၂၀၂၅ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဘတ်ဖဲလိုမြို့ မေတ္တာပါရမီကျောင်း ဆရာတော် ဦးပညာဇောတ (ဦးဇင်းနတ်ဇော) ပြန်လည်လွတ်မြောက်
📌 ၂။ (KNPLF) (ကလလတ) က ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အမှိုက်များ ပုံမှန် ကောက်ယူ သိမ်းဆည်းပေးနေ
📌 ၃။ တောင်သာမြို့နယ်အတွင်းက နေအိမ်မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူများကို ရိက္ခာနဲ့ ထောက်ပံ့ငွေများ ပေးအပ်
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရေဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ စစ်ကော်မရှင်တပ်သား ၁၀ ဦးခန့် သေဆုံးဟုဆို
🚩 ၂။ မြဝတီမြို့နယ် ရသေ့ဂူတောင်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ
🚩 ၃။ မောင်းမကန် နယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်၊ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး
🚩 ၄။ ရွှေပြည်သာ (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၅။ ချင်းကာကွယ်ရေးတပ် - အရှို မှ ရဲဘော်တဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့
🚩 ၆။ စဉ့်ကူးမြို့နယ် လက်ပန်လှရွာတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှု၊ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား နှစ်ဦး သေဆုံး
🚩 ၇။ ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းရွာတွင် စစ်တပ်၏ ဒရုန်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့
🚩 ၈။ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဘတ်ဖဲလိုမြို့ မေတ္တာပါရမီကျောင်း ဆရာတော် ဦးပညာဇောတ (ဦးဇင်းနတ်ဇော) ပြန်လည်လွတ်မြောက်
အောက်တိုဘာ ၃၀
Radio NUG
နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်သူ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုမြို့ မေတ္တာပါရမီကျောင်း ဆရာတော် ဦးပညာဇောတ (ဦးဇင်းနတ်ဇော) ကို စစ်ကောင်စီက တစ်နှစ်နီးပါး မတရားထိန်းသိမ်း ထောင်ချထားခဲ့ပြီးနောက် အောက်တိုဘာလ ၃၀ရက်နေ့ နေ့လည်ခန့်တွင် ပြန်လည် လွတ်မြောက်လာကြောင်း သတင်းရရှိပါတယ်။
ဆရာတော်သည် အောက်တိုဘာလ ၃၁ရက်နေ့ နယူးယောက် အချိန် ည ၈:၃၀ တွင် ဘတ်ဖဲလို မေတ္တာပါရမီကျောင်းသို့ ပြန်လည် ရောက်ရှိတော့မှာဖြစ်တယ်လို့ ကဗျာဆရာ အောင်ဝေးက ရေးသားထားပါတယ်။
ဆရာတော် ဦးပညာဇောတသည် မြန်မာပြည်တွင်း စာသင်သား သံဃာများအတွက် ကျောင်းသစ်များ ဆောက်လုပ်ရန် ရည်ရွယ်ချက်ဖြင့် သာသနာပြု ခရီးစဉ်အဖြစ် ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် မင်္ဂလာဒုံ မြို့နယ်၊ စော်ဘွားကြီးကုန်းတွင် စစ်ကောင်စီ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရကာ တစ်နှစ်နီးပါးကြာ အကျဉ်းစံခဲ့ရတယ်လို့ သိရပါတယ်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်ဆရာတော်များထဲမှ တစ်ပါး ဖြစ်ပြီး ရဟန်းပျိုများ သမဂ္ဂ ဖွဲ့စည်း လှုပ်ရှားခဲ့သူ ဖြစ်သလို ပြည်ပသို့ တိမ်းရှောင်ခဲ့ရသူ ဖြစ်ကာ နောက်ပိုင်း အမေရိကန်နိုင်ငံသား ခံယူခဲ့ပါတယ်။
ထိုလွတ်မြောက်မှုတွင် အမေရိကန် သံရုံး၊ ငှါးရမ်း ရှေ့နေ နှင့် မိတ်ဆွေ အသိုင်းအဝိုင်း၏ ကြိုးပမ်း ဆောင်ရွက်မှုများ အဓိက ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ (KNPLF) (ကလလတ) က ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အမှိုက်များ ပုံမှန် ကောက်ယူ သိမ်းဆည်းပေးနေ
အောက်တိုဘာ ၃၀
Radio NUG
ကရင်နီပြည်နယ် ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF) (ကလလတ) က ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အမှိုက်များ ပုံမှန် ကောက်ယူ သိမ်းဆည်းပေးနေကြောင်း KPV News မှာ ဖော်ပြထားပါတယ်။
အမှိုက်ကောက်ယူမှုကို လူထူထပ်သည့် နေရာများနှင့် စျေးတန်းများတွင် အဓိက ဦးစားပေး ဆောင်ရွက်နေပြီး၊ တစ်ပတ်လျှင် တစ်ကြိမ် လိုက်လံ သိမ်းဆည်းကာ လူကြဲပါးသည့် နေရာများတွင်မူ ဆယ်ရက်တစ်ကြိမ် ဆောင်ရွက်ပေးလျက် ရှိတယ်လို့ သိရပါတယ်။
ထိုအစီအစဉ်သည် ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့ချရန်နှင့် အိမ်မွေး တိရစ္ဆာန်များ အမှိုက်စားမိ၍ ရောဂါ ကူးစက်ခံရ မှု ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အမှိုက်သိမ်းဆည်းရေး လုပ်ငန်းကို ပြီးခဲ့သည့် သြဂုတ်လမှ စတင်၍ ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေရပြီး၊ ရန်ပုံငွေ မလုံလောက်မှု၊ ကားဆီ ရှားပါးမှု၊ အမှိုက်ကျင်း မရှိခြင်း စသည့် အခက်အခဲများကို ရင်ဆိုင် ကြုံတွေ့နေရကြောင်း တပ်ဖွဲ့ တာဝန်ရှိသူများက ဆိုထားပါတယ်။
========================
📌📌 ၃။ တောင်သာမြို့နယ်အတွင်းက နေအိမ်မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူများကို ရိက္ခာနဲ့ ထောက်ပံ့ငွေများ ပေးအပ်
အောက်တိုဘာ ၃၀ ရက်၊
Radio NUG
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အတွင်း စစ်အုပ်စုကြောင့် နေအိမ် မီးရှို့ဖျက်ဆီး ခံခဲ့ရတဲ့ ကျေးရွာနေ ပြည်သူများကို ရိက္ခာ နဲ့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန က ထုတ်ပြန် ထားပါတယ်။
စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဆုံးရှုံးခဲ့ရတဲ့ ပြည်သူများကို အိမ်ထောင်စုလိုက် ဆန်ရိက္ခာနဲ့ ထောက်ပံ့ငွေများ ပေးအပ်မှုကို တောင်သာမြို့နယ် အတွင်းက ကျေးရွာ တစ်ခုမှာ ယခု အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ကူညီထောက်ပံ့မှုတွေကို တောင်သာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး နဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတို့ က ပူးပေါင်းဆောင်ရွက် ခဲ့ကြတာဖြစ်ပြီး စစ်အုပ်စုက တိုးမြှင့်လုပ်ဆောင်လာတဲ့ လေကြောင်းတိုက်ခိုက်မှု တွေနဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှု တွေကြားမှာ ပြည်သူလူထုရဲ့ အကူအညီ လိုအပ်မှုတွေက ပိုမိုမြင့်မားလာနေတယ် လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရေဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ စစ်ကော်မရှင်တပ်သား ၁၀ ဦးခန့် သေဆုံးဟုဆို
အောက်တိုဘာ ၃၀ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဝက်ချောင်းရွာနဲ့ မူးဒူးရွာကြားက “ထားဝယ် အထူးစီးပွားရေးဇုန်” စီမံကိန်းနေရာမှာ စစ်ကော်မရှင်တပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၂၅ ရက်၊ မနက် ၆ နာရီခွဲအချိန်မှာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ယန္တယားများနဲ့ လမ်း လုပ်ငန်းများကို ကာကင်းယူထားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့နဲ့ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကာ တော်လှန်ရေး ပူးပေါင်း တပ်ဘက်မှလည်း ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ရေဖြူမြို့နယ်တွင်း အခြေစိုက် မဟာမိတ် ပူးပေါင်းတပ်များ နဲ့ ဗထူးအာမီတို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ မြဝတီမြို့နယ် ရသေ့ဂူတောင်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ
အောက်တိုဘာ ၃၀
Radio NUG
ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ရသေ့ဂူတောင်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်မတော်ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီက Y-12 လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များက သိရပါတယ်။
အောက်တိုဘာလ ၃၀ရက်နေ့ မွန်းလွဲ ၁၂ နာရီ ကျော်ခန့်က စတင်ခဲ့သော တိုက်ပွဲတွင် လေးကေ့ကော် ဒေသရှိ ရသေ့ဂူတောင်ပေါ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာ ရရှိခဲ့သော စစ်သား ၁၃ ဦးကို ကရင်နယ်စပ်ကာကွယ်ရေး တပ်ဖွဲ့ (BGF) က တောင်ကလေး ဆေးရုံသို့ သယ်ဆောင်ခဲ့ရပြီး သေဆုံးသူများ၏ အလောင်းများကို မယ်ဝါးခီး ရွာတွင် မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် စစ်ကောင်စီက ရသေ့ဂူတောင်နှင့် ပတ်ဝန်းကျင်ကို ပစ်မှတ်ထားကာ Y-12 လေယာဉ်တစ်စီးဖြင့် ဗုံးများ ဆက်တိုက် ကြဲချ တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိဘူးလို့ သိရပါတယ်။
ကော့ကရိတ်နှင့် မြဝတီ မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်ဖွဲ့များ ထိခိုက်မှု များပြားနေသဖြင့် ကျုံဒိုး ဘက်မှ စစ်ကူ အင်အားများ ဆက်တိုက် ပို့ဆောင်နေရကြောင်း သိရပါတယ်။
========================
🚩🚩 ၃။ မောင်းမကန် နယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်၊ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး
အောက်တိုဘာ ၃၀ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ မောင်းမကန် နယ်မြေရဲစခန်း အား တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အထူးတိုင်း စစ်ဌာနက ထုတ်ပြန်ထားပါတယ်။
မောင်းမကန် ရဲစခန်းကို အောက်တိုဘာလ ၂၆ ရက်၊ မနက် ၅ နာရီခွဲ အချိန်မှာ စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၉ နာရီ ခွဲခန့်မှာ အောင်မြင်စွာ ရှင်းလင်းသိမ်းပိုက် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကာ ကျန်အင်အားများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် Uzi သေနတ် ၆ လက်၊ G3 သေနတ် ၇ လက်၊ Shot Gun/Smoke gun ၂ လက်၊ ကွန်မန်ဒို စိန်ပြောင်း ၂ လက်၊ ခြောက်လုံးပြုး ၄ လက်၊ Jammar စက် ၂ လုံးနဲ့ ခဲယမ်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှလည်း ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူ ခဲ့ရတယ်လို့ သိရှိရပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်း စစ်ဌာန ကွပ်ကဲမှူအောက်ရှိ နည်းဗျူဟာ (၃၃)၊ ဒေါနတပ်ရင်း တပ်ခွဲ (၄) KBDF၊ ဒေါနတပ်ရင်း တပ်ခွဲ (၇) LPF နှင့်အတူ မဟာမိတ် တပ်ပေါင်းစု ဖြစ်တဲ့ ထားဝယ်ခရိုင် တပ်ပေါင်းစု၊ D.N.L.A ဓူကရစစ်ကြောင်း၊ ရာမည မွန်တပ်တော်၊ ဖက်ဒရယ် ဓူဝံကြယ် တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ ရွှေပြည်သာ (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
အောက်တိုဘာ ၃၀ ရက်၊
Radio NUG
ရန်ကုန်တိုင်း၊ ရွှေပြည်သူမြို့နယ်၊ (၇) ရပ်ကွက်ရှိ စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်မှာ Yangon Army (YA) နဲ့ Mother Son Yangon Force တို့ ပူးပေါင်းပြီး လက်ပစ်ဗုံးဖြင့် ပစ်မှတ်အား ထိရောက်စွာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် လက်ဝေခံများ ထိမှန်ခဲ့တာကို မျက်မြင်တွေ့ခဲ့ရပြီး ထိခိုက်၊ သေဆုံးမှုကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
စစ်ကော်မရှင်နဲ့ ပတ်သက်သော ပစ်မှတ်များ၊ တရားမဝင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပါဝင်လုပ်ကိုင်နေကြတဲ့ သူများကို အပြင်းအထန် ဆက်လက်တိုက်ခိုက် သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၅။ ချင်းကာကွယ်ရေးတပ် - အရှို မှ ရဲဘော်တဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့
အောက်တိုဘာ ၃၀ ရက်၊
Radio NUG
ချင်းကာကွယ်ရေးတပ် - အရှို မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ဆလိုင်းအာရှယ်ပါ ဟာ ရှေ့တန်း တနေရာမှာ တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ CDF-Asho က ထုတ်ပြန်ထားပါတယ်။
ရဲဘော် ဆလိုင်းအာရှယ်ပါ ဟာ အောက်တိုဘာ ၂၈ ရက်နေ့က ရှေ့တန်းတိုက်ပွဲ တစ်နေရာမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေး ရဲဘော်ကောင်း တဦး ကျဆုံးမှုဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှု ဖြစ်သကဲ့သို ပေးအပ်လာတဲ့ အမိန့်နဲ့ တာဝန်ကို အသက်နှင့် ခန္ခာကို စွန့်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူကြောင်း မပြီးပြတ်သေးတဲ့ တော်လှန်ရေး တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ကြောင်း ကတိသစ္စာပြု အသိပေးထားပါတယ်။
========================
🚩🚩 ၆။ စဉ့်ကူးမြို့နယ် လက်ပန်လှရွာတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှု၊ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား နှစ်ဦး သေဆုံး
အောက်တိုဘာ ၃၀
Radio NUG
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ လက်ပန်လှကျေးရွာကို မြန်မာစစ်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ထိုတိုက်ခိုက်မှုသည် အောက်တိုဘာလ ၃၀ရက်နေ့နေ့လယ် ၁၂ နာရီ ၇ မိနစ်မှ ၁၂ နာရီ ၁၅ မိနစ်အတွင်း မိတ္ထီလာနှင့် ရှမ်းတဲလေတပ်စခန်းများမှ တက်လာသော တိုက်လေယာဉ်များက လေးကြိမ်ဆက်တိုက် ဗုံးကြဲခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပထမဆုံး ဗုံးကြဲချမှုတွင် ရွာအတွင်း လူနေအိမ်တစ်လုံးပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်မှာ နေရာတွင် သေဆုံးခဲ့သည့်အပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရအမျိုးသမီးတစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကြောင့် နေအိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းရွာတွင် စစ်တပ်၏ ဒရုန်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့
အောက်တိုဘာ ၃၀
Radio NUG
အောက်တိုဘာလ ၃၀ရက်နေ့ မနက် ၉ နာရီ ခွဲ ခန့်တွင် စစ်တွေ မြို့နယ်၊ အမြင့်ကျွန်း ရွာ စာသင်ကျောင်းဘက်မှ စစ်ကောင်စီ စစ်တပ်က အောက်ဇီးကိုင်း ရွာ အရှေ့ဘက် တာဘောင်ရိုး ဆည်နေသော နေရာကို ဒရုန်းနှင့် သုံးကြိမ် ဗုံး ၁၀ လုံး ခန့် ကြဲချခဲ့ကြောင်း APM Newsမှာ ဖော်ပြထားပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်း၊ အောက်ဇီးကိုင်း ရွာခံ ဦးထွန်းအေးလှိုင် (၅၂) နှစ်ရှိ အမျိုးသား တစ်ဦး သေဆုံးပြီး၊ ကို ဖြိုးဝေထွန်း (၂၂) နှစ်ရှိ နှင့် ဦး မောင်မောင် ဌေး (၃၈) နှစ်ရှိ အမျိုးသားနှစ်ဦးတို့ နှစ်ဦးသည် ဦးထွန်းအေးလှိုင်၏ တဲသို့ အလည်ရောက်နေချိန်တွင် လက်နက်ကြီး ကျည်စ ထိမှန်ခဲ့ရာ အရေးပေါ် ဆေးကုသမှု ခံယူလျက်ရှိ နေကြောင်း သိရပါတယ်။
========================
🚩🚩 ၈။ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်
အောက်တိုဘာ ၃၀ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက် ကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် (၃) ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်၊ ၄၄ မိနစ် နဲ့ ၅၀ မိနစ်တို့မှာ ၃ ကြိမ်တိတိ ဗုံးကြဲချခဲ့ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲခံရမှုကြောင့် ကျေးရွာနေ အသက် ၆၀ အထက် ကျား ၁ ဦး မ ၁ ဦး၊ ၄၀ နှစ်အထက် မ ၂ ဦးနဲ့ ၁၀ နှစ်အရွယ် ကျား ၁ ဦး သေဆုံးခဲ့ရပြီး အသက် ၉၀ နှစ်ကျော် မ ၁ ဦး(စိုးရိမ်ရ) အပါအဝင် ၇ ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲမှုအပြင် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းက နေအိမ် ၁၄ လုံး၊ ဘုန်းကြီးကျောင်း အတွင်းရှိ ဓမ္မာရုံနဲ့ ဂရုဏာ ပရဟိတကားတို့ ပျက်စီးခဲ့ရတယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။







No comments:
Post a Comment