၂၀၂၅ ဇူလိုင်လ ၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေ ဆန္ဒပြတဲ့နေရာတွေကို ရှောင်ရှားကြဖို့နဲ့ ထိုင်းနိုင်ငံရေး လှုပ်ရှားမှုတွေမှာ ဝင်မပါဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း
📌 ၂။ ငလျင်ဘေးတုံ့ပြန်ရေးအစီအစဉ်အတွက် လိုအပ်တဲ့ရန်ပုံငွေ၏ ၃၆ ရာခိုင်နှုန်းခန့်သာရရှိထားပြီး လူပေါင်းများစွာဟာ ပြန်လည်ထူထောင်ဖို့အတွက် ခက်ခဲနေဆဲဖြစ်
📌 ၃။ ကရင်နီပြည်နယ်နှင့်ကယန်းဒေသအတွင်း စကစကလေကြောင်းတိုက်ခိုက်မှု ( ၁၉၅၅ )ကြိမ်ရှိခဲ့ပြီး အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ( ၅၈၀) ဦးရှိခဲ့
📌 ၄။ PDF Zolandမှ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသားများ စတင်လက်ခံ
📌 ၅။ ဒူးပလာယာခရိုင်၌ ကော်သူးလေ စုပေါင်းသစ်ပင်စိုက်နေ့ အခမ်းအနားကျင်းပ
📌 ၆။ ”ဆဲဗင်းဂျုလိုင်- ကျောင်းသားအရေးတော်ပုံအထိမ်းအမှတ် ဆန္ဒပြပွဲ"ကို ကိုရီးယားနိုင်ငံ ဘူဆန်မြို့နဲ့ ဒယ်ဂူးမြို့တို့မှာ ကျင်းပမည်
📌 ၇။ ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၁ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်သာနယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရမ်းကားပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦးသေဆုံး
🚩 ၂။ ပြည်ခရိုင်နဲ့ တောင်ငူခရိုင်ကို ဆက်သွယ်ထားတဲ့ ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းကိုစစ်အုပ်စုက ဖြတ်တောက်ဖျက်ဆီး
🚩 ၃။ ကန့်ဘလူမြို့နယ်၊ထန်းကုန်းမှထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူများ အုတ်ဖိုရွာနှင့် ခေါ်သန္တီရွာရှိ ပြည်သူများအား အတင်းအဓမ္မပေါ်တာဆွဲပြီး ထန်းကုန်းရွာထဲသို့ ဖမ်းဆီးခေါ်ဆောင်သွား
🚩 ၄။ မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်သားနဲ့ ပျူစောထီး ၂၀ ခန့်သေဆုံး
🚩 ၅။ မင်းလှမြို့နယ်က ဇရစ်မျှောင်ရွာကို စစ်တပ်က နောက်တကြိမ် မီးရှို့ဖျက်ဆီး
🚩 ၆။ ပခုက္ကူတပ်မ ၁၀၁ ကနေ ရေစကြိုမြို့မှာရှိတဲ့ ခလရ ၂၅၈ တပ်ကို ပို့မယ့် ရိက္ခာတွေနဲ့အတူ ကားတစီး သိမ်းဆည်းရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေ ဆန္ဒပြတဲ့နေရာတွေကို ရှောင်ရှားကြဖို့နဲ့ ထိုင်းနိုင်ငံရေး လှုပ်ရှားမှုတွေမှာ ဝင်မပါဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း
ဇူလိုင်လ ၂ရက်
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေ ဆန္ဒပြတဲ့နေရာတွေကို ရှောင်ရှားကြဖို့နဲ့ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဝင်မပါဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံအတွင်း နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို အသိပေး မေတ္တာရပ်ခံတဲ့ ထုတ်ပြန်ချက်တစောင်ကို ဒီနေ့ ဇူလိုင်လ ၂ ရက် ထုတ်ပြန်ရာမှာ အခုလို တိုက်တွန်းနှိုးဆော်လိုက်တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအရပ်ရပ်နဲ့ပတ်သက်လို့ မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ အခုလို အသိပေးလိုက်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် မလွှဲသာမရှောင်သာ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေရတာဖြစ်တဲ့အတွက် မိမိတို့ယာယီခိုလှုံနေထိုင်တဲ့ နိုင်ငံရဲ့ ဥပဒေ၊ ဒေသန္တရ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို အတတ်နိုင်ဆုံး လိုက်နာဖို့လိုတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာနိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ သဟဇာတဖြစ်အောင်နေထိုင်ဖို့ အလွန်အရေးကြီးတဲ့အတွက် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အဖက်ဖက်ကနေ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်ရက်စက်နေမှုတွေကြောင့် ထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူတွေ မဟုတ်ဘူးလို့ ထိုင်းအစိုးရကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက တဆက်တည်း အသိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းအကြမ်းဖက်မှုတွေကို အောင်မြင်စွာဖယ်ရှားပြီးချိန်မှာ အမိမြန်မာနိုင်ငံ ကို ပြန်လည်နေထိုင်ကြမယ့်သူတွေဖြစ်တဲ့အတွက် လတ်တလောယာယီနေထိုင်ခွင့်ပေးထားတဲ့ မြန်မာနိုင်ငံသားတွေ ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရက ထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ ထိုင်းတပ်မတော်နဲ့ ထိုင်းပြည်သူလူထုကို အထူးကျေးဇူးတင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ ယာယီခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းလူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံတွေကို လေးစားလိုက်နာပြီး သဟဇာတဖြစ်အောင် နေထိုင်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရဘက်က ကြိုးစားဆောင်ရွက်နေ တဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ဆက်လက် ကူညီစောင့် ရှောက်ပေးဖို့လည်း ထိုင်းအစိုးရကို မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၂။ ငလျင်ဘေးတုံ့ပြန်ရေးအစီအစဉ်အတွက် လိုအပ်တဲ့ရန်ပုံငွေ၏ ၃၆ ရာခိုင်နှုန်းခန့်သာရရှိထားပြီး လူပေါင်းများစွာဟာ ပြန်လည်ထူထောင်ဖို့အတွက် ခက်ခဲနေဆဲဖြစ်
ဇူလိုင် ၂ရက်
မြန်မာနိုင်ငံ ငလျင်ဘေးတုံ့ပြန်ရေးအစီအစဉ်အတွက် လိုအပ်တဲ့ရန်ပုံငွေ၏၃၆ ရာခိုင်နှုန်းခန့်သာရရှိထားပြီး လူပေါင်းများစွာဟာ ပြန်လည်ထူထောင်ဖို့အတွက် ခက်ခဲနေဆဲ ဖြစ်တယ်လို့ UN OCHA Myanmar ကထုတ်ပြန်ပါတယ်။
"မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့သဘာ၀ဘေးအန္တရာယ်တွေအပြင် ရန်ပုံငွေမလုံလောက်မှုတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေး လုပ်ငန်းတွေအတွက် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေပါတယ်။
ငလျင်ဘေးတုံ့ပြန်ရေးအစီအစဉ်အတွက် လိုအပ်တဲ့ရန်ပုံငွေရဲ့ ၃၆ ရာခိုင်နှုန်းခန့်သာရရှိထားပြီး လူပေါင်းများစွာဟာ ပြန်လည်ထူထောင်ဖို့အတွက် ခက်ခဲနေကြရဆဲဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ်မတ်လ၂၈ရက်မွန်းလွဲပိုင်းလှုပ်ခတ်ခဲ့သောစစ်ကိုင်းငလျင်ကြောင့် လူဦးရေသုံးထောင်ကျော်အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ်နဲ့အဆောက်အအုံအများစုပြိုကျပျက်စီးခဲ့ရပါတယ်။
========================
📌📌 ၃။ ကရင်နီပြည်နယ်နှင့်ကယန်းဒေသအတွင်း စကစကလေကြောင်းတိုက်ခိုက်မှု ( ၁၉၅၅ )ကြိမ်ရှိခဲ့ပြီး အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ( ၅၈၀) ဦးရှိခဲ့
ဇူလိုင်၂ရက်
ကရင်နီပြည်နယ်နှင့်ကယန်းဒေသအတွင်း စကစကလေကြောင်းတိုက်ခိုက်မှု ( ၁၉၅၅ )ကြိမ်ရှိခဲ့ပြီး အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ( ၅၈၀) ဦးရှိခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုPKPF ကသတင်းထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုအာဏာသိမ်းစ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ )ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၃၀ )ရက်နေ့အထိ ကရင်နီပြည်နယ်နှင့်ကယန်းဒေသအတွင်း စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရတာနဲ့ပတ်သက်ပြီး ထုတ်ပြန်ရာတွင်ဖော်ပြပါတယ်။
စကစကြောင့် အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ( ၅၈၀) ဦးရှိခဲ့ပြီး စစ်ရှောင်သေဆုံးသူ ( ၁၇၇ )ဦး၊လေကြောင်းတိုက်ခိုက်မှု ( ၁၉၅၅ )ကြိမ်၊ ဘာသာရေးအဆောက်အုံပျက်စီးခံမှု (၅၇)လုံး၊ ပျက်စီးသွားသည့်အိမ် (၃၁၀၇ ) လုံး၊ ပျက်စီးသော ဆေးရုံ၊ဆေးခန်းများ (၁၇)လုံး၊ ပျက်စီးသွား စာသင်ကျောင်းများ (၂၉ )လုံးရှိခဲ့တယ်လို့သိရပါတယ်။
ထို့အပြင်တိုက်ပွဲအကြိမ်အရေ ( ၁၃၆၇ ) ကြိမ်ဖြစ်ပွားခဲ့ပြီးစကစသေဆုံးသူ (၃၈၇၆) ဦး၊ KNDF/PDF/KA ကျဆုံးသူ ( ၈၀၁ ) ဦး၊စကစယာဥ်တန်ပျက်စီးမှု (၆၈) စီး၊ စကစ တိုက်လေယာဥ်ပျက်စီးမှု ( ၃ ) စီး၊ မတရားဖမ်းဆီးခံရသူ (၁၆၀) ဦးရှိခဲ့ပါတယ်။
========================
📌📌 ၄။ PDF Zolandမှ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသားများ စတင်လက်ခံ
ဇူလိုင်၂ရက်
PDF Zolandမှ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသားများ စတင်လက်ခံနေပြီဖြစ်ကြောင်း အသိပေးဆိုပါတယ်။
PDF Zolandမှ နိုင်ငံ့တာဝန်ထမ်းဆောင်ရန် အခြေခံစစ်ပညာသင်တန်းအပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေပြီဖြစ်တယ်လို့ ဇူလိုင်၂ရက်မှာ အသိပေးကြေညာပါတယ်။
ပြည်ချစ်လူငယ်တွေအတွက် စကစတွန်းလှန်ရန်စာရင်းပေးသွင်းနိုင်ပြီလို့ PDF Zolandမှအသိပေးဆိုထားပါတယ်။
========================
📌📌 ၅။ ဒူးပလာယာခရိုင်၌ ကော်သူးလေ စုပေါင်းသစ်ပင်စိုက်နေ့ အခမ်းအနားကျင်းပ
ဇူလိုင်၂ရက်
၂၀၂၅ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် ကျရောက်သော ကော်သူးလေ စုပေါင်းသစ်ပင်စိုက်ခြင်းနေ့အား ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေရှိ ခရိုင်အသီးသီးတွင် စုပေါင်းကျင်းပခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
ဇူလိုင်လ (၁) ရက်နေ့မှ (၃၀) ရက်နေ့အထိကျရောက်သော ကော်သူးလေသစ်ပင်စိုက်ခြင်းလ (Kawthoolei Tree Planting Month) ဖြစ်သည့်အတွက် သစ်တောသည် ငါတို့ဘဝ၊ ငါတို့ဘဝသည် သစ်တောနဲ့အတူ တည်ရှိမည်ဆိုသည့် ဆောင်ပုဒ်ဖြင့် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၏ သစ်တောဌာနမှ ဦးစီး၍ ဌာနဆိုင်ရာ တာဝန်ရှိခေါင်းဆောင်များနှင့် လုပ်သားများ၊ ကျေးရွာအုပ်စုရှိ ရွာသူရွာသားများနှင့် ကျောင်းသူကျောင်းသားများ စုပေါင်းကာ ကော်သူးလေ စုပေါင်းသစ်ပင်စိုက်နေ့ အခမ်းအနားအား တက်ရောက်ဂုဏ်ပြု ကျင်းပခဲ့ပါတယ်။
သစ်ပင်များသည် လူသားများနှင့် သားရဲတိရိစ္ဆာန်များ၏ နေ့စဥ်အသက်ရှင်နေထိုင်နိုင်မှုအတွက်သော်လည်းကောင်း၊ စိမ်းလန်းစိုပြေပြီး သာယာအေးချမ်းလှသော တိုင်းပြည်တစ်ပြည် ဖြစ်ဖို့ရန် ရေမြေတောတောင် သဘာဝ ဇီဝမျိုးစုံ မျိုးကွဲ မပျက်သုဥ်းစေရန် အထူးပင် အရေးကြီးတယ်လို့ KNUကထုတ်ပြန်ပါတယ်။
========================
📌📌 ၆။ ”ဆဲဗင်းဂျုလိုင်- ကျောင်းသားအရေးတော်ပုံအထိမ်းအမှတ် ဆန္ဒပြပွဲ"ကို ကိုရီးယားနိုင်ငံ ဘူဆန်မြို့နဲ့ ဒယ်ဂူးမြို့တို့မှာ ကျင်းပမည်
ဇူလိုင်၂ရက်
"ဆဲဗင်းဂျုလိုင်- ကျောင်းသားအရေးတော်ပုံအထိမ်းအမှတ် ဆန္ဒပြပွဲ"ကိုကိုရီးယားနိုင်ငံ ဘူဆန်မြို့နဲ့ ဒယ်ဂူးမြို့တို့မှာ ကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။
လာမယ့် ဂျူလိုင်၇ရက်နေ့ (တနင်္ဂနွေနေ့) မှာ "7Julyကျောင်းသားအရေးတော်ပုံ" အထိမ်းအမှတ် ဆန္ဒပြပွဲကို ဘူဆန်မြို့နဲ့ ဒယ်ဂူးမြို့တို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ဘူဆန်မြို့၊ ဘူဆန်ဘူတာရင်ပြင်ရှေ့မှာတော့ မနက် ၁၁နာ၇ီကနေ မွန်းတည့် ၁၂ နာရီအထိ ဖြစ်ပြီးတော့၊ ဒယ်ဂူးမြို့မှာတော့ နေ့လည် ၃နာရီမှ ညနေ၅နာရီအထိ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဘူဆန်၊ ဒယ်ဂူး အနီးတဝှိုက်မှ တော်လှန်ညီအစ်ကိုမောင်နှမများ၊ တောင်ကိုရီးယားနိုင်ငံအနှံ့မှ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ လာရောက်ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။
7 July မမေ့နိုင်ဆိုတဲ့ ကျောင်းသားအရေးတော်ပုံဟာ၁၉၆၂ ဇူလိုင် ၇ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေ၊ ဆရာတွေ၊ အလုပ်သမားတွေနဲ့ ပြည်သူသူတွေကို စစ်အုပ်စုကသတ်ဖြတ်၊ ဖမ်းဆီး၊ နှိမ်နင်းခဲ့ကြပါတယ်။
========================
📌📌 ၇။ ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၁ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့
ဇူလိုင်၂ရက်
ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီး၊မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၁ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ကသတင်းထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၀၀:၄၉ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၁ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ဖော်ပြပါတယ်။
ငလျင်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန်အသိပေးနှိုးဆော်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်သာနယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရမ်းကားပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦးသေဆုံး
ဇူလိုင်၂ရက်
မန္တလေးတိုင်းထဲက ညောင်ဦးနဲ့ တောင်သာမြို့နယ်အစပ်ကရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းရဲ့ ရမ်းကားပစ်ခတ်မှုကြောင့် တောင်သာနယ်က အရပ်သား ပြည်သူ ၄ ဦး သေဆုံးခဲ့ရတယ်လို့ တောင်သာမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
ညောင်ဦးနဲ့ တောင်သာမြို့နယ်အစပ်ကရွာတွေက ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးလာနေတဲ့ စစ်ကောင်စီရဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝိုင်းပြီး တိုက်ခိုက်ခဲ့ရာမှာလည်း စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူ များတယ်လို့ ဆိုပါတယ်။
ညောင်ဦးမြို့နယ် ငါ့သရောက်တိုက်နယ်ကျေးရွာကနေ ဇွန်လ ၂၆ ရက်က စစ်ကြောင်းထိုးဖို့ထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်တပ်စစ်ကြောင်းဟာ ကမ္မရွာ၊ ဈေးမကြီးရွာ၊ ဆင်သားမွေးရွာ၊ တောပြားရွာ၊ သနပ်ပင်ရွာက ပြည်သူပိုင်အိမ်တွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက် ညောင်ဦးမြို့နယ်နဲ့ ထိစပ်နေတဲ့ တောင်သာမြို့နယ် အနောက်ခြမ်းကကျေးရွာတွေကို စစ်ကြောင်းဦးတည်ခဲ့တယ်လို့ သိရပါတယ်။
တောင်သာမြို့နယ် အနောက်ခြမ်းကျေးရွာတွေကို ဦးတည်လာတဲ့ အဲဒီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သွားရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းဟာ လမ်းကြောင်းပြောင်းသွားခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီစစ်ကြောင်းကိုကူဖို့ မြင်းခြံကနေ အင်အားဖြည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေဟာ တောင်သာမြို့နယ် ထန်းပင်ကန်ရွာကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် သီးကုန်းရွာက ပြည်သူပိုင်အိမ်တွေပေါ်ကျပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ညောင်ဦး - တောင်သာနယ်စပ်မျဉ်းအတိုင်း စစ်ကြောင်းထိုးသွားပြီး ကင်းဇလုပ်ကျေးရွာကို ရောက်ရှိလာတာကြောင့် တော်လှန်ရေးအဖွဲ့တွေက ဇွန်လ ၂၇ ရက်နေ့မှာ စစ်ကြောင်း ၃ ခုခွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေအပါအဝင် ဒရုန်းတွေနဲ့ ဖြတ်တောက်တိုက်ခိုက် နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကလည်း MI 35 ရဟတ်ယာဉ် ၂ စင်းနဲ့ လာရောက်ပစ်ကူပေးခဲ့သလို အထိနာသွားတဲ့ စစ်တပ်စစ်ကြောင်း က ကင်းဇလုပ်ရွာက ပြည်သူပိုင်အိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန်လ ၂၈ ရက် မနက်အစောပိုင်းမှာ ငါ့သရောက်ရဲစခန်းကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲနဲ့အတူ နေပြည်တော် ၈၀၁ တပ်ရင်း၊ မိတ္ထီလာ တော်လှန်ရေးအင်အားစု၊ DSNDA ပြည်သူ့ကာကွယ်ရေးတပ်တော်၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် - ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၂။ ပြည်ခရိုင်နဲ့ တောင်ငူခရိုင်ကို ဆက်သွယ်ထားတဲ့ ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းကိုစစ်အုပ်စုက ဖြတ်တောက်ဖျက်ဆီး
ဇူလိုင်၂ရက်
ပြည်ခရိုင်နဲ့ တောင်ငူခရိုင်ကို ဆက်သွယ်ထားတဲ့ ပေါက်ခေါင်း-အုတ်တွင်းလမ်းပိုင်းကိုစစ်အုပ်စုက ဖြတ်တောက်ဖျက်ဆီးလိုက်ပါတယ်။
ပြည်ခရိုင်နဲ့ တောင်ငူခရိုင်ကို ဆက်သွယ်ထားတဲ့ ပဲခူးရိုးမဖြတ်ကျော် ပေါက်ခေါင်း-အုတ်တွင်းလမ်းကို စစ်ကောင်စီက ဇွန်လ ၃၀ရက်နေ့နဲ့ ဇူလိုင်လ ၁ရက်နေ့မှာ ဖြတ်တောက်ဖျက်ဆီးခဲ့တယ်လို့ pyay underground newspugn ကဖော်ပြပါတယ်။
ဒီလိုလမ်းပိုင်းကို ဖြတ်တောက်ဖျက်ဆီးလိုက်တာဟာ ပြည်ခရိုင်တွင်းက ဒေသတွင်းပြည်သူတွေ အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်တာလို့သိရပါတယ်။
အကြမ်းဖက်စကစတပ်များဟာ နယ်မြို့များမှာအရပ်သားနေအိမ်များကိုမီးရှို့ခြင်း၊အရပ်သားများကိုဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းတို့ ကျူးလွန်လျက်ရှိနေပါတယ်။
========================
🚩🚩 ၃။ ကန့်ဘလူမြို့နယ်၊ထန်းကုန်းမှထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူများ အုတ်ဖိုရွာနှင့် ခေါ်သန္တီရွာရှိ ပြည်သူများအား အတင်းအဓမ္မပေါ်တာဆွဲပြီး ထန်းကုန်းရွာထဲသို့ ဖမ်းဆီးခေါ်ဆောင်သွား
ဇူလိုင်၂ရက်
ကန့်ဘလူမြို့နယ်၊ထန်းကုန်းမှထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူများ အုတ်ဖိုရွာ နှင့် ခေါ်သန္တီရွာရှိ ပြည်သူများအား အတင်းအဓမ္မပေါ်တာဆွဲပြီး ထန်းကုန်းရွာထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အတည်ပြုထားပါတယ်။
ဇူလိုင်၂ရက်မနက်၇နာရီ၄၅အချိန်ကန့်ဘလူမြို့နယ်၊ထန်းကုန်းမှထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူများသည် အုတ်ဖိုရွာနှင့် ခေါ်သန္တီရွာရှိ ပြည်သူများအား အတင်းအဓမ္မပေါ်တာဆွဲပြီး ထန်းကုန်းရွာထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိတယ်လို့ဖော်ပြပါတယ်။
ကန့်ဘလူမြို့နယ်တွင် ၃ ရက်ဆက်တိုက် စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးလူသတ်ခဲ့သော စစ်ကောင်စီတပ်နှင့် ပျူစောထီးစုပေါင်းအင်အား သည်၁၀၀နီးပါးရှိပြီး ကျေးရွာများသို့လှည့်လည်ဝင်ထွက်လျက်ရှိပါတယ်။
ထိုစစ်ကြောင်းကြောင့် သပြေသာ၊ကျောင်းကုန်းနှင့် အနီးအနား ရှိကျေးရွာများမှ ပြည်သူ ၈၀၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
========================
🚩🚩 ၄။ မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်သားနဲ့ ပျူစောထီး ၂၀ ခန့်သေဆုံး
ဇူလိုင်၂ရက်
မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက စစ်ကောင်စီလက်ပါးစေ မြောက်ခင်ရန်းပျူစောထီးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ ပျူ ၂၀ ဦးခန့် သေဆုံးသွားတယ်လို့ Ah Nyar Heroes အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၉ ရက်နေ့က မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ Ah Nyar Heroes အဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံတွေရဲ့ ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ရဲဘော် ၂ ယောက်အတွက် လက်တုန့်ပြန့်တဲ့အနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Ah Nyar Heroes က အသိပေးထားပါတယ်။
Ah Nyar Heroes အဖွဲ့အနေနဲ့ ခြေသံလုံလုံနဲ့ တိတ်တဆိတ်လှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်နေပြီဖြစ်တာမို့ မိဘပြည်သူတွေအနေနဲ့ အားတင်းထားကြဖို့နဲ့ ကူညီပေးသူတွေကို ကျေးဇူးတင်ကြောင်း အဲဒီအဖွဲ့က ပြောကြားထားပါတယ်။
========================
🚩🚩 ၅။ မင်းလှမြို့နယ်က ဇရစ်မျှောင်ရွာကို စစ်တပ်က နောက်တကြိမ် မီးရှို့ဖျက်ဆီး
ဇူလိုင်၂ရက်
ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ် ခွက်မအုပ်စုထဲမှာပါတဲ့ ဇရစ်မျှောင်ရွာကို ဒီနေ့ ဇူလိုင်လ ၂ရက် မနက် ၁၁ နာရီခန့်မှာ စစ်ကောင်စီတပ်က နောက်တကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ဇရစ်မျှောင်ရွာကို စစ်သားတွေမီးရှို့နေတာကြောင့် မီးခိုးလုံးကြီးတွေ တက်လာတာကို အဝေးကမြင်ရတယ်လို့ဆိုပါတယ်။
ရွာသားတွေမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေချိန်မှာ စစ်သားတွေ မီးရှို့ဖျက်ဆီးသွားတာလို့ သိရပါတယ်။
ဇရစ်မျှောင်ရွာအရှေ့ကုန်းကို စစ်ကောင်စီတပ်က ဧပြီ ၃၀တုန်းကလည်း မီးတင်ရှို့ခဲ့ပြီး ကျန်တဲ့ ပြည်သူပိုင် အိမ်တွေကို ထပ်ပြီး မီးရှို့ဖျက်ဆီးနေတာလို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ MinhlaThadin အဖွဲ့ က အသိပေးထားပါတယ်။
မင်းလှမြို့နယ်အတွင်းမှာ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတွေအပါအဝင် စစ်တပ်အရာရှိတွေ တိုက်ပွဲမှာသေဆုံး သွားတာကြောင့် အကြမ်းဖက်စစ်တပ်ဟာ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး ဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၆။ ပခုက္ကူတပ်မ ၁၀၁ ကနေ ရေစကြိုမြို့မှာရှိတဲ့ ခလရ ၂၅၈ တပ်ကို ပို့မယ့် ရိက္ခာတွေနဲ့အတူ ကားတစီး သိမ်းဆည်းရရှိ
ဇူလိုင်၂ရက်
မကွေးတိုင်း ပခုက္ကူမြို့မှာအခြေစိုက်တဲ့ တပ်မ ၁၀၁ ကနေ ရေစကြိုမြို့မှာရှိတဲ့ ခလရ ၂၅၈ တပ်ရင်းကိုပို့မယ့် ရိက္ခာတွေနဲ့ အတူ မှန်လုံယာဉ်တစီးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ကအသိပေးထုတ်ပြန် ပါတယ်။
ဒီနေ့ ဇူလိုင်လ ၂ ရက် မနက် ၉ နာရီခန့်အချိန်မှာ ရေစကြိုမြို့နယ်အပိုင်ထဲက ရေစကြို - ပခုက္ကူကားလမ်းတနေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှောင်တခင်စစ်ဆေးနေချိန်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
တပ်မ ၁၀၁ ကနေ ခလရ ၂၅၈ တပ်ကိုပို့မယ့် ဆန် ၂၅ အိတ်၊ စားဆီ ၁၄ ပုံး၊ စက်သုံးဆီ ၇ ပုံး၊ ဆားတအိတ်၊ ဟင်းချိုမှုန့် တအိတ်စတဲ့ ရိက္ခာတွေနဲ့အတူ ကုန်တင်မှန်လုံယာဉ်ငယ်တစီးကို ဖမ်းမိခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ ယာဉ်တို့ကို ဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပြီး ယာဉ်ပေါ်ပါ ပစ္စည်းတွေကိုတော့ သက်ဆိုင်ရာပြည်သူတွေနဲ့ ချိတ်ဆက်ပြီး ပြန်လည်ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment