၂၀၂၅ ဇွန်လ ၂၈ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း လိင်စိတ်ခံယူမှုကွဲပြားသူတွေဟာ စိန်ခေါ်မှုတွေနဲ့ ပိုပြီးရင်ဆိုင်နေရတယ်လို့ဆို
📌 ၂။ အရပ်သားပြည်သူ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စစ်ဆင်ရေးဖော်ဆောင်ကြဖို့ အထက်မင်းလှ ပကဖတိုက်တွန်း
📌 ၃။ ခရီးသွားပြည်သူတွေ တိုက်ပွဲကြားမညပ်စေဖို့ စလင်း - ဆိပ်ဖြူလမ်းပိုင်းကို ယာယီပိတ်ထားမယ်လို့ စလင်း ပကဖ အသိပေး
📌 ၄။ ကွတ်ခိုင်မြို့ကပြည်သူတွေ သွားလာရေးအဆင်ပြေစေဖို့ မြို့နယ်စည်ပင်အဖွဲ့က ရပ်ကွက်တံတား ပြန်လည်ပြုပြင်ပေး
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မှော်ဘီမြို့မရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်
🚩 ၂။ ပွင့်ဖြူမြို့နယ်မှာ စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သား ၆ ဦးသေဆုံး
🚩 ၃။ အရာတော်မြို့နယ်မှာ ကင်းပတ်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာမှာ ပျူစောထီး ၆ ဦးဒဏ်ရာရ
🚩 ၄။ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့ စစ်တပ်စစ်ကြောင်းက PDA တပ်စခန်းတခုကို မီးရှို့ဖျက်စီးခဲ့တာကြောင့် ကျပ်သိန်း ၁ဝဝ ဖိုးခန့် ပျက်စီးဆုံးရှုံး
🚩 ၅။ နောင်ချိုမြို့နယ်က နေရာ ၆ ခုမှာ စစ်တပ်နဲ့ တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း လိင်စိတ်ခံယူမှုကွဲပြားသူတွေဟာ စိန်ခေါ်မှုတွေနဲ့ ပိုပြီးရင်ဆိုင်နေရတယ်လို့ဆို
ဇွန် ၂၈ရက်
မြန်မာနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တွေဟာ စိန်ခေါ်မှု တွေနဲ့ ပိုပြီးရင်ဆိုင်နေရတယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှု ၃ လပြည့်တဲ့ ဒီနေ့ ဇွန်လ ၂၈ မှာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း LGBTအသိုင်းအဝိုင်း ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေဟာ အရင်ကထက် ပိုပြီး သိသာထင်ရှားလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယာယီခိုလှုံတဲ့နေရာတွေမှာ ခွဲခြားဆက်ဆံခံရတာ၊ အရင်းအမြစ်တွေမလုံလောက်တာနဲ့ စိတ်ကျန်းမာရေး ဆိုင်ရာအခက်အခဲ စတာတွေဟာ LGBT တွေ အမှန်တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲက မြင်သာတဲ့ အစိတ်အပိုင်းတခုသာ ရှိပါသေးတယ်လို့လည်း အသိပေးထားပါတယ်။
ဗြိတိန်အစိုးရရဲ့ ငလျင်တုံ့ပြန်ရေး အရေးပေါ်အကူအညီတွေ ငလျင်ဒဏ်သင့်ဒေသတွေကို ရောက်ရှိနေပြီး လူဦးရေ ၄သိန်းခွဲကျော်အတွက် အစားအစာ၊ ရေသန့်၊ အမိုးအကာ၊ ကျန်းမာရေးသုံးပစ္စည်းတွေနဲ့ ရှေးဦး သူနာပြုအကူအညီ၊ အရေးပေါ်နှင့်စိတ်ဒဏ်ရာကုသမှုပေးခြင်းနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ ပါဝင်တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ အရပ်သားပြည်သူ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စစ်ဆင်ရေးဖော်ဆောင်ကြဖို့ အထက်မင်းလှ ပကဖတိုက်တွန်း
ဇွန် ၂၈ရက်
နွေဦးတော်လှန်ရေးကာလတလျောက် လက်တွဲလုပ်ဆောင်ခဲ့တဲ့ မဟာမိတ်အဖွဲ့အစည်းတွေအနေနဲ့ စစ်အာဏာရှင် ကျဆုံး ရေး စစ်ဆင်ရေးဖော်ဆောင်ရာမှာ အရပ်သားပြည်သူ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးကာလတလျောက် မဟာမိတ်အဖွဲ့အစည်းတွေနဲ့ အပြန်အလှန်ယုံကြည်မှုရှိစွာနဲ့ စစ်အာဏာရှင်စနစ်ကျရှုံးရေး နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတာကြောင့် အခုလို တိုက်တွန်း ပြောဆိုလိုက်တာဖြစ်ပါတယ်။
အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ရာမှာ သတင်းကွန်ယက်ကအစ အတူတကွ တိုက်ပွဲဝင်တာမျိုးအထိ တော်လှန်ရေးတာဝန်တွေကို မျှဝေထမ်းဆောင်နိုင်တဲ့အတွက် မဟာမိတ်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ချိတ်ဆက်ဖော်ဆောင်နိုင်တယ်လို့လည်း အသိပေးထားပါတယ်။
တိုက်ပွဲတွေ ဟန်ချက်ညီဖော်ဆောင်ရာမှာ လုံခြုံရေ၊ စစ်ရေးလိုကိစ္စတွေ ညှိနှိုင်းလုပ်ဆောင်ဖို့လိုပြီး မြေပြင်စစ်ရေး အခြေအနေနဲ့ ချိန်ဆကာ ပြင်ဆင်သင့်တာတွေ အတူတကွ ပြင်ဆင်ထားမှသာ ပြည်သူလူထုထံကို အောင်ပွဲတွေ မြန်ဆန်စွာ ပေးနိုင်မှာဖြစ်တယ်လို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကြံပြုထားပါတယ်။
========================
📌📌 ၃။ ခရီးသွားပြည်သူတွေ တိုက်ပွဲကြားမညပ်စေဖို့ စလင်း - ဆိပ်ဖြူလမ်းပိုင်းကို ယာယီပိတ်ထားမယ်လို့ စလင်း ပကဖ အသိပေး
ဇွန် ၂၈ရက်
ခရီးသွားပြည်သူတွေ တိုက်ပွဲကြားမညပ်စေဖို့ စလင်း - ဆိပ်ဖြူလမ်းပိုင်းကို ယာယီပိတ်ထားမယ်လို့ စလင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဇွန် ၂၈ ရက် မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
စလင်းမြို့နယ်ကနေ တင့်ကား ၂စီး၊ သံချပ်ကာ ၂ စီးအပါအဝင် ဖောကားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီနေ့မနက်ပိုင်းမှာ ဆင်ဖြူကျွန်းမြို့နယ်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးနိုင်တာကြောင့် အချိန်မီ သတိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒါကြောင့် စလင်း - မိုးဝန်း - သရက်ချဉ် - ဆင်ဖြူကျွန်းလမ်းပိုင်းကို အသုံးမပြုကြဖို့ ခရီးသွားပြည်သူတွေကို အသိပေးထားပါတယ်။
စစ်ရေးအခြေအနေအရ ထိတွေ့တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
စစ်ကောင်စီဘက်က အရပ်သားပြည်သူပိုင်ကားတွေကို ချောဆွဲတာတွေရှိနေတဲ့အတွက် မှားယွင်းပစ်ခတ်မှုတွေ ဖြစ်လာနိုင်တဲ့ အနေအထားဖြစ်နေတာကြောင့် လမ်းပိုင်း ယာယီပိတ်ထားတာကို ခရီးသွားပြည်သူတွေ နားလည်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါကြောင့် ခရီးသွားကားမောင်းသူတွေအနေနဲ့ စစ်ကောင်စီယာဉ်တန်းနဲ့ အနီးကပ် မောင်းနှင်တာမျိုးမလုပ်ဖို့လည်း စလင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
📌📌 ၄။ ကွတ်ခိုင်မြို့ကပြည်သူတွေ သွားလာရေးအဆင်ပြေစေဖို့ မြို့နယ်စည်ပင်အဖွဲ့က ရပ်ကွက်တံတား ပြန်လည်ပြုပြင်ပေး
ဇွန် ၂၈ရက်
တအာင်းပြည် တပ်မဟာ ၇ နယ်မြေဖြစ်တဲ့ ကွတ်ခိုင်မြို့က ဒေသနေပြည်သူတွေ သွားလာရေးအဆင်ပြေစေဖို့ မြို့နယ် စည်ပင်အဖွဲ့က ရပ်ကွက်တံတားတစင်းကို ပြန်လည်ပြုပြင်ပေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။
ဒေသနေပြည်သူတွေ ဖြတ်သန်းသွားလာအဆင်ပြေစေဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၅ ကြားဆက်သွယ်ထားတဲ့တံတားကို ပြန်လည်ပြုပြင်ပေးခဲ့ တာလို့ ဆိုပါတယ်။
ဒေသနေပြည်သူတွေဟာ အခြားနေရာကနေ ကွေ့ပတ်သွားလာနေတာကြောင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ပြီး ပျက်စီးနေတဲ့ အဲဒီတံတားကို ဇွန်လ ၂၁ ရက်ကနေ ၂၅ ရက်နေ့အထိ ပြုလုပ် ပေးခဲ့တာလို့ သိရပါတယ်။
အဲဒီတံတားဟာ အလျား ၂၁ ပေ၊ အနံ ၁၂ ပေခန့်ရှိပြီး ကျပ်သိန်း ၉၀ ကျော် အကုန်ကျခံကာ ပြန်လည်ပြုပြင်ပေးရာတာလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကလည်း သီပေါမြို့နယ်ထဲက မန်လွယ်နဲ့ တော့ဖယ်ကျေးရွာကြားက တံတားတစင်းကို PSLF/ TNLA မြို့နယ် အုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး ပြုလုပ်ပေးခဲ့ပါသေးတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မှော်ဘီမြို့မရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်
ဇွန် ၂၈ရက်
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မှော်ဘီမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ အဝေးထိန်း မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army YA အဖွဲ့က ထုတ်ပြန်ပါတယ်။
မှော်ဘီမြို့မရဲစခန်းမှာ လုံခြုံရေးယူနေတဲ့ ရဲတွေကို မနေ့ ဇွန်လ ၂၇ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်မှာ အဝေးထိန်းမိုင်း ၂ လုံး မှာ လက်ပစ်ဗုံးကပ်ပြီး ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတွေရှိတဲ့နေရာကို ထိထိရောက်ရောက် ပစ်ခတ်တိုက်နိုင်ခဲ့တာကြောင့် ထိခိုက်မှုရှိနိုင်တယ်လို့ တော်လှန်ရေးရဲဘော်တွေက အသိပေးပါတယ်။
ဒီတိုက်ခိုက်မှုကို ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Yangon Army YA နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ဟာ စစ်ကောင်စီနဲ့ ပတ်သက် တဲ့ ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်း၊ တပ်ဖွဲ့ ဝင်တွေအနီး နေထိုင်သွားလာတာမျိုး မလုပ်ကြဖို့ မြို့ပြတော်လှန်ရေးအဖွဲ့တွေက နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၂။ ပွင့်ဖြူမြို့နယ်မှာ စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သား ၆ ဦးသေဆုံး
ဇွန် ၂၈ရက်
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံး ကာ ကားတစီး ပျက်စီးသွားတယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ပွင့်ဖြူမြို့နယ် ထိန်အိုင်ကျေးရွာမြောက်ဘက်ကို အင်အား ၂ဝဝ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကား ၉ စီးကို တော်လှန်ရေး တပ်တွေက ဇွန်လ ၂၄ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲပြီး တော်လှန်ရေးတပ်တွေက လက်နက်ငယ်တွေနဲ့ ဝိုင်ဝန်းပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ် မှုတွေရှိခဲ့ပြီး တိုက်ပွဲကြာချိန် မိနစ် ၂၀ ခန့် ကြာခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ အကြမ်းဖက် စစ်သားတွေနဲ့ ဒဏ်ရာရစစ်သားတွေကို အိမ်စီးကားနဲ့ မကွေး စစ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ အသိပေးပါတယ်။
အဲဒီစစ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပွင့်ဖြူမြို့နယ်နဲ့ ပွင့်ဖြူကာကွယ်ရေးတပ် Pwint Phyu Defense Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၃။ အရာတော်မြို့နယ်မှာ ကင်းပတ်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာမှာ ပျူစောထီး ၆ ဦးဒဏ်ရာရ
ဇွန် ၂၈ရက်
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီနဲ့ စစ်တပ်လက်ပါးစေ ပျူစောထီးတွေကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၆ ဦးဒဏ်ရာရသွားတယ်လို့ Ngwe Dwin Revolution Force NDRF က ဒီနေ့ ဇွန် ၂၈ မှာ ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၅ ရက်နေ့က သလဲဘာပျူရွာမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေကို ကင်းပုန်းဝတ်ပြီး တိုက်ခိုက် ခဲ့တာကို အသိပေး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၂၁ တပ်ရင်း၊ တိုက်နယ် ၉၊ ၁၀၊ ၁၁ နဲ့ ဒေသခံ မဟာမိတ်တပ်တွေ ပူးပေါင်းလုပ်ဆောင် ခဲ့တာလို့ သိရပါတယ်။
မုံရွာခရိုင် အမှတ် ၂၁ တပ်ရင်း၊ တိုက်နယ် ၉၊ ၁၀၊ ၁၁ နဲ့ ဒေသခံ မဟာမိတ်တပ်တွေဟာ အခုလ ၁၉ ရက်နေ့ကလည်း ငွေတွင်းပျူစခန်းကနေ လယ်ထွန်ဖို့ထွက်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာရှိပြီး ပျူစောထီး ၂ ဦးသေဆုံးစေခဲ့ပါတယ်။
========================
🚩🚩 ၄။ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့ စစ်တပ်စစ်ကြောင်းက PDA တပ်စခန်းတခုကို မီးရှို့ဖျက်စီးခဲ့တာကြောင့် ကျပ်သိန်း ၁ဝဝ ဖိုးခန့် ပျက်စီးဆုံးရှုံး
ဇွန် ၂၈ရက်
မကွေးတိုင်းအတွင်း ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့ စစ်တပ်စစ်ကြောင်းက PDA တပ်စခန်းတခုကို မီးရှို့ဖျက်စီးခဲ့တာကြောင့် ကျပ်သိန်း ၁ဝဝ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်မတော် PDA က အသိပေးထုတ်ပြန်ထားပါတယ်။
ပခုက္ကူကနေ ပေါက်မြို့ဘက်ကို ဦးတည်ပြီး ထွက်လာတဲ့ တပ်မ ၁ဝ၁ က စစ်တပ် ရိက္ခာယာဉ်တန်းက လမ်းတလျောက်မှာရှိတဲ့ ရွာတွေကို စစ်ကြောင်းထိုးနေပြီး ပြည်သူ့ဒီမိုကရက်တစ်တပ်မတော် PDA အမှတ် ၂၁၉ စစ်ဒေသခွဲက တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်စစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်လက်နက်ပစ္စည်းတွေ မဆုံးရှုံးပေမယ့် ပြည်သူလူထု လှူဒါန်းထား တဲ့ ကျပ်သိန်း ၁ဝဝ ဖိုးခန့်တန်ဖိုးရှိတဲ့ ရိက္ခာတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ စစ်ရှောင်နေရတဲ့ ကမ္မမြို့ပေါ်ကပြည်သူတွေနဲ့ အနီးအနားမှာရှိတဲ့ရွာတွေက ပြည်သူပိုင် အိမ်တွေတွေထဲဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းတွေလည်း ခိုးယူသွားတယ်လို့ အသိပေးထားပါတယ်။
ပေါက်မြို့နယ်ဘက်ကို ဦးတည်ထွက်ခွာနေတဲ့ အဲဒီ ရိက္ခာပို့ယာဉ်တန်းမှာ ကားအစီးရေ ၁၄ဝ ကျော်ရှိပြီး စစ်သားအင်အား တထောင်ကျော်တယ်လို့ PDA က ခန့်မှန်းထားပါတယ်။
ဇွန်လဆန်းကတည်းကထွက်လာတဲ့ အဲဒီ ရိက္ခာပို့ စစ်ယာဉ်တန်းကို ကမ္မတပ်ပေါင်းစု၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်းတွေ၊ အမှတ် ၈ စစ်ကြောင်းနဲ့ Local တပ်ပေါင်းစုတွေ လိုက်လံတိုက်ခိုက်နေတာကြောင့် သူတို့သွားလိုတဲ့ခရီးကို မရောက်နိုင်ဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ နောင်ချိုမြို့နယ်က နေရာ ၆ ခုမှာ စစ်တပ်နဲ့ တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်
ဇွန် ၂၈ရက်
တအာင်းပြည် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်က နေရာ ၆ ခုမှာ စစ်တပ်နဲ့ တအာင်း တပ်မတော် TNLA တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
နောင်ချိုမြို့နယ်က လုံစံ၊ မျက်ချီးနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင်နဲ့ နောင်အောကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ဘက် လေကြောင်းကနေ ဗုံး ၄၅ လုံးနဲ့ လက်နက်ကြီး ၃၂ လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
နောင်လင်နဲ့ နောင်အောကျေးရွာကြားမှာဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအလုံး ၂၀ နဲ့ လက်နက်ကြီး ၃၁ လုံး အသုံးပြုခဲ့ပြီး လုံစံကျေးရွာမှာဖြစ်တဲ့ တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် မျက်ချီးနု၊ လုံဝယ်နဲ့ လုံစံကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂၂ လုံး လာရောက်ကြဲချ ခဲ့ပြီး ဉာဏ်တောကျေးရွာဘက်ကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့ကာ တိုက်ပွဲဖြစ်နေရာမဟုတ်တဲ့ အုမ္မခါးကျေးရွာဘက်ကို လက်နက်ကြီး တလုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
ဇွန်လ ၂၆ ရက်နေ့လည်း နောင်ချိုမြို့နယ်ထဲက နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတို့မှာ စစ်ကောင်စီ တပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်နေချိန်မှာ စစ်တပ်က လက်နက်ကြီး အလုံး ၇၀ ၊ ဒရုန်းနဲ့ ဗုံး ၃၂ လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ညီနောင်မဟာမိတ် - ၃ ဘက်က တဖက်သတ်အပစ်ရပ်ကာလ တလ သက်တမ်းထပ်တိုးထားတာကို စစ်ကောင်စီဘက်က အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတာပဲဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment