၂၀၂၅ အောက်တိုဘာလ ၂၄ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နိုင်ငံတကာပါလီမန်များအဖွဲ့ IPU အထွေထွေအတွင်းရေးမှူးချုပ်နဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး
📌 ၂။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မသန်စွမ်းသူတွေဟာ အကြမ်းဖက်ခံရခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
📌 ၃။ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ပံ့ပိုး ကူညီပေးကြဖို့ ကင်အဲရစ် တိုက်တွန်း
📌 ၄။ မြဝတီမြို့နယ် KK Park မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံခြားသား တထောင်ကျော် ထိုင်းဘက်ထွက်ပြေးလာ
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အကြမ်းဖက်စစ်အုပ်စုဟာ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး မိုင်းကွင်းတွေကို အတင်းအကျပ်ဖြတ်လျှောက်ခိုင်းတာတွေရှိနေ
🚩 ၂။ ပေါက်မြို့နယ်မြောက်ပိုင်းကိုဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေပြီး ဒဏ်ရာသူများတဲ့ ဆုတ်ခွာထွက်ပြေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နိုင်ငံတကာပါလီမန်များအဖွဲ့ IPU အထွေထွေအတွင်းရေးမှူးချုပ်နဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး
အောက်တိုဘာလ (၂၄ )ရက်
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ၁၅၁ ကြိမ်မြောက် နိုင်ငံတကာပါလီမန်မျာညီလာခံနဲ့ ဆက်စပ် အစည်းအဝေး တွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးနဲ့ ဒုတိယအဖွဲ့ ခေါင်းဆောင် ဒေါ်ဇင်မာအောင်တို့ဟာ အောက်တိုဘာ ၂၁ ရက်နေ့က နိုင်ငံတကာပါလီမန်များအဖွဲ့ - IPU အထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာ မာတင်ချောင်ဂေါင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို တရားဝင်မိတ်ဖက်အဖွဲ့အစည်းအဖြစ် တရားဝင် အသိအမှတ်ပြုရာမှာ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ကျေးဇူးတင်တဲ့အကြောင်း မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်အကြမ်းဖက်စစ်အုပ်စုက ပြင်ဆင်နေတဲ့ တရားမဝင်ရွေးကောက်ပွဲနဲ့ ဒီရွေးကောက်ပွဲကရလာမယ့် ရလဒ်ကို နိုင်ငံတကာပါလီမန်များအဖွဲ့ - IPU မှာပါဝင်နေတဲ့ အဖွဲ့ဝင် လွှတ်တော်တွေအနေနဲ့ အသိအမှတ်မပြုရေး ဆွေးနွေးဖလှယ်ခဲ့ ကြတယ်လို့ သိရပါတယ်။
အခုလို တွေ့ဆုံပြီး နောက် ၂ ရက်အကြာ အောက်တိုဘာ ၂၃ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို IPU ရဲ့ အဓိကဆွေးနွေးဖက်မိတ်ဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း IPU ကဆုံးဖြတ်ခဲ့တာပဲဖြစ် ပါတယ်။
လက်ရှိမှာ IPU ရဲ့ အဓိကဆွေးနွေးဖက် မိတ်ဖက်အဖြစ် အတည်ပြုလိုက်တာကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH အနေနဲ့ IPU ညီလာခံတွေနဲ့ အစည်းအဝေးတွေကို ဆက်လက်တက်ရောက်နေတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မသန်စွမ်းသူတွေဟာ အကြမ်းဖက်ခံရခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
အောက်တိုဘာလ (၂၄ )ရက်
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မသန်စွမ်းသူတွေဟာ အကြမ်းဖက်ခံရခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ယဉ်ကျေးမှုကော်မတီမှာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
မသန်စွမ်းကလေးငယ်တွေဟာ ဘေးကင်းလုံခြုံပြီး အထောက်အပံ့ကောင်းတွေရနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းရှိဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုမတိုင်အခင်အချိန် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ လက်ထက်မှာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးများအပါအဝင် လူ့အခွင့် အရေးများ ကာကွယ်မြှင့်တင်ရေးအတွက် တိုးတက်တဲ့ လမ်းကြောင်းပေါ် ရောက်ရှိခဲ့တယ်လို့ အစည်းအဝေးတက်ရောက်သူတွေကို ရှင်းပြခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မတရား စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့တဲ့နောက်ပိုင်းမှာ မသန်စွမ်းသူတွေဟာ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေ ခံစားခွင့်မရတဲ့အပြင် ပစ်မှတ်ထားအကြမ်းဖက်ခြင်းနဲ့ မဆင်မခြင် လူ့အခွင့်အရေး ချိုးဖောက်မှု တွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း မြန်မာသံအမတ်ကြီးက ဆက်ပြီး ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပါအဝင် မသန်စွမ်းသူ ၁၁၇ ဦး အသက်သေဆုံးခဲ့ရပြီး အများစုဟာ စစ်အုပ်စုရဲ့ စီးနင်းတိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့နှင့် လက်နက်ကြီးပစ်ခတ်မှုတွေအပါအဝင် အရပ်သားပြည်သူတွေ နေထိုင်ရာဒေသတွေကို မဆင်မခြင် တိုက်ခိုက်ခဲ့တာကြောင့်ဖြစ်တယ်လို့လည်း အသိပေးခဲ့ပါတယ်။
သေဆုံးခဲ့ရတဲ့ မသန်စွမ်းသူတွေထဲက ၂၆ ရာခိုင်နှုန်းခန့်ဟာ စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းတိုက်ခိုက် ချိန်မှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်တွေမှာ အရှင်လတ်လတ် မီးရှို့ခံရပြီး သေဆုံးရခဲ့ရတာလို့လည်း ထောက်ပြခဲ့ပါတယ်။
စစ်အုပ်စုက ဆေးဝါးပို့ဆောင်တာကို ပိတ်ပင်တားမြစ်တာကြောင့် မသန်စွမ်းသူတွေ အသက်ဆုံးရှုံးခဲ့ရပြီး အရပ်သားပြည်သူ တွေနေထိုင်ရာဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတာနဲ့ မြေမြှုပ်မိုင်းအသုံးပြုတာတွေ ဆက်လုပ်နေတာ ကြောင့် မသန်စွမ်းသူဦးရေ ဆက်လက် မြင့်တက်လာနိုင်တယ်လို့လည်း တဆက်တည်း ရှင်းပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေ ၅ ဒသမ ၉ သန်းကျော်နဲ့ညီမျှတဲ့ လူဦးရေစုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေဖြစ်ပြီး သူတို့ဟာ အသက်ရှင်နေထိုင်ခွင့်အတွက် အာမခံချက်မရှိဘဲ အကြောက်တရားနဲ့ နေထိုင်နေရတယ်လို့လည်း ပြောကြားခဲ့ပါ တယ်။
ဒါ့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အုပ်စုကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး မြန်မာနိုင်ငံက မသန်းစွမ်းသူတွေရဲ့ အခွင့်အရေးကို မြှင့်တင် ကာကွယ်ပေးကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုထားပါတယ်။
========================
📌📌 ၃။ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ပံ့ပိုး ကူညီပေးကြဖို့ ကင်အဲရစ် တိုက်တွန်း
အောက်တိုဘာလ (၂၄ )ရက်
လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ပံ့ပိုး ကူညီပေးကြဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ဖြစ်သူ ကိုထိန်လင်းခေါ် ကင်အဲရစ် က တိုက်တွန်းပြောကြားလိုက်ပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ စစ်အာဏာရှင်က ဖြန့်ချိနေတဲ့ လိမ်လည်မှုတွေ၊ သတင်းမှားတွေနဲ့ ချိမ်းခြောက်မှုတွေ ကြားက စွန့်လွှတ်စွန့်စားပြီး အမှန်တရားကို ထိန်းသိမ်းနေကြတယ်လို့ ဆိုပါတယ်။
သူတို့ဟာ သတ္တိရှိတဲ့ အသံတွေဖြစ်တဲ့အတွက် သူတို့ကို ကူညီပံ့ပိုးကြဖို့နဲ့ သူတို့ရဲ့ အကြောင်းကိုမျှဝေပြီး အမှန်တရား အတွက် ရပ်တည်ကြဖို့ ကင် အဲရစ်က တိုက်တွန်းထားပါတယ်။
စစ်မှန်ပြီး လွတ်လပ်တဲ့ မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ စစ်အာဏာသိမ်းပြီး သတင်းအမှောင်ချဖို့ ကြိုးစားနေတဲ့ အခုလို အချိန်မျိုးမှာ ပိုပြီး အရေးကြီးတာကြောင့် အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
စစ်အာဏာရှင်တွေဟာ သူတို့ကို ဆန့်ကျင်တဲ့သူတွေ ပျက်စီး ပျောက်ဆုံးသွားအောင် အစွမ်းကုန်လုပ်နေချိန်မှာ လွတ်လပ်တဲ့ မီဒီယာတွေအနေနဲ့ ဒါကို ကြံ့ကြံ့ခံပြီး စစ်မှန်တဲ့သတင်းတွေ တင်ဆက်ပေးနိုင်အောင် ကြိုးစားနေရတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ မြဝတီမြို့နယ် KK Park မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံခြားသား တထောင်ကျော် ထိုင်းဘက်ထွက်ပြေးလာ
အောက်တိုဘာလ (၂၄ )ရက်
ထိုင်း - မြန်မာနယ်စပ်မြို့တခုဖြစ်တဲ့ ကရင်ပြည်နယ် မြ၀တီမြို့နယ်ထဲက KK Park မှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူ တွေထဲက ထိုင်းကို ထွက်ပြေးလာတဲ့ နိုင်ငံခြားသား တထောင် ကျော်ရှိလာပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ Tak ပြည်နယ် မဲဆောက်ခရိုင် Mae Ku မြို့နယ်ခွဲက အမှတ် ၉ Ban Mae Ku Tha Sung ကျေးရွာနဲ့ မျက်နှာချင်း ဆိုင်မှာရှိတဲ့ ကရင်ပြည်နယ် မြဝတီ မြို့နယ်ထဲက “KK Park” ဝင်းထဲက ကျားဖြန့်လုပ်ငန်းကို စစ်တပ်က စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာကြောင့် အဲဒီမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေ ထိုင်းဘက်ကို ထွက်ပြောလာတာလို့ ထိုင်းသတင်း ဌာနတခုဖြစ်တဲ့ Khaosod မှာ ဖော်ပြထားပါတယ်။
စစ်တပ်က စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာကြောင့် နိုင်ငံခြားသား ရာပေါင်းများစွာဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ထွက်ပြေးနေကြတာ ဒီနေ့ အောက်တိုဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ထိဆိုရင် လူပေါင်း တထောင့် ၄၉ ဦး ကျော်သွားပြီလို့ ဆိုပါတယ်။
ထွက်ပြေးလာသူတွေထဲမှာ အိန္ဒိယနိုင်ငံသား ၃၉၉ ဦးနဲ့ အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံသား ၁၄၇ ဦးရှိကာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါအပါအဝင် ကမ္ဘာတဝှမ်းမှာရှိတဲ့ အခြားနိုင်ငံတွေက နိုင်ငံသား တွေလည်း ပါဝင်ကာ ထိုင်းနိုင်ငံသား ၃၁ ဦးလည်း ပါဝင်နေတယ်လို့ Khaosod မှာ ဖော်ပြထားပါတယ်။
ထိုင်းလုံခြုံရေး အာဏာပိုင်တွေက မဲဆောက်ခရိုင်မှာ ယာယီခိုလှုံရာစခန်း ၄ ခု ဖွင့်ပြီး တိမ်းရှောင်လာတဲ့ နိုင်ငံခြားသားတွေ ကို လက်ခံထားရာမှာ စခန်းတွေက လူပြည့်လုနီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။
ထိုင်း လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ပေါင်းပြီး biometric သက်သေခံ စနစ်တွေ၊ biometric စက်တွေတပ်ဆင်ထားတဲ့ ကင်းလှည့်ယာဉ်တွေသုံးပြီး ကိုယ်ရေးအချက်အလက်၊ ခရီးသွားလာမှု အချက် အလက်နဲ့ ရာဇဝတ်မှု မှတ်တမ်းတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဥပဒေအရ အရေးယူမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။
ထိုင်းဘက်က အခုလိုကြေညာထားတာကြောင့် မဲဆောက်မှာ အထောက်အထားမဲ့ နေထိုင်ကြသူတွေနဲ့ တော်လှန်ရေး ဘက်တော်သားတွေအနေနဲ့ အသွားအလာဆင်ခြင်ဖို့ လုံခြုံရေးသတိရှိကြဖို့ တော်လှန်အင်အားစုတွေက တိုက်တွန်းနှိုးဆော် ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အကြမ်းဖက်စစ်အုပ်စုဟာ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး မိုင်းကွင်းတွေကို အတင်းအကျပ်ဖြတ်လျှောက်ခိုင်းတာတွေရှိနေ
အောက်တိုဘာလ (၂၄ )ရက်
အကြမ်းဖက်စစ်အုပ်စုဟာ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး မိုင်းကွင်းတွေကို အတင်းအကျပ်ဖြတ်လျှောက်ခိုင်းတာတွေရှိနေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြား လိုက်ပါတယ်။
အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထူးနိုင်ငံရေးနှင့် ကိုလိုနီနယ်မြေများ လွတ်မြောက်ရေးကော်မတီက “Assistance in Mine Action”ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ ဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းတွေကြောင့် ကမ္ဘာပေါ်တွင် သေဆုံးမှု အများဆုံး နိုင်ငံအဖြစ် ရောက်ရှိနေပြီလို့လည်း အသိပေးပြောကြားခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အရပ်သားတွေနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူလူထုကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး မိုင်းကွင်းတွေထဲကို အတင်းအကျပ်ဖြတ်လျှောက်စေခိုင်းတာတွေရှိနေတယ်လို့ သတင်းရင်းမြစ်တွေကလည်း ဖော်ထုတ် ထားပြီးဖြစ်တယ်လို့ မြန်မာသံအမတ်ကြီးက အစည်းအဝေးတက်ရောက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။
ဒါဟာ ဂျီနီဗာကွန်ဗင်းရှင်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာဖြစ်ပြီး အရပ်သားပြည်သူလူထု အစုလိုက်အပြုံလိုက် ထိခိုက်နာကျင်စေဖို့ ရည်ရွယ်တာလည်းဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို မြန်မာကလေးငယ်တွေ အဆိုးရွားဆုံး ခံစားနေရပြီး ၂၀၂၄ ခုနှစ် တနှစ်တည်းမှာ တင် ကလေးငယ် ၈၀၀ ကျော် သေဆုံး၊ဒဏ်ရာရရာမှာ အနည်းဆုံး ၃၀၀ ခန့်ဟာ မိုင်းတွေနဲ့ ပေါက်ကွဲစေတက်တဲ့ စစ်ကြွင်း စစ်ကျန်တွေကြောင့်ဖြစ်တယ်လိုလည်း မြန်မာသံအမတ်ကြီးက ဆက်လက် ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဘက်က ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခွင့်ရနေတာဟာ အချို့သော အဖွဲ့ဝင်နိုင်ငံတွေက စစ်အုပ်စုကို စစ်လက်နက်ပစ္စည်းတွေ၊ တိုက်လေယာဉ်တွေ၊ လေယာဉ်ဆီ၊ စစ်ဖက် - အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းတွေနဲ့ နည်းပညာတွေ ရောင်းချတာ၊ လွှဲပြောင်းပေးနေတာတို့ကြောင့်ဖြစ်တယ်လို့လည်း ထောက်ပြခဲ့ ပါတယ်။
ဒါကြောင့် စစ်အုပ်စုကိုထောက်ပံ့နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်အုပ်စုကို ဘဏ္ဍာရေးနဲ့စစ်ရေးအကူအညီ ပေးတာတွေ ချက်ချင်းရပ်တန့်ဖို့လိုပြီး အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း လက်နက်တွေ၊ ဘဏ္ဍာငွေတွေ၊ တိုက်လေယာဉ်ဆီတွေနဲ့ စစ်ဖက် - အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းတွေ စစ်အုပ်စုထံ စီးဆင်းနေတာတွေ ဖြတ်တောက်တဲ့နည်း နဲ့ မြန်မာပြည်သူတွေကို ကူညီပေးကြဖို့ မြန်မာသံအမတ်ကြီးက အလေးထား တောင်းဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ဒေသတွင်း လူသားချင်းစာနာ ထောက်ထားမှု ကွန်ရက်တွေ၊ အမျိုးသမီးနဲ့ မသန်စွမ်းသူများဦးဆောင်တဲ့ အဖွဲ့တွေ၊ အရပ်ဘက် မိတ်ဖက်အဖွဲ့အစည်း များနဲ့ပူးပေါင်းပြီး မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းများ ရှင်းလင်းဖယ်တာ၊ အရပ်သားတွေနဲ့ ထိခိုက်ခံရသူတွေ၊ နေရပ်စွန့်ခွာရသူတွေအတွက် အသက်ကယ်ဆယ်မှု အကူအညီတွေ လုပ်ပေးနေသလို မိုင်းအန္တရာယ် အသိပညာပေးတာ၊ ခန္ဓာကိုယ်အစားထိုး အစိတ်အပိုင်းတွေအပါအဝင် ပြန်လည်ထူထောင်ရေး အထောက်အကူပြု အစီအစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတယ်လို့ အစည်းဝေးတက်ရောက်လာသူတွေကို အသိပေး ပြောကြားခဲ့ပါတယ်။
ဒါကြောင့် မြန်မာပြည်သူတွေခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ အဆုံးသတ်နိုင်ဖို့ ကြိုးစားနေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ မြန်မာပြည်သူတွေအပေါ် ထောက်ခံကူညီပေးကြဖို့ ကုလအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက တောင်းဆိုထားပါတယ်။
========================
🚩🚩 ၂။ ပေါက်မြို့နယ်မြောက်ပိုင်းကိုဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေပြီး ဒဏ်ရာသူများတဲ့ ဆုတ်ခွာထွက်ပြေး
အောက်တိုဘာလ (၂၄ )ရက်
မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြိုနယ်မြောက်ပိုင်းကိုဝင်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၅ ဦး သေပြီး အများအပြားဒဏ်ရာရသွားတာကြောင့် စစ်တပ်စစ်ကြောင်း ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ပြည်သူ့ တော်လှန်ရေးတပ်ဦး - PRF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့မနက်ပိုင်းက ဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်လို့ PRF တပ်ဖွဲ့က မနေ့ အောက်တိုဘာ ၂၃ မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။
ပေါက်မြို့နယ်မြောက်ပိုင်းကို အင်အား ၂၀၀ ခန့်နဲ့ ဝင်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဟာ ၁ နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး ၈ ဦးထက်မနည်းဒဏ်ရာရသွားတာကြောင့် စစ်တပ်စစ်ကြောင်းဟာ ရှေ့ဆက် မတိုးတော့ ဘဲ တပ်ပြန်ဆုတ်သွားတယ်လို့ PRF တပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီစစ်တပ်စစ်ကြောင်းကို ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် - PDA၊ ကျောင်းသား လက်ရုံးတပ်တော် - SAF ၊ BORDERLESS နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။
ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF အနေနဲ့ ပြည်သူလူထုလိုချင်တဲ့ အောင်ပွဲတွေရစေဖို့ ညီညွတ်ရေးကိုရှေ့ရှုပြီး ဘုံရန်သူကို အမြစ်ပြတ် ချေမှုန်းနိုင်အောင် ကြိုးပမ်းသွားသွားမယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF တပ်ဖွဲ့က ကြေညာထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။






No comments:
Post a Comment