၂၀၂၅ အောက်တိုဘာလ ၂၅ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကချင်လွတ်လပ်ရေးအဖွဲ့ - KIO ဖွဲ့စည်းတည်ထောင်ခြင်း ၆၅ နှစ်မြောက်နေ့မှာ CRPH ဂုဏ်ပြုသဝဏ်လွှာပို့
📌 ၂။ စစ်အုပ်စုထံ လက်နက်တင်ပို့လွှဲပြောင်းတဲ့ အဖွဲ့ဝင်နိုင်ငံအချို့ရဲ့လုပ်ရပ်ဟာ စစ်အုပ်စုရဲ့ လူသတ်မှုတွေကို ထောက်ခံ အားပေးတဲ့လုပ်ရပ်အဖြစ် မြန်မာပြည်သူတွေ ရှုမြင်
📌 ၃။ ကျောင်းနေအရွယ်ကလေးငယ် ၇ သန်းခန့် ကျောင်းထွက်ထားရတာကြောင့် မျိုးဆက်တခုစာ ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး သတိပေး
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကျောက်မဲ ကော်ပေါင်ကျေးရွာကို စစ်တပ်က ဗုံးကြဲတာကြောင့် ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူပြီး သံဃာ ၅ ပါးနဲ့ အရပ်သား ၂ ဦး ဒဏ်ရာရ
🚩 ၂။ KIO/KIA တည်ထောင်ခြင်း ၆၅ နှစ်ပြည့်နေ့အတွက် ချင်းအမျိုးသားတပ်ဦး ဂုဏ်ပြုသဝဏ်လွှာပို့
🚩 ၃။ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်အဖြတ်သတ်မှတ်ပြီး ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ် ဆို
🚩 ၄။ သူလျှိုပူဖေါင်းလို့ခေါ်တဲ့ Spy Balloon အန္တရာယ်ကို ကာကွယ်နိုင်မယ့်နည်းတွေ MDIS ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကချင်လွတ်လပ်ရေးအဖွဲ့ - KIO ဖွဲ့စည်းတည်ထောင်ခြင်း ၆၅ နှစ်မြောက်နေ့မှာ CRPH ဂုဏ်ပြုသဝဏ်လွှာပို့
အောက်တိုဘာလ (၂၅)ရက်
ကချင်လွတ်လပ်ရေးအဖွဲ့ - KIO ဖွဲ့စည်းတည်ထောင်ခြင်း ၆၅ နှစ်မြောက်တဲ့ ဒီနေ့ အောက်တိုဘာလ ၂၅ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဂုဏ်ပြုသဝဏ်လွှာပေးပို့လိုက်ပါတယ်။
၁၉၆၀ ပြည့်နှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ဟာ အမျိုးမျိုးသော စိန်ခေါ်မှု အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားခဲ့ရပြီး ကချင်ပြည်သူလူထု အားကိုးအားထားပြုရတဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ခဲ့တာ ဒီနေ့ ဆိုရင် ၆၅ နှစ် ပြည့်မြောက်ခဲ့ပြီလို့ ဆိုပါတယ်။
၆၅ နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း နေ့ထူးနေ့မြတ်ကို ကချင်လွတ်လပ်ရေးအဖွဲ့က ခေါင်းဆောင်ကြီးတွေနဲ့ ရဲဘော်များအပါအဝင် ကချင်ပြည်သူလူထုအားလုံးနဲ့အတူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက ကြိုဆိုဂုဏ်ပြုတဲ့အကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ - KIO နဲ့ မဟာမိတ်တွေရရှိခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်မှုများ၊ စစ်ရေးအရ သိသာထင်ရှားတဲ့ အောင်ပွဲတွေနဲ့ နယ်မြေထိန်းချုပ်မှု ရရှိထားနိုင်မှုတို့အတွက် ဂုဏ်ယူလေးစားရတယ်လို့လည်း အသိပေးထားပါတယ်။
မြန်မာပြည်သူလူထုတရပ်လုံး မျှော်မှန်းတောင့်တနေတဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဆိုတဲ့ ပင်လုံကတိကဝတ်ကို မမေ့မလျော့ဘဲ မဆုတ်မနစ် ကြိုးပမ်းတိုက်ပွဲဝင်နေမှုကိုလည်း လေးစားဂုဏ်ယူတဲ့အကြောင်း လည်း သဝဏ်လွှာက ဆိုထားပါတယ်။
ပင်လုံစာချုပ်ပါ ကတိကဝတ်တွေနဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ၆၅ နှစ်တာကာလမှာ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြတဲ့ ကချင်အမျိုးသားခေါင်းဆောင်ကြီးတွေ ရဲဘော်ရဲဘက်တွေနဲ့ ကချင်ပြည်သူလူထုကို CRPH က ဦးညွှတ်အလေးပြုထားပါတယ်။
မိမိတို့အားလုံးရဲ့ ရည်မှန်းချက်ဟာ တိုင်းရင်းသားအားလုံး တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တရားမျှတရေးကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို တည်ဆောက်ဖို့ဖြစ်တာကြောင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ကချင်လူထုအပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုရဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်မှုဟာ အလွန် အရေးကြီးတဲ့အကြောင်းလည်း အသိပေးထားပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ဒီရည်မှန်းချက် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေး တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ တော်လှန်ရေးအင်အားစုများအားလုံးနဲ့အတူ လက်တွဲ ချီတက်သွားမယ်လို့ ကတိပြု ထားပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့လည်း တော်လှန်ရေးအင်အားစုအားလုံးရဲ့ အဓိက ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး မဟာမိတ် အင်အားစုများအားလုံးနဲ့ပူးပေါင်းပြီး အောင်မြင်တဲ့အထိ ကြိုးပမ်းသွားမယ် ဆိုတာ အလေးအနက် ယုံကြည်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
========================
📌📌 ၂။ စစ်အုပ်စုထံ လက်နက်တင်ပို့လွှဲပြောင်းတဲ့ အဖွဲ့ဝင်နိုင်ငံအချို့ရဲ့လုပ်ရပ်ဟာ စစ်အုပ်စုရဲ့ လူသတ်မှုတွေကို ထောက်ခံ အားပေးတဲ့လုပ်ရပ်အဖြစ် မြန်မာပြည်သူတွေ ရှုမြင်
အောက်တိုဘာလ (၂၅)ရက်
စစ်အုပ်စုထံ လက်နက်တင်ပို့လွှဲပြောင်းပေးတဲ့ အဖွဲ့ဝင်နိုင်ငံအချို့ရဲ့ လုပ်ရပ်တွေဟာ စစ်အုပ်စုရဲ့ လူသတ်မှုတွေကို ရှင်းလင်း ပြတ်သားစွာ ထောက်ခံအားပေးတဲ့လုပ်ရပ်များအဖြစ် မြန်မာပြည်သူတွေက ရှုမြင်ထားတယ်လို့ ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေး ကော်မတီရဲ့ “သမားရိုးကျလက်နက်များ” ခေါင်းစဉ်နဲ့ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုကို မနေ့ အောက်တိုဘာ ၂၄ က ကျင်းပခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်း ပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
သမားရိုးကျ လက်နက်တွေနဲ့ ဒီလက်နက်တွေကို လွှဲပြောင်းရယူခြင်းဟာ လက်နက်ကိုင်ပဋိပက္ခတွေကို မကြာခဏဖြစ်ပေါ် စေပြီး အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ပိုပြီးကြာရှည်စေသလို ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ် တွေကို ဖျက်ဆီးနေတာပဲလို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်တာနဲ့ ဖိနှိပ်ဖို့တွက် စစ်အုပ်စုဟာ ပြည်တွင်းနဲ့ နိုင်ငံတကာကနေရရှိနေတဲ့ သမားရိုးကျ လက်နက်တွေ အသုံးပြုနေတာနဲ့ ဒီ လက်နက်တွေရဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေတွေကို အဓိက ထားပြီး မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရှမှာ လက်နက်ထုတ်လုပ်ရေးကဏ္ဍတခုလုံးကို စစ်အုပ်စုက ထိန်းချုပ်ထားတဲ့အတွက် ရွေးကောက်ခံ အရပ်သား အစိုးရလက်ထက်မှာတောင် စစ်တပ်က လက်နက်ထုတ်လုပ်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားခဲ့တယ်လို့ အစည်းအဝေး တက်ရောက်သူတွေကို ပြောကြားခဲ့ပါတယ်။
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံးအောက်မှာရှိတဲ့ စစ်အုပ်စုဟာ အသေးစားနဲ့ အပေါ့စားလက်နက်တွေ အမြောက်ကျည်တွေ လူသတ်မိုင်းတွေ လက်နက်တပ်ဒရုန်းတွေ ဆင့်ကဲပေါက်ကွဲစေတတ်တဲ့ လက်နက်တွေထုတ်လုပ်ခဲ့ပြီး တိုင်းရင်းသားလူနည်းစုတွေနဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ဖို့ အသုံးပြုနေတယ်လို့လည်း ရှင်းပြခဲ့ ပါတယ်။
လက်နက်ထုတ်လုပ်ရေး လက်ဝါးကြီးအုပ်ထားတဲ့ စစ်အုပ်စုဟာ အဖွဲ့ဝင်နိုင်ငံအချို့ရဲ့ ကုန်ကြမ်းပစ္စည်းတွေ လက်နက်တွေ ခဲယမ်း မီးကျောက်နဲ့ ဆက်စပ်နည်းပညာတွေ ရရှိနေတာကြောင့် စစ်အုပ်စုဟာ ပြည်တွင်းမှာ လက်နက်တွေထုတ်လုပ်နိုင်ဖို့ အားဖြစ်နေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် မေလအထိကာလအတွင်းမှာ စစ်အုပ်စုအနေနဲ့ လက်နက်တင် သွင်းမှုဟာ အမေရိကန်ဒေါ်လာ တဘီလီယံနီးပါး တန်ဖိုးရှိခဲ့တာကြောင့် စစ်အုပ်စုထံ လက်နက်တင်ပို့လွှဲပြောင်းပေးတဲ့ အဖွဲ့ဝင်နိုင်ငံ အချို့ ရဲ့ လုပ်ရပ်တွေဟာ စစ်အုပ်စုရဲ့ လူသတ်မှုတွေကို ထောက်ခံအားပေးတဲ့လုပ်ရပ်များအဖြစ် မြန်မာပြည်သူတွေက ရှုမြင် နေတာပဲဖြစ်ပါတယ်။
မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ တိုက်လေယာဉ်ဆီအပါအဝင် အခြား စစ်ဖက် - အရပ်ဖက် နှစ်မျိုးသုံး ပစ္စည်းတွေနဲ့ ဆက်စပ်နည်းပညာတွေ စစ်အုပ်စုထံ စီးဆင်းနေတာကို တကမ္ဘာလုံးက ပိတ်ပင်တားမြစ်ဖို့နဲ့ တားဆီးပေးကြဖို့ မြန်မာပြည်သူလူထုကိုယ်စား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုခဲ့ပါတယ်။
========================
📌📌 ၃။ ကျောင်းနေအရွယ်ကလေးငယ် ၇ သန်းခန့် ကျောင်းထွက်ထားရတာကြောင့် မျိုးဆက်တခုစာ ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး သတိပေး
အောက်တိုဘာလ (၂၅)ရက်
ကျောင်းနေအရွယ်ကလေးငယ် ၇ သန်းခန့် ကျောင်းထွက်ထားရတာကြောင့် မျိုးဆက်တခုစာ ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေး ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီမှာ ပညာသင်ကြားခွင့် ခေါင်းစဉ်နဲ့ ပတ်သက်လို့ အထူးအစီရင်ခံစာတင်သွင်းသူနဲ့ အပြန်အလှန် ဆွေးနွေးပြောကြားတဲ့ အစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်အုပ်စုက မတရားစစ်အာဏာသိမ်းခဲ့ပြီးတဲ့နောက် ရက်စက်ကြမ်းကြုတ်မှု တွေ ကျူးလွန်နေတာကြောင့် ပညာရေးကဏ္ဍ ပြိုလဲလာတာကို တွေ့မြင်နေရတယ်လို့ အစည်းအဝေးတက်ရောက်လာတဲ့ သက်ဆိုင်ရာနိုင်ငံတွေက ကိုယ်စားလှယ်တွေကို ရှင်းပြခဲ့ပါတယ်။
စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ စစ်မက်လှုပ်ရှားမှုတွေမှာ ဆရာ၊ ဆရာမတွေနဲ့ ကျေားင်းသူ၊ ကျောင်းသား တွေကို တရားလက်လွတ် ဖမ်းဆီး ချုပ်နှောင်တာ၊ ထောင်ချတာ၊ စာသင်ကျောင်းတွေကိုသိမ်းယူပြီး ကျောင်းအဆောက် အအုံတွေကို စစ်စခန်းတွေအဖြစ် အသုံးချတာ စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေ အကြိမ်ကြိမ် လုပ်ဆောင်နေတဲ့ အတွက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးငယ်တွေဟာ ဗုံးခိုကျင်းတွေ၊ ရွှေ့ပြောင်းနိုင်တဲ့ စာသင်စခန်းတွေ မှာ ကြားကုတ်ကြားခဲ ပညာသင် ကြားနေရတယ်လို့လည်း မြန်မာသံအမတ်ကြီး အသိပေးခဲ့ပါတယ်။
ကလေးငယ်တွေဟာ စစ်အုပ်စုကကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အရင်ကတည်းက ခါးစည်းခံခဲ့ရပြီး အခုအခါ သူတို့ရဲ့အသက်ရှင်သန်ရေး၊ သာယာဝပြောမှုနဲ့ ပညာသင်ကြားခွင့် စတာတွေအတွက် အကြောက်တရားနဲ့ နေထိုင်နေရတယ် လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ကလေးသူငယ်တွေ ပညာဆက်လက် ဆည်းပူးနိုင်ရေး အစွမ်းကုန် ကြိုးပမ်းနေတယ်လို့လည်း မြန်မာသံအမတ်ကြီးက အစည်းအဝေးတက်ရောက်လာသူတွေကို ပြောကြားခဲ့ ပါတယ်။
ကျောင်းသူကျောင်းသားတွေအနေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေရှိနေတဲ့ စစ်အုပ်စုရဲ့ပညာရေးစနစ်အစား အခြား ရွေးချယ်ခွင့်တွေ ရှိစေဖို့ အွန်လိုင်းနဲ့ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ စာသင်ကျောင်းတွေအပါအဝင် ယုံကြည်စိတ်ချရတဲ့ ယှဉ်ပြိုင်ပညာရေးစနစ်တွေ တည်ဆောက်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးပမ်းနေတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စာသင်သားတွေနဲ့ မသန်းစွမ်းကလေးငယ်တွေ အလွယ်တကူ သင်ကြားခွင့်ရနိုင် တဲ့ ပညာရေးစနစ်ကို ဦးစားပေးဆောင်ရွက်နေသလို ဘေးကင်းလုံခြုံတဲ့ကျောင်းများ လှုပ်ရှားမှု အစီအစဉ်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက စတင်ဖော်ဆောင်နေပြီလို့ အသိပေးခဲ့ပါတယ်။
စာသင်ကျောင်းတွေကို စစ်စခန်းတွေအဖြစ် အသုံးချနေတာတွေ ရပ်တန့်စေရေး၊ လူငယ်တို့ရဲ့ အသက်အိုးအိမ်နဲ့ အနာဂတ် တွေကို ခိုးယူနေတဲ့ အဓမ္မ တပ်သားစုဆောင်းမှုတွေ ရပ်တန့်စေရေး၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အပါအဝင် အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ လိုင်စင်ပေးအပ်ရာရောက် မယ့် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ငြင်းပယ်ကန့်ကွက်ကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကျောက်မဲ ကော်ပေါင်ကျေးရွာကို စစ်တပ်က ဗုံးကြဲတာကြောင့် ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူပြီး သံဃာ ၅ ပါးနဲ့ အရပ်သား ၂ ဦး ဒဏ်ရာရ
အောက်တိုဘာလ (၂၅)ရက်
ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့နယ် ကော်ပေါင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ကျောင်းထိုင်ဆရာတော်ပျံလွန်တော်မူခဲ့ပြီး သံဃာ ၅ ပါးနဲ့ ကလေးငယ် အပါအဝင် အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရသွားတယ်လို့ TNLA က ဒီနေ့ အောက်တိုဘာ ၂၅ မှာ အတည်ပြု ထုတ်ပြန်လာ ပါတယ်။
မနေ့ အောက်တိုဘာ ၂၄ ရက် ညနေ ၄ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတလုံး လာရောက်ကြဲချတိုက်ခိုက်တာကြောင့် သက်တော် ၇ဝ ဝါတော် ၅ဝ ရှိတဲ့ ကျောင်းထိုင်ဆရာတော် အရှင် ကျန္တာ ပျံလွန်တော်မူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်ကနေ အသက် ၁၈ နှစ်ကြားအရွယ်ရှိကြတဲ့ ကိုရင် ၅ ပါး၊ အသက် ၄ နှစ်အရွယ် မောင်အိုက်တင်နဲ့ အသက် ၉၆ နှစ်အရွယ် ဦးကျန်ဒိတို့ ဒဏ်ရာရခဲ့ပြီး အိမ် ၂လုံး၊ ဘုန်းကြီးကျောင်းနဲ့ ဇရပ်တဆောင် ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို အောက်တိုဘာ ၁ ရက်ကနေ ၂၄ ရက် နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ် လုပ်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ TNLA ထိန်းချုပ်ရာ မြို့နယ်တွေဖြစ်တဲ့ ရှမ်းမြောက်ဒေသကမန်တုံ၊ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်မြို့နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့တို့ကို အခုလထဲမှာ လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၄၇ ဦး သေဆုံးခဲ့ရပြီး ကလေးငယ်တွေနဲ့သံဃာတွေအပါအဝင် ၆၅ ဦးထိခိုက်ဒဏ်ရာရှိကာ အိမ်အလုံး ၁၇၀ အိမ်၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၆ ကျောင်း၊ ကျောင်းဆောင် ၈ ဆောင်၊ အဆောက်အအုံ ၆ ခု၊ ဆိုင်ခန်း ၅ ခန်း၊ လက်ဖက် စက်ရုံ တရုံ၊ ဆိုင်ကယ် ၄ စီးနဲ့ ကား ၁၀ စီး ပျက်စီးသွားခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ထားပါတယ်။
========================
🚩🚩 ၂။ KIO/KIA တည်ထောင်ခြင်း ၆၅ နှစ်ပြည့်နေ့အတွက် ချင်းအမျိုးသားတပ်ဦး ဂုဏ်ပြုသဝဏ်လွှာပို့
အောက်တိုဘာလ (၂၅)ရက်
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA တည်ထောင်တဲ့ ၆၅ နှစ်မြောက်တဲ့ ဒီနေ့မှာ ချင်းအမျိုးသားတပ်ဦး CNF က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့ဟာ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA တည်ထောင်ခဲ့တာ ၆၅ နှစ် ပြည့်တဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။
ဒီလိုအခါသမယမှာ KIO/KIA နဲ့ ကချင်ပြည်သူတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်ရောက်ရှိနိုင်ရေး အသက်ပေးခဲ့ကြတဲ့ ကချင် အာဇာနည်သူရဲကောင်းတွေကို ဦးညွတ်ဂါရဝပြုတဲ့အကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
၆၅ နှစ်တိုင် တော်လှန်ရေးခရီးတလျောက် KIO/KIA အနေနဲ့ ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့လက်တွဲပြီး အမြော်အမြင်ရှိရှိ ဦးဆောင်ဦးရွက်ပြုမှု၊ ပံ့ပိုးမှုနဲ့ ပေးဆပ်မှုတွေအပေါ် ဂုဏ်ယူလေးစားတဲ့အကြောင်းလည်း CNF က အလေးအနက် ပြောထားပါတယ်။
CNO/CNF အနေနဲ့ တအူတုံဆင်း ကချင်ညီနောင်တွေနဲ့အတူ နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးဦးတည်ချက်တူညီတဲ့ တိုင်းရင်းသားညီနောင်မဟာမိတ်တွေ၊ NUG အစိုးရ၊ တွေဦးတော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေနဲ့အတူ ပြည်သူလူထုဘက်က မားမားမတ်မတ်ရပ်တည်ပြီး အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၃။ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်အဖြတ်သတ်မှတ်ပြီး ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ် ဆို
အောက်တိုဘာလ (၂၅)ရက်
ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်အဖြတ်သတ်မှတ်ပြီး ဆန့်ကျင်တိုက်ဖျက် သွားမယ်လို့ စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်းက ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်းက မြန်မာ - အင်္ဂလိပ် - တရုတ် ၃ ဘာသာနဲ့ ထုတ်ပြန်ပြီး အသိပေးလာတာဖြစ်ပါတယ်။
ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည် ဖျားယောင်းမှုဖြစ်စဉ်တွေဟာ ဒေသတွင်းပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်စေရုံတင်မဟုတ်ဘဲ ဒီလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေသူတွေဟာ လူဆိုးဂိုဏ်းကြီးတွေအဖြစ် ကြီးထွားလာပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ အကျိုးစီးပွားကိုပါ ထိပါးလာနေတယ်လို့ ဆိုပါတယ်။
အခုနှစ်ပိုင်းတွေမှာဆိုရင် မြန်မာနိုင်ငံမှာလည်း အွန်လိုင်းငွေကြေးလိမ်လည်မှုဖြစ်စဉ်တွေ ပိုများလာတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကော်မရှင်အနေနဲ့ အသံကောင်းဟစ်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အပေါ်ယံ နှိမ်နင်းဟန်ပြုနေပေမယ့် ငွေကြေးလိမ်လည်မှုအများစုဟာ စစ်ကော်မရှင်ခန့် ဝန်ကြီး၊ ဒုဝန်ကြီးတေတွ၊ စစ်ဗိုလ်ချုပ်တွေအပါအဝင် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ထိပ်ပိုင်း အာဏာရှင်တွေနဲ့ တိုက်ရိုက် ဆက်စပ်နေတာကို တွေ့ရတယ်လို့ စစ်ကိုင်းဖိုရမ်က ထောက်ပြထားပါ တယ်။
ဒါကြောင့် ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ထောက်တိုင်တွေလို့ သတ်မှတ်ပြီး မိမိတို့ဒေသတွင်းမှာ ထိထိရောက်ရောက် ဆန့်ကျင်၊ တိုက်ဖျက်သွားမှာဖြစ်သလို ပြည်သူလူထုတရပ်လုံးအနေနဲ့လည်း အွန်လိုင်း ငွေကြေးလိမ်ဂိုဏ်းတွေရဲ့ သားကောင်မဖြစ်အောင် အထူးသတိပြုနေထိုင်ကြဖို့ စစ်ကိုင်းဖိုရမ်က သတိပေးထားပါ တယ်။
မိဘပြည်သူများအနေနဲ့ မိမိတို့အနီးဝန်ကျင်မှာ အွန်လိုင်း ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတာတွေ့ရင်လည်း လက်မခံဘဲ ဝိုင်းဝန်းပြီး ပူးပေါင်း ဆန့်ကျင်၊ တိုက်ဖျက်သွားကြဖို့ စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်းက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ သူလျှိုပူဖေါင်းလို့ခေါ်တဲ့ Spy Balloon အန္တရာယ်ကို ကာကွယ်နိုင်မယ့်နည်းတွေ MDIS ထုတ်ပြန်
အောက်တိုဘာလ (၂၅)ရက်
သူလျှိုပူဖေါင်းလို့ခေါ်တဲ့ Spy Balloon တွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို MDIS က ထုတ်ပြန်လာပါတယ်။
အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့မှာ စစ်တပ်က Spy Balloon တွေ လွှတ်တင်လာတာနဲ့ ပတ်သက်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDIS က အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီ Spy Balloon တွေဟာ မြေပြင်မှာရှိတဲ့ သတ်မှတ်တည်နေရာတွေကို ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံ တွေရိုက်ယူနိုင်ပြီး ထောက်လှမ်းရေးအချက်အလက်တွေကို စုဆောင်းနိုင်တယ်လို့ စစ်ရေးလေ့လာ စောင့်ကြည့်နေသူတွေက ဆိုပါတယ်။
သူလျှိုပူဖေါင်းလို့ခေါ်တဲ့ Spy Balloon မျက်မှောက်ခေတ် စစ်မြေပြင်နဲ့ ထောက်လှမ်းရေးနယ်ပယ်မှာ မြင့်မားတဲ့ ကောင်းကင်ယံကနေ တိတ်တဆိတ် သတင်းအချက်အလက် စုဆောင်းနိုင်တဲ့ နည်းပညာတခုလို့ သိရပါတယ်။
သူလျှိုပူဖေါင်းတွေဟာ အလွန်မြင့်မားတဲ့ အမြင့်ပေ - High-Altitude မှာ ပျံဝဲနိုင်ပြီး မြေပြင်ပစ်မှတ်တွေရဲ့ သတင်း အချက်အလက်တွေကို စုံစမ်းထောက်လှမ်းနိုင်ဖို့ အထူး ဒီဇိုင်းထုတ်ထားတဲ့ ကိရိယာလို့လည်း MDIS ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီ Spy Balloon တွေကို တိုက်ခိုက် ဖျက်ဆီးဖို့ ကြိုးပမ်းတာထက် သူတို့တည်ရှိမှုကို အချိန်မီသိရှိ ပြီး မိမိတို့ရဲ့ လှုပ်ရှားမှုတွေ ကို ဖုံးကွယ်တာ၊ Spy Balloon တွေရဲ့ ဆက်သွယ်ရေးကို နှောင့်ယှက်တာနဲ့ သူတို့ရဲ့ လှုပ်ရှားမှုလမ်းကြောင်းကို မှတ်တမ်း တင်ပြီး တန်ပြန်ထောက်လှမ်းဖို့ ကြိုးစားတာက ပိုပြီး ထိရောက်နိုင်တယ်လို့ MDIS ကသုံးသပ်ထားပါတယ်။
ဒါကြောင့် Spy Balloon တွေရဲ့အန္တရယ်ကိုကာကွယ်နိုင်ဖို့ဆိုရင် ဒေသခံ လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ငယ်တွေဖွဲ့ပြီး ကောင်းကင်မှာ အဖြူရောင် အလုံးတွေရှိမရှိ စောင့်ကြည့်ကာ မသင်္ကဖွယ်တွေ့ရင် အချိန်၊ တည်နေရာ၊ လားရာနဲ့ ခန့်မှန်း အမြင့်ပေတို့ကို မှတ်တမ်းတင်ထားဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် Spy Balloon မှာပါတဲ့ ကင်မရာတွေ၊ အာရုံခံကိရိယာတွေကနေ ကာကွယ်နိုင်အောင် မိမိတို့ရဲ့ အရေးကြီးစခန်းတွေ ၊ လက်နက်ဂိုထောင်နဲ့ စစ်လေ့ကျင့်ရေးနေရာတွေကို အလင်းပြန်မှုအားနည်းတဲ့ အနက်ရောင်၊ မီးခိုးရောင်အမျိုးတွေ ပိုက်ကွန်တွေနဲ့ ဖုံးအုပ်ထားဖို့ MDIS က အကြံပြုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။








No comments:
Post a Comment