၂၀၂၅ ဇူလိုင်လ ၃၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီတွင် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသားအား ထိုင်းအမျိုးသားမှ ထိုးကြိတ်ခဲ့သည့် ကိစ္စအား ကူညီဖြေရှင်းပေးခဲ့တယ်လို့ တိုင်ကြားရေးယန္တရားသတင်းထုတ်ပြန်
📌 ၂။ ဒဂုံတက္ကသိုလ်ကျောင်းသား ခူးဦးရယ်အောင် အား ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း
📌 ၃။ လောင်းလုံမြို့နယ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေး မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့အင်အား တိုးချဲ့ဖွဲ့စည်း
📌 ၄။ မြ၀တီမြို့နယ်မှာ ရေပြန်ကြီးနေပြီး သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၁၂ ပေခွဲခန့်အထိကျော်လွန်
📌 ၅။ ဇူလိုင်လအတွင်း CDM စစ်သားနဲ့ ရဲများကို စုစုပေါင်း (၆၃,၀၀၀) ဘတ်ပြည်သူ့ပန်းတိုင်က ထောက်ပံ့ကူညီပေးခဲ့
📌 ၆။ သြစတြေးလျနိုင်ငံဆစ်ဒနီမှာပြသမည့်"ပြုံးပြုံးလေး"Premier show ကို သရုပ်ဆောင် မင်းမော်ကွန်း ကိုယ်တိုင် တက်ရောက်မည်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကွတ်ခိုင်မြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၆ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ
🚩 ၂။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပေါ် ပြည်သူတွေရဲ့ နာကျည်းစိတ်ကိုမြင်တွေ့ခဲ့ရတယ်လို့ ပခုက္ကူခရိုင် တပ်ရင်း - ၁၅ ပြော
🚩 ၃။ မဟာမိတ်ဆိုင်ရာ စုဖွဲ့တည်ဆောက်ရေးနဲ့ အမိန့်ပေးကွပ်ကဲမှုစနစ်အောက် ပူးပေါင်းမှုဆိုင်ရာတွေ မကဒတနဲ့ ရတနာပုံ စစ်ကြောင်းတို့ တွေ့ဆုံဆွေးနွေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီတွင် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသားအား ထိုင်းအမျိုးသားမှ ထိုးကြိတ်ခဲ့သည့် ကိစ္စအား ကူညီဖြေရှင်းပေးခဲ့တယ်လို့ တိုင်ကြားရေးယန္တရားသတင်းထုတ်ပြန်
ဇူလိုင် ၃၀ရက်
ထိုင်းနိုင်ငံ၊ ပထုန်ဌာနီတွင် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသားအား ထိုင်းအမျိုးသားမှ ထိုးကြိတ်ခဲ့သည့်ကိစ္စအား ကူညီဖြေရှင်းပေးခဲ့တယ်လို့ NUGအလုပ်သမားဝန်ကြီးဌာန တိုင်ကြားရေးယန္တရားက သတင်းထုတ်ပြန်ပါတယ်။
လူမှုကွန်ရက်၌ လတ်တလော ပြန့်နှံ့နေသည့် ထိုင်းနိုင်ငံ၊ ပထုန်ဌာနီရှိ ပထုံဆေးရုံအနီးတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသားအား ထိုင်းအမျိုးသားမှ ထိုးကြိတ်နှိပ်စက်ခဲ့သည့်ဖြစ်စဉ်အား မြန်မာရွှေ့ပြောင်းအလုပ်သမား၏ စိတ်ထိခိုက်နစ်နာမှုအတွက် တရားမျှတမှု ရရှိရန် MHAC မဟာမိတ်အဖွဲ့သို့ အကူအညီ တောင်းခံလာရာဇူလိုင် ၂၇ရက် တွင် အဆိုပါ မြန်မာအလုပ်သမားအား သွားရောက်တွေ့ဆုံကာ နှစ်သိမ့်စကားပြောကြားခဲ့တယ်လို့ဖော်ပြပါတယ်။
ထို့နောက် ၎င်း၏ အလုပ်ရှင်သူဌေးအကူအညီဖြင့် ဇူလိုင် ၂၉ရက်တွင် သက်ဆိုင်ရာနယ်မြေ ရဲစခန်းဖြစ်သည့် Mueang Pathumthani Provincial Police Station ၌ အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနမှ ဦးဆောင်၍ MHAC (မဟာမိတ်အဖွဲ့)နှင့် အလုပ်ရှင်၏ ရှေ့နေတို့ အတူလိုက်ပါပြီး နစ်နာမှုအား အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါတိုင်ကြားမှုနှင့် ပတ်သက်၍ ကျူးလွန်သူ ထိုင်းအမျိုးသားဘက်မှ နယ်မြေခံရဲစခန်း၏ ရဲအရာရှိများရှေ့တွင် ဝန်ခံခဲ့ပြီး ကာယကံရှင် မြန်မာအမျိုးသား၏ ဆန္ဒအတိုင်း နစ်နာသူ မြန်မာအမျိုးသားအား တောင်းပန်ကာ လျော်ကြေးအဖြစ် ထိုင်းဘတ်ငွေ ၅ သောင်းအား ပေးဆောင်စေပြီး ထပ်မံ၍ မည့်သည့်ပြဿနာမျှ ထပ်မရှာတော့ပါကြောင်း လက်မှတ်ရေးထိုးပေးခဲ့သည့်အပြင် နစ်နာသူအားလည်း ထိုင်းအမျိုးသားဘက်မှ online မှတစ်ဆင့် ပြန်လည်တောင်းပန်သွားမည်ဖြစ်ကြောင်းကတိပေးခဲ့သဖြင့် ပြေလည်မှုရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရပါတယ်။
========================
📌📌 ၂။ ဒဂုံတက္ကသိုလ်ကျောင်းသား ခူးဦးရယ်အောင် အား ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း
ဇူလိုင် ( ၃၀ ) ရက်
ဒဂုံတက္ကသိုလ်ကျောင်းသား ခူးဦးရယ်အောင်အား ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းလိုက်တယ်လို့ ဇူလိုင်၃၀ရက်မှာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကကြေညာပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသား ခူးဦးရယ်အောင်ဟာ ဖားဆောင်းမြို့နယ် ခလရ(၁၃၄)တပ်ရင်းသိမ်းတိုက်ပွဲတွင် မြင့်မြတ်စွာကျဆုံးခဲ့တဲ့ရဲဘော်ဖြစ်ပါတယ်။
ဇူလိုင်၂၇ရက်နေ့ကလည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်အား ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းခဲ့ပါသေးတယ်။
========================
📌📌 ၃။ လောင်းလုံမြို့နယ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေး မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့အင်အား တိုးချဲ့ဖွဲ့စည်း
ဇူလိုင် ( ၃၀ ) ရက်
တနင်္သာရီတိုင်း လောင်းလုံမြို့နယ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေး မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ အင်အား တိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ဇူလိုင် ၃ဝ မှာ ထုတ်ပြန်လာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ကြားကာလ ပြည်သူ့လုံခြုံရေးအဖွဲ့ အမိန့် အမှတ် - ၂/၂၀၂၅ အရ တိုးချဲ့ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
အခုလို ဖွဲ့စည်းတာဟာ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူလူထုအတွက် တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေးဆောင်ရွက်နိုင်ဖို့ အခြားတာဝန်ရှိသူတွေနဲ့ တော်လှန်ရေးတာဝန်တွေ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီး တာဝန်ပေး ခန့်အပ်ခဲ့ပြီးဖြစ်တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။
========================
📌📌 ၄။ မြ၀တီမြို့နယ်မှာ ရေပြန်ကြီးနေပြီး သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၁၂ ပေခွဲခန့်အထိကျော်လွန်
ဇူလိုင် ( ၃၀ ) ရက်
အခုရက်ပိုင်းမှာ မိုးတွေအဆက်မပြတ်ရွာသွန်းနေတာကြောင့် ကရင်ပြည်နယ်က မြ၀တီမြို့နယ်မှာ ရေပြန်ကြီးနေပြီး သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၁၂ ပေခွဲခန့်အထိ ကျော်လွန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
သောင်ရင်းမြစ်ရေဟာ မနေ့စပြီး တဟုန်ထိုး တက်လာတဲ့အတွက် ဒီနေ့မှာ မြ၀တီမြို့ပေါ် နေရာအနှံ ရေကြီးနေပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်လာတဲ့အတွက် ဒေသနေပြည်သူတွေ ပြောင်းရွှေ့နေရတယ်လို့ ဆိုပါတယ်။
အမှတ် ၁ ချစ်ကြည်ရေးတံတားနဲ့ မြို့လယ်ခေါင်အထိကို ရေကြီးနေပြီး အနိမ့်ပိုင်းနေရာတွေ ရေမြုပ်သွားပြီလို့ မြ၀တီမြို့က ဒေသနေပြည်သူတဦးက အသိပေးပါတယ်။
ဒီနေ့မနက် ၉ နာရီအချိန် တိုင်းထွာချက်အရ သောင်းရင်းမြစ်ရေဟာ ၁၃၅ဝ စင်တီမီတာကိုရောက်ရှိနေပြီး ထပ်တိုးလာနိုင် တယ်လို့ ဒေသနေပြည်သူတွေက ခန့်မှန်းထားပါတယ်။
မြဝတီမြို့နယ်က သောင်ရင်းမြစ်ရေရဲ့ စိုးရိမ်ရေအမှတ်ဟာ ၉၆၃ စင်တီမီတာဖြစ်တာကြောင့် စိုးရိမ်ရေမှတ်အထက် ၃၆၇ စင်တီမီတာ ၁၂ ပေ ၆ လက်မခန့် ကျော်လွန်နေတာကြောင့် ရေထပ်တက်လာမှာကို ဒေသနေပြည်သူတွေ စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။
မြ၀တီမြို့မှာ ပထမအကြိမ်ရေကြီးမှု အခုလ ဇူလိုင် ၂၃ နဲ့ ၂၄ ရက်နေ့မှာဖြစ်ခဲ့ပြီး သောင်ရင်းမြစ်ရေဟာ ဇူလိုင် ၂၄ မှာဆိုရင် စိုးရိမ်ရေမှတ်အထက် ၁၃ ပေနဲ့ ၂ လက်မအထိ ရှိခဲ့တယ်လို့ မြဝတီမြို့မှာ နေထိုင်သူတဦးက ရှင်းပြပါတယ်။
မြန်မာ ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မြဝတီဘက်မှာရေကြီးရေလျံမှုတွေဖြစ်နေသလို ထိုင်းဘက်ခြမ်းက မဲဆောက်မြို့ဘက်မှာ လည်း သောင်ရင်းမြစ်ရေတိုးလာတာကြောင့် ရေကြီးမှုနဲ့ လမ်းပြိုမငတွေဖြစ်နေတယ်လို့ ဒေသတွင်းသတင်းတွေရ သိရပါတယ်။
========================
📌📌 ၅။ ဇူလိုင်လအတွင်း CDM စစ်သားနဲ့ ရဲများကို စုစုပေါင်း (၆၃,၀၀၀) ဘတ်ပြည်သူ့ပန်းတိုင်က ထောက်ပံ့ကူညီပေးခဲ့
ဇူလိုင်၃၀ရက်
ဇူလိုင်လအတွင်း CDM စစ်သားနဲ့ ရဲများကို စုစုပေါင်း (၆၃,၀၀၀) ဘတ် ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲက ဆိုပါတယ်။
ပြည်သူ့ပန်းတိုင်သည် ယခု ဇူလိုင်လအတွင်း CDM အမျိုးသမီး စစ်သား (၅)ဦး၊ ရဲ (၃၆)ဦး၊ စုစုပေါင်း အမျိုးသမီး မိသားစု (၄၁) ဦးကို ဘတ်(၁၅၀၀) စီ ဖြင့် မီးဖွားထောက်ပံ့မှုထပ်ဆောင်းပါ စုစုပေါင်း (၆၃,၀၀၀) ဘတ်ကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ ထောက်ပံ့ပေးနိုင်မှု အကန့်အသတ်အရ ပြည်သူ့ပန်းတိုင်၏ သုတေသနအစီအစဉ် နှင့် တော်လှန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့သူများကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်လို့ဖော်ပြပါတယ်။
ထို့အပြင် ဂန့်ဂေါဒေသတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသ-တ်ဖြတ်ခြင်း ခံခဲ့ရသော CDM အမျိုးသမီး ရဲတပ်သား မိသားစုကိုလည်း (၁၀) သိန်းကျပ် ထောက်ပံ့ပေးခဲ့ပါတယ်။
ပြည်သူ့ပန်းတိုင်သည် CDM စစ်သား/ရဲ၊ မိသားစုများအား အခြေအနေ၊ အခက်အခဲနှင့် ရံပုံငွေရရှိမှုပေါ် မူတည်၍ ကူညီပံ့ပိုးပေးနိုင်ရန် လုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၆။ သြစတြေးလျနိုင်ငံဆစ်ဒနီမှာပြသမည့်"ပြုံးပြုံးလေး"Premier show ကို သရုပ်ဆောင် မင်းမော်ကွန်း ကိုယ်တိုင် တက်ရောက်မည်
ဇူလိုင် ၃၀ရက်
သြစတြေးလျနိုင်ငံဆစ်ဒနီမှာပြသမည့်"ပြုံးပြုံးလေး"Premier show ကို သရုပ်ဆောင် မင်းမော်ကွန်း ကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်း သိရပါတယ်။
"တော်လှန်ရေးကာလအတွင်း ရိုက်ကူးထားတဲ့ အချစ် အလွမ်း ဟာသ အက်ရှင် ဇာတ်ကား ဖြစ်တဲ့ ပြုံးပြုံးလေးရုပ်ရှင် ကို Sydney မှာ လာမည့် ဩဂုတ်လ ၁၀ ရက်နေ့ မှာ ပြသသွားမှာဖြစ်ပါတယ်။Premier show ကို မင်းသား မင်းမော်ကွန်း ကိုယ်တိုင် တက်ရောက်မည့်အပြင် ဒါရိုက်တာ ကိုပေါက်နှင့် ပြုံးပြုံးလေး အဖွဲ့သားများမှလည်း Online ကနေ ရုပ်ရှင်ချစ် ပရိတ်သတ်များနှင့် တွေ့ဆုံသွားမှာဖြစ်တယ်"လို့သိရပါတယ်။
ဒါ့ကြောင့် လက်မှတ်များ အမြန်ဝယ်ယူထားပြီး save the date လုပ်ထားကြဖို့ သတင်းကောင်းပါးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တိုမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကွတ်ခိုင်မြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၆ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ
ဇူလိုင် ( ၃၀ ) ရက်
တအာင်းတပ် TNLA ထိန်းချုပ်သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားတယ်လို့ TNLA ဘက်က ဒီနေ့ ဇူလိုင် ၃ဝ မှာ ထုတ်ပြန်ပါတယ်။
ဒီနေ့ ဇူလိုင် ၃ဝ မနက်အစောပိုင်း ပြည်သူတွေအိပ်မောကျနေချိန် ၁၂ နာရီ ၅၅ မိနစ်ခန့်မှာ ကွတ်ခိုင်မြို့ ရပ်ကွက် ၂ မှာရှိတဲ့ ရာစုသစ်ဟိုတယ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်က ကြဲချတဲ့ ဗုံးသီးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တဦး၊ အမျိုးသမီးတဦးနဲ့ အမျိုးသား ၄ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၄ ဦး ဒဏ်ရာရသွားသလို အိမ် ၂ လုံးနဲ့ တည်ခိုးခန်း အဆောက်အအုံအချို့ ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ကွတ်ခိုင်မြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့မြို့လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အခုလအတွင်း PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနဲ့ မိုးကုတ် မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးနဲ့ အမျိုးသား ၁၃ ဦးသေဆုံးခဲ့ရပြီး ကလေးငယ် ၄ ဦး၊ အမျိုးသား ၃၅ ဦးနဲ့ အမျိုးသမီး ၉ ဦး ဒဏ်ရာရခဲ့တဲ့အပြင် ပြည်သူပိုင်အိမ် ၇၆ လုံး၊ စာသင်ကျောင်း ံ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်း ပျက်စီးခဲ့ရပြီလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိနေဖို့ လိုပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့အတွက်လည်း လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ကြဖို့ တအာင်းတပ်မတော် TNLA က တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၂။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပေါ် ပြည်သူတွေရဲ့ နာကျည်းစိတ်ကိုမြင်တွေ့ခဲ့ရတယ်လို့ ပခုက္ကူခရိုင် တပ်ရင်း - ၁၅ ပြော
ဇူလိုင် ( ၃၀ ) ရက်
မြိုင်မြို့အရှေ့ပိုင်းစီမံကိန်းရုံးကို စင်းနင်းတိုက်ခိုက်ရာက ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခေါ်ဆောင်ချိန်မှာ ပြည်သူလူထုရဲ့ နာကြည်းစိတ်ကို မျက်ဝါးထင်ထင်တွေ့ခဲ့ရတယ်လို့ ပခုက္ကူခရိုင် တပ်ရင်း - ၁၅ တာဝန်ရှိသူက ပြောပါတယ်။
ဇူလိုင် ၉ ရက်နေ့က မြိုင်မြို့ အရှေ့ပိုင်းမှာရှိတဲ့ စီမံကိန်းရုံးမှာ အထိုင်ချထားတဲ့ စစ်စခန်းကို ဝင်ရောက်စီးနင်းခဲ့ရာမှာ စစ်ကောင်စီ လက်အောက်ခံ ၁၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေေ ဖမ်းမိခဲ့ပြီး သူတို့ကို ခေါ်ဆောင်ချိန်မှာ ပြည်သူ လူထုက ကားကိုတားပြီး ဖိနပ်ရိုက်တာ ရေဘူးတွေနဲ့ ပစ်ပေါက်ခဲ့တာတွေနဲ့ ပတ်သက်လို့ အခုလို ပြောဆိလိုက်တာ ဖြစ်ပါတယ်။
ပြည်သူတွေဘယ်လောက်နာကျင်နေရလဲ ဘယ်လောက်မုန်းတီးနေရလဲ မျက်ဝါးထင်ထင်ပါပဲ ဖမ်းမိထားတဲ့ သူတွေကို ဝိုင်းတီးလို့ တားယူရတယ်လို့ ပခုက္ကူခရိုင် တပ်ရင်း - ၁၅ တာဝန်ရှိသူက ရှင်းပြပါတယ်။
လက်ရှိမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို နှိပ်စက်တာမျိုးမရှိဘဲ စစ်ဥပဒေအတိုင်း ချုပ်နှောင်ပြီး မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ - ပကဖ ကို လွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၁၂ ဦးကတော့ ရဲအုပ် သောင်းထွေးစိုး၊ ရဲအရာခံ ထွန်းမင်းဇော်၊ ရဲတပ်ကြပ် ဇော်ဝင်းနိုင်၊ ရဲဒုတပ် ကြပ် တင်မျိုးထွန်း၊ ရဲတပ်သား ဇော်နိုင်၊ ရဲတပ်သား ရဲရင့်အောင်၊ ရဲတပ်သားသန်းတိုးအောင်၊ ရဲဒုတပ်ကြပ် မင်းမင်းထွန်း၊ ရဲတပ်သား မင်းမင်းဇော်၊ ရဲဒုတပ်ကြပ်သက်ကိုကို၊ စစ်တပ်ဘက်က တပ်ကြပ် ဦးထွန်း၊ တပ်သားမျိုးနိုင်ဝင်း တို့ဖြစ်ပြီး လက်နက်ခဲယမ်းတွေအပြင် ငွေသား ကျပ် ၂၂ သိန်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
မြိုင်မြို့ အရှေ့ပိုင်းမှာရှိတဲ့ စီမံကိန်းရုံးမှာ အထိုင်ချထားတဲ့ စစ်စခန်းကို မြိုင်ညီညွတ်ရေးတပ်ပေါင်းစု 9+ ကဦးဆောင်ပြီး ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ ညီနောင်သုံးဖော် - YSO၊ တပ်ပေါင်းစု - Good Brother၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကြားတပ်ဖွဲ့ - ဒရုန်း၊ ကင်ဒို - ဒရုန်းအဖွဲ့ ပေါက်၊ အညာမြေပြောက်ကြားတပ်ဖွဲ့ - ဒရုန်း၊ Burma Revolution Ranger - BRR၊ NFTA နဲ့ Scorpion People Denfece Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၃။ မဟာမိတ်ဆိုင်ရာ စုဖွဲ့တည်ဆောက်ရေးနဲ့ အမိန့်ပေးကွပ်ကဲမှုစနစ်အောက် ပူးပေါင်းမှုဆိုင်ရာတွေ မကဒတနဲ့ ရတနာပုံ စစ်ကြောင်းတို့ တွေ့ဆုံဆွေးနွေး
ဇူလိုင် ( ၃၀ ) ရက်
မဟာမိတ်ဆိုင်ရာ စုဖွဲ့တည်ဆောက်ရေးနဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် Chain of Command အောက် ပူးပေါင်းမှုဆိုင်ရာနဲ့ နိုင်ငံရေး စစ်ရေးလုပ်ငန်းတွေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတနဲ့ ရတနာပုံ စစ်ကြောင်းတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ ဗဟိုစစ်ကော်မရှင် စစ်ကြောင်းမှုးတွေနဲ့ ရတနာပုံ စစ်ကြောင်းက စစ်ကြောင်းမှူးတို့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
ဒီလိုတွေ့ဆုံရာမှာ ရတနာပုံ စစ်ကြောင်းအနေနဲ့ သူတို့စစ်ကြောင်းရဲ့ နိုင်ငံရေးမူဝါဒ၊ တပ်ဖွဲ့ ရပ်တည်ချက်၊ သမိုင်းနောက်ခံ နိုင်ငံရေး စစ်ရေးလှုပ်ရှားမှုနဲ့ ဒေသတွင်းအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ နိုင်ငံရေး စစ်ရေးဆိုင်ရာတွေ အားကောင်းလာစေဖို့ကိုတော့ နိုင်ငံရေးမူဝါဒတွေနဲ့အညီ နှစ်ဖက် အပြန်အလှန်ဆွေးနွေးပြီး အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ မကဒတနဲ့ ရတနာပုံ စစ်ကြောင်းတို့က ပူးတွဲထုတ်ပြန် ထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ ဟာ အခုလထဲမှာပဲ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် SF/SAF ဗဟိုကော်မတီနဲ့ မြေပြင်မှာတွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့သလို အညာဗျူဟာ - Anyar Tactic စစ်ဦးစီးမှူးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment