၂၀၂၅ ဇွန်လ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့်မွေးနေ့၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထု “ကြောက်ရွံ့မှုမှ လွတ်မြောက်ရေး” အတွက် ဆက်လက်ကြိုးပမ်းရန်NUG ယာယီသမ္မတ တိုက်တွန်း
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ နှစ်ပြည့်မွေးနေ့သည် ပြည်သူလူထု၏ လွတ်မြောက်ရေးဆန္ဒကို ကမ္ဘာသို့ထုတ်ဖော်သည့်နေ့ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
📌 ၃။ Airbus က မြန်မာစစ်တပ်သို့ လေယာဉ်ရောင်းချသည့် တရုတ်ကုမ္ပဏီ AVI China မှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်း
📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနှစ် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် Phyu Phyu in Japanမှ Safe Hospital Safe Healthcare ကမ်ပိန်းအတွက် သိန်း ၇၀၀၀ ကျော် လှူဒါန်း
📌 ၅။ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေးမြို့လယ်တစ်နေရာမှာ လူထုလှုပ်ရှားမှု ပြုလုပ်
📌 ၆။ ဆန်ဖရန်စစ္စကိုဘေးဧရိယာတွင် နေထိုင်သည့် မြန်မာနွယ်ဖွား တိုင်းရင်းသားမိသားစုများက ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ ကျင်းပမည်
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်ငူမြို့နယ် ကမ်းနီ-ဂုံမင်းအိုင်ရွာ အနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွား၊ စစ်ကောင်စီတပ်သား၂ဦး သေဆုံး
🚩 ၂။ ပုလဲမြို့နယ် ကန်ဒေါင့်ကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း ABSDF Column -3မှ ရဲဘော် ၃ဦး ကျဆုံး
🚩 ၃။ ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေး ဘုန်းကြီးကျောင်းအနီးကို စစ်တပ်က လေယာဉ်ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၂ ဦး ထိခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့်မွေးနေ့၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထု “ကြောက်ရွံ့မှုမှ လွတ်မြောက်ရေး” အတွက် ဆက်လက်ကြိုးပမ်းရန်NUG ယာယီသမ္မတ တိုက်တွန်း
ဇွန်လ ၁၉ရက်
Radio NUG
မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ နှစ်ပြည့်မွေးနေ့အခါသမယတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက မွေးနေ့ဆုတောင်းစကားပြောကြားရာ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထု “ကြောက်ရွံ့မှုမှ လွတ်မြောက်ရေး” အတွက် ဆက်လက်ကြိုးပမ်းရန် တိုက်တွန်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးချုပ်နှောင်မှုကို ၄ နှစ်တိတိ ခံယူနေရပြီး၊ ဤကာလသည် သူမအတွက်သာမက မြန်မာနိုင်ငံနှင့် ပြည်သူလူထုအတွက်ပါ အခက်ခဲဆုံးနှင့် အကြမ်းတမ်းဆုံးအချိန်ဖြစ်ခဲ့သည်ဟု ယာယီသမ္မတက ပြောကြားထားပါတယ်။
ယာယီသမ္မတက နွေဦးတော်လှန်ရေး၏ အဓိကပန်းတိုင်များဖြစ်သည့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးကို ပြည်သူလူထုနှင့်အတူ ဆက်လက်တွန်းလှန်သွားမည်ဟု ကတိပြုထားပြီး “လူထုသဘောထားနှင့် သွေဖီသောလုပ်ရပ်များကို ဒေါ်အောင်ဆန်းစုကြည်က မလုပ်ခဲ့သလို၊ NUG အနေနှင့်လည်း ထိုသို့လုပ်ဆောင်မည်မဟုတ်” ဟု ၎င်းက အလေးအနက်ပြောကြားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်အချိန်တွင်ပင် နောက်မျိုးဆက်ခေါင်းဆောင်များက တိုင်းပြည်တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ရန် တွန့်ဆုတ်နေမည်ဆိုပါက၊ မွေးနေ့ရှင်ကိုယ်တိုင် စိတ်မကောင်းဖြစ်လိမ့်မည်ဟု ယာယီသမ္မတက သတိပေးပြောကြားခဲ့ပြီး “ပြည်သူလူထုက အားကိုးထိုက်သော မျိုးဆက်သစ်ခေါင်းဆောင်များကို လိုလားနေသည်” ဟု ဖြည့်စွက်ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (Kim) ဦးဆောင်သော “SUU 80 Birthday Campaign” ၏ ကြိုးပမ်းမှုများကို ချီးကျူးခဲ့ပြီး၊ ၎င်းလှုပ်ရှားမှုသည် ပြည်သူလူထု၏ မေတ္တာနှင့် ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်ရန် အားသစ်ဖြည့်ပေးကြောင်းး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု မရရှိသေးသည့်အချိန်တွင်ပင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသောအခါတွင်လည်း တိုင်းပြည်နှင့် လူထု၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယာယီသမ္မတမှ ဆိုထားပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် အကြီးကျယ်ဆုံး လူထုထောက်ခံမှုရရှိထားသူတစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို မွေးနေ့ရှင်မပါဘဲ ကျင်းပရသည်မှာ စိတ်မကောင်းစရာဖြစ်သော်လည်း၊ ပြည်သူလူထု၏ ဆုတောင်းမေတ္တာများကို သူမက သိမ်မွေ့စွာ ခံစားရရှိမည်ဟု ယာယီသမ္မတက ယုံကြည်ကြောင်း ပြောကြားထားပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ နှစ်ပြည့်မွေးနေ့သည် ပြည်သူလူထု၏ လွတ်မြောက်ရေးဆန္ဒကို ကမ္ဘာသို့ထုတ်ဖော်သည့်နေ့ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
ဇွန်လ ၁၉ရက်
Radio NUG
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့်မွေးနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီမှ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သဝဏ်လွှာတစ်စောင်ပေးပို့ ဂုဏ်ပြုခဲ့ပါတယ်။
သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့သည် သာမန်အခါသမယတစ်ခု မဟုတ်ဘဲ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြည်သူလူထု၏ ပြင်းပြသောဆန္ဒကို ကမ္ဘာသို့ ထုတ်ဖော်ပြသသည့် နေ့တစ်နေ့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားနှင့် ကမ္ဘာတဝန်းရှိ ပြည်သူများကလည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုကာ ၎င်းတို့၏ လေးစားမှုနှင့် ထောက်ခံမှုကို ဖော်ပြခဲ့ကြတယ်လို့ ဆိုထားပါတယ်။
၁၉၄၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် မွေးဖွားခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံမှစတင်ကာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၏ အဓိကခေါင်းဆောင်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး ဆယ်စုနှစ်များစွာ အာဏာရှင်များ၏ ဖိနှိပ်မှုနှင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကာ ပြည်သူလူထုနှင့်အတူ ဒီမိုကရေစီခရီးကို ဇွဲမလျှော့စတမ်း လျှောက်လှမ်းခဲ့သလို ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ပြည်သူလူထု၏ ခိုင်မာသော ထောက်ခံမှုကို ရရှိခဲ့တဲ့ သူမ၏ ဦးဆောင်မှုသည် မြန်မာ့သမိုင်းတွင် ထူးခြားသော ခေါင်းဆောင်တစ်ဦးအဖြစ် မှတ်တမ်းတင်ခံထားရတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
လက်ရှိတွင် စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးချုပ်နှောင်မှုကို ခံယူနေရသော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုနှင့် အတူရပ်တည်မှုသည် နွေဦးတော်လှန်ရေးကို ဆက်လက်အားဖြည့်ပေးနေသည်ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သဝဏ်လွှာတွင် ဖော်ပြထားပြီး စစ်အုပ်စုက ၎င်းအား နိုင်ငံတကာကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်မပြုခြင်းသည် သူမ၏ လူထုအပေါ် သက်ရောက်မှုကို ကြောက်ရွံ့ခြင်းကြောင့်ဖြစ်သည်ဟုလည်း ထောက်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim) ဦးဆောင်သော “SUU 80 Birthday Campaign” ၏ ကြိုးပမ်းမှုများကိုလည်း ဝန်ကြီးချုပ်က အထူးဂုဏ်ပြုခဲ့ပြီး ထိုလှုပ်ရှားမှုသည် ပြည်သူလူထု၏ မေတ္တာနှင့် ဒီမိုကရေစီအတွက် ဆက်လက်ကြိုးပမ်းရန် အားသစ်လောင်းပေးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဆုတောင်းကာ၊ အာဏာရှင်စနစ်ချုပ်ငြိမ်းသည်အထိ ပြည်သူလူထုနှင့်အတူ ပြတ်သားစွာ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ကတိပြုထားပါတယ်။
========================
📌📌 ၃။ Airbus က မြန်မာစစ်တပ်သို့ လေယာဉ်ရောင်းချသည့် တရုတ်ကုမ္ပဏီ AVI China မှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်း
ဇွန်လ ၁၉ရက်
Radio NUG
ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus သည် မြန်မာစစ်တပ်ထံ Y-12 နှင့် K-8 အပါအဝင် စစ်လေယာဉ်များ ရောင်းချပေးနေသည့် တရုတ်လက်နက်ကုမ္ပဏီ AVI China Industry & Technology Company Limited (AviChina) တွင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဤဆုံးဖြတ်ချက်ကို Justice For Myanmar၊ Info Birmanie နှင့် Blood Money Campaign အပါအဝင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများက ကြိုဆိုထောက်ခံခဲ့ပါတယ်။
Justice For Myanmar နှင့် Info Birmanie တို့က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုတွင် Airbus ၏ AviChina ရှယ်ယာပိုင်ဆိုင်မှုကို ဖော်ထုတ်ခဲ့ပြီး၊ ၎င်းသည် AviChina တွင် ၅.၀၃ ရာခိုင်နှုန်းရှယ်ယာပိုင်ဆိုင်ထားသည့် အကြီးဆုံးနိုင်ငံတကာ ရှယ်ယာရှင်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်စာရင်းအရ ဤရင်းနှီးမြှုပ်နှံမှု၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၀ သန်းရှိကြောင်း သိရပါတယ်။
Airbus ၏ ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းမှုသည် ကမ္ဘာတဝန်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ သပိတ်အဖွဲ့များ၊ ကုန်သွယ်ရေးသမဂ္ဂများနှင့် တက်ကြွလှုပ်ရှားသူများ၏ ဖိအားပေးမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်းတို့က Airbus အား Aviation Industry Corporation of China (AVIC) ၏ ကုမ္ပဏီခွဲဖြစ်သည့် AviChina နှင့် စီးပွားရေးဆက်ဆံမှုများ ရပ်တန့်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန် တောင်းဆိုခဲ့ကြပါတယ်။
AviChina သည် မြန်မာစစ်တပ်ထံ K-8 လေ့ကျင့်ရေးနှင့် အပေါ့စားတိုက်ခိုက်ရေးလေယာဉ်များနှင့် Y-12 ဘက်စုံသုံးလေယာဉ်များ အပါအဝင် လေယာဉ်များ၊ ဆက်စပ်ပစ္စည်းများနှင့် နည်းပညာများ ရောင်းချပေးအပ်ခဲ့ပြီး မြန်မာစစ်တပ်သည် ထိုလေယာဉ်များကို အသုံးပြု၍ နိုင်ငံတဝန်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း အဖွဲ့အစည်းများက ထောက်ပြထားပါတယ်။
Airbus က ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် အပြီးသတ်ရုပ်သိမ်းခဲ့ပြီး၊ ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက “Airbus SE အနေဖြင့် AVI China Industry & Technology Company Limited မှ ရှယ်ယာအားလုံးကို ရောင်းချပြီးဖြစ်သည်။ Airbus သည် AVIC တွင် မည်သည့်ရင်းနှီးမြှုပ်နှံမှုမှ မရှိတော့ပါ” ဟု Justice For Myanmar နှင့် Info Birmanie သို့ အီးမေးလ်ဖြင့် အတည်ပြုထားပါတယ်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Airbus ၏ ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းမှုသည် မြန်မာစစ်တပ်သို့ စစ်လေယာဉ်များနှင့် ဆက်စပ်လက်နက်များ ထောက်ပံ့ပေးနေသည့် AVIC နှင့် တရုတ်အစိုးရအတွက် ဘဏ္ဍာရေးနှင့် ဂုဏ်သိက္ခာဆိုင်ရာ ပေးဆပ်မှုများရှိမည်ဖြစ်ကြောင်း ပြတ်သားစွာ သတိပေးလိုက်ခြင်းဖြစ်သည်” ဟု ပြောကြားထားပါတယ်။
Info Birmanie ၏ ညှိနှိုင်းရေးမှူး ဂျိုဟန်နာချာဒွန်နီးရပ်စ်က “ဤရုပ်သိမ်းမှုသည် မြန်မာစစ်တပ်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပတ်သက်နေသည့် ဥရောပကုမ္ပဏီများအပါအဝင် အခြားကုမ္ပဏီများအတွက် သတိပေးချက်တစ်ခုဖြစ်ရမည်” ဟု ထောက်ပြထားပါတယ်။
Blood Money Campaign ၏ ပြောရေးဆိုခွင့်ရှိသူ မူလန်ကလည်း “အကြမ်းဖက်စစ်အုပ်စုသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် AVIC နှင့် AviChina ထံမှ အဓိကထောက်ပံ့မှုရယူနေသည်။ Airbus အနေဖြင့် စီးပွားရေးနှင့် လူ့အခွင့်အရေးစံနှုန်းများကို ဆက်လက်ခိုင်မာစွာ လိုက်နာရန် လိုအပ်သည်” ဟု ပြောကြားထားပါတယ်။
========================
📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနှစ် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် Phyu Phyu in Japanမှ Safe Hospital Safe Healthcare ကမ်ပိန်းအတွက် သိန်း ၇၀၀၀ ကျော် လှူဒါန်း
ဇွန်လ ၁၉ ရက်
Radio NUG
ဇွန်လ ၁၉ရက်နေ့တွင် ကျရောက်တဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ အနှစ် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် Phyu Phyu in Japan ပွဲမှရရှိတဲ့ ရန်ပုံငွေများထဲမှ အမျိုးသားညီညွတ်ရေး အစိုးရ ကျန်းမာရေးဝန်ကြီးဌာနရဲ့ Safe Hospital Safe Healthcare ကမ်ပိန်း အတွက် လက်ရှိ project ပြည့်မီရန် ကျန်ရှိနေသော ၄၀% (USD 160,000) မြန်မာငွေကျပ် သိန်း ၇၀၀၀ ကျော်ကို ပါဝင်အားဖြည့်လှူဒါန်းကြောင်း အသိပေးထုတ်ပြန်ပါတယ်။
အဆိုပါ ကမ်ပိန်းသည် စစ်ကောင်စီရဲ့ လေကြောင်းပစ်မှတ်ထားနေတဲ့ ဒေသတွေမှာ လေကြောင်းဒဏ်ခံနိုင်တဲ့ ဆေးရုံတွေ တည်ဆောက်နိုင်ဖို့ ကြိုးစားနေတဲ့ ကမ်ပိန်း ဖြစ်တာကြောင့် ကမ်ပိန်း အောင်မြင်မှသာလျှင် လူအသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေးမြို့လယ်တစ်နေရာမှာ လူထုလှုပ်ရှားမှု ပြုလုပ်
ဇွန်လ ၁၉ရက်
Radio NUG
ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေးမြို့လယ်တစ်နေရာမှာ လူထုလှုပ်ရှားမှု တစ်ခုကို ပြည်သူများနဲ့အတူ ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း မန္တလေးသပိတ်အင်အားစုမှ သတင်းထုတ်ပြန်ပါတယ်။
" လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ယုံကြည်ချက်အတွက်၊ စစ်အာဏာရှင်လက်က တိုင်းပြည်လွတ်မြောက်ရေးအတွက် ဒီအသက်အရွယ်ထိ ဆက်လက် ကြိုးပမ်းထမ်းရွက်နေဆဲပါ။ အကျဉ်းထောင်တွေထဲက ခေါင်းဆောင်တွေ၊ ရဲဘော်တွေကတောင် မဆုတ်မနစ်တိုက်ပွဲဝင်နေကြချိန်မှာ အကျယ်ထောင်က ပြည်သူလူထုအနေနဲ့ကလည်း တော်လှန်ရေးမှတပါး အခြားမရှိပါဘူး။" လို့ အသိပေးထားပါတယ်။
သံတမန်ရေးတိုက်ပွဲ၊ ဘဏ္ဍာရေးတိုက်ပွဲ၊ စိတ်ဓာတ်ရေးရာတိုက်ပွဲ၊ ဘူးသပိတ်တိုက်ပွဲတို့အပါအဝင် လူထုလူတန်းစား အလွှာအားလုံးက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုလှုပ်ရှားမှုတွေ ဆက်လက် ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။
========================
📌📌 ၆။ ဆန်ဖရန်စစ္စကိုဘေးဧရိယာတွင် နေထိုင်သည့် မြန်မာနွယ်ဖွား တိုင်းရင်းသားမိသားစုများက ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ ကျင်းပမည်
ဇွန်လ ၁၉ရက်
Radio NUG
မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်၊ မြောက်ပိုင်းကယ်လီဖိုးနီးယားရှိ ဆန်ဖရန်စစ္စကိုဘေးဧရိယာတွင် နေထိုင်သည့် မြန်မာနွယ်ဖွား တိုင်းရင်းသားမိသားစုများက “Suu80” ဆုတောင်းပွဲကို ဇွန်လ ၂၁ ရက်၊ ညနေ ၄ နာရီခွဲမှ ၇ နာရီခွဲအထိ ဆန်ဖရန်စစ္စကို မြန်မာကွန်မြူနတီနှင့် ယဉ်ကျေးမှုစင်တာတွင် ကျင်းပမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
အဆိုပါ ဆုတောင်းပွဲသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး၊ လူငယ်များ ဦးဆောင်ပါဝင်နိုင်ရန် အထူးစီစဉ်ထားကာ ဒေါ်အောင်ဆန်းစုကြည်၏ ဘဝနှင့် လှုပ်ရှားမှုများကို ရုပ်သံဖြင့် ပြသခြင်း၊ ဆွေးနွေးဖလှယ်ခြင်း၊ ကလေးများမှ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အကဖျော်ဖြေမှုနှင့် ဂီတတင်ဆက်မှုများ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ထို့ပြင်၊ စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းမှုများ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေစီစဉ်မှုများလည်း ထည့်သွင်းထားပြီး ပွဲအပြီးတွင် မွေးနေ့ကိတ်မုန့်ဖြတ်တောက်ခြင်းနှင့်အတူ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူများ ဘေးရန်ကင်းဝေးကာ အမြန်ဆုံး လွတ်မြောက်ငြိမ်းချမ်းစေရေး ဆီမီးထွန်းညှိ ဆုတောင်းကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်ငူမြို့နယ် ကမ်းနီ-ဂုံမင်းအိုင်ရွာ အနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွား၊ စစ်ကောင်စီတပ်သား၂ဦး သေဆုံး
ဇွန်လ ၁၉ရက်
Radio NUG
ဇွန်လ ၁၇ရက်နေ့ နံနက် ၇နာရီ ၂၁မိနစ်မှ ၉နာရီအထိ တောင်ငူခရိုင်၊ တပ်မဟာ(၂)၊ တပ်ရင်း (၅) လက်အောက်ခံ People Defence Force Thandaung အဖွဲ့၊ တပ်ရင်း (၅) လက်အောက်ခံပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီ၏ လမ်းကင်းတို့ ကမ်းနီ-ဂုံမင်းအိုင်ရွာ အနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ ထိတွေ့မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦး သေဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေးရဲဘော်များ ထိခိုက်ကျဆုံးမှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ် လမ်းကင်း၏ စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ပုလဲမြို့နယ် ကန်ဒေါင့်ကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း ABSDF Column -3မှ ရဲဘော် ၃ဦး ကျဆုံး
ဇွန်လ ၁၉ရက်
Radio NUG
ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ဇွန်လ ၁၉ ရက်၊ ၂၀၂၅ နံနက် ၆ နာရီ ၄၀ မိနစ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA မှ ဦးဆောင်ပြီး မဟာမိတ်တပ်ပေါင်းစုနှင့် အတူတကွ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
စခန်းသိမ်းတိုက်ပွဲ နောက်ဆက်တွဲ သတင်းများကို သတင်းထပ်မံထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ၊ အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းမှ ရဲဘော် ၃ဦး ပုလဲမြို့နယ် ကန်ဒေါင့်ကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ရဲဘော်ထိုက်ကြီး(ခ)သန်းထိုက်အောင် ၊ ရဲဘော် ကျောင်းသားလေး(ခ) ချစ်ဇော်ဖြိုး ၊ ရဲဘော် ဂျိမ်းမောင်တို့သည် ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ ညနေ ၅နာရီ မိနစ် ၂၀ ဝန်းကျင်အချိန်တွင် မဟာမိတ်တပ်များနှင့်ပူးပေါင်း၍ စခန်းသိမ်းတိုက်ပွဲဆင်နွဲနေသည့် ပုလဲမြို့နယ် ကန်ဒေါင့်ကျေးရွာရှိ ရန်သူ့တပ်စခန်းအား သိမ်းပိုက်နေစဥ် ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးတိုက်ပွဲတွင် ဂုဏ်ပြောင်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေး ဘုန်းကြီးကျောင်းအနီးကို စစ်တပ်က လေယာဉ်ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၂ ဦး ထိခိုက်
ဇွန်လ ၁၉ရက်
Radio NUG
ဇွန်လ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၁၇ မိနစ်ခန့်တွင် ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးကျေးရွာရှိ ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက် စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးက ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ထိုတိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းနှင့် ဇွန်လ ၁၈ ရက် ညပိုင်းတွင် မှော်ဝမ်းလေးကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲများလည်း ဖြစ်ပွားခဲ့ပြီး ဖားကန့်တပ်မကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment