၂၀၂၅ ဇွန်လ ၂၅ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)အား စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်ထံ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ အတည်ပြု
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ဆုတောင်းဗီဒီယို တစ်သိန်းကျော် ပေးပို့ပြီး ဂင်းနစ်စံချိန် ချိုးနိုင်ခဲ့တယ်လို့ သားဖြစ်သူကိုထိန်လင်းအသိပေးဆို
📌 ၃။ လူသားချင်းစာနာမှုအကူအညီရန်ပုံငွေ အလျင်အမြန် မရရှိခဲ့ဘူးဆိုရင် သန်းနဲ့ချီတဲ့မြန်မာပြည်သူလူထု လိုအပ်တဲ့အကူအညီတွေရရှိနိုင်ဖွယ်မရှိဘူးလို့ဆို
📌 ၄။ Safe Hospital Safe Healthcare ကမ်ပိန်းအတွက် လက်ရှိအချိန်ထိ သိန်း ၂၄၀၀ ကျော် ( ၆၉) ရာခိုင်နှုန်းရရှိထား
📌 ၅။ စာရေးဆရာ၊ အယ်ဒီတာချုပ် ငြိမ်းအေးအိမ်ရဲ့ဈာပနအခမ်းအနားကို ဒီကနေ့ ရေဝေးသုသန်မှာကျင်းပ
📌 ၆။ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ပေ့ချ်တွေကို Facebook က အရေးယူတားမြစ်ဖို့ Defend Myanmar Democracy အနေနဲ့ Meta ကို တရားဝင်စာပေးပို့မည်
📌 ၇။ ကရင်နီပြည်ရဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင်ကို ဂျူလိုင်၁၉ရက်နေ့အထိ Online လက်မှတ်များရောင်းချသွားမည်
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကျောက်မဲမြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးကာ ကလေးငယ်တွေအပါအ၀င် ၁၄ ဦး ဒဏ်ရာရခဲ့ပြီး အိမ် ၄၉ လုံးနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီး
🚩 ၂။ တောင်သာ၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
🚩 ၃။ တံတားဦးနယ်ကနေ ငါန်းဇွန်နယ်ဘက် ထွက်လာတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာမှာ က ၄ ဦးသေဆုံး
🚩 ၄။ မင်းလှမြို့နယ် ခွက်မရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး
🚩 ၅။ နောင်ချိုမြို့နယ် ရွှေသွန်းကျေးရွာအနီးတဝိုက်ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ပေါင် ၅ဝဝ နဲ့ ပေါင် ၃ဝဝ ဗုံးအပါအဝင် ဗုံး အလုံး ၈ဝ ကျော်အသုံးပြုတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)အား စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်ထံ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ အတည်ပြု
ဇွန်လ ၂၅ရက်
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးအား ယနေ့ ၂၀၂၅ခုနှစ်၊ ဇွန်လ၊ (၂၅)ရက်နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးအဖွင့်တွင် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် (၁၀) စက္ကန့် ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။
ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဌက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွှန့်နှင့် ဖိတ်ကြားထားသောဧည့်သည်တော် ဦးထွန်းထွန်းဟိန်(ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)တို့ က မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ စစ်ကိုင်းငလျင်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များအစီရင်ခံစာကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။
ဆက်လက်၍ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)အပေါ် လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာအား စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။
ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)အား စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်ဥက္ကဌက လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ အတည်ပြုကြောင်း ကြေညာခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ဆုတောင်းဗီဒီယို တစ်သိန်းကျော် ပေးပို့ပြီး ဂင်းနစ်စံချိန် ချိုးနိုင်ခဲ့တယ်လို့ သားဖြစ်သူကိုထိန်လင်းအသိပေးဆို
ဇွန်လ၂၅ရက်
ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ဆုတောင်းဗီဒီယိုတွေ တစ်သိန်းကျော်နီးပါး ပေးပို့ပြီး မနှစ်ကထက် ဂင်းနစ်စံချိန်ကို ချိုးနိုင်ခဲ့တယ်လို့ သားဖြစ်သူကိုထိန်လင်းမှ အသိပေးဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏အသက်၈၀ပြည့်မွေးနေ့အတွက် မွေးနေ့ဆုတောင်းဗီဒီယိုများကို ဇွန်လ၁၉ရက်နေ့အထိ လက်ခံခဲ့ပါတယ်။
"မေမေ့အတွက် မွေးနေ့ကမ်ပိန်းက အင်မတန်အောင်မြင်တဲ့ အမှတ်တရတစ်ခုဖြစ်ခဲ့တယ်။တစ်ကမ္ဘာလုံးရဲ့ ပြည့်လျှံတဲ့ ချစ်ခြင်းမေတ္တာကို ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ လူထောင်ပေါင်းများစွာဆီက ဆိုရှယ်မီဒီယာတွေပေါ်မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုတောင်းဝေမျှရေးသားပေးခဲ့ကြတယ်။ မေမေ့အတွက် မွေးနေ့ဆုတောင်းဗီဒီယိုတွေ ၁ သိန်းကျော်နီးပါး ပေးပို့ပြီး မနှစ်က ဂင်းနစ်စံချိန်ကို ချိုးနိုင်ခဲ့တာတွေက စည်းလုံးမှုနဲ့ အားပေးမှုကို အပြည့်အဝ ဖော်ပြလိုက်သလိုပါပဲ။ ဒါဟာ ကျွန်တော် မျှော်လင့်ထားတာနဲ့ အများကြီးသာလွန်ပါတယ်။ မေမေ့ကို ကျွန်တော်ချစ်သလို အများကြီး ချစ်ခင်ပေးတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်"လို့ ကိုထိန်လင်းကဆိုပါတယ်။ကမ်ပိန်းတစ်ခုထက်ပိုတဲ့ ကမ္ဘာက အသိအမှတ်ပြုလက်ခံခြင်းကို ရရှိခဲ့တာဖြစ်တယ်လို့ကိုထိန်လင်းကထပ်လောင်းဆိုပါတယ်။
"ဘယ်လောက်ပဲ အတားအဆီးတွေရှိပါစေ မေမေ့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေက ကျွန်တော်တို့နဲ့ အမြဲရှိနေမှာပါ။ မေမေ့အတွက် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ။ဆက်လက်လည်း လုပ်ဆောင်သွားကြပါစို့"လို့ကိုထိန်လင်းကဆိုပါတယ်။
========================
📌📌 ၃။ လူသားချင်းစာနာမှုအကူအညီရန်ပုံငွေ အလျင်အမြန် မရရှိခဲ့ဘူးဆိုရင် သန်းနဲ့ချီတဲ့မြန်မာပြည်သူလူထု လိုအပ်တဲ့အကူအညီတွေရရှိနိုင်ဖွယ်မရှိဘူးလို့ဆို
ဇွန်လ ၂၅ရက်
လူသားချင်းစာနာမှုအကူအညီရန်ပုံငွေ အလျင်အမြန် မရရှိခဲ့ဘူးဆိုရင် သန်းနဲ့ချီတဲ့မြန်မာပြည်သူလူထု လိုအပ်တဲ့အကူအညီတွေ ရရှိနိုင်ဖွယ်မရှိဘူးလို့ မြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးMr. Marcoluigi Corsiကပြောကြားခဲ့ပါတယ်။၄င်းဟာဇွန်လအတွင်းတာဝန်များပြီးဆုံးလို့ မြန်မာနိုင်ငံကထွက်ခွာသွားခဲ့ပါတယ်။
"မြန်မာနိုင်ငံက တုံ့ပြန်ရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေအလွန်အမင်းနည်းပါးနေခြင်းက ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အခက်အခဲဖြစ်ပါတယ်။ငလျင်အတွက် တောင်းခံထားတဲ့ ကန်ဒေါ်လာ ၂၇၅ သန်းအနက် သန်း ၁၀၀ (၃၆ ရာခိုင်နှုန်းမျှသာ) သာ ရရှိထားပါသေးတယ်။ပိုပြီး စိုးရိမ်စရာကောင်းတာက နှစ်ဝက်ကျိုးလာခဲ့ပေမယ့် နိုင်ငံတစ်ဝန်း တုံ့ပြန်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ရာ ဦးတည်သတ်မှတ်ထားတဲ့ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ် (Humanitarian Needs and Response Plan) အတွက် တောင်းခံထားတဲ့ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံအနက် ၁၃၄ သန်း (၁၂ ရာခိုင်နှုန်းအောက်) သာ ရရှိထားပါတယ်"လို့Mr. Marcoluigi Corsiပြောကြားချက်ကို UN OCHA Myanmarကဖော်ပြပါတယ်။
ရန်ပုံငွေ အလျင်အမြန် မရရှိခဲ့ဘူးဆိုရင် သန်းပေါင်းများစွာသော ပြည်သူလူထုဟာ သူတို့ အရေးတကြီး လိုအပ်နေတဲ့ အကူအညီတွေ ရရှိနိုင်ကြမှာ မဟုတ်ဘူးလို့ဖော်ပြပါတယ်။
မိတ်ဖက်အဖွဲ့အစည်းတွေဟာ လိုအပ်တဲ့ အတိုင်းအတာ၊ အကြိမ်အရေအတွက် နဲ့ အရည်အသွေးပြည့်၀တဲ့ အကူအညီတွေ မပေးအပ်နိုင်တော့တာကြောင့် လူ့အသက်ပေါင်းများစွာဟာ အန္တရာယ်ရှိတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၄။ Safe Hospital Safe Healthcare ကမ်ပိန်းအတွက် လက်ရှိအချိန်ထိ သိန်း ၂၄၀၀ ကျော် ( ၆၉) ရာခိုင်နှုန်းရရှိထား
ဇွန်လ ၂၅ရက်
Safe Hospital Safe Healthcare ကမ်ပိန်းအတွက် လက်ရှိအချိန်ထိ သိန်း ၂၄၀၀ ကျော် ( ၆၉) ရာခိုင်နှုန်းရရှိထားပါတယ်။
ဘေးကင်းသော ဆေးရုံတရုံစာ ပြည့်ရန် ၃၁ % သာလိုတော့တယ်လို့ဇွန်လ၂၅ရက်SpringCrowdFundကအသိပေးဆိုထားပါတယ်။
"SCF မှာ Safe Hospital Safe Healthcare ကမ်ပိန်းအတွက် လက်ရှိအချိန်ထိ သိန်း ၂၄၀၀ ကျော် ( ၆၉ % ) ရရှိထားပါပြီ။ ဘေးကင်းသောဆေးရုံတရုံစာ ပြည့်ရန် နောက်ထပ် သိန်း ၁၀၀၀ ကျော်သာ လိုတော့တာမို့ အားလုံးအတူဝိုင်းဝန်းပါဝင်ဖြည့်လိုက်ရင် အချိန်မီပြည့်နိုင်ပါတယ်"လို့ဆိုထားပါတယ်။Safe Hospital, Safe Healthcareကမ်ပိန်းကို အမေရိကန်ဒေါ်လာ ၄ သိန်းရည်မှန်းထားကာ Campaign ကာလ မေလ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။
========================
📌📌 ၅။ စာရေးဆရာ၊ အယ်ဒီတာချုပ် ငြိမ်းအေးအိမ်ရဲ့ဈာပနအခမ်းအနားကို ဒီကနေ့ ရေဝေးသုသန်မှာကျင်းပ
ဇွန်လ ၂၅ရက်
စာရေးဆရာနဲ့ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ငြိမ်းအေးအိမ်ရဲ့ စျာပနအခမ်းနားကို ဒီကနေ့ ဇွန်လ ၂၅ရက်၊ နေ့လည် ၁၁နာရီမှာ ရေဝေးသုသန်က ခန်းမဆောင်အသစ်မှာ ကျင်းပခဲ့ပါတယ်။
မြန်မာပို့စ်မော်ဒန်စာပေလောကမှာထင်ရှားသူဖြစ်တဲ့အပြင် ၁၉၉၀ပြည့်နှစ်ဝန်းကျင်ကာလတုန်းက သရဖူမဂ္ဂဇင်းခေတ်ဦးကာလမှာ အယ်ဒီတာချုပ်အဖြစ်စီစဥ်ဆောင်ရွက်ခဲ့သူ စာရေးဆရာ ငြိမ်းအေးအိမ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ကင်ဆာရောဂါနဲ့ကွယ်လွန်သွာခဲ့တာဖြစ်ပါတယ်။
အမည်ရင်း ဦးကျော်ကျော်ဦးဖြစ်တဲ့ ငြိမ်းအေးအိမ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်သာရှိသေးပြီး သူရေးသားခဲ့တဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်၊ အက်ဆေးနဲ့ ဓာတ်ပုံအက်ဆေး ၁၃ အုပ်အနက် အဝါရောင်ဆောင်း ရက်များရဲ့ မိုးစက်ပုံပြင် စာအုပ်ဟာ ပို့စ်မော်ဒန် စာပေနှစ်သက်သူတွေကြားမှာ ဩဇာကြီးမားခဲ့ပါတယ်။
ဆရာငြိမ်းလို့ တလေးတစားခေါာဆိုကြတဲ့ ငြိမ်းအေးအိမ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပါတီဝင်ဟောင်းဖြစ်တဲ့အပြင် ငြိမ်းချမ်းရေးတပ်ဖွဲ့ N.D.A(Kachin) ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးအခင်းမှာလည်းပါဝင်ခဲ့တဲ့အ တွက် အကျဥ်းကျခံခဲ့ရလို့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။
ငြိမ်းအေးအိမ်ဟာ စာပေ၊ ရုပ်ရှင်စတဲ့အနုပညာအသိုင်း အဝန်းမှာ လူချစ်လူခင်များသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးခရီးမှာ ဗမာပြည်ကွန်မြူနစ်ပါတီ အဖွဲ့ဝင်ဟောင်းများနဲ့ ကချင်အထူးဒေသကအဖွဲ့ဝင် တွေလည်းလိုက်ပါပို့ဆောင်ခဲ့ကြပြီး လွမ်းသူ့ပန်းခြင်းတွေ၊ ပန်းခွေတွေနဲ့ စည်ကားခဲ့ပါတယ်။
သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို မီးသင်္ဂြိုဟ်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ခင်မာအေးနဲ့အတူ သမီးတစ်ဦး၊ မြေးတစ်ဦးကျန်ရစ်ခဲ့ပါတယ်။
========================
📌📌 ၆။ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ပေ့ချ်တွေကို Facebook က အရေးယူတားမြစ်ဖို့ Defend Myanmar Democracy အနေနဲ့ Meta ကို တရားဝင်စာပေးပို့မည်
ဇွန်လ ၂၅ရက်
စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ပေ့ချ်တွေကို Facebook က အရေးယူတားမြစ်ဖို့ Defend Myanmar Democracy အနေနဲ့ Meta ကို တရားဝင်စာပေးပို့မယ်လို့ ကြေညာပါတယ်။
"၂၀၂၁ ခုနှစ်မှာ Facebook မှာရှိနေတဲ့ မြန်မာစစ်အုပ်စုနဲ့ စစ်အုပ်စုထိန်းချုပ်မှုအောက်က နိုင်ငံပိုင်မီဒီယာနဲ့ ဆက်စပ်မီဒီယာတွေကို တားမြစ်ပိတ်ပင်လိုက်ကြောင်း ကြေညာချက်တစ်ခု Facebook က ထုတ်ပြန်ခဲ့ပါတယ်။
ဒါဖြင့် ပြထားတဲ့ ပေ့ချ်တွေက ဘာကြောင့် ဆက်ပြီး အသက်ဝင်နေသေးတာပါလဲ"လို့Defend Myanmar Democracyက ဖော်ပြပါတယ်။
စကစရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနစတဲ့ပေ့ချ်တွေကပဲ စစ်အုပ်စုအတွက် ဝါဒဖြန့်ချီမှုတွေ လုပ်ပေးတာ၊ စစ်အုပ်စုအတွက် အတုအယောင်တရားဝင်မှုတွေအတွက်ပေးတာ၊ ဝင်ငွေရပေါက်ရလမ်းတွေ ဖန်တီးပေးတာ စတာတွေကို ဆက်ပြီးလုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
"စစ်အုပ်စုနဲ့ ပတ်သက်တဲ့ ပေ့ချ်တွေကို တားမြစ်ဖို့ Meta ကိုယ်ပိုင်ထားရှိတဲ့ မူဝါဒတွေကို တိုက်ရိုက် ချိုးဖောက်နေတာ ဖြစ်ပါတယ်။Defend Myanmar Democracy အနေနဲ့ Meta ကို တရားဝင်စာပေးပို့ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
========================
📌📌 ၇။ ကရင်နီပြည်ရဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင်ကို ဂျူလိုင်၁၉ရက်နေ့အထိ Online လက်မှတ်များရောင်းချသွားမည်
ဇွန်လ ၂၅ရက်
ကရင်နီပြည်ရဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင်ကို June လ 24မှစ၍ July လ 19ရက်နေ့အထိ Online လက်မှတ်များရောင်းချသွားမည်ဖြစ်ကြောင်းသိရပါတယ်။
လက်မှတ်ရောင်းချခြင်းမှ ရရှိလာမည့် ငွေကြေးများအား ကရင်နီပြည်ရှိတော်လှန်ရဲဘော်များနှင့် စစ်ရှောင်ပြည်သူများအတွက်ဆက်လက် ကူညီထောက်ပို့သွားမှာဖြစ်ပါတယ်။
လက်မှတ်များအား ဝယ်ယူထောက်ပို့နိုင်မည့် FR အဖွဲ့အစည်းများ နှင့် နိုင်ငံအလိုက်ငွေကြေးများအား သက်ဆိုင်ရာPagမှာဖော်ပြထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကျောက်မဲမြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးကာ ကလေးငယ်တွေအပါအ၀င် ၁၄ ဦး ဒဏ်ရာရခဲ့ပြီး အိမ် ၄၉ လုံးနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီး
ဇွန်လ ၂၅ရက်
အပစ်ရပ်ထားမယ်လို့ ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့က အရပ်သား ၄ဦး သေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအ၀င် ၁၄ ဦး ဒဏ်ရာရခဲ့ကာ အိမ် ၄၉ လုံးနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးသွားတယ်လို့ TNLA ဘက်က ဒီနေ့ ဇွန်လ ၂၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တအာင်းပြည် တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့တွင်းကို အကြမ်းဖက်စစ်တပ်က မနေ့ ဇွန်လ ၂၄ ရက် ညနေပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
ကျောက်မဲမြို့ ရပ်ကွက် ၃ ကို စစ်ကောင်စီတပ်က ဗုံးကြဲချမှုကြောင့် ကလေးငယ် ၂ ဦးအပါအ၀င် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရခဲ့ပြီး ပြည်သူပိုင်အိမ် ၁၆ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးမှုများခဲ့သလို အခြား အိမ် ၄ လုံးကတော့ ဗုံးစအနည်းငယ် ထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့အတူ ကျောက်မဲမြို့ ရပ်ကွက် ၇ ဘက်မှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ရပြီး အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၄ ဦး ဒဏ်ရာရခဲ့တဲ့အပြင် အိမ် ၇ လုံးနဲ့ သီလရှင်စာသင် ကျောင်း တကျောင်း ထိခိုက်ပျက်စီးမှုများခဲ့ကာ အိမ် ၂၂ အိမ် ဗုံးစ အနည်းငယ် ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောက်စီတပ်ဘက်က ဗုံးကြဲတိုက်ခိုက်တဲ့နေရာတွေဟာ တိုက်ပွဲဖြစ်တာမရှိအတွက် ဒါဟာ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တဲ့လုပ်ရပ်လို့ TNLA ဘက်က အသိပေးပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်အောင် စစ်ရေးသတိ အမြဲရှိဖို့လိုပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၂။ တောင်သာ၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
ဇွန်လ ၂၅ရက်
မန္တလေးတိုင်းအတွင်းမှာရှိတဲ့ တောင်သာ၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ သက်ဆိုင်ရာတော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၃ ရက်နေ့ ည ၁၁ နာရီ ၃၇ မိနစ်ခန့်အချိန်မှာ တောင်သာမြို့နယ် ညောင်ဒိုကျေးရွာအနီးကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်အိမ် တလုံးပျက်စီးခဲ့ပြီး အမျိုးသားတဦးနဲ့ ကလေးငယ်တဦး ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေကတော့ မစိုးရိမ်ရဘူးလို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီက ဆိုပါတယ်။
ထို့အတူ ဇွန်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်အချိန်မှာလည်း တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာက စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာမြောက်ဘက် လယ်ကွင်းအနီးကို ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတဦး မစိုးရိမ်ရတဲ့ ဒဏ်ရာ ရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ပါတယ်။
အဲဒီနေ့ ည ၉ နာရီ ၁၀ မိနစ်အချိန်မှာလည်း မိတ္ထီလာမှာရှိတဲ့ ရှမ်းတဲလေတပ်စခန်းကတက်လာတဲ့ ဂျက်ဖိုက်တာက မတ္တရာ မြို့နယ် ဥက္ကံကျေးရွာဝန်းကျင်ကို ဗုံးကြဲခဲ့တာကြောင့် ဒေသနေပြည်သူ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေရှိတဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူလူထုအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အထူးဂရုပြု နေထိုင်ကြဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေး ပုန်းခိုကျင်းတွေ တူးထားကြဖို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၃။ တံတားဦးနယ်ကနေ ငါန်းဇွန်နယ်ဘက် ထွက်လာတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာမှာ က ၄ ဦးသေဆုံး
ဇွန်လ ၂၅ရက်
မန္တလေးတိုင်း တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဘက်ကို ဖောကားနဲ့ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးသွားတယ်လို့ Special Task Force ngazun တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တံတားဦးမြို့နယ် ဂွေးကုန်းဂိတ်ကနေ ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုံဘက် ဖောကားနဲ့ထွက်လာတဲ့ အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေက ဇွန်လ ၂၃ ရက် နေ့လည် ၁ နာရီ ၄၆ မိနစ်ခန့်မှာ ပဒေသာမိုင်း ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရသွားတာမှာ ၂ ဦးက ဒဏ်ရာပြင်းထန်တယ် လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ စစ်သားတွေနဲ့ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်ဖွဲ့က မြို့သာတိုက်နယ်ဆေးရုံ ကို ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ပြန်လည်ပစ်ခတ်မှုတွေရှိတဲ့အတွက် တံတားဦး - မြင်းခြံ - ငါန်းဇွန် -ဆီမီးခုံ - မြို့သာ - ဝက်လူး လမ်းပိုင်းကို ည ၈ နာရီကနေ မနက် ၅ နာရီအတွင်း သွားလာတာမျိုးမလုပ်ဖို့ Special Task Force ngazun တပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း တပ်ခွဲ - ၃၊ မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း တပ်ခွဲ - ၂ နဲ့ TGYR Youth Guerrilla Counter Revolution Ngazun အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မနေ့ ဇွန်လ ၂၄ ရက်နေ့မှာလည်း ငါန်းဇွန်မြို့နယ် မြို့သာအထိုင်ရဲစခန်းကနေ ဂွေးကုန်းအထိုင် စခန်းဘက်ကို ထွက်လာတဲ့ စစ်ကောင်စီကားတစီးကို မြင်းခြံ တိုက်နယ် ၃ နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပေပါမိုင်းတွေနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဗိုလ်တဦးနဲ့ စစ်သားတဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ မင်းလှမြို့နယ် ခွက်မရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး
ဇွန်လ ၂၅ရက်
ပဲခူးတိုင်း မင်းလှမြို့နယ်ထဲက အိမ်ခြေ ၂ဝဝ ကျော်ရှိတဲ့ ခွက်မကျေးရွာကို စစ်တပ်က ဒီနေ့ ဇွန်လ ၂၅ ရက် မနက်ပိုင်းမှာ မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ဒီနေ့မနက် ၇ နာရီကျော်အချိန်မှာ ခွက်မကျေးရွာကို စစ်ကြောင်း ထိုးလာပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မင်းလှမြို့နယ်ထဲကရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ခွက်မရွာက ရွာသူရွာသားတွေ ဇွန်လ ၂၄ ရက်ကတည်းက ရှောင်တိမ်းခဲ့ပေမယ့် အသက်ကြီးသူတွေ ရွာထဲမှာ ကျန်နေခဲ့တာကြောင့် သေဆုံးမှုတွေရှိနိုင်တယ်လို့ ဒေသနေပြည်သူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
မနေ့ ဇွန်လ ၂၄ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ငလှစမ်းရွာ၊ ခွက်မရွာနဲ့ စမ်းဘုတ်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာရှိတယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ MinhlaThadin မှာ ဖော်ပြထားပါတယ်။
ဇွန်လ ၁၆ ရက်နေ့က စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်အနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က အရာရှိတွေ သေဆုံးခဲ့ပြီးနောက် အထိနသွားတဲ့ အကြမ်းဖက်စစ်တပ်ဟာ မင်းလှနယ်ထဲကရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာပေါင်း ၄ဝ က ဒေသနေပြည်သူ တသောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ နောင်ချိုမြို့နယ် ရွှေသွန်းကျေးရွာအနီးတဝိုက်ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ပေါင် ၅ဝဝ နဲ့ ပေါင် ၃ဝဝ ဗုံးအပါအဝင် ဗုံး အလုံး ၈ဝ ကျော်အသုံးပြုတိုက်ခိုက်
ဇွန်လ ၂၅ရက်
နောင်ချိုမြို့နယ် ရွှေသွန်းကျေးရွာအနီးတဝိုက်ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က တရက်တည်းမှာတင် ပေါင် ၅ဝဝ နဲ့ ပေါင် ၃ဝဝ ဗုံးအပါအဝင် ဗုံး အလုံး ၈ဝ ကျော်အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် - DPLA က ဒီနေ့ ဇွန်လ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
နောင်ချိုမြို့နယ်ထဲက ရွှေသွန်းကျေးရွာအနီးတဝိုက်မှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် - DPLA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် - TNLAတို့ပါတဲ့ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား မနေ့ ဇွန်လ ၂၄ ရက်ကဖြစ်ခဲ့တဲ့ ထိတွေ့တိုက်ပွဲနဲ့ပတ်သက်လို့ အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ နေ့လည် ၁၂ နာရီ ၂၀ မိနစ်မှာ စတင်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေ ရှိရာ ကျေးရွာအနီးတဝိုက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် နေ့လည် ၂ နာရီ ၁၀ မိနစ်ခန့်အချိန်မှာ တိုက်ပွဲပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲမဖြစ်ခင် မနက်ပိုင်း ၉ နာရီ ၁၉ မိနစ်ကနေ ၁၀ နာရီ ၇ အတွင်း အကြမ်းဖက်စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံး ၂၂ လုံး ကြဲခဲ့ပြီး ၉ နာရီမှာ စစ်တပ် ဂျက်လေယာဉ်က ပေါင် ၃၀၀ ဗုံး ၂ လုံး၊ နေ့လည် ၂ နာရီထိုးခါနီးမှာ ပေါင် ၅၀၀ ဗုံးတလုံး ကြဲချ ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ၁ နာရီ ၅၄ မိနစ်ကနေ ၂ နာရီ ၁၉ မိနစ်အတွင်းမှာ Y12 လေယာဉ်နဲ့ ဗုံး ၃၃ လုံး၊ ညနေ ၆ နာရီ ၅၁မိနစ်ကနေ ၇ နာရီ ၁၄ မိနစ်အတွင်း Y12နဲ့ပဲ ဗုံး ၂၄ လုံး အသုံးပြုပြီး တနေ့ကုန်နီးပါး တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
လက်တလောမှာ စစ်ကောင်စီတပ်တွေဟာ လေယာဉ်ဗုံးတွေ လက်နက်ကြီးတွေ ဒရုန်းတွေအသုံးပြုပြီး နောင်ချိုမြို့ အနီးတဝိုက်ကို အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment