၂၀၂၅ ဇူလိုင်လ ၁၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ New York,Buffalo တွင် ကျင်းပခဲ့သည့် နွေဦးတော်လှန်ရေးနိုင်ငံရေးဆွေးနွေးပွဲသို့ NUG,CRPHနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းတို့တက်ရောက်ခဲ့
📌 ၂။ စစ်ကောင်စီက ပြင်ဆင်နေသော ရွေးကောက်ပွဲသည် အန္တရာယ်ရှိသော လှည့်ဖြားမှုတစ်ရပ်ဖြစ်ကြောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးထုတ်ဖော်ပြောကြား
📌 ၃။ သျှမ်းပြည်တောင်ပိုင်းအမျိုးသားများလွတ်မြောက်ရေးအဖွဲ့အစည်းSSNLOဖွဲ့စည်းတည်ထောင်
📌 ၄။ တော်လှန်ရေးအကြောင်းပြပြီး မူးယစ်ဆေးဝါးတွေနဲ့ စီးပွားရှာအမြတ်ထုတ်နေတာတွေကို စုံစမ်းဖော်ထုတ်ဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ညွှန်ကြား
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကိုင်းမြို့နယ် လင်းတလူးရွာက စစ်ဘေးရှောင် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတာကြောင့် စစ်ရှောင်ပြည်သူ ၃ဝ ခန့်သေဆုံးပြီး ဒဏ်ရာရသူများတာကြောင့် သေဆုံးသူ မြင့်တက်လာနိုင်
🚩 ၂။ ဖားကန့်ဒေသက စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်စခန်းတခုကို KIA သိမ်းပိုက်
🚩 ၃။ ဝက်လက်နယ်က ရေလည်မော်ရွာကို စစ်တပ်က လေယာဉ်နဲ့ ၄ ကြိမ် တိုက်ခိုက်တာကြောင့် အရပ်သားတဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
🚩 ၄။ မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်
🚩 ၅။ ညောင်ဦးနယ်က ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှုမှာ စစ်သား ၃၀ ထက်မနည်း သေဆုံး
🚩 ၆။ ဝမ်ပေါင်ကြေးနီကားတွေကို ကင်းစောင့်ပေးရတဲ့ စစ်သား ၆ ဦး ဆားလင်းကြီး ပကဖ ထံ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ New York,Buffalo တွင် ကျင်းပခဲ့သည့် နွေဦးတော်လှန်ရေးနိုင်ငံရေးဆွေးနွေးပွဲသို့ NUG,CRPHနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းတို့တက်ရောက်ခဲ့
ဇူလိုင် ၁၁ရက်
အမေရိကန်နိုင်ငံNew York,Buffalo တွင်နွေဦးတော်လှန်ရေးနိုင်ငံရေးဆွေးနွေးပွဲကို ဇူလိုင်၅ရက်နဲ့၆ရက် နှစ်ရက်တာကျင်းပခဲ့ပါတယ်။ထိုနှစ်ရက်တာ၊ နွေဦးတော်လှန်ရေးဆွေးနွေးပွဲသို့CRPH၊NUG၊NUCC မှ ကိုယ်စားလှယ်များ၊အမျိုးသမီးကိုယ်စားပြုအဖွဲ့ခေါင်းဆောင်များ၊2020ရွေးကောက်ခံအမတ်များမှကိုယ်တိုင်တက်ရောက်ခဲ့ကြပါတယ်။
Zoomမှတဆင့် ERO ခေါင်းဆောင်များ၊ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဦးကျော်မိုးထွန်း၊PLAအတွင်းရေးမှူး၊လူဘောင်သစ်ပါတီအတွင်းရေးမှူး၊မြေပြင်တွင် ဦးဆောင်တိုက်ပွဲဝင်နေသည့်လူထုခေါင်းဆောင်များ၊LPDF၊PDF ခေါင်းဆောင်များ၊နိုင်ငံရေးအကျဥ်းသားဟောင်းများ၊ABSDFရဲဘော်ဟောင်းများ၊အမေရိကန်နှင့်ကနေဒါရှိနွေဦးတော်လှန်ရေးကို၊ဦးဆောင်နေသူများ
-အဝေးရောက်NLDပါတီဝင်များ
-ကိုရီးယား ၊ဂျပန် ၊ ဩစတြေီးယား၊ဂျာမနီ၊
ထိုင်း ရှိနွေဦးတော်လှန်ရေးဦးဆောင်
သူများတက်ရောက်ကြကာ၊ ရင်းနှီးပွင့်လင်းစွာဆွေးနွေးအကြံပြုခဲ့ကြပါတယ်။
ဆွေးနွေးပွဲတွင်၊ဘုံသဘာထား၊ တူညီချက်များရရှိကာ၊ အောင်အောင်မြင်မြင်ပြီးမြောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီက ပြင်ဆင်နေသော ရွေးကောက်ပွဲသည် အန္တရာယ်ရှိသော လှည့်ဖြားမှုတစ်ရပ်ဖြစ်ကြောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးထုတ်ဖော်ပြောကြား
ဇူလိုင် ၁၁ရက်
စစ်ကောင်စီက ပြင်ဆင်နေသော ရွေးကောက်ပွဲသည် အန္တရာယ်ရှိသော လှည့်ဖြားမှုတစ်ရပ်ဖြစ်ကြောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်စီရီ မိုဟာမက်ဟာဆန် (Datuk Seri Mohamad Hasan) က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်ပြောကြားခဲ့ပါတယ်။
"အဓိပ္ပါယ်ရှိသော ရွေးကောက်ပွဲတစ်ရပ်အတွက် ငြိမ်းချမ်းရေး၊ ယုံကြည်မှုနှင့် အားလုံးပါဝင်နိုင်မှုတို့သည် အငြင်းပွားဖွယ်မရှိသော အခြေခံများဖြစ်ရပါမယ်။သို့သော် စစ်ဘေးဒဏ်ခံနေရသော ဤအရှေ့တောင်အာရှနိုင်ငံတွင် ထိုအခြေခံများ လုံးဝမရှိပါ"လို့၄င်းကပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်အတုအယောင်ရွေးကောက်ပွဲကျင်းပ၍ စစ်အုပ်စုဟာနိုင်ငံရေးအကြပ်အတည်းကိုရုန်းထွက်ဖို့ဟန်ပြင်နေပါတယ်။
========================
📌📌 ၃။ သျှမ်းပြည်တောင်ပိုင်းအမျိုးသားများလွတ်မြောက်ရေးအဖွဲ့အစည်းSSNLOဖွဲ့စည်းတည်ထောင်
ဇူလိုင် ၁၁ရက်
သျှမ်းပြည်တောင်ပိုင်းအမျိုးသားများလွတ်မြောက်ရေးအဖွဲ့အစည်းSSNLOဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။
နွေဦး တော်လှန်ရေး စတင်ချိန် မှ အစပြု၍ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သော အစုအဖွဲ့များ၊အကြမ်းမဖက်အာဏာဖီဆန်မှု CDM ဝန်ထမ်းများ နှင့် လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲသည့်အထိ တတ်တတ်ကြွကြွ ပါဝင် ခဲ့သော အရပ်ဘက် အသိပညာရှင် ၊အတတ်ပညာရှင် များဖြင့် ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်တယ်လို့ဇူလိုင်လအတွင်းအသိပေးဖော်ပြပါတယ်။
သျှမ်းပြည်တောင်ပိုင်းအမျိုးသားများလွတ်မြောက်ရေးအဖွဲ့အစည်း(SSNLO)၏ အဓိက နိုင်ငံရေး ရည်ရွယ်ချက်မှာ နိုင်ငံ အာဏာ မတရားနည်းဖြင့် ရယူထားသော စစ်အာဏာရှင် ပြုတ်ကျရေး နှင့် ပြည်သူလူထု တရပ်လုံး လိုလားသော ဖက်ဒရယ် ပြည်ထောင်စု ကို အတူတကွ တည်ဆောက်ရေး ပင်ဖြစ်ပြီးSSNLO အဖွဲ့အစည်း ၏ လုပ်ဆောင်ချက်များအနေဖြင့် သျှမ်းပြည်တောင်ပိုင်း အတွင်းရှိ နိုင်ငံရေး/စစ်ရေး ဖော်ဆောင်နေကြသော အစုအဖွဲ့ များ အကြားတွင် စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံရေး ဘုံသဘောတူညီချက် များ ပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ တော်လှန်ရေးအကြောင်းပြပြီး မူးယစ်ဆေးဝါးတွေနဲ့ စီးပွားရှာအမြတ်ထုတ်နေတာတွေကို စုံစမ်းဖော်ထုတ်ဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ညွှန်ကြား
ဇူလိုင် ၁၁ရက်
စစ်ကိုင်းတိုင်း ကလေးခရိုင်အတွင်းမှာရှိတဲ့ ကလေး၊ မင်းကင်းနဲ့ ကလေးဝမြို့နယ်တို့ မူးယစ်ဆေးဝါးကင်းစင်နယ်မြေ ဖြစ်လာစေဖို့အတွက် တော်လှန်ရေးအကြောင်းပြပြီး မူးယစ်ဆေးဝါးတွေနဲ့ စီးပွားရှာအမြတ်ထုတ်နေတာတွေကို စုံစမ်း ဖော်ထုတ် အရေးယူဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒေသတွင်းက အဖွဲ့အစည်းတွေကို ညွှန်ကြားလိုက်ပါ တယ်။
ကလေး၊ မင်းကင်းနဲ့ ကလေးဝမြို့နယ်တို့မှာရှိတဲ့ အဖွဲ့အစည်းအားလုံး လိုက်နာဆောင်ရွက်နိုင်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
အာဏာရှင်အမြစ်ပြတ်ရေး ပြည်သူ့တော်လှန်ရေး ကြားကာလမှာ ကိုယ်ကျိုးရှာလိုတဲ့ စီးပွားရေးသမားတွေဟာ တော်လှန်ရေးအဖွဲ့အစည်းတွေထဲဝင်ရောက်လာပြီး တဖက်မှာ မူးယစ်ဆေးဝါးတွေကို ပုံစံအမျိုးမျိုးနဲ့ စီးပွားရှာအမြတ်ထုတ် နေတာတွေကို စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးရဲဘော်များအနေနဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်လာရင် အထူးသတိရှိကြဖို့ တော်လှန်ရေးကိုပုံဖျက်လိုသူတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုသူတွေ မိမိတို့အဖွဲ့အစည်းအတွင်း ဝင်ရောက်နေရာယူလာ ရင် ဘယ်သူ့ကိုမဆို ဖော်ထုတ်အရေးယူကြဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေ ချွင်းချက်မရှိ လိုက်နာဆောင်ရွက်ကြရမယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သုံးစွဲခြင်းဟာ ပြည်သူ့တော်လှန်ရေးပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေပြီး ပြည်သူ့ထောက်ခံမှုကို ကျဆင်းစေတာကြောင့် တာဝန်ရှိ တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တွေအနေနဲ့ ဒေသတွင်းမှာရှိတဲ့ ပြည်သူလူထုနဲ့ပူးပေါင်းကာ စုံစမ်းထောက်လှမ်းပြီး ဟာကွက်မရှိ အရေးယူဆောင်ရွက်ရမယ်လို့ ညွှန်ကြားထားပါတယ်။
မူးယစ်ဆေးဝါးဟာ လူသားမျိုးနွယ်စုတခုလုံးကို လူညွန့်တုံးအောင် ဖျက်ဆီးနိုင်တဲ့အတွက် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ခြေရာခံပြီး လိုအပ်သလို စစ်ဆေးအရေးယူ ဆောင်ရွက်ရမယ်လို့လည်း ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ခရီးသွားတော်လှန်ရေးရဲဘော်များ၊ သယ်ယူပို့ဆောင်ရေးထောက်ပို့တပ်ဖွဲ့များ၊ စီးပွားကူးသန်းကုန်သည်များ၊ ခရီးသွားမိဘပြည်သူများအနေနဲ့ ကလေးခရိုင်အတွင်းမှာရှိတဲ့ ကလေး၊ မင်းကင်း၊ ကလေးဝမြို့နယ်တို့မှာ ခရီးသွားရမယ် ဆိုရင် သက်ဆိုင်ရာတပ်ရင်း တပ်ဖွဲ့တွေ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ စစ်ဆေးရေးဂိတ်တွေက တာဝန်အရ စစ်ဆေးတဲ့ အခါ ကြည်ဖြူစွာနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ အသိပေးကြေညာထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကိုင်းမြို့နယ် လင်းတလူးရွာက စစ်ဘေးရှောင် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတာကြောင့် စစ်ရှောင်ပြည်သူ ၃ဝ ခန့်သေဆုံးပြီး ဒဏ်ရာရသူများတာကြောင့် သေဆုံးသူ မြင့်တက်လာနိုင်
ဇူလိုင် ၁၁ရက်
စစ်ကိုင်းမြို့နယ်ထဲက လင်းတလူးရွာမှာရှိတဲ့ စစ်ဘေးရှောင်များနေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၃ဝ သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလွန်းတဲ့အတွက် သေဆုံးသူအရေ အတွက် မြင့်တက်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က လူမှုကွန်ယက်မှာ အသိပေးထားပါတယ်။
ဇူလိုင်လ ၁ဝ ရက် ညသန်းခေါယံဖြစ်တဲ့ ည ၁၂ နာရီကနေ ဒီနေ့ ဇူလိုင် ၁၁ ရက် မနက် ၁ နာရီကြားမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ၂ ကြိမ်တိုင် ဗုံးကြဲခဲ့တာကြောင့် လင်းတလူးကျေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေသူတွေ ထိခိုက် သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။
NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ကိုင်းမြို့နယ် လင်းတလူးကျေးရွာက စစ်ဘေးရှောင်တွေ ရှိရာ ဘုန်းကြီးကျောင်း ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရတာမှာ လောလောဆယ် စစ်ဘေးရှောင် ကလေးလူကြီး စုစုပေါင်း ၃၀ ခန့်သေဆုံးသွားတယ်လို့ သိရပြီး နောက်ထပ် သေဆုံးမှုရှိနိုင်သလို ဒဏ်ရာရသူတွေလည်းများနိုင်တဲ့အကြောင်း မြန်မာ - အင်္ဂလိပ် ၂ ဘာသာနဲ့ ရေးသားပြီး အသိပေးထားပါတယ်။
စစ်ရှောင်ပြည်သူ အများစုဟာ ကျော်ဇေယျာရွာကဖြစ်ပြီး ဒဏ်ရာရသူတွေကို ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေး နေပေမယ့် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ ဆရာဝန်၊ သူနာပြု လိုအပ်ချက် ကြီးမားနေတယ်လို့ သိရပါ တယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့တုန်းကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြိုနယ်ထဲက အိုးထိန်းကွင်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ကလပ်စတာဗုံးတွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားကျောင်းသူနဲ့ ဆရာမ ၃၀ နီးပါး သေဆုံးခဲ့ရပြီး ၁၀၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။
========================
🚩🚩 ၂။ ဖားကန့်ဒေသက စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်စခန်းတခုကို KIA သိမ်းပိုက်
ဇူလိုင် ၁၁ရက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ခွန်စိုင်ယန်ရွာမှာရှိတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်း တပ်စခန်းတခုကို ကချင် လွတ်လပ်ရေးတပ်မတော် - KIA ပူးပေါင်းတပ်က မနေ့ ဇူလိုင် ၁၀ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇူလိုင် ၁၀ရက်က လီဒီုလမ်း လဝါးကျေးရွာအုပ်စု ခွန်စိုင်ယန်ကျေးရွာ သင်္ချိုင်းမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တာလို့ သိရပါတယ်။
အဲဒီစစ်ကောင်စီတပ်စခန်းကို မနေ့ ဇူလိုင်လ ၁ဝ ရက် မနက် ၄ နာရီခန့်မှာ လျှပ်တပြတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၆ နာရီအအချိန်မှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက အသိပေးပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိတာ စစ်သုံ့ပန်းအဖြစ်ဖမ်းမိတာ စတဲ့ အခြေအနေတွေကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။
KIA နဲ့ပူးပေါင်းတပ်တွေဟာ ဇူလိုင် ၅ ရက် ညပိုင်းကလည်း တနိုင်းကနေ ဖားကန့်ဒေသကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို နမ့်ယားဒေသကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အထိနာခဲ့ပြီး လက်နက်နဲ့ စစ်သုံ့ပန်းတွေရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
========================
🚩🚩 ၃။ ဝက်လက်နယ်က ရေလည်မော်ရွာကို စစ်တပ်က လေယာဉ်နဲ့ ၄ ကြိမ် တိုက်ခိုက်တာကြောင့် အရပ်သားတဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
ဇူလိုင် ၁၁ရက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက ရေလည်မော်ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ၄ ကြိမ် လာရောက်တိုက်ခိုက် တာကြောင့် အရပ်သားပြည်သူ တဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရထားတယ်လို့ Wetlet Informational Network က ဒီနေ့ ဇူလိုင် ၁၁ မှာ ထုတ်ပြန်ပါတယ်။
ဒီနေ့ ဇူလိုင်လ ၁၁ ရက် မနက် ၉ နာရီခန့်အချိန်မှာ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ရေလည်မော်ရွာကို တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစင်းက ပေါင် ၁၀၀ ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်နဲ့ တကြိမ် အပါအဝင် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် လုပ်ခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်မှာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network က အသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်အစောပိုင်းမှာပဲ စစ်ကိုင်းမြို့နယ် လင်းတလူးရွာက စစ်ဘေးရှောင် ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၃ဝ ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာ ရစေခဲ့ပါတယ်။
========================
🚩🚩 ၄။ မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်
ဇူလိုင် ၁၁ရက်
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ထဲက မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို စစ်ကောင်စီက မနေ့ ဇူလိုင် ၁၀ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၄ မြိတ်-ထားဝယ် ခရိုင်က ဒီနေ့ ဇူလိုင် ၁၁ မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၀ ရက်က မောတောင်မြို့ အမှတ် ၉ ရပ်ကွက်ကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အိမ်တလုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ နယ်စပ်မြို့ဖြစ်တဲ့ မောတောင်ဒေသကို စစ်ကောင်စီက လေယာဉ်နဲ့ ပထမဆုံးအကြိမ် ဗုံးလာကြဲတာဖြစ် ပြီး လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ဇူလိုင် ၈ ရက်ကလည်း ရေဖြူမြို့နယ်ထဲက ခလရ ၂၈၂ တပ်ရင်းက KNU မြိတ် - ထားဝယ်ခရိုင်ထဲကို ၁၂ဝ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကော့လှိုင်နဲ့ မရမ်းချောင်းကြားက လူနေအိမ်ပေါ်ကျရောက်ပြီး ကလေးငယ် ၃ ဦး အပါအဝင် မိသားစုဝင် ၄ ဦးသေဆုံးကာ မိခင်ဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက အသိပေးထားပါတယ်။
အဲဒီမိသားစုဟာ မြစ်၀ကျွန်းပေါ်ဒေသကနေ လာရောက်နေထိုင်သူတွေဖြစ်ပြီး အသက် ၁ နှစ်၊ ၂ နှစ်ခွဲနဲ့ ၁၁ နှစ်အရွယ် ကလေးငယ်နဲ့ အသက် ၅ဝ အရွယ် ဖခင်ဖြစ်သူတို့ သေဆုံးကာ အသက် ၃၆ နှစ်အရွယ် မိခင်ဖြစ်သူ ပြင်းထန်ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ အရပ်သားပြည်သူနေထိုင်ရာနေရာတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကြာခဏပြုလုပ်နေတာ ကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေဖြစ်နေတယ်လို့ KNU ဗဟို ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးနဲ့ ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်တာဖြစ်တဲ့အတွက် KNU ဗဟိုက ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။
========================
🚩🚩 ၅။ ညောင်ဦးနယ်က ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှုမှာ စစ်သား ၃၀ ထက်မနည်း သေဆုံး
ဇူလိုင် ၁၁ရက်
မန္တလေးတိုင်း ညောင်ဦးမြို့နယ်ထဲကရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ Popa Production & Guerilla Force - PPGF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ညောင်ဦးမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်သားတွေ ဇွန်လ ၂၆ ရက်နေ့က ကင်းဇလုပ်ရွာကို မီးရှို့နေစဉ် မဟာမိတ်တပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က MI-35 ရဟတ်ယာဉ်နဲ့ ၃ ကြိမ် ပစ်ကူပေးတိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဆီက ၆၀ မမ ဗုံးသီးတွေနဲ့ RPG ထိပ်ဖူးတွေ သိမ်းဆည်းရရှိခဲ့ပြီး စစ်သား ၃၀ ခန့်သေဆုံး သွားတယ်လို့ အသိပေးပါတယ်။
ဇူလိုင်လ ၁ ရက်နေ့မှာလည်း မောင်းဂွတ်တောရွာကို မီးရှို့နေတဲ့ စစ်သားတွေကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာတွေနဲ့ထွက်ပြေးသွားခဲ့ပြီး ရွာပုလဲကျေးရွာကို မီးရှို့နေတဲ့ စစ်ကြောင်းနဲ့ သွားရောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂ ရက်နေ့မှာတော့ တောင်တောကျေးရွာကို မီးရှို့နေတဲ့ စစ်သားတွေကို သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၀ ဦးသေဆုံးပြီး တော်လှန်ရေးတပ်တွေဘက်က ရဲဘော် ၁၁ ဦးကျဆုံးကာ ရဲဘော် ၅ ဦး ဒဏ်ရာရခဲ့ပြီး MA-1 ၂ လက်နဲ့ ပြောင်း ချောသေနတ် တလက် ဆုံးရှုံးခဲ့တယ်လို့ Popa Production & Guerilla Force - PPGF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ ဝမ်ပေါင်ကြေးနီကားတွေကို ကင်းစောင့်ပေးရတဲ့ စစ်သား ၆ ဦး ဆားလင်းကြီး ပကဖ ထံ အလင်းဝင်
ဇူလိုင် ၁၁ရက်
တရုတ်ရင်းနှီးမြှပ်နှံမှုကုမ္မဏီဖြစ်တဲ့ ဝမ်ပေါင်က ကြေးနီသယ်ကားတွေကို ကင်းစောင့်လိုက်ပေးရတဲ့ စစ်သားတွေထဲက ၆ ဦး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဆားလင်းကြီးမြို့နယ် ပကဖ အဖွဲ့ထံ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဆားလင်းကြီးမြို့နယ် ပကဖ အဖွဲ့က ဒီနေ့ ဇူလိုင် ၁၁ မှာ ထုတ်ပြန်ပါတယ်။
အလင်းဝင်ရောက်သူ ၆ ဦးဟာ ဆားလင်းကြီးမြို့နယ် ကျောက်မျက်တောင် စစ်တပ်အထိုင်စခန်းကဖြစ်ပြီး လက်နက်ငယ် ၂ လက်၊ ကျည် ၃၀၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဘောက် ၈ ခု၊ ကျည်ကာ ၂ စုံ၊ နင်းမိုင်း တလုံး ယူဆောင်ကာ ဇူလိုင်လ ၉ ရက်နေ့မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ နိုင်ငံရဲ့ ဒေသအများစုကို ထိန်းချုပ်နိုင်ခြင်းမရှိတော့သလို နိုင်ငံတွင်းက တရုတ် အပါအဝင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းမရှိ ဖြစ်နေပြီလို့ ဆားလင်းကြီး မြို့နယ် ပကဖ အဖွဲ့က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပကဖ အဖွဲ့တွေကသာ ပြည်သူလူထု လုံခြုံရေး၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ တည်ငြိမ်စေရေးတို့ကို အာမခံ လုပ်ဆောင်ပေးလျက်ရှိတယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၇။ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၁ နှင့် တပ်ဖွဲ့ဝင်များ၏ ပုံရိပ်များကို အသုံးချ၍ "Kyaw Kyaw" အမည်ဖြင့် Facebook Account မှ အလှူငွေ လိမ်လည် ကောက်ခံနေ
ဇူလိုင် ၁၁ရက်
ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၁ နှင့် တပ်ဖွဲ့ဝင်များ၏ ပုံရိပ်များကို အသုံးချ၍ "Kyaw Kyaw" အမည်ဖြင့် Facebook Account မှ အလှူငွေ လိမ်လည် ကောက်ခံခြင်းများရှိနေတယ်လို့သတိပေးဖော်ပြပါတယ်။
တော်လှန်ရေးကာလအတွင်း ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-၁ အနေဖြင့် ငွေကြေးအလွဲသုံးစားမရှိစေရန် ဆောင်ရွက်ခဲ့သော်လည်း မသမာသူများမှ လိမ်လည်အလှူခံခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာ အတုပြုလုပ်ပြီး အလှူငွေများရယူခြင်း စသည်တို့ကို ပြုလုပ်၍ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-၁ နှင့် တော်လှန်ရေး၏ ပုံရိပ်ကို ဖျက်ဆီးနေတယ်လို့အသိပေးဆိုထားပါတယ်။
ထိုသို့ လိမ်လည်နေသူများ များပြားလာသည့်အတွက် ပြည်သူများအနေဖြင့် ကူညီထောက်ပံ့မှုများ ပြုလုပ်သည့်အခါ သတိပြုကြရန်နှင့် တစ်စုံတစ်ယောက်မှဖြစ်စေ တပ်ဖွဲ့၏ ပုံရိပ်ကို အသုံးပြု၍ဖြစ်စေ အလှူခံမှုများ ရှိလာပါကလည်း ချက်ခြင်းကူညီခြင်းမပြုပဲ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-၁ ၏ Official Facebook Page ထံတွင်တိုက်ရိုက် အတည်ပြုမေးမြန်းနိုင်ကြောင်းသတိပေးကြေညာထားပါတယ်။
ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-၁ ၏ ပုံရိပ်ကို အသုံးပြုပြီးတော့ လိမ်လည်သူတွေကို ထိရောက်သော အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment