူပြည်သားတွေအားလုံးရည်မှန်းထားတဲ့ ငြိမ်းချမ်းတဲ့ဒီမိုကရေစီအနာဂတ်အတွက် ယူကေအစိုးရက ဆက်လက် ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်လို့ ရန်ကုန်မြို့တော်မှာရှိတဲ့ ဗြိတိသျှသံရုံးက အကြီးအကဲ Ken O’ Flaherty က ဒီနေ့ ဧပြီ ၁၇ မှာကျရောက်တဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ရုပ်သံကနေတဆင့် ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မြန်မာ့ရိုးရာနှစ်သစ်အချိန်အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး ဘေးကင်းကျန်းမာပြီး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့လည်း ရန်ကုန်မြို့တော်မှာရှိတဲ့ ဗြိတိသျှသံရုံး အကြီးအကဲ Ken O’ Flaherty က နှစ်သစ်ဆုမွန်ကောင်း တောင်းပေးထားပါတယ်။
အခုလိုမြန်မာ့ရိုးရာနှစ်သစ်ကူးအချိန်အခါသမယမှာ ဆိုးရွားလှတဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေကို ကျွန်တော်နဲ့ လုပ်ဖော် ကိုင်ဖက်များအားလုံးက သတိတရရှိနေပါတယ်လို့ ဆိုပါတယ်။
ငလျင်နဲ့ ငလျင်နောက်ဆက်တွဲအခြေအနေတွေဟာ လတ်တလောကာလအတွင်း ဆင်းရဲခက်ခဲမှုဒဏ်ကို ခါးစည်းခံနေကြရ တဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ပိုမိုကြီးမားတဲ့ အခက်အခဲကို ဖြစ်စေတယ်လို့လည်း အသိပေးထားပါတယ်။
အခုလို အင်မတန်မှ ခက်ခဲတဲ့အချိန်ကာလမျိုးမှာတောင် တဦးနဲ့တဦးဖေးမကူညီနေကြတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ ခိုင်မြဲတဲ့ရဲစွမ်းသတ္တိနဲ့ ဝိုင်းဝန်းကူညီတတ်တဲ့ စိတ်ဓာတ်ကို ကျွန်တော်လေးစားမိပါတယ်လို့ ဗြိတိသျှသံရုံး အကြီးအကဲက ပြောပါတယ်။
ဒါကြောင့် ယူကေအစိုးရက မြန်မာပြည်သူတွေကို အကူအညီပေးဖို့ ခိုင်မာတဲ့ သိန္ဓိဌာန်ချမှတ်ထားပြီး ငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီပေးဖို့အတွက် ယူကေအစိုးရက စတာလင်ပေါင် ၂၅ သန်းထိ ပံ့ပိုးပေးဖို့ ကတိကဝတ်ပြုထားတယ်လို့လည်း ထပ်ပြီးအသိပေးထားပါတယ်။
ယူကေအစိုးရရဲ့ရန်ပုံငွေပံ့ပိုးမှုတွေအပြင် ယူကေနိုင်ငံသားတွေကလည်း မြန်မာ့ငလျင်ဘေးအတွက် သီးသန့်ရည်ရွယ်တဲ့ ပြည်သူလူထုရန်ပုံငွေကောက်ခံခြင်းအစီအစဥ်ကတဆင့် ရက်ရက်ရောရော လှူဒါန်းကြရာမှာ ရန်ပုံငွေကောက်ခံတဲ့ ပထမဆုံးနေ့မှာတင် စတာလင်ပေါင် ၇ ဒသမ ၅ သန်းထိ ကောက်ခံရရှိခဲ့ပြီး လှူဒါန်းတဲ့ပမာဏကလည်း ဆက်လက်မြင့်တက် နေဆဲလို့ ဗြိတိသျှသံရုံး အကြီးအကဲက ဆက်ပြောထားပါတယ်။
ဒါဟာ ယူကေနိုင်ငံသားတွေဘက်က မြန်မာပြည်သူတွေအပေါ်ထားရှိတဲ့ နွေးထွေးလှိုက်လှဲစွာ အတူတူရှိနေတယ်ဆိုတာကို ဖော်ကျူးလိုက်တာပဲဖြစ်ပါတယ်။
ရိုးရာအစဥ်အလာအရ သင်္ကြန်ဟာ နှစ်ဟောင်းက အခက်အခဲအညစ်အကြေးတွေကို ဆေးကြောသန့်စင်ပေးတာလို့ သဘောဆောင်တဲ့အတိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အချိန်၊ လုံ့လဝီရိယနဲ့ မဆုတ်မနစ်တဲ့ ကြိုးစား အားထုတ်မှုတွေ လိုအပ်နေမယ်ဆိုတာနားလည်ပေမယ့် ဒီမြန်မာ့နှစ်သစ်ကနေ ကိုယ်စိတ်ချမ်းမြေ့ခြင်းတွေနဲ့ ပိုမိုကောင်းမွန် တဲ့ နေ့ရက်တွေကို ဆောင်ကြဥ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ဗြိတိသျှသံရုံး အကြီးအကဲ Ken O’ Flaherty က ပြောကြားထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တော်လှန်ရေး အပြီးသတ်အောင်ပွဲ ယူဆောင်နိုင်မယ့်နှစ်ဖြစ်စေရေး ဆထက်ထမ်းပိုး ကြိုးစားကြဖို့ တော်လှန်ရေးအင်အားစု အားလုံးကို NUG ယာယီသမ္မတ တိုက်တွန်း
ဧပြီလ ၁၇ရက်
၂၀၂၅ ခုနှစ်ဟာ ကြီးမားတဲ့ တော်လှန်ရေးအလှည့်အပြောင်း ဖြစ်လာစေမယ့်နှစ် ပြည်သူလူထုအတွက် တော်လှန်ရေး အပြီးသတ်အောင်ပွဲ အလင်းရောင်ကို ယူဆောင်သွားနိုင်မယ့်နှစ်ဖြစ်စေဖို့ တော်လှန်ရေးအင်အားစုတွေအားလုံး ဆထက်ထမ်းပိုး ကြိုးစားသွားကြဖို့ NUG ယာယီသမ္မတ က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီနေ့ ဧပြီ ၁၇ မှာကျရောက်တဲ့ မြန်မာနှစ်သစ်ကူးနေ့မှာ ပြည်သူလူထုကိုပြောကြားတဲ့ မိန့်ခွန်းမှာ ယာယီသမ္မတ ဒူဝါလရှီးလ က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီကထိန်းချုပ်ထားတဲ့ နယ်မြေဟာ နိုင်ငံရဲ့ ၄ ပုံ ၁ ပုံတောင်မရှိတော့တဲ့အတွက် ၂၀၂၅ ခုနှစ်မှာ တော်လှန်ရေးအပြီးသတ် အောင်ပွဲရယူရေး ကြိုးစားရမယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံသမိုင်းတလျှောက်မှာ အကြီးမားဆုံး ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရပြီလို့လည်း အသိပေးထားပါတယ်။
အခုဆိုရင် နွေဦးတော်လှန်ရေးဟာ ၄ နှစ် ကျော်လွန်လာပြီး တော်လှန်ရေးအချိန်ကာလ ကြာမြင့်တာနဲ့အမျှ ပြည်သူလူထု ထိခိုက်ခံစားရတာတွေလည်း ကြီးမားသလို တိုင်းပြည်လည်း နစ်နာခဲ့ရတယ်လို့ ဆိုပါတယ်။
တိုင်းပြည်နဲ့ ပြည်သူ့ဘဏ္ဍာတွေကို ဂုတ်သွေးစုပ်ပြီး ပြည်သူကို စစ်မက်ပြုနေတဲ့ စစ်အုပ်စုကို တိုက်ထုတ်ရတဲ့ တော်လှန်ရေး ဖြစ်သလို စစ်အာဏာရှင်နဲ့ စစ်အာဏာရှင်အမူအကျင့်အတွေးအခေါ် တွေကို အဆုံးသတ်ရေး ဆင်နွှဲနေရတဲ့ တော်လှန်ရေး ဖြစ်တာကြောင့် ခက်ခဲကြမ်းတမ်းမှုတွေရှိတယ်ဆိုတာကိုလည်း အရှိတရားကျကျ ကြည့်မြင်ရမှာဖြစ်ပါတယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။
ဒါကြောင့် တတ်နိုင်သမျှ ဒီတော်လှန်ရေးကို အမြန်ဆုံး အောင်မြင်အောင် လုပ်ဆောင်ပြီး ပြည်သူလူထုထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုး ပပျောက်သွားအောင် ကြိုးစားရမှာဖြစ်ပါတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဆက်ပြောပါတယ်။
လက်ရှိမှာ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က မြန်မာနိုင်ငံတဝန်းလုံးက မြို့ပေါင်း ၁၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ စစ်ရေးသတင်းမှတ်တမ်းတွေရ သိရပါတယ်။
========================
🚩🚩 ၂။ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မိုးကုတ်မြို့နယ်က ကဆုတ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်
ဧပြီလ ၁၇ရက်
တအာင်းပြည် တပ်မဟာ ၂ နယ်မြေ မိုးကုတ်မြို့အရှေ့ပိုင်းက ကဆုတ်ကျေးရွာကို စစ်ကောင်စီတပ်က မြန်မာနှစ်ဆန်း ၁ ရက်နေ့ မနက် ၁၀ နာရီခန့်အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၁ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အထူးသတင်းတရပ်အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအခြေအနေကို ဒီနေ့ဧပြီလ ၁၇ ရက် မြန်မာ နှစ်ဆန်း တရက်နေ့မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေတွေကို ဆက်လက်တင်ဆက်ပေးသွားမယ်လို့လည်း ဒီနေ့မနက် ၁၁ နာရီကျော်အချိန်မှာ အသိပေးထားပါတယ်။
မိုးကုတ်မြို့ အရှေ့ပိုင်း ကဇုတ်ရွာကို အကြမ်းဖက်စစ်တပ်က SU- 30 ဂျက်ဖိုက်တာနဲ့ ပေါင် ၃ဝဝ ဗုံး ၂လုံး ကြဲချသွားတာမှာ လူအထိခိုက်မရှိပေမယ့် အကြမ်းဖက်စစ်တပ်ပိုင် ဂျက်ဖိုက်တာဟာ မိုးကုတ်မြို့ အနောက်ပိုင်း သစ်စမ့်ကုန်းရွာကို ပေါင် ၃ဝဝ ဗုံးတလုံးကြဲချရာမှာ အရပ်သားပြည်သူ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအနေနဲ့ ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အထိ ရက်ပေါင်း ၂၀ ကြာ အပစ်ခတ်ရပ်ထားမယ်လို့ ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေမှာ စစ်အင်အား ဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာနဲ့ တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတာ စတဲ့လုပ်ရပ်တွေ ပြုလုပ်နေတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ စစ်ကောင်စီကပေးတဲ့ လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပါတယ်လို့ PPNM ပြော
ဧပြီလ ၁၇ရက်
ပြည်သူ့အစိုးရဆီကနေ အာဏာလုယူထားတဲ့ စစ်ကောင်စီက အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးရာမှာ နိုင်ငံရေး အကျဉ်းသားပါဝင်မှု အလွန်နည်းတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဒီနေ့ ဧပြီ ၁၇ ရက်မှာကျရောက်တဲ့ မြန်မာနှစ်သစ်ကူးနေ့မှာ စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ၄၈၉၃ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တာနဲ့ပတ်သက်လို့ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီလိုပြန်လွတ်ပေးရာမှာ အချို့သောအကျဉ်းထောင်တွေမှာဆိုရင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လုံးဝ မပါတာကို တွေ့ရတယ်လို့ PPNM က အသိပေးထားပါတယ်။
စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ နောက်တကြိမ် ပြစ်မှုကျူးလွန်ပါက သက်သာခွင့်ပေးထားတဲ့ ပြစ်ဒဏ် တွေကိုပါ တပေါင်းတည်းကျခံရမည်ဆိုတဲ့ မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပေးထားတာဖြစ်ပါတယ်။
စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ကို ၆ ပုံ ၁ ပုံ ပေးတယ်လို့ ပြည်သူလူထုက နားလည်မှတ်ယူနေကြပေမယ့် အမှန်တကယ်အနေနဲ့ ကျန်ကာလရဲ့ ၆ ပုံ ၁ ပုံ လို့ရေးသားထားတဲ့အတွက် ပြစ်ဒဏ်ကျခံဖို့ ၆ ရက် ကျန်မယ်ဆိုရင် ၁ ရက်သာ လျော့ရက်ပေးတဲ့ သဘောလို့လည်း PPNM က ရှင်းပြထားပါတယ်။
အခုလို ပြည်သူလူတု နားလည်မှုလွဲအောင်ရေးသားထားပြီး နိုင်ငံရေးအမြတ်ထုတ်နေတဲ့ စစ်ကောင်စီကို အာဆီယံနိုင်ငံတွေ အနေနဲ့ ဧပြီ ၁၈ ရက်မှာတွေဆုံဖို့ ဖိတ်ကြားထားတဲ့ အာဆီယံအစည်းဝေးပွဲတွေအပါအဝင် အခြားတွေ့ဆုံပွဲတွေမှာ အကြမ်းဖက်စစ်တပ်ကို မဖိတ်ကြားဖို့လည်း PPNM က တိုက်တွန်းတောင်းဆိုထားပါတယ်။
ဒါ့အပြင် အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့လည်း လေးလေးနက်နက် တိုက်တွန်းတောင်းဆိုထားပါတယ်။
========================
🚩🚩 ၄။ ဘုတ်ပြင်းမြို့နယ်မှာရှိတဲ့ ပျူစောထီးစခန်းကိုတိုက်ခိုက်ရာမှာ ပျူစောထီးခေါင်းဆောင်သေဆုံးပြီး သေနတ် ၁၀ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိ
ဧပြီလ ၁၇ရက်
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် တောင်ငယ်ရွာမှာအခြေစိုက်တဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာမှာ ပျူခေါင်းဆောင် သေဆုံးပြီး သေနတ် ၁၀ လက်နဲ့ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပကဖက ဒီနေ့ ဧပြီ၁၇ရက်မှာ ထုတ်ပြန် ပါတယ်။
ဘုတ်ပြင်းမြို့နယ် တောင်ငယ်ရွာအခြေစိုက်တဲ့ ရွှေဂဲညိုရွာက အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မနေ့ ဧပြီလ ၁၆ ရက် မနက် ၃ နာရီခန့်မှာ တိုက်ခိုက်ရှင်းလင်းခဲ့တာဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ဌေးဝင်းသေဆုံးကာ ကျန်တဲ့ ပျူစောထီးတွေ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးတွေကိုင်တဲ့ AK အမျိုးအစား သေနတ် ၅၊ ကာဘိုင်သေနတ်တ လက်၊ M16 သေနတ် ၃ လက် ၊ ၇၉ မမ လောင်ချာတလက်၊ ၄ဝ မမ ဗုံးသီး ၅ လုံး၊ M16 ကျည် ၂၀ တောင့်၊ ကာပိုင်ကျည် ၇ တောင့်၊ အီကွေးမင်းတစုံ၊ M16 ကျည်ဘောက် ၂ ခု၊ စကားပြောစက်တလုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တိုက်ခိုက်ရေးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ တပ်တည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကျင်းပ
ဧပြီလ ၁၇ရက်
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ တပ်တည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့တယ်လို့ ဧပြီ၁၇ရက်မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က အတည်ပြုထားပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ တပ်တည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကို ၂၀၂၅ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့တွင် BPLA ၏ စစ်ဒေသအသီးသီး၌ ကျင်းပခဲ့တယ်လို့ အသိပေးဖော်ပြပါတယ်။
စစ်အာဏာရှင် စနစ်ကျဆုံးရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့တော်လှန်ရေးအက်အားစုတရပ်ထဲတွင်ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ဟာလည်းအပါအဝင်ဖြစ်ပါတယ်။
========================
🚩🚩 ၆။ အတင်းအဓမ္မ စုဆောင်းခြင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားသစ်တဦး လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်
ဧပြီလ ၁၇ရက်
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီစခန်းက စစ်ကောင်စီတပ်သားသစ် တဦးဟာ MA ၁ တလက်၊ ကျည်ဘောက် ၄ ခု၊ ၅ ပွိုင့် ၅၆ ကျည် ၉၆ တောင့် ယူဆောင်ကာ ပြည်သူ့ကာကွယ်ရေး တပ်မတော် ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702 ထံ ဧပြီလ ၁၅ ရက်နေ့မှာ အလင်းဝင်လာတာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702 က ဒီနေ့ ဧပြီ ၁၇ရက်မှာ ထုတ်ပြန်ပါတယ်။
အခုလို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားသစ်ကို ဘေးကင်းတဲ့နေရာ ပို့ဆောင်ထားပြီး ပြည့်သူရင်ခွင်အဖွဲ့နဲ့ချိတ်ဆက်ကာ လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့လည်း အသိပေးထားပါတယ်။
ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီစခန်းက စစ်ကောင်စီ တပ်သားသစ်တဦးဟာလည်း အခုလ ၉ ရက် နေ့မှာ လက်နက်ခဲယမ်းတွေနဲ့အတူ မိမိတို့ထံအလင်းဝင် လာတာရှိတယ်လို့ဆိုပါတယ်။
မိမိတို့ဆန္ဒမပါဘဲ စစ်ကောင်စီတပ်တွေရဲ့ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသူတွေအနေနဲ့ တော်လှန်ရေး တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702 အနေနဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက် ကနေ ဘက်ပြောင်းအလင်းဝင်လာကြမယ့်သူများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေမယ်လို့လည်း အသိပေးထုတ်ပြန်ထား ပါတယ်။
========================
🚩🚩 ၇။ ချက်နိုင်ငံပရက်ဂ်မြို့အခြေစိုက် ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ ကုမ္ပဏီ Compelson s.r.o. ကို စုံစမ်းစစ်ဆေးမှုတစ်ရပ် အမြန်ဆုံးလုပ်ဆောင်ပေးရန် ချက်နိုင်ငံအစိုးရအား Justice For Myanmar က တောင်းဆို
ဧပြီလ ၁၇ရက်
စကစရဲ့မြန်မာရဲတပ်ဖွဲ့ထံ ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ နည်းပညာ ရောင်းချပေးအပ်မှုကြောင့် အီးယူဥပဒေအား ချိုးဖောက်နိုင်ဖွယ်ရှိနေသည့် ပရက်ဂ်မြို့အခြေစိုက် ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ ကုမ္ပဏီ Compelson s.r.o. ကို စုံစမ်းစစ်ဆေးမှုတစ်ရပ် အမြန်ဆုံးလုပ်ဆောင်ပေးရန် ချက်နိုင်ငံအစိုးရအား Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။
Compelson ကုမ္ပဏီသည် MOBILedit Forensic Pro software အတွက် လိုင်စင်များစွာကို မြန်မာရဲတပ်ဖွဲ့ထံ ရောင်းချထားကြောင်း Justice For Myanmar ရရှိထားသည့် သက်သေအထောက်အထားများက အတည်ပြုထားပါတယ်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က" Compelson ကုမ္ပဏီက လက်ရှိဖြစ်ပွားနေတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာရဲတပ်ဖွဲ့ဆီ အစွမ်းထက်တဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာကို သိလျက်နဲ့ ရောင်းချပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုက သူတို့ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို ပစ်မှတ်ထား၊ ဖမ်းဆီး၊ နှိပ်စက်တာတွေ လုပ်ဆောင်ဖို့ ထောက်လှမ်းရေးနဲ့ ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ နည်းပညာကို အသုံးပြုနေပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေကို Compelson ဆော့ဝဲလ် က ကူညီပေးခဲ့နိုင်ပါတယ်။"လို့ပြောကြားထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်း ချက်နိုင်ငံအခြေစိုက် Compelson ကုမ္ပဏီ၏ နိုင်ငံတကာစီးပွားရေးဖွံ့ဖြိုးမှု ဝန်ထမ်းတစ်ဦးမှ စစ်အုပ်စုရဲတပ်ဖွဲ့ထံ ပေးပို့သော အီးမေးလ်တစ်စောင်တွင် Apple Watch (နာရီ) မှ တိုက်ရိုက်ဖတ်ရှုခြင်း လုပ်ဆောင်နိုင်ရန်၊ Linux၊ Android နှင့် မိုဘိုင်းဖုန်းတို့၏ ဟာကွက်များမှ ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် ၎င်းတို့၏ ဆော့ဝဲလ်အား အဆင့်မြှင့်တင်ရန် တိုက်တွန်းပြောဆိုထားပါတယ်။
စစ်တပ်၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုသည် တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ လူ့အခွင့်အရေးကာကွယ်သူများအပါအဝင် ပြည်သူပေါင်း ၂၉,၀၀၀ ကျော်အား တရားလက်လွတ် ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့သည် အချုပ်ထောင်အတွင်း ညှဉ်းပန်းနှိပ်စက်မှုနှင့် သေဆုံးမှုတို့ကို ရင်ဆိုင်ခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment