၂၀၂၅ စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူသားဘေးဒုက္ခ အကျပ်အတည်းဆိုင်ရာ အရေးပေါ်အခြေအနေအကြောင်း Kim Aris နဲ့ ဆွေးနွေးခဲ့တယ်လို့ NUG ယာယီသမ္မတ ပြော
📌 ၂။ အကြမ်းဖက်စစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်နေတဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ NUG ယာယီသမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် Kim Aris သတိပေး
📌 ၃။ ဆားလင်းကြီးမြို့နယ်မှာ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုလုပ်
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဝိုင်းမော်မြို့နယ်မှာ စစ်တပ်က လေကြောင်း၊လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ဒေသနေပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ KIA ပြော
🚩 ၂။ မင်းလှမြို့မရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ ရဲဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်
🚩 ၃။အထူးဒေသ - ၁ ရဲတပ်ဖွဲ့ အပတ်စဉ် - ၁ ရဲလုပ်ငန်းသင်တန်းသင်တန်းဆင်းပွဲကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူသားဘေးဒုက္ခ အကျပ်အတည်းဆိုင်ရာ အရေးပေါ်အခြေအနေအကြောင်း Kim Aris နဲ့ ဆွေးနွေးခဲ့တယ်လို့ NUG ယာယီသမ္မတ ပြော
စက်တင်ဘာလ (၁၄)ရက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ Kim Aris နဲ့ မြန်မာလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူသားဘေးဒုက္ခ အကျပ်အတည်းဆိုင်ရာ အရေးပေါ်အခြေအနေတွေအပါအဝင် အခက် ၃ ချက် ဆွေးနွေးခဲ့တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ Kim Aris နဲ့ ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေး ခဲ့တာတွေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုကို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအတွက် ညီညွတ်မှုလို့ ကင်ပွန်းတပ်ထားပြီး
စစ်အာဏာရှင်ကို အဆုံးသတ်ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ သန္နိဋ္ဌာန်ကို အခိုင်အမာ ထပ်မံ အတည်ပြုခဲ့ကြတယ်လို့ အသိပေးပါတယ်။
Kim Aris နဲ့ ဆွေးနွေးရာမှာ မြန်မာလူထု ရင်ဆိုင် ကြုံတွေ့နေရတဲ့ လူသားဘေးဒုက္ခ အကျပ်အတည်းဆိုင်ရာ အရေးပေါ် အခြေအနေ၊ မြန်မာနိုင်ငံသားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရယူနိုင်မယ့် ခိုင်မာ အားကောင်းပြီး တာဝန်ယူ တာဝန်ခံမှုရှိတဲ့ ခေါင်းဆောင်မှုဆိုင်ရာ လိုအပ်ချက်များအကြောင်းနဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုကို ဦးတည်တဲ့ ပထမ အဆင့်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံးကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရေး စတာတွေ ပါဝင်တယ်လို့ သိရပါတယ်။
NUG ယာယီသမ္မတကြီး ဒူဝါလရှီးလနဲ့ တွေ့ဆုံမှုကို အတူပူးပေါင်းခြင်း အင်အားလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်းလင်း ခေါ် ကင် အဲရစ်က သတင်းစကားပါးထားပြီး စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့နဲ့ ဖယ်ဒရယ် မြန်မာနိုင်ငံ တည်ဆောက်ဖို့ဟာ ကျွန်တော်တို့အားလုံးရဲ့ တူညီတဲ့ ပြင်းပြတဲ့ ဆန္ဒဖြစ်တယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်နေတဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ NUG ယာယီသမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် Kim Aris သတိပေး
စက်တင်ဘာလ (၁၄)ရက်
အကြမ်းဖက်စစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်နေတဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် Kim Aris တို့က သတိပေး ပြောကြားလိုက်ပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ Kim Aris တို့ ဒီနေ့ စက်တင်ဘာ ၁၄ ရက်မနက်ပိုင်းက အွန်းလိုင်းကတဆင့်တွေ့ဆုံရာမှာ အခုလို သတိပေးပြောကြားလိုက်ကြတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ သရက်တပင်ကျေးရွာမှာရှိတဲ့ ပညာပန်းခင်းနဲ့ အမြင်သစ် ကိုယ်ပိုင် အထက်တန်း စာသင် ကျောင်း နှစ်ကျောင်းကို အကြမ်းဖက် စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ငယ်ရွယ်တဲ့ ကျောင်းသားကျောင်းသတွေ အသက်ဆုံးရှုံးခဲ့ရတဲ့ အတွက် ဝမ်းနည်းကြေကွဲရတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ Kim Aris တို့က ထုတ်ဖော်ပြောဆိုထားပါတယ်။
ကျောင်းသားကျောင်းသူတွေ အိပ်မောကျနေချိန် ညသန်းခေါင်ကျော်မှာ ဗုံးကြဲတိုက်ခိုက်တာဖြစ်တဲ့အတွက် ကျောင်းသား ကျောင်းသူတို့ရဲ့ အပြစ်မဲ့ အိပ်မက်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ခြင်းဟာ ငြိမ်းချမ်းတဲ့ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့အတွက် အရေးပါတဲ့ ပထမခြေလှမ်းဖြစ်တယ်ဆိုတာကို ပြောခဲ့ကြတယ်လို့ ကိုထိန်းလင်း ခေါ် ကင် အဲရစ်က သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့နဲ့ ဖယ်ဒရယ် မြန်မာနိုင်ငံတည်ဆောက်ဖို့ဟာ ကျွန်တော်တို့အားလုံးရဲ့ တူညီတဲ့ ပြင်းပြတဲ့ ဆန္ဒဖြစ်တယ်ဆိုတာ ထပ်လောင်းပြောကြားခဲ့တယ်လို့ ကိုထိန်းလင်း ခေါ် ကင် အဲရစ်က အသိပေးပါတယ်။
ဒါကြောင့် အကြမ်းဖက် စစ်ကော်မရှင်အနေနဲ့ အတုအယောင် ရွေးကောက်ပွဲမတိုင်မီ အရပ်သားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ Kim Aris တို့က ပြောပါတယ်။
ရေရှည်ခိုင်မာတဲ့ လွတ်လပ်မှု၊ ဂုဏ်သိက္ခာရှိမှုနဲ့ တရားမျှတမှုတို့ ရရှိခံစားနိုင်ဖို့ မြန်မာလူထုအားလုံး သွေးစည်း ညီညွတ်စွာနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ Kim Aris တို့က တိုက်တွန်းထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေ သေဆုံးခဲ့ရမှု အတွက် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ ရခိုင့်တပ်တော် AA ကလည်း ထုတ်ပြန်ကြေညာထားပါတယ်။
မြန်မာပြည်သူတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားစောင့်ရှောက်မှု၊ ပြည်သူယုံကြည်မှု ရအောင် အားအင်အသစ်နဲ့တာဝန်ယူတဲ့ ခေါင်းဆောင်မှုရှိဖို့ အစရှိတာတွေ ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံလည်းဖြစ် လူထုခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်းလင်း ခေါ် ကင် အဲရစ်ဟာ အခုလ ၆ ရက်နေ့ကပဲ ရခိုင့်တပ်တော်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခဲ့ပြီး လူတိုင်း ဂုဏ်သိက္ခာရှိစွာနဲ့ ငြိမ်းချမ်းစွာနေထိုင်နိုင်မယ့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာအောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူခဲ့ ကြပါတယ်။
========================
📌📌 ၃။ ဆားလင်းကြီးမြို့နယ်မှာ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုလုပ်
စက်တင်ဘာလ (၁၄)ရက်
အကြမ်းဖက်စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခု ဆားလင်းကြီးမြို့ပေါ်မှာ လုပ်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုက ပြောပါတယ်။
ဒီလှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုနဲ့ စျေးသူစျေးသားတွေ ပူးပေါင်းပြီး ဒီနေ့ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုနဲ့ စျေးသူစျေးသားတွေဟာ အကြမ်းဖက်စစ်တပ်ကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ အလိုမရှိကြောင်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး စစ်အာဏာရှင်စနစ် ကျရှုံးရေးဟစ်ကြွေးသံတွေနဲ့အတူ လှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့ အသိပေးထားပါတယ်။
လူသက်မီးရှို့ မုဒိမ်းစစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း မနက်စောစော စျေးထဲမှာ အော်ခဲ့တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါယင်သူတယောက်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒီလုပ်ရှားမှုနဲ့ပတ်သတ်လို့ မန္တလေးဘက်က လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လူထားအားနဲ့ ဆန်ကျင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဝိုင်းမော်မြို့နယ်မှာ စစ်တပ်က လေကြောင်း၊လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ဒေသနေပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ KIA ပြော
စက်တင်ဘာလ (၁၄)ရက်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်လာ လေကြောင်းကနေတိုက်ခိုက် တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြောင့် ဒေသနေပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် - KIA သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၁၃ ရက်ညမှာ ဖော်ပြပါတယ်။
အကြမ်းဖက် စစ်တပ်က ဝိုင်းမော်မြို့နယ် လမြန်ရွာဘက်ကို စစ်ရေးလှုပ်ရှားလာတဲ့အတွက် စက်တင်ဘာ ၁၀ ရက်ကစပြီး KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ လမြန်ရွာဘက်ကို ဝိုင်းမော်အခြေစိုက် ခလရ - ၅၈ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး လေကြောင်းကလည်း ဂျက်လေယာဉ်နဲ့ ၅ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ ဗုံးကြဲတာတွေဟာ လမြန်ရွာနဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေမှာ ကျရောက်ပေါက်ကွဲတာကြောင့် ဒေသနေပြည်သူတွေ စစ်ဘေးရှောင်နေရတာလို့ သိရပါတယ်။
KIA သိမ်းပိုက်ထားတဲ့ နယ်မြေဒေသတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့စစ် အဖွဲ့တွေကိုအသုံးပြုပြီး လမြန်ကျေးရွာဘက် ထိုးစစ်ဆင်နေတာဖြစ်ပေမယ့် နယ်မြေလက်လွှတ်ဆုံးရှုံးတာမျိုးမရှိသေးဘူး လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အသိပေးထားပါတယ်။
ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလအတွင်း လမြန်ဒေသမှာဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ ရှိပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ KIA ပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ် အချို့ဆီက သိရပါတယ်။
========================
🚩🚩 ၂။ မင်းလှမြို့မရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ ရဲဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်
စက်တင်ဘာလ (၁၄)ရက်
ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့မှာရှိတဲ့ မြို့မရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ ရဲဆိုင်ကယ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ထိခိုက်မှုတွေရှိတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက ဒီနေ့ စက်တင်ဘာ ၁၄ မှာ ထုတ်ပြန်ပါတယ်။
မင်းလှမြို့မရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ ရဲဆိုင်ကယ်ယာဉ်တန်းကို မနေ့ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီ ၅ဝ မိနစ်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုနဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
တိုင်တရာဗလီနဲ့ ဝေဠုဝန်ဘုန်းကြီးကျောင်းကြားက ရေကန်ဘေးမှာရှိတဲ့ လမ်းမှာ အဲဒီ ရဲ ဆိုင်ကယ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာမှာ ရဲအချို့ ဒဏ်ရာရသွားပြီး သေဆုံးမှု ရှိမရှိကိုတော့ မသိရသေးဘူးလို့ အသိပေးပါတယ်။
ဒီတိုက်ခိုက်မှုမှာ ရဲတွေဘက်က ထိခိုက်မှုတွေရှိပေမယ့် တော်လှန်ရေးရေးဘော်တွေဘက်က အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့တုန်းကလည်း မင်းလှမြို၊ ဗိုလ်ရုံတန်းရပ်ကွက်မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီရုံးအဝင်ပေါက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာရှိပြီး စစ်သားအချို့ ဒဏ်ရာ ရသွားစေခဲ့ပါတယ်။
မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖိုအနေနဲ့ ဒေသနေပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ မြိုပေါ်က စစ်သား၊ ရဲ၊ ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးထောက်တိုင်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူ လူထုအနေနဲ့ သူတို့ရှိတဲ့နေရာအနီး သွားလာနေထိုင်တာမျိုး မလုပ်ကြဖို့ အသိပေး နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၃။အထူးဒေသ - ၁ ရဲတပ်ဖွဲ့ အပတ်စဉ် - ၁ ရဲလုပ်ငန်းသင်တန်းသင်တန်းဆင်းပွဲကျင်းပ
စက်တင်ဘာလ (၁၄)ရက်
ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ - ၁ ရဲတပ်ဖွဲ့ရဲ့ အပတ်စဉ် - ၁ ရဲလုပ်ငန်းသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ကိုးကန့်သတင်းဌာနဖြစ်တဲ့ The Kokang က ဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေရဲ့ အရည်အသွေးမြှင့်တင်နိုင်ဖို့ ရဲလုပ်ငန်းတွေ ပိုပြီး ကောင်းမွန်အောင်ဆောင်ရွက်နိုင်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်တဲ့သင်တန်းလို့ အထူးဒေသအုပ်ချုပ်ရေးကော်မတီက ဆိုပါတယ်။
ဒီသင်တန်းဟာ ၆ လကြာမြင့်ပြီး ဥပဒေများ၊ တရားစီရင်ရေးကျွမ်းကျင်မှုများ၊ အရေးပေါ်ကိုင်တွယ်ရေးနဲ့ ပြည်သူ့ဝန်ဆောင် မှုလုပ်ငန်းတွေ အပါအဝင် ရဲလုပ်ငန်းနဲ့ဆိုင်တဲ့ အဓိကအချက်တွေ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ အထူးဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်လာပြီး နိုင်ငံရေးနဲ့လူမှုရေးရာဝန်းကျင်တွေ ရှုပ်ထွေးနေ တာကြောင့် ပြည်သူလူထုဘက်က ရဲတပ်ဖွဲ့ဝင်တွေအပေါ် ကောင်းမွန်တဲ့ မျှော်လင့်ချက်တွေ၊ တောင်းဆိုမှုတွေ မြင့်တက်နေ ချိန်လို့လည်း အသိပေးပါတယ်။
ဒါ့ကြောင့် သင်တန်းဆင်းရဲဘော်တွေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ်လိုက်နာဖို့ အထူးဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ ကိုယ်တိုင်ပါဝင်ပြီး လူမှုရေးရာဝန်းကျင်ကို ထိန်းသိမ်းတာ၊ တရားမဝင်လုပ်ငန်းတွေကို နှိမ်နင်းတာ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုပေးတာ စတဲ့ နယ်ပယ်တွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပြီး အထူးဒေသ စီးပွားရေးနဲ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကောင်းမွန်လုံခြုံတဲ့ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ဆောင်ကြဖို့ အထူးဒေသအုပ်ချုပ်ရေးကော်မတီက အလေးအနက်တိုက်တွန်းထားပါတယ်။
သင်တန်းဆင်းပွဲအခမ်းအနားကို MNTJP ဗဟိုနိုင်ငံရေးဗျူရိုအဖွဲ့ဝင်/အထူးဒေသ - ၁ အုပ်ချုပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အထူးဒေသ ရဲတပ်ဖွဲ့ ဒုတိယရဲမှူး၊ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးကော်မတီ ဒုတိယခရိုင်မှူး/ ရဲမှူး အပါအဝင် အထူးဒေသရဲတပ်ဖွဲ့ က တပ်ခွဲအကြီးအကဲတွေနဲ့၊ ရဲတပ်ဖွဲ့တွေ၊ အကျဉ်းထောင်ရုံးကဝန်ထမ်းတွေ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်တွေနဲ့ သင်တန်းသား သင်တန်းသူ ၁၅၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အထူးဒေသ - ၁ ရဲတပ်ဖွဲ့ရဲ့ အပတ်စဉ် - ၁ ရဲလုပ်ငန်းသင်တန်းဆင်းပွဲ ထူးခွန်တဲ့ အတန်းခေါင်းဆောင် ၂ ဦးနဲ့ သင်တန်းသား ၃ ဦးကို ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်ခဲ့တယ်လို့ The Kokang မှာ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






No comments:
Post a Comment