၂၀၂၅ သြဂုတ်လ ၂၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ PRFနိုင်ငံအလိုက် ထောက်ပို့အင်အား အနှစ်ချုပ်စာရင်းအရ စင်ကာပူ၊မြန်မာ၊အမေရိကန်နဲ့ထိုင်းနိုင်ငံ၊ယူကေ၊ဂျပန်နိုင်ငံတို့မှထောက်ပို့ငွေအများဆုံးနဲ့ထိပ်ဆုံးကရပ်တည်
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး မဲလ်ဘုန်းမြို့မှာမြန်မာအင်အားစုများ ဆန္ဒထုတ်ဖော်မည်
📌 ၃။ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်အောင်ဖန်တီးထားတဲ့ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်ကို ဒဏ်ခတ်အရေးယူဖို့ ဥရောပနိုင်ငံတွေကို JFM တိုက်တွန်း
📌 ၄။ ဒဂုံတက္ကသိုလ်ရှိ "တော်ဝင်လမ်း "အား "ဝတ်ရည်လမ်း"ဟု ပြောင်းလဲခေါ်ဆိုရန်ဒဂုံတက္ကသိုလ်ယာယီကောင်စီ သတ်မှတ်
📌 ၅။ ယင်းမာပင်ခရိုင်၊ယင်းမာပင်မြို့နယ်၊ မြို့နယ်အခွန်ရငွေနဲ့ကျေးရွာသူရွာသားများ၊အလှူရှင်များ၏ဝိုင်းဝန်းကူညီမှုတို့ဖြင့် တံတားတစ်စင်းအောင်မြင်စွာ ဆောက်လုပ်ပြီးစီး
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကောလင်းနဲ့ထီးချိုင့်နယ်အစပ်ကရွာတွေကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် တော်လှန်ရေးရဲဘော် တဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ
🚩 ၂။ ရေးမြို့နယ် အောင်သပြေရွာအနီးဖြစ်တဲ့တိုက်ပွဲမှာ စစ်သားတဦးသေပြီး တော်လှန်ရေးရဲဘော်တဦး အသက်ပေးလှူခဲ့ရ
🚩 ၃။ ကြို့ပင်ကောက်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတာကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံး
🚩 ၄။ ထားဝယ်ကနေ ကား ၁ဝ စီးနဲ့လာတဲ့ အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းကို တိုက်ခိုက်ရာမှာ စစ်သား ၁၁ ဦး သေဆုံးပြီး ၃ ဦး ဖမ်းဆီးရမိ
🚩 ၅။ နမ့်ဆန်မြို့နယ်မှာ တအာင်းရဲတပ်ဖွဲ့က လက်နက်ရောင်းဝယ်တဲ့ အမျိုးသား ၃ ဦး ဖမ်းဆီးရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ PRFနိုင်ငံအလိုက် ထောက်ပို့အင်အား အနှစ်ချုပ်စာရင်းအရ စင်ကာပူ၊မြန်မာ၊အမေရိကန်နဲ့ထိုင်းနိုင်ငံ၊ယူကေ၊ဂျပန်နိုင်ငံတို့မှထောက်ပို့ငွေအများဆုံးနဲ့ထိပ်ဆုံးကရပ်တည်
သြဂုတ်လ (၂၁)ရက်
PRFထောက်ပို့တပ် ထောက်ပို့အင်အား၏ နိုင်ငံအလိုက် အနှစ်ချုပ်စာရင်းအရ စင်ကာပူ၊မြန်မာ၊အမေရိကန်နဲ့ထိုင်းနိုင်ငံ၊ယူကေ၊ဂျပန်နိုင်ငံတို့မှ ထောက်ပို့ငွေအများဆုံးနဲ့ ထိပ်ဆုံးက ရပ်တည်လျက်ရှိပါတယ်။
တနိုင်ငံလုံး PDF ၊ တကမ္ဘာလုံး PRF ဆိုတဲ့အတိုင်းပဲ ကမ္ဘာ့နေရာအနှံ့အပြားမှာ PRF ထောက်ပို့တပ်သားတွေ ရှိကြပါတယ်။ ဒီလိုတာဝန်ထမ်းဆောင်ခဲ့ကြတဲ့အထဲက ၂၀၂၅ ခုနစ် ဇူလိုင်လအတွင်း နိုင်ငံအလိုက်ထောက်ပို့တပ်သားဦးရေ ထောက်ပို့ငွေပမာဏ အင်အားအများဆုံး နိုင်ငံတွေကို ဖော်ပြလိုက်ပါတယ်လို့ PRFကအသိပေးဆိုထားပါတယ်။
၂၀၂၅ ခုနစ် ဇူလိုင်လအတွင်း တာဝန်ထမ်းဆောင်မှုကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နာများမှတဆင့် ပြန်လည်တင်ပြသွားမယ်လို့သိရပါတယ်။
၂၀၂၅ ခုနစ် ဇူလိုင်လအတွင်း တာဝန်ထမ်းဆောင်မှုအရ ထောက်ပို့တပ်သား၂၂,၄၅၁ဦး ရှိခဲ့ပြီး ထောက်ပို့ငွေ အမေရိကန်ဒေါ်လာ ၆၅၇,၀၈၃ ဒေါ်လာရှိခဲ့ပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး မဲလ်ဘုန်းမြို့မှာမြန်မာအင်အားစုများ ဆန္ဒထုတ်ဖော်မည်
သြဂုတ်လ (၂၁)ရက်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး မဲလ်ဘုန်းမြို့မှာမြန်မာအင်အားစုများဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်းသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြပွဲ ကိုသြစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့မှာ သြဂုတ်လ၂၄ရက်တွင် ကျင်းပသွားမယ်လို့သိရပါတယ်။
တိုင်းရင်းသားနယ်မြေများတွင် ဗုံးကြဲနေမှုများကို ဆန့်ကျင်ဆန္ဒပြခြင်းနှင့် ဦးကျော်မိုးထွန်း UN မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ဆက်လက်ရှိစေရေးအတွက် ထောက်ခံဆန္ဒပြခြင်းအပါအဝင် ဖက်စစ်အကြမ်းဖက် စစ်အာဏာရူးရဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြခြင်း စသည်တို့ကိုပါ တပြိုင်တည်းပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။
========================
📌📌 ၃။ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်အောင်ဖန်တီးထားတဲ့ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်ကို ဒဏ်ခတ်အရေးယူဖို့ ဥရောပနိုင်ငံတွေကို JFM တိုက်တွန်း
သြဂုတ်လ (၂၁)ရက်
နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်အောင်ဖန်တီးထားတဲ့ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်ကို ဒဏ်ခတ်အရေးယူဖို့ ဥရောပနိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို Justice For Myanmar - JFM တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
တရားမဝင်တဲ့မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့တွေပါတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ - နစက ဆိုတာကို နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် - နလငက အဖြစ် ပြောင်းလဲ လိုက်တာဟာ စစ်အုပ်စုအတွက် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်မယ့် စိုးရိမ်စရာ ကယ်ပေါက်တခုကို ဖန်တီးခဲ့တာပဲလို့ ဆိုပါတယ်။
နလငက ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ဟာ ကနေဒါ၊ အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံထားရတဲ့ စစ်ရာဇ၀တ်ကောင်တွေဖြစ်သလို နလငက အဖွဲ့ဝင် ၁၀ ဦးစလုံးဟာ အနည်းဆုံး တရားစီရင်ပိုင်ခွင့်တခုနဲ့ ပိတ်ဆို့အရေးယူခံထားရသူတွေလို့ JFM က ထောက်ပြထားပါတယ်။
နစကကို ဖျက်သိမ်းလိုက်တာကြောင့် ပေါ်ပေါက်လာတဲ့ ကယ်ပေါက်ကြောင့် မကြာသေးမီကပဲ စစ်အုပ်စုဟာ အမေရိကန် အခြေစိုက် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကုမ္ပဏီ DCI Group ကို ငှားရမ်းနိုင်ခဲ့တာဖြစ်နိုင်ပြီး အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် ဒေါ်လာ ၃ သန်းတန်ကြေးရှိတဲ့ တနှစ်စာချုပ် ချုပ်ဆိုငှားရမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒါဟာ စစ်အုပ်စုအနေနဲ့ ကျဆင်းနေတဲ့နိုင်ငံတကာပုံရိပ်ကို ခဝါချသန့်စင်ဖို့ ကြိုးပမ်းမှုတခုဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
စစ်အုပ်စုအနေနဲ့ နစက မဖျက်သိမ်းမီ ဇူလိုင်လ ၄ ရက်နေ့မှာ DCI အုပ်စုနဲ့ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ပေမယ့် နစက ကို ဖျက်သိမ်းလိုက်တဲ့ ဇူလိုင်လ ၃၁ ရက်နေ့နောက်မှ အသက်ဝင်စေခြင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ ကယ်ပေါက်ကို အသုံးချ ခြင်းဖြစ်နိုင်ပြီး အခုလို အချိန်ကိုက်ဆောင်ရွက်နိုင်ဖို့ ကြိုတင်စီစဉ်ထားတာကို တွေ့ရတယ်လို့ JFM က ထောက်ပြထား ပါတယ်။
နစက ကနေ နလငက လို့ ခေါင်းစီးပြောင်းပြီး နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို မလှိမ့်တပတ်လုပ်နေတဲ့ တရားမဝင် မြန်မာစစ်အုပ်စုကို ခွင့်ပြုမပေးဖို့ လိုပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကမ္ဘာတဝန်းက လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူတွေ၊ အာဏာရှင်လောင်းလျာတွေကို ရင်ဆိုင်အံတုဖို့အတွက် အလွန်တရာအရေးပါပြီး အစိုးရတွေအနေနဲ့ ကိုယ့်ရဲ့ ဒဏ်ခတ်ပိတ် ဆို့မှုတွေကို ကျော်ခွရှောင်ရှားသွားတာတွေအပေါ် မရပ်တည်မိဖို့ လိုပါတယ်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က ပြောပါတယ်။
ဒါကြောင့် ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ နလငကအပေါ် အမြန်ဆုံး ဒဏ်ခတ်ပိတ်ဆို့ပြီး စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တာ၊ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ညှိနှိုင်းချမှတ်ပြီး ကမ္ဘာလုံးဆိုင်ရာစစ်လက်နက်ရောင်းချမှုကို ပိတ်ပင်တာ၊ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ နည်းပညာနဲ့ လေယာဉ်ဆီ လမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်နိုင်ရေး တိုးမြှင့်အားထုတ်လုပ်ဆောင်တာတွေနဲ့ တုံ့ပြန်ရမယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ နစက အဖွဲ့ကို ၂၀၂၁ ခုနှစ် မေလ ၁၇ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ ယူကေ၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်မှာ အီးယူ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့မှာ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တယ်လို့ JFM မှတ်တမ်းတွေအရ သိရပါတယ်။
နစကအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ နစက ထိန်းချုပ်မှုအောက်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်ပြီး အကြမ်းဖက် အာဏာသိမ်းကြိုးပမ်းမှုနဲ့အတူ တရားမဝင် ထိန်းချုပ်ထားတဲ့ ဝန်ကြီးဌာနတွေနဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဇူလိုင် ၃၁ ရက်က နလငကလို့ အမည်ပြောင်းပြီးကတည်းက မြန်မာပြည်သူလူထုအပေါ် ပစ်မှုထားတဲ့ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်တာ၊ ဗုံးကြဲတာ တရားလက်လွတ်ဖမ်းဆီးတာ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ ရပ်ရွာလူထုတရပ်လုံးကို ဖျက်ဆီးတဲ့ အကြမ်းဖက်စစ်ဆင်ရေးလှုပ်ရှားမှုတွေ ပိုမိုဆိုးရွား ပြင်းထန်လာခဲ့တယ်လိုလည်း Justice For Myanmar - JFM က အသိပေးထားပါတယ်။
========================
📌📌 ၄။ ဒဂုံတက္ကသိုလ်ရှိ "တော်ဝင်လမ်း "အား "ဝတ်ရည်လမ်း"ဟု ပြောင်းလဲခေါ်ဆိုရန်ဒဂုံတက္ကသိုလ်ယာယီကောင်စီ သတ်မှတ်
သြဂုတ်လ၂၁ရက်
ဒဂုံတက္ကသိုလ်ရှိ "တော်ဝင်လမ်း "အား "ဝတ်ရည်လမ်း"ဟု ပြောင်းလဲခေါ်ဆိုရန် ဒဂုံတက္ကသိုလ်ယာယီကောင်စီမှ သတ်မှတ်လိုက်ပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်း (တွဲဖက်အတွင်းရေးမှူး) မဝတ်ရည်အောင်သည် စစ်ဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနှင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် စစ်အာဏာရှင် နှင့် ၎င်း၏လက်ပါးစေ ယန္တယား၏ မတရားဖိနှိပ်ညှင်းပန်းမှုများကြောင့် ၂၀၂၅ခုနှစ် ဇွန်လ ၂၀ရက်နေ့တွင် အင်းစိန်အကျဥ်းထောင်အတွင်း၌ မြင့်မြတ်စွာ ကျဆုံးခဲ့ပါတယ်။
မဝတ်ရည်အောင်၏ တော်လှန်သောစိတ်ဓာတ်နှင့် ခံယူချက်၊ ကျောင်းသားထု ပြည်သူလူထုနှင့်တကွ စစ်အာဏာရှင်ကို သမဂ္ဂအလံတော်ကိုင်စွဲကာ ရဲဝင့်စွာတိုက်ပွဲခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ယာယီကောင်စီကဖော်ပြပါတယ်။
ထို့သို့ရဲဝင့်စွာ အသက်ပေးသွားခဲ့သော မဝတ်ရည်အောင်အား ကျွန်ုပ်တို့ ဒဂုံတက္ကသိုလ်ကြားကာလကောင်စီမှ အစဥ်အမြဲအမှတ်ရအောက်မေ့လျက်ရှိပြီး မဝတ်ရည်အောင်၏ မြင့်မြတ်စွာ အသက်ပေးခဲ့မှုနှင့် တော်လှန်ရေးခံယူချက် စိတ်ဓာတ်တို့အား လေးစားဂုဏ်ပြုသောအားဖြင့် ဒဂုံတက္ကသိုလ်ရှိ "တော်ဝင်လမ်း "အား "ဝတ်ရည်လမ်း"ဟု ပြောင်းလဲခေါ်ဆို သတ်မှတ်လိုက်ကြောင်းအသိပေးကြေညာထားပါတယ်။
========================
📌📌 ၅။ ယင်းမာပင်ခရိုင်၊ယင်းမာပင်မြို့နယ်၊ မြို့နယ်အခွန်ရငွေနဲ့ကျေးရွာသူရွာသားများ၊အလှူရှင်များ၏ဝိုင်းဝန်းကူညီမှုတို့ဖြင့် တံတားတစ်စင်းအောင်မြင်စွာ ဆောက်လုပ်ပြီးစီး
သြဂုတ်လ (၂၁)ရက်
စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ယင်းမာပင်မြို့နယ်၊ မြို့နယ်အခွန်ရငွေနဲ့ကျေးရွာသူရွာသားများ၊အလှူရှင်များ၏ဝိုင်းဝန်းကူညီမှုတို့ဖြင့် တံတားတစ်စင်း အောင်မြင်စွာဆောက်လုပ်ပြီးစီးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ယင်းမာပင်ခရိုင်၊ယင်းမာပင်မြို့နယ်၊ မြို့နယ်အခွန်ရငွေမှ( ၁၀,၈၂၈,၀၀၀)ကျပ်နှင့်ဘိလပ်မြေ(၅၀)အိတ် မတည်ပြီး ကျေးရွာသူရွာသားများစုပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီလို့ ယင်းမာပင်ပအဖက အတည်ပြုထားပါတယ်။
ယခုအခါတံတားပေါ်မှ ဆိုင်ကယ်နှင့်အရေးပေါ် ကျန်းမာရေးကားလေးများ ရာသီဥတုအချိန်မရွေး သွားလာနိုင်ပြီဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကောလင်းနဲ့ထီးချိုင့်နယ်အစပ်ကရွာတွေကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် တော်လှန်ရေးရဲဘော် တဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ
သြဂုတ်လ (၂၁)ရက်
စစ်ကိုင်းတိုင်းထဲက ကောလင်းနဲ့ထီးချိုင့်နယ်အစပ်ကရွာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့ အတွက် တော်လှန်ရေးရဲဘော်တဦးနဲ့ အရပ်သား ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ် တွေက ပြောပါတယ်။
ကောလင်းခရိုင် ကောလင်းမြို့ အရှေ့ခြမ်းက စစ်တပ် လက်ရှိတပ်စွဲရာနေရာတခုဖြစ်တဲ့ ထာဝရကုမ္ပဏီပိုင် ကျောက်ပုထိုး သတ္ထုတွင်းအနီးက ခံသာရွာနဲ့ စွယ်ရရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာလို့ ဆိုပါတယ်။
ကောလင်းမြို့အရှေ့ခြမ်းတဝိုက်ကို မနေ့ ဩဂုတ်လ ၂ဝ ရက်နေ့ မနက် ၆ နာရီလောက်ကစပြီး Y-12 လေယာဉ်နဲ့ ဗုံးပတ်ကြဲခဲ့တာ အလုံး ၃ဝ လောက်ရှိတယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေဖော်ပြနေတဲ့ ကောလင်းအင်ဖို့က အသိပေးပါ တယ်။
အကြမ်းဖက်စစ်တပ်ဟာ မြေပြင်ကနေ စစ်ကြောင်းမထိုးဘဲ တံတားဦးလေတပ်ကနေ တက်လာတဲ့ Y-12 ထောက်ပို့ယာဉ်နဲ့ အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့တာလို့ Kawlin Revolution – KR ကလည်း ထုတ်ပြန်ထားပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်တဦးနဲ့ အရပ်သားပြည်သူ ၃ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရ သွားတယ်လို့ KR ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၃ ဦးထဲက ၂ဦးဟာ စစ်ရှောင်ပြည်သူတွေဖြစ်ပြီး ကျန်တဦးကတော့ စွယ်ရရွာသားဖြစ် ကြောင်းကြောင်းနဲ့ ဒဏ်ရာရတွေဟာ ဆေးကုသမှုခံယူထားပြီးဖြစတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ မြေပြင်အခြေအနေအရ နောက်ဆုံးသတင်းရရှိထားတယ်လို့ KR က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့တုန်းကလည်း အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာက ရွှေဘို - မြစ်ကြီးနားကားလမ်းဘေးက ဒိုးပင်ရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာရှိပြီး ကားသမားတွေ ရပ်နားရာ စားသောက်ဆိုင်အနီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက်မပြည့်သေးတဲ့ ကလေးငယ်တဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ ကုန်တင်ကားအချို့လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ Kawlin Revolution – KR ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၂။ ရေးမြို့နယ် အောင်သပြေရွာအနီးဖြစ်တဲ့တိုက်ပွဲမှာ စစ်သားတဦးသေပြီး တော်လှန်ရေးရဲဘော်တဦး အသက်ပေးလှူခဲ့ရ
သြဂုတ်လ (၂၁)ရက်
မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ ရန်သူစစ်သားတွေကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ရာမှာ စစ်သားတဦး သေဆုံးသွားသလို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ ဘက်က ရဲဘော်တဦး အသက်ပေးလှူခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် - MSRF က ဒီနေ့ ဩဂုတ် ၂၁ မှာ ထုတ်ပြန်ပါတယ်။
ရေးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ အောင်သပြေကျေးရွာအနီးကို ခမရ ၅၈၈၊ ခလရ - ၁၀၆၊ အမတ ၃၁၇ စတဲ့ တပ်ရင်း ၃ ရင်းပေါင်းပြီး စစ်ကြောင်းထိုးလာတာကို မွန်ပြည်ဖက်ဒရယ်ကောင်စီ - MSFC ကာကွယ်ရေးဌာန လက်အောက်ခံတပ်တွေ ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် - MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် -YPDF နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ် တွေ မနေ့ ဩဂုတ်လ ၂ဝ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ ဩဂုတ်လ ၂၀ ရက် မနက် ၉ နာရီ ၅၀ မိနစ်ကနေ ၁၀ နာရီ ဝန်းကျင်ထိ တိုက်ပွဲတကြိမ်နဲ့ ညနေ ၅ နာရီ ကနေ ၅ နာရီ ၁၅ မိနစ် ဝန်းကျင်ထိတကြိမ် တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့တာလို့ အသိပေးပါတယ်။
ပထမအကြိမ် ထိတွေ့တိုက်ပွဲမှာ ရန်သူစစ်တပ်ဘက်က တဦး သေဆုံးခဲ့ပြီး ဒုတိယအကြိမ်ထိတွေ့တိုက်ပွဲမှာ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ဝင် - KNLA တပ်ရင်း - ၂၇ တပ်ခွဲ ၁ က ရဲဘော်တဦး ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ MSRF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က မွန်ပြည်တော်လှန်ရေးတပ် - MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် - YPDF၊ ရာမညမွန်တပ်တော် - RMA နဲ့ KNLA တပ်ရင်း ၂၇ တပ်ခွဲ - ၁ တို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ကြို့ပင်ကောက်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတာကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံး
သြဂုတ်လ (၂၁)ရက်
ပဲခူးတိုင်းအနောက်ခြမ်းက ကြို့ပင်ကောက်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းရဲစခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားတွေဟာ တိုက်ပွဲဖြစ်တာမရှိဘဲ မနေ့ ဩဂုတ်လ ၂၀ ရက်နေ့ ည ၇ နာရီကျော်အချိန်မှာ ကြို့ပင်ကောက်မြို့နယ်က သရင်းကုန်းရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်သားတွေ ဒရုန်းနဲ့ကြဲချတဲ့ ဗုံးသီးဟာ သရင်းကုန်းရွာက အိမ်တလုံးပေါ်ကျရောက်ပေါက်ကွဲတာကြောင့် အိမ် ပျက်စီးသွားခဲ့ပြီး အသက် ၄၇ နှစ်အရွယ် ဦးမင်းဇော် ပွဲချင်းပြီး သေဆုံးခဲ့ကာ ဦးမင်းဇော်ရဲ့ ဇနီးဖြစ်သူ အသက် ၄၉ နှစ် အရွယ် ဒေါ်မော်ကတော့ ဆေးရုံကိုပို့ချိန် လမ်းမှာ သေဆုံးသွားတာလို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Tharyarwaddy 8 City မှာ ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ ဇနီးမောင်နှံမှာ ၁၂ တန်းကျောင်းသားတဦးနဲ့ ၆ တန်းကျောင်းသူတဦး ကျန်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကြို့ပင်ကောက်အရှေ့ခြမ်းမှာရှိတဲ့ သရင်းကုန်းရွာ၊ အေးရွာလေးရွာနဲ့ အုတ်ဖို့မြို့နယ် အရှေ့ဘက်မှာရှိတဲ့ ကြို့ကိုးပင်ရွာ၊ ကျွဲဖြူမရွာနဲ့ရွာရှောင်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ဒရုန်းနဲ့ ဗုံးကြဲ တာတွေ လုပ်နေတဲ့အတွက် ဒေသနေပြည်သူတေါ တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၄။ ထားဝယ်ကနေ ကား ၁ဝ စီးနဲ့လာတဲ့ အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းကို တိုက်ခိုက်ရာမှာ စစ်သား ၁၁ ဦး သေဆုံးပြီး ၃ ဦး ဖမ်းဆီးရမိ
သြဂုတ်လ (၂၁)ရက်
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ကနေ ကား ၁ဝ စီးနဲ့လာတဲ့ အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းကို တိုက်ခိုက်ရာမှာ စစ်သား ၁၁ ဦးသေဆုံးပြီး ၃ ဦး ဖမ်းဆီးရမိကာ လက်နက် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဓဝယ်တပ်တော်- DNLA က ဒီနေ့ ဩဂုတ်လ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
ထားဝယ်မြို့ဘက်ကနေထွက်လာတဲ့ စစ်ယာဉ်တန်းကို ဩဂုတ်လ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ တော်လှန်ရေး တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ထားဝယ်မြို့ ဘဲ့မဲ့တပ်တောင်အနီးမှာ အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းကို DNLA နဲ့ ဒူရကစစ်ကြောင်းအပါအဝင် ပူးပေါင်း အဖွဲ့တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၄ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရသွားသလို MA 1 တလက်၊ ကျည်ဘောက် ၂ ခုနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့ မနက် ၁ဝ နာရီခန့်မှာလည်း အဲဒီစစ်ယာဉ်တန်းက စစ်ကြောင်းနဲ့ တိုက်ပွဲထပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
၇ နာရီကြာတဲ့ ဒီတိုက်ပွဲမှာ စစ်သား ၇ ဦးသေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၃ ဦး ဖမ်းဆီးနိုင်ခဲ့တဲ့အပြင် စစ်ကား ၁၀ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဓဝယ်တပ်တော်- DNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကား ၃ စီးအတွင်းကနေ MA-1 ၄ လက်၊ G-3 ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပေမယ့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တဦး အသက်ပေးလှူခဲ့ရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
သင်္ကန်းကုန်းရွာမှာဖြစ်ခဲ့တဲ့ ၇ နာရီကြာတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဖြစ်တဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် - DNLA ရဲ့ ဒူရစစ်ကြောင်း၊ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ - TPLF ၊ ကျားသစ်နက်တပ်ဖွဲ့၊ ဘီလုံး ပျောက်ကျားတပ်ဖွဲ့၊ သံမဏိပေါက်ကြား (နဘယံ)၊ ဒေါနတပ်ခွဲ ၇ ၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း - T5၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ - DEF နဲ့ အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ - EDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အချိန်မရွေးလုပ်လာနိုင်တဲ့အတွက် တနင်္သာရီတိုင်းအတွင်း နေထိုင်ကြတဲ့ မိဘပြည်သူများအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို လိုက်နာ ကျင့်သုံးကြဖို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
တော်လှန်ရေးအရှိန်မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက် အမှန်တရားဘက်ကရပ်တည်လိုတဲ့ စစ်သားနဲ့ ရဲတွေ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလုံကြဖို့လည်း တော်လှန်ရေးညီနောင်တပ်ဖွဲ့တွေက ဖိတ်ခေါ်ထားပါတယ်။
========================
🚩🚩 ၅။ နမ့်ဆန်မြို့နယ်မှာ တအာင်းရဲတပ်ဖွဲ့က လက်နက်ရောင်းဝယ်တဲ့ အမျိုးသား ၃ ဦး ဖမ်းဆီးရမိ
သြဂုတ်လ (၂၁)ရက်
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ တအာင်းမြို့နယ် ရဲတပ်ဖွဲ့က လက်နက်ရောင်းဝယ်တဲ့ အမျိုးသား ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ဒီနေ့ ဩဂုတ်လ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
တအာင်းပြည် တပ်မဟာ ၉ နယ်မြေဖြစ်တဲ့ နမ့်ဆန်မြို့နယ်မှာ လက်နက်အရောင်းအဝယ်လုပ်နေတယ်လို့ သတင်းရတဲ့ အတွက် မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရာက သြဂုတ်လ ၁၀ ရက်နေ့မှာ လက်နက်ရောင်းဝယ်သူတွေဆီက AK သေနတ်တလက်၊ M-22 သေနတ်တလက်၊ MA-3 သေနတ်တလက်၊ သေနတ်တွေနဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိ ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိထားတဲ့ အမျိုးသား ၃ ဦးကို တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး လက်နက်ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးပါတယ်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့လည်း ကွတ်ခိုင်မြို့နယ် ဟိုကျန့်ကျေးရွာမှာ တအာင်းမြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးနဲ့ လက်နက်ပစ္စည်းတွေ အများအပြားဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLA မှတ်တမ်းတွေအရ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment