၂၀၂၅ အောက်တိုဘာလ ၂၆ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေဖို့ ရည်ရွယ်တဲ့ Fortify Rights ရဲ့ ထုတ်ပြန်ချက် အပေါ် AA ကန့်ကွက်ရှုတ်ချ
📌 ၂။ အီတလီနိုင်ငံ မွန်ဇာမြို့တော်ဝန်က ရွှေတံဆပ်ဆု ချီးမြင့်ပေးခဲ့တယ်လို့ ကင်အဲရစ် ပြော
📌 ၃။ ကျွန်းစုမြို့နယ်မှာ ပြည်သူ့ဆန္ဒမပါဘဲ အတင်းအကြပ် မဲပေးခိုင်းတာမျိုးမလုပ်ဖို့ မြို့နယ် ပကဖ သတိပေး
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မောင်းမကန် ရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်
🚩 ၂။ မင်းတုန်းမြို့အဝင်မှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ ရဲ ၂ ဦးကိုတိုက်ခိုက်ရာမှာ ၂ ဦးစလုံးသေပြီး သေနက် ၂ လက် သိမ်းဆည်းရရှိ
🚩 ၃။ အရပ်သားပြည်သူတွေ မဲပေးကြဖို့ ဖိအားပေးနေတဲ့ အုတ်ဖိုမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း
🚩 ၄။ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဉ် ၃ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေဖို့ ရည်ရွယ်တဲ့ Fortify Rights ရဲ့ ထုတ်ပြန်ချက် အပေါ် AA ကန့်ကွက်ရှုတ်ချ
အောက်တိုဘာလ (၂၆)ရက်
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ရဲ့ ဂုဏ်သိက္ခာကျဆင်းစေဖို့ ရည်ရွယ်ထုတ်ပြန်တဲ့ Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် ULA/AA က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ဟာ အချက်အလက်အမှားတွေနဲ့ နိုင်ငံရေးအရ ထိုးနှက်လာတဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲ ချက်တွေလို့ ULA/AA က တုန့်ပြန်ထားပါတယ်။
ULA/AA ကို အဓမ္မလုပ်အားခိုင်းစေမှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေတဲ့အဖွဲ့အစည်းအဖြစ် Fortify Rights အဖွဲ့က အောက်တိုဘာ ၂၂ မှာ ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ ULA/AA က အခုလို တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။
Fortify Rights အဖွဲ့အနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်နေတယ်လို့အကြောင်းပြပြီး ULA/AA အပေါ် တစိုက်မတ်မတ် အပုတ်ချ ထိုးနှက်နေတယ်လို့လည်း ULA/AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA အနေနဲ့ အဖွဲ့အစည်းစတင်တည်ထောင်ချိန်ကစပြီး လက်ရှိအချိန်ထိ အဓမ္မလုပ်အားခိုင်းစေမှုဆိုင်ရာ ILO Convetion No. 29 အပါအဝင် ILO Convetion တွေ ချိုးဖောက်တာမရှိဘဲ Convetion ကို တိတိကျကျလိုက်နာကျင့်သုံးနေတယ်လို့ ULA/AA ဘက်က ပြောပါတယ်။
ULA/AA အနေနဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ ပြဌာန်းချက်တွေကို လေးစားတန်ဖိုးထားပြီး လိုက်နာဆောင်ရွက်နေတဲ့အပြင် ULA/AA အဖွဲ့ဝင်တွေကိုလည်း နိုင်ငံတကာကွန်ဗင်းရှင်းတွေနဲ့ ပြဌာန်းချက်တွေကို လေးစားလိုက်နာစေဖို့ လေ့ကျင့်သင်ကြား လမ်းညွှန်ပေးနေတယ်လို့လည်း အသိပေးထားပါတယ်။
ULA/AA အနေနဲ့ အာရက္ခပြည်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့ မတူကွဲပြားတဲ့ ဘာသာ၊ လူမျိုးတွေကြား သဟဇာတဖြစ်လာ စေရေး ကြိုးပမ်းဆောင်ရွက်နေပြီး ဘာသာရေး၊ လူမျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး စတဲ့ကဏ္ဍတွေမှာ ခွဲခြားတာမရှိတဲ့အတွက် လူမျိုးစုတိုင်း ခွင့်တူညီမျှ ရနေကြတယ်လို့လည်း ULA/AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် Fortify Rights အဖွဲ့အနေနဲ့ မြေပြင်မှာဖြစ်နေတဲ့ ပကတိအခြေအနေတွေကို မှန်မှန်ကန်ကန်လေ့လာဖို့၊ ဘာသာရေးအစွန်းရောက်တွေရဲ့ အသုံးချခံမဖြစ်ဖို့ ပြန်လည်စိစစ်သုံးသပ်သင့်တယ်လို့ Fortify Rights အဖွဲ့ကို ULA/AA က အကြံပြုထားပါတယ်။
Fortify Rights အဖွဲ့ ထုတ်ပြန်ချက်ဟာ ရခိုင်ပြည်က မြေပြင်အခြေနေနဲ့ ကင်းကွာနေသလို ဘာသာရေး လူမျိုးရေး အစွန်းရောက်တွေရဲ့ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းတွေကို ယုံကြည်နေတာဟာ အလွန်မှားတဲ့လုပ်ရပ်တခုလို့ ရခိုင်အရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြထားပြီး AA အပေါ်မဟုတ်မမှန်တဲ့ သတင်းအမှားတွေနဲ့ ဝါဒဖြန့်ရေးသားနေတာတွေ ရပ်တန်းကရပ်ဖို့လည်း တောင်းဆိုသူတွေလည်း ရှိနေပါတယ်။
========================
📌📌 ၂။ အီတလီနိုင်ငံ မွန်ဇာမြို့တော်ဝန်က ရွှေတံဆပ်ဆု ချီးမြင့်ပေးခဲ့တယ်လို့ ကင်အဲရစ် ပြော
အောက်တိုဘာလ (၂၆)ရက်
အီတလီနိုင်ငံ မွန်ဇာမြို့တော်ဝန်က ရွှေတံဆပ်ဆု ချီးမြင့်ပေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူ ကိုထိန်လင်း ခေါ် ကင်အဲရစ်က ဒီနေ့ အောက်တိုဘာ ၂၆ မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မွန်ဇာမြို့ကို ရောက်တုန်းက မြို့တော်ဝန် ပေါင်လို ပီလိုတိုနဲ့တွေ့ဆုံခွင့်ရပြီး သူချီးမြှင့်တဲ့ မြို့ရဲ့ရွှေတံဆိပ်ကို ဂုဏ်ယူစွာ လက်ခံရရှိခဲ့တာလို့ ဆိုပါတယ်။
မွန်ဇာမြို့ကို ရောက်ခဲ့ချိန်မှာ မွန်ဇာမြို့ရဲ့ ထင်ရှားခန့်ထည်လှတဲ့ ဘုရားကျောင်းနဲ့ပြတိုက်ကို သွားရောက်ကြည့်ရှုခဲ့ရာမှာ သမိုင်းဝင် သံသရဖူ - Iron Crown ကို မြင်တွေ့ခွင့်ရခဲ့တယ်လို့လည်း အသိပေးပါတယ်။
ဒီ သမိုင်းဝင် သံသရဖူ - Iron Crown ဟာ ခရစ်ယာန်သမိုင်းအတွင်း ရှေးအကျဆုံးသော မင်းသုံးပစ္စည်းဖြစ်တယ်လို့ သိရပါတယ်။
ရွှေရောင်အပိုင်းခြောက်ပိုင်းနဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေတဲ့ ဒီသရဖူဟာ ရာစုနှစ်တွေတလျှောက် ခံနိုင်စွမ်းရည် - endurance ၊ စွန့်လွှတ်အနစ်နာခံမှု - sacrifice နဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်မှု -struggle တို့ရဲ့ သင်္ကေတအဖြစ် မင်းအဆက်ဆက်က လက်ခံထားကြတယ်လို့ သိခဲ့ရတယ်လို့လည်း ကင်အဲရစ်က အသိပေးထားပါတယ်။
သမိုင်းဝင် သံသရဖူ - Iron Crown ရှေ့မှာ ရပ်ကြည့်နေရင်း သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေကို သတိရမိခဲ့တယ်လို့လည်း ဆိုပါတယ်။
သူတို့ဟာ အကြမ်းဖက် ဖိနှိပ်ခံနေရပေမဲ့ လွတ်လပ်ဖို့အတွက် မယိုင်လဲ ခိုင်မာတဲ့စိတ်၊ သတ္တိ စွမ်းရည်တို့နဲ့ ဆက်လက် တိုက်ပွဲဝင်နေကြတယ်လို့ ကင် က ပြောပါတယ်။
ခံနိုင်စွမ်းရည်ကို ကိုယ်စားပြုတဲ့ ဒီသရဖူဟာ အမှန်တရား၊ ယုံကြည်မှုအတွက် စွန့်လွှတ်ခြင်းဟာ စစ်မှန်တဲ့ခွန်အားဖြစ်တယ် ဆိုတာ အမှတ်ရစေပြီး မည်မျှခက်ခဲပါစေ၊ တနေ့မှာ တရားမျှတမှုအပေါ် သစ္စာထားသူတွေဟာ ဆိုးယုတ်တဲ့အာဏာရှင်ကို အနိုင်ရမှာပါပဲလို့ ကင်က မှတ်ချက်ပြုပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပ်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူ ကိုထိန်လင်းခေါ် ကင် အဲရစ်ဟာ အခုလဆန်းပိုင်းက အီတလီနိုင်ငံကိုသွားရောက်ခဲ့ရာမှာ အီတလီအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အီညာဇီယို လာ ရူစ်ဆာရဲ့ မိတ်ဆက်ပေးမှုနဲ့ လွှတ်တော်ကိုယ်စားတွေနဲ့ တွေ့ဆုံခွင့်ရခဲ့သလို နိုင်ငံခြားရေးအထူးကော်မတီဥက္ကဋ္ဌ Senator ပီယာ ဖာဒီနန်ဒို ကာစီနီနဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ တရားမျှတမှုရရေ ပံပိုးကူညီမှုတာတွေအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ ကင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အသိပေးထားပါတယ်။
အဲဒီနောက် ကင်ဟာ Religions for Peace အီတလီ အဖွဲ့အစည်းက စီစဉ်ကျင်းပတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူ နေထိုင်ရေး အဓိကထားဆွေးနွေးတဲ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကာ ဘာသာပေါင်းစုံကြား ညီညွတ်ခြင်းဖြင့် မသင့်မြတ် ပြိုကွဲခြင်းတွေကိုဖြေရှင်းပြီး မြန်မာနိုင်ငံမှာ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ပူးပေါင်း လုပ်ဆောင် နိုင်တဲ့အကြောင်း အစည်းအဝေးတက်ရောက်လာသူတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ကျွန်းစုမြို့နယ်မှာ ပြည်သူ့ဆန္ဒမပါဘဲ အတင်းအကြပ် မဲပေးခိုင်းတာမျိုးမလုပ်ဖို့ မြို့နယ် ပကဖ သတိပေး
အောက်တိုဘာလ (၂၆)ရက်
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ ပြည်သူ့ဆန္ဒမပါဘဲ အတင်းအကြပ် မဲပေးခိုင်းတာမျိုးမလုပ်ဖို့ မြို့နယ် ပကဖက သတိပေး ပြောကြားလိုက်ပါတယ်။
အကြမ်းဖက်စစ်ကော်မရှင်ကလုပ်မယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
၂ဝ၂ဝ ပြည့်နှစ်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရ တရားဝင်နေဆဲဖြစ်ပြီး နိုင်ငံတော်သမတ္တ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူ့အစိုးရကသာ တရားဝင် ပြည်သူ့အစိုးရဖြစ် တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ခံယူထားတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက် အာဏာသိမ်း စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပခွင့်မရှိသလို ပြည်သူ့ဆန္ဒမပါတဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ဒီမိုကရေစီကျင့်စဉ်ကို ပြောင်းပြောင်တင်းတင်း ချိုးဖောက်တာပဲလို့လည်း အသိပေးထားပါတယ်။
စစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲဟာ ပြည်သူ့အချုပ်အခြာကို မတရား ရယူဖို့ ကြိုးစားတာဖြစ်တဲ့အတွက် စစ်အာဏာရှင် တွေ သက်ဆိုးရှည်ရေး ဆောင်ရွက်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ အတုအယောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆန့်ကျင်ကြောင်းနဲ့ လုံးဝ ခွင့်ပြုမှာ မဟုတ်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ကြေညာထားပါတယ်။
ဒါကြောင့် ကျွန်းစုမြို့နယ်ထဲမှာရှိတဲ့ ပြည်သူလူထုအနေနဲ့လည်း ပြတ်သားခိုင်မာတဲ့ ရပ်တည်ချက်တွေနဲ့ အတူတကွ ဆန့်ကျင်ကြဖို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က တိုက်တွန်းနှိုးဆော်ထားပါတယ်။
အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ခံ မြို့နယ်၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့လည်း တရားမဝင် ရွေးကောက်ပွဲဖြစ်မြောက်စေဖို့ မဲစရင်းပြုစုပေးတာ၊ ပြည်သူလူထုကို မဲစာရင်းကြည့်ဖို့ ဖိအားပေးတာ၊ ပြည်သူ့ဆန္ဒမပါပဲ မဲပေးခိုင်းတာတွေ မလုပ်ဖို့ သတိပေးထားပါတယ်။
ကျွန်းစုမြို့နယ်ထဲက အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ အမည်စာရင်းနဲ့ နေရပ်လိပ်စာ တွေ အပြည့်အစုံရရှိထားပြီးဖြစ်တာကြောင့် သတိပေးထားတာကိုမလိုက်နာပဲ အကြမ်းဖက်စစ်ကော်မရှင် ထွက်ပေါက်ရ အောင် အားပေးကူညီမယ်ဆိုရင် ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူသွားမယ်လို့လည်း ထပ်ပြီး သတိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မောင်းမကန် ရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်
အောက်တိုဘာလ (၂၆)ရက်
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲက မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၆ ရက် မနက် ၆ နာရီကျော်မှာ မောင်းမကန်ကမ်းခြေရှိတဲ့ မောင်းမကန်ရွာက ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၁၀ နာရီခန့်မှာ အပြီးသတ် သိမ်းပိုက်ခဲ့ တာလို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ မနက် ၉ နာရီဝန်းကျင်မှာ စစ်တပ်ဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေကြဲပြီး စက်သေနတ်တွေနဲ့ ပါ ပစ်ခတ်ခဲ့တာတွေရှိတယ်လို့ ဒေသနေပြည်သူတွေကလည်း ပြောပါတယ်။
အခုလို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲပြီး ခုခံနေတဲ့ကြားက မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့တာလို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစု ပြန်ကြားရေးတာ၀န်ခံရဲဘော်ရှဲဒိုးကလည်း မောင်းမကန် ရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ မှန်တဲ့အကြောင်း အတည်ပြုထားပြီး အသေးစိတ်ကို ထုတ်ပြန်ပေး မယ်လို့ ဒေသတွင်း သတင်းဌာနတွေကို အသိပေး ပြောဆိုထားပါတယ်။
========================
🚩🚩 ၂။ မင်းတုန်းမြို့အဝင်မှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ ရဲ ၂ ဦးကိုတိုက်ခိုက်ရာမှာ ၂ ဦးစလုံးသေပြီး သေနက် ၂ လက် သိမ်းဆည်းရရှိ
အောက်တိုဘာလ (၂၆)ရက်
မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့အဝင်မှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ ရဲ ၂ ဦးကိုတိုက်ခိုက်ရာမှာ ၂ ဦးစလုံး သေပြီး သေနက် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်းက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၆ ရက် မနက် ၇ နာရီခွဲအချိန်မှာ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ အခုလို ထုတ်ဖော်ပြောဆို လာတာ ဖြစ်ပါတယ်။
အင်းလည်ကုန်းကျေးရွာအနီး မင်းတုန်းမြို့ဝင် လမ်းပိုင်းမှာ ခရီးသွားကားတွေကို လက်နက်ပြ ခြိမ်းခြောက်ပြီး ဆပ်ကြေး ကောက်ဖို့ထွက်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတပ်သား နေမင်းထက်နဲ့ သန်းထိုက်စိုးတို့ကို ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား ၂ ဦးစလုံး နေရာမှာတင်သေဆုံးသွားတာလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ရဲတွေကိုင်တဲ့ G3 ၂ လက် ၊ G3 ကျည်ဘောက် ၂ ခု၊ G3 ကျည် ၂၉ တောင့်၊ လက်ပစ်ဗုံးတလုံး၊ လက်ထိပ် တခု၊ ဖုန်းတလုံးနဲ့ ငွေကျပ် ၆သောင်းခွဲ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် - ၄ တပ်ရင်း၊ တပ်ခွဲ ၂၊ တပ်စိပ် ၅ က ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၃။ အရပ်သားပြည်သူတွေ မဲပေးကြဖို့ ဖိအားပေးနေတဲ့ အုတ်ဖိုမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း
အောက်တိုဘာလ (၂၆)ရက်
အရပ်သားပြည်သူတွေ မဲပေးကြဖို့ ဖိအားပေးနေတဲ့ အုတ်ဖိုမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက ဒီနေ့ အောက်တိုဘာ ၂၆ မှာ ထုတ်ပြန်လာပါတယ်။
ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ဘလားကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး အေးသောင်ဆိုသူကို မနေ့ အောက်တိုဘာ ၂၅ ရက် မနက် ၇ နာရီ ကျော်အချိန်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက ရဲဘော်တွေ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး အေးသောင်ဟာ အကြမ်းဖက်စစ်တပ်ကလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲမှာ မဲထည့် ကြဖို့ ဒေသနေပြည်သူတွေကို ဖိအားပေးတာ၊ ဒေသနေပြည်သူတွေကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းကြေးကောက်တာ၊ စစ်မှုထမ်းစေဖို့ဆိုပြီး လူငယ်တွေကို အတင်းအကြပ် စုဆောင်းနေတာတွေကြောင့် အခုလို အရေးယူရတာလို့ မြေအောက် ပြောက်ကျားတပ်ဖွဲ့- အုတ်ဖို့က ရှင်းပြထားပါတယ်။
ဒေသနေပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို ဒုက္ခမျိုးစုံပေးနေတဲ့ စစ်သား၊ရဲ နဲ့ ပြည်သူစစ်တွေအပါအဝင် သူတို့ကို ထောက်ပံ့ပေးနေတဲ့ ထောက်တိုင်တွေကို အရှိန်မြင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူထူထုအနေနဲ့ သူတို့ရှိတဲ့ နေရာတွေမှာ မနေကြဖို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သတိပေး ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဉ် ၃ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ
အောက်တိုဘာလ (၂၆)ရက်
တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရဲ့ အပတ်စဉ် ၃ အခြေခံစစ်ပညာ သင်တန်း ဆင်းပွဲကို ကျွန်းစုမြို့နယ်အတွင်းမှာရှိတဲ့ တပ်ရင်းစခန်းမှာ ကျင်းပခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဒီနေ့ အောက်တိုဘာ ၂၆ မှာ ထုတ်ပြန်လာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲ့ အပတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ကျင်းပခဲ့တာလို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲအခမ်းအနားကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတွေ၊ တပ်ဖွဲ့ဝင် မိသားစုတွေ၊ ဒေသနေ ပြည်သူတွေနဲ့ တာဝန်ရှိသူအချို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ကျွန်းစုမြို့နယ်အတွင်းက ဒေသနေပြည်သူတွေအနေနဲ့ စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ဟန်ပြ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်တာ အားပေးတာတွေ မလုပ်ဘဲ တခဲနက်ဆန့်ကျင်တုန့်ပြန်သွားကြဖို့ ကျွန်းစု ပကဖ က အလေးအနက်တိုက်တွန်းထားပါတယ်။
ကျွန်းစုမြို့နယ်အတွင်းက စစ်တပ်လက်အောက်ခံ မြို့နယ်၊ ရပ်ကျေး အဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေ အပြည့်အစုံ ရထား ပြီး ဖြစ်တာကြောင့် ပြည်သူလူထုကို ဖိအားပေး မဲပေးခိုင်းတာမျိုးလုပ်ရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ကျွန်းစု ပကဖ က သတိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။






No comments:
Post a Comment