၂၀၂၅ ဧပြီလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ငလျင်ဘေးသင့်အပြီး မြန်မာနိုင်ငံမှာ လူဦးရေ ၄ ဒသမ ၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေ အရေးပေါ်လိုအပ်နေ
📌 ၂။ UNICEF အပါအဝင် ပူးပေါင်းလုပ်ဆောင်နေတဲ့ NGO နဲ့ INGO အဖွဲ့အစည်းတွေက ပေးတဲ့အကူအညီ၊ ထောက်ပံ့မှုတွေအားလုံးဟာ အခမဲ့ ဖြစ်ပြီး သံသယဖြစ်စရာ ကိစ္စများတွေ့ရှိကတိုင်ကြားနိုင်
📌 ၃။ ပူတာအိုတွင် ဆင်တိုက်ခိုက်ခံရတာကြောင့် အမျိုးသမီး ၄ ဦး သေဆုံး
📌 ၄။ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ သြစတြေးလျ ရှိုးပွဲနှစ်ခုမှ မြန်မာကျပ်သိန်းပေါင်း ၈, ၃၉၅ ကျော်ရရှိ
========================
၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေ အထွေထွေထိုးစစ်ကြီးအတွက် ပြင်ဆင်ကြိုးပမ်းနေကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အသိပေး
🚩 ၂။ မင်းလှ မြို့နယ်အတွင်း စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဟန့်တား တိုက်ခိုက်ခဲ့ရာ ၁၀ ဦး ထက်မနည်း သေဆုံး
🚩 ၃။ တပ်ရင်း တည်ထောင်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း ဖယ်ခုံ PDF ရဲဘော် ၃၁ ဦး ကျဆုံးခဲ့
🚩 ၄။ မိုးကုတ်နဲ့ စဉ့်ကူးမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁၀ဦး ဒဏ်ရာရ
🚩 ၅။ ကျုံဒိုးမြို့၊ တောင်ကြာအင်းဒေသကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးနှင့် နေအိမ်များကို လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲရာ သုံးဘီးမောင်းသူ တစ်ဦး သေဆုံး
🚩 ၆။ မင်းတပ်မြို့ကို စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်
🚩 ၇။ မင်းတပ်မြို့တွင်းနှင့် အနီးတဝိုက် မြေမြှုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးတဲ့ နေရာများ ပြည်သူများကို အသိပေး
🚩 ၈။ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦး PNLA ထံ ထွက်ပြေးခိုလှုံ
🚩 ၉။ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအောင်မြင်ပြီးနောက် ချင်းတောင်မှ အညာမြေသို့ ပြန်လည်ရောက်ရှိလာသော 96 Soldiers-PDF ရဲဘော်များကို ဒေသခံမိဘပြည်သူများမှ ကြိုဆိုဂုဏ်ပြု
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ငလျင်ဘေးသင့်အပြီး မြန်မာနိုင်ငံမှာ လူဦးရေ ၄ ဒသမ ၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေ အရေးပေါ်လိုအပ်နေ
ဧပြီလ ၁၈ရက်
Radio NUG
ငလျင်ဘေးသင့်အပြီး မြန်မာနိုင်ငံမှာ လူဦးရေ ၄ ဒသမ ၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ UN OCHA Myanmarကဖော်ပြပါတယ်။
ငလျင်ဘေးသင့်အပြီး မြန်မာနိုင်ငံမှာ အခုဆိုရင် လူဦးရေ ၄ ဒသမ ၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေ အရေးပေါ်လိုအပ်လာပါတယ်။ ဒါဟာ ဘေးအန္တရာယ်မကျရောက်ခင်က ၁ ဒသမ ၁ သန်းကနေ မြင့်တက်လာတာပါ။ ရေပေးရေးစနစ်တွေ ပျက်စီးကုန်ပြီး၊ အိမ်သာအလုံးရေ ၄၂,၀၀၀ ကျော် ပြိုကျခဲ့တဲ့အပြင် လျှပ်စစ်မီးမမှန်တာကြောင့် ရေတင်ဖို့လည်း အခက်အခဲရှိနေကြပါတယ်"လို့ ဖော်ပြပါတယ်။
အခြေအနေတွေ ပိုဆိုးမလာခင် ငလျင်ဘေးဒဏ်ခံရတဲ့ ထိခိုက်လွယ်သူတစ်သန်းကို ဘေးကင်းတဲ့ရေ၊ အရေးပေါ်အိမ်သာနဲ့ တကိုယ်ရေသန့်ရှင်းရေး အကူအညီတွေပေးသွားဖို့ လူသားချင်းစာနာတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ရည်မှန်းထားတယ်လို့ UN OCHA Myanmarကဖော်ပြပါတယ်။
========================
📌📌 ၂။ UNICEF အပါအဝင် ပူးပေါင်းလုပ်ဆောင်နေတဲ့ NGO နဲ့ INGO အဖွဲ့အစည်းတွေက ပေးတဲ့အကူအညီ၊ ထောက်ပံ့မှုတွေအားလုံးဟာ အခမဲ့ ဖြစ်ပြီး သံသယဖြစ်စရာ ကိစ္စများတွေ့ရှိကတိုင်ကြားနိုင်
ဧပြီလ ၁၈ ရက်
Radio NUG
UNICEF အပါအဝင် ပူးပေါင်းလုပ်ဆောင်နေတဲ့ NGO နဲ့ INGO အဖွဲ့အစည်းတွေက ပေးတဲ့အကူအညီ၊ ထောက်ပံ့မှုတွေ အားလုံးဟာ အခမဲ့ ဖြစ်ပြီး သံသယဖြစ်စရာ ကိစ္စများတွေ့ရှိက တိုင်ကြားနိုင်တယ်လို့ ဧပြီ၁၈ရက်မှာ UNICEFက သတင်းထုတ်ပြန်အသိပေးဖော်ပြပါတယ်။
"UNICEF အပါအဝင် ပူးပေါင်းလုပ်ဆောင်နေတဲ့ NGO နဲ့ INGO အဖွဲ့အစည်းတွေက ပေးတဲ့အကူအညီ၊ ထောက်ပံ့မှုတွေအားလုံးဟာ အခမဲ့ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီး အပါအဝင် ဘယ်လို အခြေအနေအခါမျိုးမဆို ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ၊ အရွယ်ရောက်ပြီး လူကြီးလူငယ်မရွေးအပေါ် ကူညီထောက်ပံ့နေတဲ့ ဝန်ထမ်းတွေက အကူအညီများရဖို့အတွက် ငွေကြေးဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာအပါအဝင် ဘယ်လို အကျိုးခံစားခွင့်အတွက် လဲလှယ်တောင်းဆိုမှုမျိုးကိုမဆို တားမြစ်ထားပါတယ်"လို့ဆိုပါတယ်။
လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတွေက အကူအညီပေးနေတဲ့ ဝန်ထမ်းတွေမှ ဒီလိုကျူးလွန်ချိုးဖောက်တာတွေကို ကြားခဲ့၊ မြင်ခဲ့၊ သိရှိခဲ့ရင်၊ ဒါမှမဟုတ် သံသယဖြစ်စရာ ကိစ္စတွေရှိနေရင် ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၃။ ပူတာအိုတွင် ဆင်တိုက်ခိုက်ခံရတာကြောင့် အမျိုးသမီး ၄ ဦး သေဆုံး
ဧပြီ ၁၈ရက်
Radio NUG
ပူတာအိုမြို့နယ်၊ မူလာဒီကျေးရွာတွင် ဆင်တစ်ကောင် ဝင်ရောက်သောင်းကျန်းသဖြင့် အသက် ၈၀ ကျော်အရွယ်အမျိုးသမီး ၃ ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ရကြောင်း ကချင်ဒေသသတင်းဌာနများမှ သိရပါတယ်။
ဧပြီလ ၁၆ ရက်နေ့တွင် မကြာခင်ကျရောက်မယ့် အီစတာပွဲတော်၊ ခရစ်တော်ရှင်ပြန်ထမြောက်ပွဲတော်အတွက် ထမင်းထုပ်ဖို့ ရွာနဲ့ မလှမ်းမကမ်းမှာ ဖက်ရွက်သွားခူးစဉ် အမျိုးသမီးတစ်ဦး ကနဦး သေဆုံးခဲ့ရပြီး အဆိုပါဆင်က ဧပြီလ ၁၇ရက်နေ့ ည ၁၀ နာရီတွင် အမျိုးသမီး တစ်ဦး၊ ဧပြီလ ၁၈ရက်နေ့ နံနက် ၄နာရီတွင် တစ်ဦး၊ နံနက် ၇နာရီတွင် တစ်ဦးတို့ကို ရိုက်ပုတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဆင် ကျေးရွာအတွင်း ဝင်ရောက်သောင်းကျန်းစဉ် နေအိမ်အချို့လည်း ပျက်စီးခဲ့ပြီး မူလာဒီကျေးရွာမှ ဒေသခံအချို့ကလည်း နီးစပ်ရာသို့ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ သြစတြေးလျ ရှိုးပွဲနှစ်ခုမှ မြန်မာကျပ်သိန်းပေါင်း ၈, ၃၉၅ ကျော်ရရှိ
ဧပြီလ ၁၈ ရက်
Radio NUG
အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ သြစတြေးလျ ရှိုးပွဲနှစ်ခုမှ မြန်မာကျပ်သိန်းပေါင်း ၈,၃၉၅ ကျော်ရရှိခဲ့ပါတယ်။
Phyu Phyu in Australia ပွဲစဥ်တွေဖြစ်တဲ့ Phyu Phyu in Sydney ပွဲ နဲ့ Phyu Phyu in Melbourne ပွဲတွေကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
"ပွဲစဥ် ၂ခု စုစုပေါင်း Phyu Phyu in Australia team က ရန်ပုံငွေ (AU$305,281) မြန်မာကျပ်သိန်းပေါင်း ၈, ၃၉၅ ကျော်ရရှိကြောင်း သတင်းကောင်းပါးပါရစေ"လို့ဖော်ပြထားပါတယ်။
Phyu Phyu in Australia ( Sydney + Melbourne) မှ ကျပ်ငွေ သိန်း၈၃၀၀ ကျော် ရရှိကြောင်း သတင်းကောင်းလေး မျှဝေလိုက်ပါတယ်ရှင့်လို့ အဆိုတော်ဖြူဖြူကျော်သိန်းကလည်း အသိပေးဆိုထားပါတယ်။
မူလရည်ရွယ်ချက်ဖြစ်တဲ့ ထောက်ပို့အပြင် လတ်တလောခံစားနေရတဲ့ မြန်မာ့ငလျင်ဘေးအတွက်လည်း မြန်မာကျပ်ငွေ သိန်းပေါင်း ၆၀၀ ကျော်ဖေးမ ထောက်ကူနိုင်ပြီးတာမို့ Sydney နဲ့ Melbourne နှစ်မြို့လုံးက ရွှေပွဲလာပရိတ်သတ်များနဲ့တကွ၊ volunteers များ၊ အလှူရှင်များ၊ sponsors များ၊ အစားအသောက် ရောင်းချလှူဒါန်းသူများ၊ Auction items လှူဒါန်းပေးသူများနဲ့ တောက်တိုမယ်ရကအစ လုပ်အားဒါန၊ အကြံဥာဏ်ဒါန ပေးကြသူများအပြင် ပွဲနှစ်ခုလုံးအတွက် နှုတ်၏ဆောင်မခြင်းနဲ့ လုပ်အားဖြင့် ပါဝင်ပေးကြသော နှမ်းစေ့လေးများအားလုံးကို Phyu Phyu in Australia team မှ အထူး ကျေးဇူးဥပကာရတင်ရှိကြောင်းဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အောင်ဇေယျစစ်ကြောင်းကို ခုခံမှုမှ လက်နက်ကြီးများ ပစ်ခတ်မှုမှတ်တမ်းကို ကော်ပရာစစ်ကြောင်း လက်နက်ကြီးတပ်ခွဲက ထုတ်ဖော်ပြ
ဧပြီလ ၁၈ရက်
Radio NUG
အောင်ဇေယျစစ်ကြောင်းကို ခုခံမှုမှ လက်နက်ကြီးများ ပစ်ခတ်မှုမှတ်တမ်းကို ကော်ပရာစစ်ကြောင်း လက်နက်ကြီးတပ်ခွဲက ထုတ်ဖော်ပြသခဲ့ပါတယ်။
ဧပြီလ ၁၈ရက်နေ့မှာ ဖော်ပြချက်အရ မနှစ်က ဧပြီလအတွင်း အောင်ဇေယျစစ်ကြောင်းခုခံမှုမှ မှတ်တမ်းဓါတ်ပုံ အချို့ကို တင်ပြပေးပါရစေလို့ ဆိုထားပါတယ်။
အချိန်(၃)ရက်ဖြင့်သာ မြဝတီသို့ အပြီးချီတက်ကာနယ်မြေစိုးမိုးမှုယူမည်ဆိုသော နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ကော်ဘရာ လက်နက်ကြီးတွေနဲ့ ခုခံမှု တစ်နှစ်တိတိ ပြည့်ခဲ့ပြီလို့သိရပါတယ်။
မနှစ်ကကော်ပရာအဖွဲ့ဟာ ကော့ကရိတ်ကနေ ကျော်လာတဲ့ အောင်ဇေယျ စစ်ကြောင်းကို (၁၂၀) မမ စိန်ပြောင်းလက်နက်ကြီး၊ (၈၁) မမ၊ (၆၀) မမ အစရှိတဲ့ လက်နက်ကြီးတွေနဲ့ အပြင်းအထန် စတင်ခုခံခဲ့ပါတယ်လို့ဖော်ပြပါတယ်။
========================
🚩🚩 ၂။ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၅၅၈ စစ်ဆေးရေးဂိတ်အား တော်လှန်ရေးတပ်များ တိုက်ခိုက်ခဲ့ရာ စကစဘက်မှ ပွဲချင်းပြီးတစ်ဦးသေဆုံးခဲ့
ဧပြီလ ၁၈ရက်
Radio NUG
တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)မှ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၅၅၈ စစ်ဆေးရေးဂိတ်အား ဧပြီလ ၁၆ရက်နေ့ နံနက် (၈:၃၀)နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုဆိုထားပါတယ်။
နှစ်ဖက်အပြန်လှန်ပစ်ခတ်မှု မိနစ်(၂၀)ခန့်ကြာခဲ့ပြီး စကစ ဘက်မှ ပွဲချင်းပြီး တစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ မတူပီမြို့ပေါ်တစ်နေရာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက် ၊ ပါစတာ(၁)ဦးအပါအဝင် ပြည်သူ(၅)ဦး ဒဏ်ရာရရှိ၊ နေအိမ်တချို့ထိခိုက်ပျက်စီး
ဧပြီလ ၁၈ ရက်
Radio NUG
ချင်းပြည်နယ်တောင်ပိုင်း ၊ မတူပီမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဧပြီလ ၁၇ ရက်နေ့မှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း The Matupi Times သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ညနေ ၂ နာရီဝန်းကျင်ခန့်မှာ မတူပီမြို့ပေါ်ကို (၁)ကြိမ်နဲ့ မတူပီမြို့အနီးတစ်နေရာကို (၂) ကြိမ် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါစတာ(၁)ဦးအပါအဝင် အရပ်သားပြည်သူ(၅)ဦး ဒဏ်ရာရရှိပြီး နေအိမ်တချို့ထိခိုက်ပျက်စီးသွားကြောင်း သိရပါတယ်။ ဒဏ်ရာရရှိသူ(၅)ဦးထဲမှ (၃)ဦးမှာ ပါစတာမိသားစုဝင်ဖြစ်ကြောင်း သိရပါတယ်။
"ပြည်သူ ၅ယောက်လောက် ဒဏ်ရာရတယ်၊ (၄)ယောက်ကတော့ အရေးပေါ်ကုသမှု ခံယူနေဆဲပါ။ ဒဏ်ရာရတဲ့ထဲက (၃)ယောက်က ပါစတာနဲ့ မိသားစုဝင်တွေပါ။ ပါစတာရယ်၊ သူ့ဇနီးရယ်၊ သူ့သမီးရယ် ။ ပါစတာကတော့ တော်တော်ထိထားတယ် ခြေတစ်ဘက်ပြတ်တယ် ၊ (၃)ယောက်လုံး စိုးရိမ်ရတယ်။" လို့ The Matupi Times ရဲ့ ဆက်သွယ်စုံစမ်းချက်အရ သိရပါတယ်။
ဗုံးကြဲခံရမှုနှင့် ပတ်သက်ပြီး မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် သတင်းတစုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ နေအိမ်ထိခိုက်ပျက်စီးမှုနှင့် ဒဏ်ရာရရှိမှု နောက်ဆက်တွဲအခြေအနေများကို Matupi Times အနေဖြင့် ဆက်သွယ်စုံစမ်းလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာ စာသင်ကျောင်းအား စကစလေတပ်က ပေါင်၅၀၀ဗုံး ကြဲချတိုက်ခိုက်ရာ ပြည်သူအမျိုးသား ၄ဦးနှင့် အမျိုးသမီး ၂ဦးထိခိုက်ဒဏ်ရာရ
ဧပြီလ ၁၈ ရက်
Radio NUG
စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာ စာသင်ကျောင်းအား စကစလေတပ်က ပေါင်၅၀၀ဗုံးကြဲချ တိုက်ခိုက်ရာ ပြည်သူအမျိုးသား ၄ဦးနှင့် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဧပြီလ ၁၈ရက် မွန်းလွဲပိုင်း မိတ္ထီလာလေတပ်မှ အကြမ်းဖက်စစ်တပ်ပိုင် ဂျက်ဖိုက်တာတစ်စီးမှ စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာ စာသင်ကျောင်းအား ပေါင်၅၀၀ဗုံးတစ်လုံးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါလေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူအမျိုးသား ၄ဦးနှင့် အမျိုးသမီး ၂ဦး စုစုပေါင်း ၆ဦး ထိခိုက်ဒဏ်ရာရရှိပြီး စာသင်ဆောင် ၃ဆောင် ပျက်စီးသွားခဲ့ကြောင်းသိရပါတယ်။
ပြည်သူများအနေဖြင့် စကစနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများ တူးထားကြရန် ပြင်ဦးလွင်ခရိုင်ပကဖ က အသိပေးကြေညာထားပါတယ်။
========================
🚩🚩 ၅။ သပိတ်ကျင်း လိပ်ကျရွာကို စစ်ကောင်စီ ဗုံးကြဲမှု ကလေးငယ်များ အပါအဝင် ပြည်သူ ၁၃ ဦးခန့် သေဆုံး
ဧပြီလ ၁၈ရက်
Radio NUG
ဧပြီ ၁၈ရက်နေ့ နေ့လယ် ၁၁နာရီဝန်းကျင်ခန့်တွင် သပိတ်ကျင်းမြို့နယ် ကွင်းသုံးဆယ်လမ်းဆုံ လိပ်ကျရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးများအပါအဝင် ၁၃ဦးထက်မနည်း အစုအလိုက် အပြုံလိုက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
“ပစ်တာကတော့ လမ်းစုံနေရာကိုပစ်တာ။ ချက်ချင်းလာပြီးတော့ ချက်ချင်းပစ်တာ။ ဘယ်သူမှ ရှောင်ချိန်မရလိုက်ဘူး။ အဲမှာတည့်တည့်ကျတော့ လမ်းသွားလမ်းလာ ၃ယောက် ပွဲချင်းသေတယ်။ ပြီးတော့ အောင်မြင့်မိုလ်ဆိုင်ကယ်ပစ္စည်း ဆိုင်ထဲကျတော့ ဆိုင်ရှင်နဲ့ သူ့သမီးတွေဆို အကုန်သေတယ်။ ဒဏ်ရာကတော့ အယောက် ၂၀ကျော်တယ်”လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
ညနေ ၅နာရီတွင်လည်း စစ်ကောင်စီက ထပ်မံဗုံးလာကြဲခဲ့ပေမယ့် အထိခိုက်မရှိဘူးလို့ သိရပါတယ်။
========================
🚩🚩 ၆။ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအား အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းမှာ ၃ကြိမ် ဗုံးကြဲခဲ့ရာ အသက်(၈၀) အရွယ် ဒေသခံပြည်သူတစ်ဦး ခြေထောက်ပြတ်ကာ သေဆုံး
ဧပြီလ ၁၈ရက်
Radio NUG
ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအား အကြမ်းဖက် စစ်ကောင်စီတပ်က ဧပြီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်အချိန်တွင် ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ လေကြောင်းမှ ၃ ကြိမ် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Info Committee Yesagyoမှ သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်၏ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၈၀) အရွယ် ဦးအောင်သန်းသည် ခြေထောက်ပြတ်ကာ ၎င်းဒဏ်ရာဖြင့် သွေးထွက်လွန်ပြီး ဧပြီလ /၁၈ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
အခြားဒေသခံပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၁) လုံး မီးလောင်ပြာကျခဲ့ကာ အခြားနေအိမ် (၉) လုံးလည်း ထိမှန်ပျက်စီးခဲ့သည့်အပြင် ဘုန်းတော်ကြီးကျောင်းမှ အဆောင်တစ်ခု၊ မီးစက်ရုံနှင့် အုတ်တံတိုင်းများလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၇။ ညောင်လေးပင်ခရိုင်၊ ရေတွင်းကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ပြည်သူတစ်ဦး သေဆုံး
ဧပြီလ ၁၈ရက်
Radio NUG
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရေတွင်းကုန်းကျေးရွာကို ဧပြီလ (၁၈)ရက်၊ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)မှ (၁၂၀)မမ လက်နက်ကြီး (၅)လုံး ပစ်ခတ်ခဲ့ရာ ၎င်းကျေးရွာအတွင်းသို့ ထပ်မံကျရောက် ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သား ပြည်သူ (၁)ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၈။ မိုးဗြဲမြို့အနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ စစ်ရှောင်အမျိုးသမီး (၁) ဦး ထိမှန်သေဆုံး
ဧပြီလ ၁၈ရက်
Radio NUG
ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်မှ ၁၁ နာရီ ၃၀ မိနစ် အချိန်အထိ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်က မိုးဗြဲမြို့နယ်အတွင်းသို့ လက်နက်ကြီး (၁၀) ကျော် ရမ်းသမ်းပစ်ခတ်နေကြောင်း KPN Newsမှာ ဖော်ပြထားပါတယ်။
စစ်ရှောင် အမျိုးသမီးမှာ လယ်ကွင်းထဲမှာပဲ လယ်စိုက်နေစဉ် လက်နက်ကြီးပစ်တာကြောင့် ပြေးလာရင်း လယ်ကန်သင်းဘောင်မှာ ခါးကိုထိမှန်ပြီး ဗိုက်အထိပေါက်သွားပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၉။ ပဲခူး တပ်မ ၇၇နှင့် ဘုတ်ပြင်း ခလရ ၂၂၄ မှ စစ်မှုထမ်းတပ်သား ၃ဦး အလင်းဝင်
ဧပြီလ ၁၈ရက်
Radio NUG
ဧပြီလ ၁၇ ရက်နေ့တွင် မတရားစစ်မှုထမ်း ဥပဒေဖြင့် စကစ၏ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းခံခဲ့ရသော ပဲခူးမြို့ တပ်မ ၇၇ မှ ဒုတပ်စိပ်မှူး တစ်ဦးနှင့် တပ်သား တစ်ဦးတို့ ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့ကြောင်း လျှပ်စီးတပ်ခွဲမှ သတင်းထုတ်ပြန်ပါတယ်။
ပဲခူးမြို့ တပ်မ (၇၇) တွင် မွန်းမံ သင်တန်းသားများအဖြစ် သင်တန်းတတ်ရောက်ပြီးစီးပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသ စစ်မြေပြင် များသို့ အတင်းအကြပ် စေလွှတ်ခြင်းခံရသော ဒုတပ်စိပ်မှူး ဖြိုးသီဟ (ပစ- ၁၃၇၇၄၅) နှင့် တပ်သား မောင်သက် (ပစ-၁၃၇၈၂၆) တို့သည် စစ်ကိုင်းမြို့ တပ်မ (၃၃) သို့ ရောက်ရှိလာစဉ် ဧပြီလ ၁၆ ရက် သင်္ကြန် အတက်နေ့တွင် ဆက်သွယ်အကူညီတောင်းခံလာသဖြင့် နယ်မြေခံ တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်၍ ကူညီကယ်ထုတ်နိုင်ခဲ့ပြီး ဧပြီ လ ၁၈ ရက်နေ့တွင် သက်ဆိုင်ရာ မိသားစုများထံသို့ ပို့ဆောင် အပ်နှင်းပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဘုတ်ပြင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၂၄ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ ၄ ၊ တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ပါတယ်။
ဧပြီလ ၁၆ ရက်က ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၂၄ တပ်ရင်းကနေ စစ်ကောင်စီတပ်သားအဆင့် အောင်ကိုကိုဆိုသူက ထွက်ပြေးလာခဲ့ပြီး ၁၇ ရက်မှာတော့ KNLA ပူးပေါင်းတပ်ဆီ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
တနင်္သာရီမြို့နယ်ဇာတိဖြစ်တဲ့ အလင်းဝင်လာသူ စစ်သားဟာ စစ်မှုထမ်းသက်တမ်း ၁ နှစ်သာရှိသေးတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment