၂၀၂၅ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ထိုင်းဘုရင်၏ မယ်တော်ကြီး၊ မိဖုရားကြီး သီရိခေတ် နတ်ရွာစံမှု အမျိုးသားညီညွတ်ရေးအစိုးရမှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်
📌 ၂။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁၂/၂၀၂၅) အစည်းအဝေးကျင်းပ
📌 ၃။ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို စိုးရိမ်ကြောင်း၊ တိုင်းရင်းသားများနှင့် တော်လှန်ရေးအဖွဲ့များ စည်းလုံးညီညွတ်စွာ စစ်အာဏာရှင်ကို ဆက်လက်တိုက်ပွဲဝင်ရန် ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောကြား
📌 ၄။ ရန်ကုန်တွင် စလော့ဂိမ်းဆော့ရာ အကြွေးတင်လာသည့် လူငယ်တစ်ဦး အဆုံးစီရင်
📌 ၅။ စစ်ကောင်စီနှင့် ဆန်ကုန်သည်ခရိုနီများ ပူးပေါင်း၍ စပါးဖိအားစိုက်ခိုင်းရန် လယ်ယာမြေဥပဒေကို အလွဲသုံးစားနေ
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အကြမ်းဖက်စစ်တပ်၏ ကပစ (၅/၆/၉/၁၄/၁၆) စက်ရုံများကို AA နှင့် ပူးပေါင်းတပ်များက စနစ်တကျ တိုက်ခိုက်နိုင်ပါက၊ စစ်တပ်၏ စစ်ရေးစွမ်းရည်များ သိသာစွာ ထိခိုက်လာနိုင်ဟု MDSI ထောက်ပြ
🚩 ၂။ KIA မှ စစ်ကောင်စီ ကင်းထောက်ဒရုန်း လက်နက်ငယ်ဖြင့် ပစ်ချ
🚩 ၃။ လောင်းလုံးမြို့နယ်တွင် အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် ပျူစောထီးခေါင်းဆောင်ကို ဖမ်းဆီး ထိန်းသိမ်း
🚩 ၄။ ရွှေဘို၊ မြိုင်နှင့် ပခုက္ကူမြို့နယ်ရှိ ကျေးရွာများကို ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာများဖြင့် ဗုံးကြဲတိုက်ခိုက်
🚩 ၅။ အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးပစ်ခတ်သဖြင့် ဝင်းကံရွာနှင့် မဇောရွာတွင် ကလေးတစ်ဦးအပါအဝင် ၃ဦး ထိခိုက်ဒဏ်ရာရ
🚩 ၆။ ဆောမြို့တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီး အလောင်းဖျောက်ဖျက်ခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ထိုင်းဘုရင်၏ မယ်တော်ကြီး၊ မိဖုရားကြီး သီရိခေတ် နတ်ရွာစံမှု အမျိုးသားညီညွတ်ရေးအစိုးရမှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်
အောက်တိုဘာ ၂၅
Radio NUG
ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၏ မယ်တော်ကြီး မိဖုရားကြီး သီရိခေတ်သည် အောက်တိုဘာ ၂၄ ရက် ည ၉ နာရီ ၂၁ မိနစ်တွင် ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန် အထိမ်းအမှတ်ဆေးရုံ၌ အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံခဲ့သည်ဟု ထိုင်းတော်ဝင်နန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။
မိဖုရားကြီး သီရိခေတ်သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှစ၍ ချူလာလောင်ကွန် ဆေးရုံတွင် ကျန်းမာရေးကုသမှု ခံယူနေခဲ့ပြီး၊ အောက်တိုဘာ ၁၇ ရက်မှစတင်ကာ သွေးတွင်းပိုးဝင်ရောဂါ (sepsis) ခံစားခဲ့ရတယ်လို့ သိရပါတယ်။
ဆရာဝန်များ၏ အထူးကြပ်မတ်ကုသမှုများရှိခဲ့သော်လည်း ကျန်းမာရေးမတိုးတက်ဘဲ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက မိဖုရားကြီး၏ ကွယ်လွန်မှုအပေါ် လေးနက်စွာ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်တွင် မိဖုရားသီရိခေတ်၏ ထိုင်းပြည်သူများ၏ သာယာဝပြောရေးအတွက် တစ်သက်တာကြိုးပမ်းမှု၊ လူမှုဖူလုံရေးအတွက် မယိမ်းယိုင်သော ကတိကဝတ်နှင့် ထိုင်းယဉ်ကျေးမှုအမွေအနှစ်နှင့် ရိုးရာလက်မှုပညာ ထိန်းသိမ်းရေးတွင် ထူးခြားသော ပံ့ပိုးမှုများကို ချီးကျူးဖော်ပြထားပါတယ်။
မိဖုရားကြီး၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များသည် မျိုးဆက်များစွာက လေးစားဂုဏ်ပြုဖွယ် အမွေအနှစ်တစ်ခုအဖြစ် တည်ရှိနေမှာဖြစ်ကြောင်း NUG ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ထိုင်းဘုရင်ဟောင်း ရာမ (၉) ဘူမိဘောအဒူလျာဒက်နှင့် မိဖုရားသီရိခေတ်တို့တွင် သားသမီး ၄ ဦးရှိပြီး၊ အကြီးဆုံးသားဖြစ်သူ မဟာဝဇီရာလောင်ကွန်းသည် ရာမ (၁၀) ဘွဲ့ဖြင့် လက်ရှိထိုင်းဘုရင်အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
ထိုင်းဘုရင်မင်းမြတ်က မိဖုရားကြီး၏ ဈာပနကို တော်ဝင်အစဉ်အလာများဖြင့် ဂုဏ်ပြုကျင်းပရန် ညွှန်ကြားထားပြီး၊ ရုပ်အလောင်းကို ဘန်ကောက်မြို့ရှိ ဒူးဆစ်မဟာပရာဆတ်သလွန်ဆောင်တွင် ဂါရဝပြုရန် ပြင်ဆင်ထားတယ်လို့ တော်ဝင်နန်းတော်က ထုတ်ပြန်ထားပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချာဗီရာကူလ်သည် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် မလေးရှားနိုင်ငံသို့ ခရီးစဉ်စီစဉ်ထားခဲ့သော်လည်း၊ မိဖုရားကြီး၏ ကွယ်လွန်မှုကြောင့် ထိုခရီးစဉ်ကို ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။
မိဖုရားသီရိခေတ်သည် ၁၉၅၀ ခုနှစ်တွင် ဘုရင်ဘူမိဘောနှင့် လက်ထပ်ခဲ့ပြီး မိဖုရားခေါင်ကြီးဘွဲ့ခံယူခဲ့ကာ ဘုရင်ဘူမိဘောသည် ၂၀၁၆ ခုနှစ်တွင် အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပါတယ်။
ထို့အပြင် မိဖုရားကြီး၏ မွေးနေ့ဖြစ်သည့် ဩဂုတ် ၁၂ ရက်ကို ၁၉၇၆ ခုနှစ်မှစတင်ကာ ထိုင်းနိုင်ငံ၏ “မိခင်များနေ့” အဖြစ် သတ်မှတ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်တွင် လေဖြတ်ဝေဒနာခံစားခဲ့ရပြီးနောက် မိဖုရားကြီးသည် လူထုရှေ့ထွက်ပေါ်မှု နည်းပါးသွားခဲ့ပြီး၊ ကွယ်လွန်ချိန်တွင် သားတစ်ဦးနှင့် သမီးသုံးဦး ကျန်ရစ်ခဲ့ပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁၂/၂၀၂၅) အစည်းအဝေးကျင်းပ
အောက်တိုဘာ ၂၅
Radio NUG
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁၂/၂၀၂၅) အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးနှင့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း MONRECမှ သတင်းထုတ်ပြန်ပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက (၁၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ၊ ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို တင်ပြခဲ့တယ်လို့ သိရပါတယ်။
သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပြီး တင်ပြချက်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁၂/၂၀၂၅) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို စိုးရိမ်ကြောင်း၊ တိုင်းရင်းသားများနှင့် တော်လှန်ရေးအဖွဲ့များ စည်းလုံးညီညွတ်စွာ စစ်အာဏာရှင်ကို ဆက်လက်တိုက်ပွဲဝင်ရန် ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောကြား
အောက်တိုဘာ ၂၅
Radio NUG
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ၏ ၆၅ နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲသည် ပြည်တွင်းစစ်ကို ပိုမိုကြာရှည်စေပြီး နိုင်ငံရေးဆွေးနွေးမှုများကို ခက်ခဲစေမည်ဟု စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး အင်ဘန်လက ၎င်း၏မိန့်ခွန်းတွင် ပြည်တွင်းစစ်နှင့် စစ်ရေးပဋိပက္ခများကို အဆုံးသတ်ရန် နိုင်ငံရေးဆွေးနွေးမှုသည် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း၊ သို့သော် စစ်ကောင်စီ၏ ရွေးကောက်ပွဲစီစဉ်မှုသည် လူထုကို ထောက်ခံသူနှင့် ကန့်ကွက်သူ အဖွဲ့ကြီးနှစ်ခုအဖြစ် ပိုင်းခြားစေပြီး၊ ဆွေးနွေးမှုများကို ပိုမိုခက်ခဲစေကာ ပြည်တွင်းစစ်ကို ရှည်ကြာစေကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး အင်ဘန်လက စစ်ကောင်စီအုပ်ချုပ်မှုအောက်ရှိ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် မဖြစ်မနေ ပါဝင်ရမည့်အခြေအနေတွင် ၎င်းတို့၏ ပါဝင်မှုသည် တစ်နိုင်ငံလုံးနှင့် တိုင်းရင်းသားများ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည်ဖြစ်သဖြင့် သတိထားလုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါတယ်။
KIO/KIA အနေဖြင့် နိုင်ငံရေးနှင့် စစ်ရေးကို မျှတစွာ ချိန်ညှိလုပ်ဆောင်နေပြီး ငြိမ်းချမ်းရေးရရှိရန် မရပ်မနား ကြိုးပမ်းနေကြောင်း၊ တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်ရန်၊ သွေးခွဲမှုများကို ရှောင်ရှားရန်နှင့် ပြည်သူ့အင်အားကို တော်လှန်ရေးအင်အားအဖြစ် ပြောင်းလဲအသုံးပြုရန် တိုက်တွန်းခဲ့ပါတယ်။
KIO/KIA သည် ၁၉၆၀ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် နိုင်ငံရေးနှင့် တရားမျှတမှုရရှိရန် ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ လက်လုပ်သေနတ်များဖြင့် စတင်ခဲ့ရာမှ ယခုအခါ စက်သေနတ်များဖြင့် တိုက်ပွဲဝင်နိုင်သည့် အဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းက တော်လှန်ရေးတွင် အားလုံးနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ပြီး စစ်ရေးနှင့် နိုင်ငံရေးတွင် နောက်ဆုတ်ခြင်းမရှိဘဲ ရှေ့သို့တိုးနေကြောင်း၊ KIO/KIA အဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး အင်ဘန်လက တော်လှန်ရေးတွင် စွန့်လွှတ်ပေးဆပ်ခဲ့ရသော အသက်များ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ဘဝများ အလဟဿမဖြစ်စေရန် အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်ရမယ်လို့ ကတိပြုခဲ့ပါတယ်။
အခုအချိန်မှာ ကချင်လူမျိုးတွေရော တိုင်းရင်းသားပေါင်းစုံ အတူလက်တွဲပြီး စည်းလုံးညီညွတ်စွာနဲ့ မှန်ကန်တဲ့ရပ်တည်ချက်နဲ့ မေတ္တာပြလက်တွဲပြီး တော်လှန်ရေးကို အောင်ပွဲရသည်အထိ တိုက်ရမယ်လို့ ၎င်းက အလေးပေးပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ ရန်ကုန်တွင် စလော့ဂိမ်းဆော့ရာ အကြွေးတင်လာသည့် လူငယ်တစ်ဦး အဆုံးစီရင်
အောက်တိုဘာ ၂၅
Radio NUG
ရန်ကုန်မြို့၊ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ အဆောင်တစ်ခုတွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးသည် စလော့ဂိမ်းဆော့ရာ အကြွေးတင်လာခဲ့ရာ အောက်တိုဘာ ၂၃ ရက်တွင် ကြိုးဆွဲချ ကိုယ်တိုင်အဆုံးစီရင်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
အဆိုပါ လူငယ်သည် စလော့ဂိမ်းများဆော့ရင်း ရှုံးနိမ့်ခဲ့ရာ အကြွေးများ သိန်းရာကျော်ရှိလာခဲ့ပြီး၊ အလုပ်အကိုင်မှာလည်း အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။
ကြာသာပတေး နံနက်ခင်းတွင် အဆောင်အတွင်း လျှောက်လမ်းမှာ ကြိုးဖြင့်ဆွဲချ အဆုံးစီရင်ခဲ့ရာ အဆောင်နေသူ တစ်ဦးက အိမ်သာသွားရန် ထွက်လာစဉ် ရုပ်အလောင်းကို စမြင်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
စလော့ဂိမ်းများသည် အွန်လိုင်း ငွေ လိမ်လည်မှု လုပ်ငန်း (ကျားဖြန့်) များနှင့် ဆက်နွယ်နေပြီး၊ ရန်ကုန်နှင့် မန္တလေးမြို့ များတွင် အွန်လိုင်း ဘောလုံး လောင်းကစား လုပ်ကိုင်သူ ၂၇ ဦး ကို အောက်တိုဘာ ၂၃ ရက်တွင် စစ်ကောင်စီက ဖမ်းဆီး အရေးယူခဲ့ပါတယ်။
ထို့အပြင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ အောက်တိုဘာ ၈ ရက်၊ မနက်ပိုင်းက အဘိုးအိုတယောက် နေအိမ် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဇွန် လဆန်းက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ ဖွံ့ဖြိုး မှု အစီအစဉ် (UNDP) စစ်တမ်း အရ ရန်ကုန်မြို့ လူဦးရေ ၁၀ ဦးမှာ ၄ ဦး ကျော်က ဆင်းရဲ နွမ်း ပါး နေကြောင်းဖော်ပြထားပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီနှင့် ဆန်ကုန်သည်ခရိုနီများ ပူးပေါင်း၍ စပါးဖိအားစိုက်ခိုင်းရန် လယ်ယာမြေဥပဒေကို အလွဲသုံးစားနေ
အောက်တိုဘာ ၂၅
Radio NUG
မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးရေး အဓိကဒေသများဖြစ်သော ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသများတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဆန်ကုန်သည်ခရိုနီများ ပူးပေါင်းကာ ဈေးမကောင်းသော စပါးကို အတင်းအဓမ္မ စိုက်ခိုင်းရန် လယ်ယာမြေဥပဒေကို တစ်ဖက်သတ်ဖြင့် အသုံးချနေကြောင်း Radio NUG သတင်းထောက် ကိုမြင့်သူက ပေးပို့လာပါတယ်။
ထိုလုပ်ရပ်သည် နိုင်ငံခြားငွေလိုအပ်မှုရှိနေသော စစ်ကောင်စီ၏ စီးပွားရေးရည်ရွယ်ချက်ကို ဖြည့်ဆည်းရန်အတွက်ဖြစ်ပြီး၊ လယ်သမားများ၏ ချေးယူမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ဖိအားများကို ပိုမိုဆိုးရွားစေတယ်လို့ သိရပါတယ်။
လက်ရှိ ၂၀၂၅ မိုးရာသီတွင် စပါးဈေးကွက်တွင် ဈေးနှုန်း ဆက်လက်ကျဆင်းနေမှုကြောင့် လယ်သမားများသည် အကြွေးဝန်များပြားလာပြီး မစိုက်ပျိုးနိုင်သော လယ်မြေများနှင့် ကြဲထားသော စပါးခင်းများ များပြားလာကြောင်း ရန်ကုန်တိုင်းအတွင်း စပါးစိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီ၏လယ်ယာမြေဥပဒေကို တစ်ဖက်သတ်ဖြင့် အသုံးချ၍ ဈေးမကောင်းသော စပါးကို စိုက်ခိုင်းရန် အနီရောင် ဆိုင်းဘုတ်များကို ရွာလယ်လမ်းများဘေးတွင် လိုက်လံ ထူထောင်ထားကြောင်း ဒေသခံ လယ်သမားများက ပြောကြားခဲ့ပါတယ်။
ထိုဆိုင်းဘုတ်များသည် ဆန်ကုန်သည်ခရိုနီများ၏ အကျိုးစီးပွားကို ဦးစားပေးကာ စစ်ကောင်စီ၏ နိုင်ငံခြားငွေ ရရှိရေးကို ဖြည့်ဆည်းရန် ရည်ရွယ်ကြောင်း၊ ဆန်ကုန်သည်ခရိုနီများသည် မြန်မာ့လယ်ယာစီးပွားရေးကို ဆယ်စုနှစ်များစွာ ဂုဏ်သတ္တိမဲ့စွာ ချိုးဖောက်ခဲ့ပြီး ယခုလည်း စစ်ကောင်စီနှင့် ပူးပေါင်း၍ လယ်သမားများကို ဖိအားပေးနေကြောင်း သိရပါတယ်။
စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် စပါးစိုက်ပျိုးရေး ဆင်းရဲဒုက္ခများ ပိုမိုဆိုးရွားလာခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူများက ထုတ်ပြန်ချက်အရ၊ ၂၀၂၅ တွင် မြန်မာလူဦးရေ၏ သုံးပုံတစ်ပုံ (၁၅.၂ သန်း) က စစ်ရေး ပဋိပက္ခများကြောင့် အစားအသောက် မလုံခြုံမှုကို ရင်ဆိုင်နေရကာ စပါးအပါအဝင် အခြေခံ အစားအစာများ၏ ဈေးနှုန်း ၃၀ ရာခိုင်နှုန်း မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။
စစ်ကောင်စီက လယ်ယာမြေ ပြုပြင်ရေး၊ မျိုးကောင်းမျိုး၊ စိုက်ပျိုးရေး ချေးငွေ၊ ဈေးကွက်ထိန်းသိမ်းရေး စသည့် လုပ်ငန်းများကို ဆောင်ရွက်မှု မရှိဘဲ ဝင်ငွေရရှိရေးကိုသာ ဦးစားပေးနေတယ်လို့ သိရပါတယ်။
ရာသီဥတု ပြောင်းလဲမှု၊ ပိုးရောဂါ၊ ပေါင်းနှင့် အဆိုးဘက်များ တိုးလာမှု၊ သွင်းအားစုဈေး မြင့်တက်မှုနှင့် လယ်ယာလုပ်သားများ ရှားပါးလာမှုတို့ကြောင့် စပါးထွက်ရှိမှု လျော့နည်းလာနေပြီး၊ လယ်သမားများသည် အကြွေးဝန်များပြားလာကြောင်း ဒေသခံ တောင်သူများက ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် လယ်ယာစီးပွားရေး ဖွံ့ဖြိုးမှု ရှိမနေဘဲ ထွန်စက်နှင့် ရိတ်ခြွေစက်များ မြင်တွေ့ရခြင်းသည် ရာသီဥတု ဆိုးရွားမှုနှင့် လယ်ယာမြေ စွန့်ခွာမှုကြောင့်သာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အကြမ်းဖက်စစ်တပ်၏ ကပစ (၅/၆/၉/၁၄/၁၆) စက်ရုံများကို AA နှင့် ပူးပေါင်းတပ်များက စနစ်တကျ တိုက်ခိုက်နိုင်ပါက၊ စစ်တပ်၏ စစ်ရေးစွမ်းရည်များ သိသာစွာ ထိခိုက်လာနိုင်ဟု MDSI ထောက်ပြ
အောက်တိုဘာ ၂၅
Radio NUG
စစ်ကောင်စီ၏ လက်နက်ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်အတွက် အဓိကအဆောက်အအုံများဖြစ်သည့် ကပစ (၅/၆/၉/၁၄/၁၆) စက်ရုံများကို AA နှင့် ပူးပေါင်းတပ်များက စနစ်တကျ တိုက်ခိုက်နိုင်ပါက၊ စစ်ကောင်စီ၏ စစ်ရေးစွမ်းရည်များ သိသာစွာ ထိခိုက်လာနိုင်ကြောင်း၊ ထိုစက်ရုံများသည် စစ်ကောင်စီ၏ ပင်မအသက်သွေးကြောများဖြစ်ပြီး၊ ၎င်းတို့ထိခိုက်ပါက နိုင်ငံအနှံ့ တိုက်ပွဲများတွင် စစ်ကောင်စီ၏ စွမ်းရည်များ ပြိုလဲသွားနိုင်ကြောင်း MDSI မှ ထောက်ပြအသိပေးထားပါတယ်။
ကပစ(၆) စက်ရုံသည် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ညောင်ခြေထောက်ကျေးရွာအနီး၊ ရခိုင်ရိုးမအစပ်တွင် တည်ရှိတဲ့ စစ်လက်နက်ထုတ်လုပ်ရေးအတွက် သံနှင့်သတ္တုများ ထုတ်လုပ်ပေးသည့် ပင်မစက်ရုံဖြစ်ပြီး AA နှင့် ပူးပေါင်းတပ်များက ထိုစက်ရုံကို ထိခိုက်စေနိုင်ပါက စစ်ကောင်စီ၏ လက်နက်ထုတ်လုပ်မှု ပြတ်တောက်ကာ တိုက်စွမ်းအား သိသာစွာ အားပျော့သွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင်၊ ကပစ(၅) နှင့် ကပစ(၁၆) စက်ရုံများသည် ခဲယမ်းကျည်နှင့် ဗုံးလက်နက်များအတွက် ယမ်းထုတ်လုပ်ပေးသည့် အဓိကစက်ရုံများဖြစ်ပြီး၊ ၎င်းတို့သည် ပန်းတောင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီးနှင့် ကမြိုင်လမ်းဆုံအနီး (ကပစ ၅) နှင့် မသုန်ကျေးရွာ၊ ရခိုင်ရိုးမအခြေ (ကပစ ၁၆) တွင် တည်ရှိကာ ထိုစက်ရုံများကို AA ၏ ထိုးစစ်များက ထိခိုက်စေနိုင်ပါက၊ ယမ်းထုတ်လုပ်မှု ပြတ်တောက်ပြီး စစ်ကောင်စီ၏ ခဲယမ်းနှင့် ဗုံးထောက်ပံ့မှု ပြတ်လပ်သွားနိုင်တယ်လို့ သိရပါတယ်။
ကပစ(၉) စက်ရုံသည် ခြေလျင်တပ်သုံး လက်နက်ငယ်ကျည်မျိုးစုံ ထုတ်လုပ်ပေးသည့် ပင်မစက်ရုံဖြစ်ပြီး၊ ကျောက်ဖူးရွာတွင် တည်ရှိကာ AA ၏ ထိုးစစ်မှ ၁၀ မိုင်အကွာတွင် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ထိုစက်ရုံ ထိခိုက်ပါက၊ စစ်ကောင်စီ၏ လက်နက်ငယ်ကျည်ထောက်ပံ့မှု ပြတ်တောက်ကာ နိုင်ငံအနှံ့ တိုက်ပွဲများတွင် အားနည်းသွားနိုင်တယ်လို့ သိရပါတယ်။
ထို့ပြင်၊ ကပစ(၁၄) စက်ရုံသည် မကွေးတိုင်းအစပ်၊ အမ်း-ပဒါန်းလမ်းပိုင်း၊ နတ်ရေကန်ဗျူဟာစခန်းအနီးတွင် တည်ရှိပြီး၊ လက်နက်ငယ်အစိတ်အပိုင်းများနှင့် လေကြောင်းဗုံးများအတွက် PCB ဆားကစ်ဘုတ်များ ထုတ်လုပ်ပေးကာ AA ၏ ထိုးစစ်များက ထိုစက်ရုံကို ထိခိုက်စေနိုင်ပါက၊ လေကြောင်းဗုံးထုတ်လုပ်မှု လျော့ကျကာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု စွမ်းရည် သိသာစွာ ထိခိုက်နိုင်တယ်လို့ ထောက်ပြထားပါတယ်။
AA ၏ ထိုးစစ်များသည် အောက်တိုဘာ ၁၄ ရက်တွင် ပန်းကန်ကွဲရွာနှင့် နတ်ရေကန်ဗျူဟာစခန်းအနီးထိ ရောက်ရှိလာခဲ့ပြီး၊ ကပစစက်ရုံများကို တိုက်ရိုက်ခြိမ်းခြောက်နိုင်သည့် အနေအထားသို့ ရောက်ရှိလာပါတယ်။
========================
🚩🚩 ၂။ KIA မှ စစ်ကောင်စီ ကင်းထောက်ဒရုန်း လက်နက်ငယ်ဖြင့် ပစ်ချ
အောက်တိုဘာ ၂၅
Radio NUG
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၁၁) ဒေသတွင် ပျံသန်းနေသော စစ်ကောင်စီ၏ ကင်းထောက်ဒရုန်းကြီး တစ်စင်းကို KIA စစ်သားတစ်ဦးက လက်နက်ငယ်ဖြင့် ပစ်ချ ဖျက်ဆီးနိုင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်များအရ သိရပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ် မန့်ဝိန်းကြီး ဒေသတွင် ဖြစ်ပွားခဲ့သော ထိုပစ်ချမှုကို KIA ဆေးတပ်ကြပ် စစ်သားတစ်ဦးက ဦးဆောင်ခဲ့တယ်လို့ 7 Stars News သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ထောက်လှမ်းရေး အတွက် အသုံးပြုနေသော ကင်းထောက်ဒရုန်းကို လက်နက်ငယ် (သေနတ်) ဖြင့်သာ ပစ်ချခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ လောင်းလုံးမြို့နယ်တွင် အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် ပျူစောထီးခေါင်းဆောင်ကို ဖမ်းဆီး ထိန်းသိမ်း
အောက်တိုဘာ ၂၅
Radio NUG
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် ပျူစောထီးခေါင်းဆောင် ဦးစိုးသန်းကို ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့က အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့မှ သတင်းရရှိပါတယ်။
ကျောက်နီမော်ကျေးရွာ အခြေစိုက် ပျူစောထီး ခေါင်းဆောင် ဦးစိုးသန်းကို အောက်တိုဘာ ၂၁ ရက် မနက် ၁၁ နာရီခန့်တွင် သူ၏ နေအိမ်အတွင်း ထမင်းစားနေချိန်က အလစ်အငိုက် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးချိန်တွင် ကျောက်နီမော်ကျေးရွာသည် စစ်ကောင်စီ တပ်မတော်က ဂိတ်စခန်း နှင့် နီးကပ်နေသောကြောင့် အန္တရာယ် များပြားခဲ့ပြီး အခုလို အရှင်ဖမ်းမိတာ မရှိခဲ့ဖူးဘူးလို့ သိရပါတယ်။
ဦးစိုးသန်းသည် စစ်ကောင်စီ အာဏာသိမ်း ပြီးနောက် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ တပ်မတော်က ရေကြောင်းနှင့် ကုန်းကြောင်း စိုးမိုးနိုင်ရေး အတွက် စစ်ရေး လှုပ်ရှားမှုများတွင် ထဲထဲ ဝင်ဝင် ပါဝင် ကြိုးပမ်းနေသူ တစ်ဦး ဖြစ်သည့်အပြင် ကျောက်နီမော်ကျေးရွာနှင့် အနီးနားကျေးရွာ ရှိ ပြည်သူပိုင် နေအိမ်များကို မီး ရှို့ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ဒေသခံအမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း၊ ဓားပြတိုက်ခြင်း၊ ငါးဖမ်းလှေများဆီမှ ခြိမ်း ခြောက်ငွေကြေး ကောက်ခံခြင်း စသည့် ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်ခဲ့သူတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်တွင် ဖမ်းဆီးထိန်းသိမ်းထားရသော ဦးစိုးသန်းကို သူကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် ပတ်သက်၍ စစ်ဆေးနေပြီး၊ ထိုက်သင့်သော ပြစ်ဒဏ်ချ မှတ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ရွှေဘို၊ မြိုင်နှင့် ပခုက္ကူမြို့နယ်ရှိ ကျေးရွာများကို ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာများဖြင့် ဗုံးကြဲတိုက်ခိုက်
အောက်တိုဘာ ၂၅
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ပိုင်း၊ ညောင်ပင်သာကျေးရွာရှိ စာသင်ကျောင်းတစ်ခုကို (Gyrocopter) တစ်စီးဖြင့် အောက်တိုဘာလ ၂၅ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်နှစ်ခု ပျက်စီးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
စာသင်ကျောင်းရဲ့ နှစ်ထပ်ကျောင်းဆောင်ရှေ့နဲ့ ကလေးကစားကွင်းထဲကို ဗုံးကျပြီး ပေါက်ကွဲခဲ့ကာ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ထို့အပြင် မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီက ပါရာမော်တာသုံးစီးဖြင့် အောက်တိုဘာ ၂၄ ရက် ညပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
တိုက်ခိုက်မှုကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုအပြင် ပါရာမော်တာမှ စက်သေနတ် (machine gun) များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၂ ရက်ကတည်းက ပခုက္ကူမှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းသည် မြိုင်နှင့် ပခုက္ကူအစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး၊ လက်ရှိတွင် ဝါသဝရွာရှိ ညောင်ဂျစ်ပင်ကျေးရွာတွင် တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးပစ်ခတ်သဖြင့် ဝင်းကံရွာနှင့် မဇောရွာတွင် ကလေးတစ်ဦးအပါအဝင် ၃ဦး ထိခိုက်ဒဏ်ရာရ
အောက်တိုဘာ ၂၅
Radio NUG
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်အတွင်း အတုအယောင်ရွေးကောက်ပွဲကို ကျင်းပ၍ နိုင်ငံတကာတွင် တရားဝင်မှုကို ရယူလိုသော အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက် နေ့လယ်(၁၀)နာရီ (၁၀)မိနစ်အချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇရပ်ကြီးမှ အခြေစိုက်ထားသော စစ်ကော်မရှင် (ခမရ-၅၉၈) တပ်မှ အရပ်သားပြည်သူနေထိုင်သည့် ကျေးရွာသို့ (၈၁)မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာအုပ်စု ဝင်းကံရွာဘေး၌ ကျရောက်ပေါက်ကွဲပြီး ဝင်းကံရွာနေ အမည် (ဒေါ်မက်ကီ) အသက်(၆၂)နှစ် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ မဇောကျေးရွာအုပ်စု၊ မဇောကျေးရွာအတွင်း သို့ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့တွင် ဇဝဲအခြေစိုက် အာဏာသိမ်းအကြမ်းဖက်တပ် (၅၅၆)တပ်ရင်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး (၁)ဦးအပါဝင် ပြည်သူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူနေအိမ်(၁)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ ဆောမြို့တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီး အလောင်းဖျောက်ဖျက်ခံရ
အောက်တိုဘာ ၂၅
Radio NUG
မကွေးတိုင်း၊ ဆောမြို့၊ သီရိ (ရတနာ) ရပ်ကွက်တွင် အသက် ၁၃ နှစ်အရွယ် မအေးငြိမ်းလင်းဆိုသည့် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီး အလောင်းဖျောက်ဖျက်ခံရကြောင်း ယောအလင်းတန်းမှ သတင်းဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့တွင် မအေးငြိမ်းလင်း၏ မိဘများဖြစ်သည့် ဦးဝင်းခိုင်နှင့် ဒေါ်ဌေးရီတို့၏ နေအိမ်မှ တရားခံဟု သံသယရှိသူ မောင်မင်းမင်းစိုး (အသက် ၂၁ နှစ်) က ကလေးငယ်ကို ခေါ်ယူသွားခဲ့ပြီးနောက် ကလေးငယ်မှာ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဆောမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း အခန်းတစ်ခုတွင် ပုပ်သိုးနေပြီဖြစ်သော မအေးငြိမ်းလင်း၏ အလောင်းကို ဒေသခံများ၏ သတင်းပေးမှုအရ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက သံသယရှိသူ မောင်မင်းမင်းစိုးကို လိုက်လံရှာဖွေရာ အောက်တိုဘာလ ၂၅ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ကနဦး စစ်ဆေးမှုအရ တရားခံသည် မိန်းကလေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး အလောင်းကို ဖျောက်ဖျက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ ဖော်ပြထားပါတယ်။
တရားခံ မောင်မင်းမင်းစိုးသည် ယခင်ကလည်း အလားတူ မုဒိမ်းမှုတစ်ခု ကျူးလွန်ဖူးသူဖြစ်တယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။










No comments:
Post a Comment