၂၀၂၅ သြဂုတ်လ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့မှုနောက်ပိုင်း မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုလုပ်ငန်းများ ကုန်းလမ်း၊ ရေလမ်းများမှတစ်ဆင့် တိုးချဲ့ဆောင်ရွက်လာကြရန် အခြေအနေများ ဖန်တီးပေးသကဲ့သို့ ဖြစ်ပေါ်
📌 ၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းက ရွာပေါင်း ၁၅ ရွာကမီးဘေးသင့်သူများနဲ့ စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီထားမှုများ စစ်တမ်းပြန်လည်ကောက်ယူ
📌 ၃။ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဉ် အခြေခံမိတ်ဆက် သင်တန်းနှင့် နိုင်ငံတကာရှိ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဉ်များ အကြောင်းဆွေးနွေး
📌 ၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၏ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များဆွေးနွေး
📌 ၅။ မြန်မာနိုင်ငံရှိ ထိန်းသိမ်းစစ်ကြောသည့်နေရာများတွင် ရိုက်နှက်ခြင်း၊ လျှပ်စစ်ဖြင့်ရှော့တိုက်ခြင်းနှင့်အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းအပါအဝင် လိင်အကြမ်းဖက်မှုများ ကျူးလွန်နေ
📌 ၆။ အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအစီအစဉ်အတွက် နည်းပညာဆိုင်ရာ၊ ပစ္စည်းကိရိယာ သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ထောက်ခံမှုများကို ငြင်းပယ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား International IDEA တောင်းဆို
📌 ၇။ ၇၅ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကို ထိုင်း-မြန်မာ နယ်စပ် တစ်နေရာ၌ ကျင်းပ
📌 ၈။ ကွမ်လုံ၊ သိန်းနီနဲ့ လောက်ကိုင်မြို့တို့မှာ အသက် (၃) နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေး အခမဲ့ ထိုးနှံ တိုက်ကျွေး
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မြင်းခြံမှာ အင်အား ၁,၀၀၀ ခန့်ဖြင့် စစ်ကောင်စီ စစ်ကြောင်းထိုး၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုများခဲ့ပြီး MBT တပ်ဖွဲ့ တပ်စခန်းတချို့ လက်လွှတ်ခဲ့ရ
🚩 ၂။ သဲကုန်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းအား မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ၁၃ ဦး သေဆုံး
🚩 ၃။ တောင်ဇင်းရဲစခန်းမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၈ ဦး သေဆုံး
🚩 ၄။ စစ်ကိုင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
🚩 ၅။ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နဲ့ Free Burma Rangers (FBR) ပူးပေါင်းပြီး အရေးပေါ် ကယ်ဆယ်ရေး သင်တန်းပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့မှုနောက်ပိုင်း မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုလုပ်ငန်းများ ကုန်းလမ်း၊ ရေလမ်းများမှတစ်ဆင့် တိုးချဲ့ဆောင်ရွက်လာကြရန် အခြေအနေများ ဖန်တီးပေးသကဲ့သို့ ဖြစ်ပေါ်
သြဂုတ်လ၁၂ရက်
Radio NUG
သြဂုတ်လ ၁၁ရက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းလုံခြုံရေး၏ ပေါ်ပေါက်လာနေသော စိန်ခေါ်မှုများကို ဖြေရှင်းရန် ကြိုတင်ကာကွယ်ခြင်း၊ ဆန်းသစ်တီထွင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့် တံခါးဖွင့် အစည်းအဝေးတစ်ရပ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့ပါတယ်။
"၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့မှုနောက်ပိုင်း မြန်မာနိုင်ငံတွင် တရား ဥပဒေစိုးမိုးမှု ပြိုလဲခြင်း၊ နိုင်ငံရေးအဖွဲ့အစည်းများ ပြိုလဲခြင်း၊ အကျင့်ပျက်ခြစားမှုများ မြင့်တက်လာခြင်းနှင့် လုံခြုံမှုကင်းမဲ့လာသည့် အခြေအနေများကြောင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုလုပ်ငန်းများ ကုန်းလမ်း၊ ရေလမ်းများမှတစ်ဆင့် တိုးချဲ့ဆောင်ရွက်လာကြရန် အခြေအနေများ ဖန်တီးပေးသကဲ့သို့ ဖြစ်ပေါ်လာခဲ့ကြောင်း၊ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာအရ တရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများသည် အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသများသာမက တောင်အာရှဒေသတွင်ပါ သိသိသာသာ များပြားလာကြောင်း၊ တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီ၏ လက်ချက်ဖြင့် အပြစ်မဲ့ပြည်သူပေါင်း ၇,၀၀၀ ကျော် သေဆုံးခဲ့ရပြီး၊ လူဦးရေ ၂၀ သန်းကျော်သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီးလိုအပ်နေပါကြောင်း" သံအမတ်ကြီးက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံလူဦးရေ၏ တစ်ဝက်ခန့်မှာ နိုင်ငံ၏ဆင်းရဲမွဲတေမှုမျဉ်းအောက်သို့ ရောက်ရှိနေကြကာ ရိုဟင်ဂျာများ အပါအဝင် ပြည်တွင်း၌ စစ်ဘေးရှောင် လူဦးရေသည် ၃.၅ သန်းကျော်ရှိနေပြီ ဖြစ်ပြီး ပြည်တွင်းရှိ စစ်ဘေးရှောင်စခန်းများရှိ အကာအကွယ်မဲ့ ပြည်သူများမှာလည်း တရားမဝင် လူကုန်ကူးသူများ၏ သားကောင်ဖြစ်လာနိုင်ခြေ ပိုမိုမြင့်မားလျက်ရှိတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းက ရွာပေါင်း ၁၅ ရွာကမီးဘေးသင့်သူများနဲ့ စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီထားမှုများ စစ်တမ်းပြန်လည်ကောက်ယူ
သြဂုတ်လ၁၂ရက်
Radio NUG
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းက ရွာပေါင်း ၁၅ ရွာကအကြမ်းဖက်စစ်အုပ်စုကြောင့် မီးဘေးသင့်ပြီး စစ်ရှောင်ခဲ့ရသော ပြည်သူတွေကို ကူညီပံ့ပိုးနေမှုများ နောက်ဆက်တွဲအနေနဲ့ အခြေအနေနဲ့ လိုအပ်ချက်များကို ဩဂုတ်လပထမပတ်ထဲမှာ ကွင်းဆင်းမေးမြန်း စစ်တမ်းကောက်ယူခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
လူ့အခွင့်ရေးရာတာဝန်ခံနဲ့ လူသားချင်းစာနာထောက်ထားကူညီမှုတွေ ပြုလုပ်ပေးနေတဲ့ ကချင်အရပ်ဘက်အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ဇွန်လအတွင်းက ထောက်ပံ့ကူညီပေးခဲ့တဲ့ ထောက်ပံ့ငွေနဲ့ ပစ္စည်းများလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိ၊ မရှိနဲ့အတူ နောက်ထပ်လိုအပ်ချက်တွေကို မေးမြန်းစစ်တမ်းကောက်ယူခဲ့ကြပါတယ်။
လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေအနေနဲ့ ပြည်သူနဲ့ တသားတည်း ရှိနေပြီး လိုအပ်ချက်တွေကို အချိန်နှင့် တပြေးညီ ပူးပေါင်း ဆောင်ရွက် ဖြည့်ဆည်းပေးနေတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၃။ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဉ် အခြေခံမိတ်ဆက် သင်တန်းနှင့် နိုင်ငံတကာရှိ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဉ်များ အကြောင်းဆွေးနွေး
သြဂုတ်လ၁၂ရက်
Radio NUG
အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice)လုပ်ငန်းစဥ် အခြေခံမိတ်ဆက် သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၇၊ ၂၈၊ ၃၀)ရက်တို့တွင် (၃)ရက်တိုင်တိုင် တစ်ရက်လျှင်(၃)နာရီဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ ၊ တရားရေးဝန်ကြီးဌာနမှ ကြီးမှုးပြီး ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ပါတယ်။
သင်တန်းကိုတရားဥပဒေ စိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာနမှ တာဝန်ယူကာ ကရင်နီပြည် အစိုးရ၊ တရားရေး ဝန်ကြီး ဌာန(KMOJ)၊ ကရင်နီပြည် ကြားကာလတရားစီရင်ရေး(KSIJ)၊ တရားရေး ဌာန(DOJ)တို့ ပူးပေါင်းကာ ကရင်နီပြည် အစိုးရမှ တရားရေးဌာနဆိုင်ရာ တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ရဲအရာရှိများ၊ သက်ဆိုင်ရာရုံးဝန်ထမ်းများနှင့် ပြင်ပလူမှုအဖွဲ့အစည်းအစရှိသည်တို့မှ လူဦးရေ(၅၀)ခန့် တက်ရောက်ခဲ့သည့် သင်တန်းတစ်ရပ်အား အွန်လိုင်း (Zoom)မှကျင်းပခဲ့ပါတယ်။
ဆက်လက်၍ အဆိုပါ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) လုပ်ငန်းစဥ် အခြေခံမိတ်ဆက် သင်တန်း၏ နောက်ဆက်တွဲ ဆွေးနွေးမှုအစီအစဥ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ(၆)ရက်နှင့်(၉)ရက်နေ့တို့တွင်လည်း အွန်လိုင်း(Zoom)မှတဆင့် တစ်ရက်လျှင်(၃)နာရီအစီစဥ်ဖြင့် (၂)ရက် တိုင်တိုင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များနှင့်အညီ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
ဆွေးနွေးမှုများတွင် နိုင်ငံတကာရှိ (Transitional Justice) ၏လုပ်ငန်းစဥ်များအား လက်တွေ့အကောင်အထည် ဖော်လုပ်ဆောင်ခဲ့ကြသော နိုင်ငံများ၏ဖြစ်စဥ်များအား လေ့လာဆွေးနွေးခြင်း၊ မိမိတို့မြန်မာနိုင်ငံတွင် လက်ရှိဖြစ်စဥ်နှင့် နောင်အသွင်ကူးပြောင်းရေးကာလ၊ ပြန်လည်တည်ထောင်ရေးကာလတို့တွင် လက်ရှိနိုင်ငံရေးအခြေအနေအရ ကျူးလွန်ချိုးဖောက်ခဲ့မှုများအား ဥပဒေနှင့်အညီထိုက်တန်သည့် အပြစ်ပေးအရေးယူနိုင်ရေး၊ အများပြည်သူနစ်နာဆုံးရှုံးမှုများအား ပြန်လည်ကုစားပေးလျော်ရေး အစရှိသဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု(Transitional Justice) အခြေခံမိတ်ဆက် သင်တန်း၏ နောက်ဆက်တွဲဆွေးနွေးမှုအစီအစဥ်အနေဖြင့် သီအိုရီကြီး လေးရပ်အား အကျယ်တဝင့်အပြန်အလှန်ဆွေးနွေးမှုများကို (၂)ရက်တာအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၏ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များဆွေးနွေး
ဩဂုတ်လ ၁၂ရက်
Radio NUG
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီမှ တာဝန်ရှိသူများသည် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီမှ တာဝန်ရှိသူများကလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၏ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး အစည်းအဝေးအား (၁၁း၁၅)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။
========================
📌📌 ၅။ မြန်မာနိုင်ငံရှိ ထိန်းသိမ်းစစ်ကြောသည့်နေရာများတွင် ရိုက်နှက်ခြင်း၊ လျှပ်စစ်ဖြင့်ရှော့တိုက်ခြင်းနှင့်အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းအပါအဝင် လိင်အကြမ်းဖက်မှုများ ကျူးလွန်နေ
သြဂုတ်လ၁၂ရက်
Radio NUG
မြန်မာနိုင်ငံရှိ ထိန်းသိမ်းစစ်ကြောသည့်နေရာများတွင် ရိုက်နှက်ခြင်း၊ လျှပ်စစ်ဖြင့်ရှော့တိုက်ခြင်းနှင့် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းအပါအဝင် လိင်အကြမ်းဖက်မှုများ ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားIIMMက ထုတ်ပြန်ဖော်ပြပါတယ်။
“မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအပါအဝင် မြန်မာနိုင်ငံက စစ်ကြောရေးစခန်းတွေမှာ စနစ်တကျ ညှဥ်းပန်းနှိပ်စက်နေတာကို ထင်ထင်ရှားရှားပြသနေတဲ့ အထောက်အထားတွေကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပါတယ်”လို့ IIMMယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။
အစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက် ကာလအပိုင်းအခြားအတွင်းမှ ဆောင်ရွက်ချက်များကို တင်ပြထားပြီး မြန်မာနိုင်ငံရှိ ထိန်းသိမ်းစစ်ကြောသည့်နေရာများတွင် ရိုက်နှက်ခြင်း၊ လျှပ်စစ်ဖြင့်ရှော့တိုက်ခြင်း၊ လည်ပင်းညှစ်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ လိင်အင်္ဂါအစိတ်အပိုင်းများကို မီးရှို့ခြင်းနှင့် အခြားလိင်အကြမ်းဖက်မှုများကျူးလွန်နေကြောင်း မှတ်တမ်းများကို အသေးစိတ်ဖော်ပြထားပါတယ်။
“ထိန်းသိမ်းစစ်ကြောတဲ့နေရာတွေကို ကြီးကြပ်တဲ့တပ်မှူးတွေအပါအဝင် ကျူးလွန်သူတွေကို ဖော်ထုတ်ရာမှာ တိုးတက်မှုတွေရှိနေပြီး ဒီအမှုတွေကို စစ်ဆေးစီရင်ဖို့ လိုလားပြီး စီရင်နိုင်ခွင့်ရှိတဲ့ တရားရေးအာဏာပိုင်တွေနဲ့ မျှဝေဖို့ အသင့်ရှိနေပါတယ်” လို့အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်ကထပ်မံ ပြောပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအစီအစဉ်အတွက် နည်းပညာဆိုင်ရာ၊ ပစ္စည်းကိရိယာ သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ထောက်ခံမှုများကို ငြင်းပယ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား International IDEA တောင်းဆို
ဩဂုတ်လ ၁၂ရက်
Radio NUG
အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအစီအစဉ်အတွက် နည်းပညာဆိုင်ရာ၊ ပစ္စည်းကိရိယာ သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ထောက်ခံမှုများကို ငြင်းပယ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား International IDEAမှ တောင်းဆိုထားပါတယ်။
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအား နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်ခံမှုများ ပေးအပ်ရန်လည်း တောင်းဆိုထားပါတယ်။
ထို့အပြင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများကို ထိန်းသိမ်းရန်၊ ပြည်သူများ၏ ဆန္ဒကို ထင်ဟပ်သည့် ပါဝင်သော ဆွေးနွေးမှုနှင့် ယာယီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှုလုပ်ငန်းစဉ်ကို ထောက်ခံရန်၊ စစ်တပ်နှင့် သံတမန်ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန်နှင့် အကြမ်းဖက်စစ်တပ်ကို တရားဝင်မှုပေးခြင်းအတွက် နိုင်ငံအဆင့်၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာဖိုရမ်များတွင် တားဆီးရန်လည်း တောင်းဆိုထားပါတယ်။
International IDEA သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အနာဂတ်ကို ထောက်ခံသည့် သက်ဆိုင်သူများနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်ရန်နှင့် ဒီမိုကရေစီအဖွဲ့အစည်းများ ပါဝင်သောအုပ်ချုပ်မှုနှင့် တရားဥပဒေစိုးမိုးရေးကို ကာကွယ်မြှင့်တင်ရန် ဆက်လက်ထောက်ခံအားပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၇။ ၇၅ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကို ထိုင်း-မြန်မာ နယ်စပ် တစ်နေရာ၌ ကျင်းပ
ဩဂုတ်လ (၁၂) ရက်၊
Radio NUG
၂၀၂၅ ခုနှစ် သြဂုတ်လ (၁၂) နေ့တွင် ကျရောက်သော (၇၅) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကို ထိုင်း-မြန်မာရှိ ကရင်အမျိုးသားများ နယ်စပ်တစ်နေရာ၌ ကျင်းပခဲ့ကြပြီး အခမ်းအနားသို့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံံးမှ ခေါင်းဆောင်များဖြစ်သော ပဒို စောတောနီး ( ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံံး ပြောရေးဆိုခွင့်ရှိသူ ၊ နိုင်ငံခြားရေးဌာနမှူး )နှင့် ပဒို စောကလယ်စေး ( ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံံး ပြောရေးဆိုခွင့်ရှိသူ ၊ လမ်းပန်းနှင့်ပို့ဆောင်ဆက်သွယ်ရေး ဌာနမှူး )တို့မှ တက်ရောက်ကာ တိုက်တွန်း အားပေး လမ်းညွှန်စကားများပြောကြားခဲ့ပါတယ်။
ထို့အပြင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( KNDO ) ၏ စစ်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်မှူးကြီး စောနေဒိုမူးနှင့် ဒုတိယ ဗိုလ်မှူးကြီး စောမိုးစက် KNLA တပ်ရင်း ၂၄ တပ်ရင်းမှူးတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
၇၅နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားသို့ ကေအဲန်ယူမှ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ကျောင်းသူ ကျောင်းသားများနှင့် ပြည်သူလူထုပေါင်း ၃၀၀ ကျော် တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။
========================
📌📌 ၈။ ကွမ်လုံ၊ သိန်းနီနဲ့ လောက်ကိုင်မြို့တို့မှာ အသက် (၃) နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေး အခမဲ့ ထိုးနှံ တိုက်ကျွေး
ဩဂုတ်လ ၁၂ ရက်၊
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်နယ်မြေ၊ ကွမ်လုံမြို့၊ သိန်းနီမြို့နဲ့ လောက်ကိုင် မြို့တို့မှာ အသက် (၃) နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးများ “အခမဲ့” ထိုးနှံ တိုက်ကျွေးပေးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၈ ရက်နေ့မှာ ကွမ်လုံမြို့၊ ၁၁ ရက်နေ့မှာ သိန်းနီ မြို့နဲ့ လောက်ကိုင်မြို့ရှိ ကလေးငယ် (၁,၆၈၃) ဦးကို အသက်အရွယ်အလိုက် ရရှိသင့်သော ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့တယ်လို့ ဆိုပါတယ်။
လာမယ့်လများမှာလည်း ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ရမယ့်ရက်အား ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ (၁)၊ ကျန်းမာရေးဌာန၊ Facebook စာမျက်နှာမှာ ကြိုတင်ကြေညာ ပေးသွားမှာဖြစ်ပြီး ကလေးငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးကဏ္ဍတစ်ခု ဖြစ်သောကြောင့် မိဘများ အနေဖြင့် မဖြစ်မနေ သွားရောက်ထိုးနှံ တိုက်ကျွေးကြဖို့ တိုက်တွန်းထားပါတယ်။
အထူးဒေသ (၁) ကျန်းမာရေးဌာနအနေဖြင့် ဒေသတွင်းရှိ ကလေးငယ်တိုင်းအတွက် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံတိုက်ကျွေးနိုင်ဖို့ အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ကလေးငယ် ၁၀,၉၆၇ ဦး ကို ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ၂၀၂၅ ခုနှစ်မှာ ယခင်နှစ်ကထက် ကလေးငယ် ဦးရေ သုံးဆမှ ငါးဆအထိ ကာကွယ်ဆေးထိုးနှံတိုက်ကျွေး ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မြင်းခြံမှာ အင်အား ၁,၀၀၀ ခန့်ဖြင့် စစ်ကောင်စီ စစ်ကြောင်းထိုး၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုများခဲ့ပြီး MBT တပ်ဖွဲ့ တပ်စခန်းတချို့ လက်လွှတ်ခဲ့ရ
ဩဂုတ်လ ၁၂ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့အနီးကို စစ်ကောင်စီ တပ်အင်အား (၁,၀၀၀) ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး တပ်စခန်း တချို့ကို လက်လွှတ်ခဲ့ရတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့က စတင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဩဂုတ်လ ၁ ရက်နေ့မှာ တစ်ကြိမ်၊ ၂ ရက်နေ့မှာ တစ်ကြိမ် စုဖွဲ့မှု ပြိုကွဲကာ တပ်လန့်ထွက်ပြေးတဲ့အထိ တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က အင်အား ထပ်မံဖြည့်တင်းကာ လေကြောင်းပစ်ကူ နေ့စဉ်နဲ့အမျှ သုံးစွဲပြီး ထပ်မံစစ်ကြောင်း ထိုးလာရာ တော်လှန်ရေးတပ်ဖွဲ့များ စည်းလုံးညီညွတ်စွာ ခုခံခဲ့ပေမယ့် ခဲယမ်း ပြတ်တောက်မှုကြောင့် ဩဂုတ်လ ၁၀ ရက်နေ့မှာ တပ်စခန်းများအား လက်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၃၁ ရက်မှ ဩဂုတ်လ ၁၀ ရက်နေ့ထိ၊ ၁၁ ရက်ကတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၇၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၁၇၀ ဦးကျော် ဒဏ်ရာရခဲ့ကာ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
MBT တပ်ဖွဲ့ဘက်ကလည်း အထူးကွန်မန်ဒို စစ်ကြောင်းမှ တပ်စိတ်မှူး ရဲဘော် ဇော်ကြီး၊ ဒု-တပ်စိတ်မှူး ရဲဘော် ဝန၊ ရဲဘော် ကျွဲကြီး၊ ရဲဘော် Black Shar နဲ့ MBT စစ်ကြောင်း - ၅ မှ ရဲဘော် ကိုဖက်တို့ မြင့်မြတ်စွာ အသက် ပေးလှူခဲ့ရပြီး လက်နက်/ခဲယမ်း တချို့ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲများအတွင်း MBT တပ်ဖွဲ့နှင့်အတူ PDF တပ်ရင်း (၁၊ ၂၊ ၇၊ ၈)၊ ဗိုလ်စားပြောက်ကျားတပ်၊ ဝံပုလွေတပ်ဖွဲ့၊ မြင်းခြံခရိုင် ပကဖ၊ တောင်သာမြို့နယ် ပကဖနဲ့ အခြားမဟာမိတ် တပ်ဖွဲ့များက လာရောက်အားဖြည့်ပေးခဲ့ကြပြီး ထိခိုက်ကျဆုံးမှုအချို့ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ သဲကုန်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းအား မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ၁၃ ဦး သေဆုံး
ဩဂုတ်လ ၁၂ ရက်၊
Radio NUG
ပဲခူးတိုင်း၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းအား ဒရုန်း၊ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ၁၃ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်ခရိုင် ပကဖ ထံက သိရပါတယ်။
ဩဂုတ်လ ၁၁ ရက်နေ့ မနက် ၄ နာရီခွဲမှာ သဲကုန်းမြို့ကနေ သစ်နီတော ရွာဘက်ကို Faw ကား ၅ စီး၊ ၆ နာရီခွဲမှာ နောက်ထပ် ၂ စီး ဖြင့် ရောက်ရှိလာတဲ့ စစ်ကောင်စီ တပ်အင်အား ၁၀၀ ကျော်ခန့်က တော်လှန်ရေး လှုပ်ရှားတပ်ဖွဲ့ များအား ဒရုန်းဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် ၁၀ နာရီခန့်မှာ နွားညိမ်တောင်ကို ရောက်ရှိလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြည်သူ့တဲ တစ်လုံးအား မီးရှို့ဖျက်စီးခဲ့ပြီး ညနေ ၅ နာရီခန့်မှာ ရုံးပင်တက်ရွာ အရှေ့ဘက် ဘုရားလေးကုန်းကို ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
၎င်းစစ်ကြောင်း ရုံးပင်တက်ရွာ အနောက်ကုန်းသို့ အရောက်၊ ညနေ ၆ နာရီခန့်မှာ ပြည်ခရိုင် ပကဖ တိုက်ခိုက်ရေး အဖွဲ့၊ သဲကုန်းနဲ့ ပေါင်းတည် ပကဖတို့က သုံးပွင့်ဆိုင် မိုင်းကွင်းအား ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ည ၇ နာရီခွဲခန့်မှာ မိုးကာအုပ်ထားသော လက်နက်ကြီးတင်ဆောင်လာတဲ့ကားဟာ ပဲသီတာဘုရားကုန်း ပေါ်ကို တက်ရောက်သွားခဲ့ပြီး စစ်ကောင်စီတပ်ဟာ ရုံးပင်တက်ရွာမှာ တပ်စွဲထားတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ တောင်ဇင်းရဲစခန်းမှ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၈ ဦး သေဆုံး
ဩဂုတ်လ ၁၂ ရက်၊
Radio NUG
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်း ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁၈ ဦး မျက်မြင် သေဆုံးခဲ့တယ်လို့ People's Democratic Army က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁၁ ရက်နေ့ မနက် ၅ နာရီ မိနစ် ၂၀ အချိန်မှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် အင်အား ၂၀၀ ခန့်ဟာ ရွာသစ်တောင် (ပြင်းဒိုင်း) ရွာဘက်ကို စစ်ကြောင်းထိုးလာသဖြင့် ချောင်းဝနဲ့ ရွာသစ်တောင် ရွာကြား တနေရာမှာ မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပေပါမိုင်းပွိုင့် တစ်ခု၊ ပဒေသာမိုင်းပွိုင့် နှစ်ခုဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၈ ဦး မျက်မြင်သေဆုံးခဲ့ပြီး ၆ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကာ အခြား ထိခိုက်ဒဏ်ရာရ သူများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် တောင်ဇင်း ရဲစခန်းမှ သံချပ်ကာကား ၄ စီး၊ ညောင်ဦးမှ စစ်ကား ၆ စီး အင်အားဖြည့်တင်းခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်း ဝင်ရောက် စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီ စစ်ကြောင်းဟာ ရွာသစ်တောင်ရွာမှာ တပ်စွဲထားပြီး နောက်တစ်ကြောင်းဟာ ချောင်းရှည်ရွာအတွင်း ဝင်ရောက်နေထိုင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ စစ်ကြောင်းရဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် အဖွားအို တစ်ဦး ခြေထောက် တစ်ဖက် ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး ရွာသစ်တောင်နဲ့ အနီးပတ်ဝန်းကျင် ရွာများမှ ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ စစ်ကိုင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
ဩဂုတ်လ ၁၂ရက်
Radio NUG
စစ်ကိုင်းမြို့နယ် မြောက်ခြမ်း၊ တောင်ရင်း ၁၄ မိုင်အနီးတွင် ဩဂုတ်လ ၁၁ ရက် နေ့လယ် ၂ နာရီမှ ၄ နာရီဝန်းကျင်အတွင်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာလေယာဉ် ၅ စီးဖြင့် သုံးကြိမ်တိုင် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် တောင်ရင်းရွာ ၁၄ မိုင်လမ်းဆုံ၊ တောင်ရင်း/ပဒူအစပ်နှင့် ဗောဓိတောဘက်ရှိ နေရာများတွင် ပြည်သူ ၆ ဦး သေဆုံးပြီး ကား ၄ စီး မီးလောင်ပျက်စီးခဲ့ကာ ခိုင်ရွှေဝါ စားသောက်ဆိုင်နှင့် လှိုင်ကွမ်းယာဆိုင်အပါအဝင် ဆိုင်များ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁၂ ရက်တွင် နေရာများကို ရှင်းလင်းစစ်ဆေးရာ သေဆုံးသူ ၁၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကား ၁၀ စီး ထပ်မံပျက်စီးခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၁၈ ဦးနှင့် ဒဏ်ရာရသူ ၂၀ ကျော်အထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “လေယာဉ်ငါးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ကံကောင်းလို့ မသေခဲ့ပေမယ့် လမ်းပေါ်မှာ မီးလောင်နေတဲ့ ဆီကားတွေနားမှာ ပြန့်ကြဲနေတဲ့ ဗုံးသီးတွေကို မကောက်နိုင်ခဲ့ဘူး။ လက်တစ်ဖက်ပြတ်တဲ့ ဘုန်းကြီးတစ်ပါးနဲ့ ဒဏ်ရာရထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးတစ်ဦးစီကို ဆေးကုသဖို့ ကူညီပေးနိုင်ခဲ့ပါတယ်” လို့ ပြောကြားထားပါတယ်။
========================
🚩🚩 ၅။ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နဲ့ Free Burma Rangers (FBR) ပူးပေါင်းပြီး အရေးပေါ် ကယ်ဆယ်ရေး သင်တန်းပြုလုပ်
ဩဂုတ်လ ၁၂ ရက်၊
Radio NUG
ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (၉၄၂၅) တပ်ရင်း၊ တပ်ခွဲ (၂) နဲ့ Free Burma Rangers အဖွဲ့ တို့ ပူးပေါင်းပြီး အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း ပြုလုပ်ခဲ့တယ်လို့ KPLA (၉၄၂၅) တပ်ရင်း၊ တပ်ခွဲ (၂) က ထုတ်ပြန်ထားပါတယ်။
အဆိုပါ သင်တန်းကို FBR မှ သင်တန်းဆရာများက ဩဂုတ်လ ၄ ရက်ကနေ ၉ ရက်နေ့ထိ လာရောက်သင်ကြားပေးခဲ့ပြီး KPLA (၉၄၂၅) တပ်ရင်း တပ်ခွဲ (၂) အပြင် တပ်ခွဲ (၁၊ ၃၊ ၄) တို့က သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်း ရဲဘော်များဟာ ရှေ့တန်းစစ်မြေပြင် အတွေ့အကြုံ ရှိထားတဲ့ ရဲဘော်များ ဖြစ်တဲ့အတွက် ရှေ့တန်း စစ်မြေပြင်မှာ ကူညီ ကယ်ဆယ် ကုသရေး တာဝန်များကို ဆက်လက်ထမ်းဆောင် သွားမယ်လို့ သိရပါတယ်။
KPLA (၉၄၂၅) တပ်ရင်း၊ တပ်ခွဲ (၂) ဟာ စတင်ဖွဲ့စည်းခဲ့ချိန် ကတည်းက ဆေးတပ်ခွဲအဖြစ် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ရှေ့တန်း စစ်မြေပြင် ကူညီကယ်ဆယ်ရေး၊ စစ်ရှောင်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင် နေတဲ့ တပ်ခွဲတစ်ခု ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment