၂၀၂၅ အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်
📌 ၂။ အာဆီယံထိပ်သီးညီလာခံတွင် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်မရဟု မလေးရှားဝန်ကြီးချုပ် အတည်ပြု
📌 ၃။ မော်လိုက် ကလေးအကျဉ်းထောင်မှာ အရေးပေါ် ဆေးကုသခွင့်ကို လာဘ်ပေးလာဘ်ယူများဖြင့်သာ ခွင့်ပြုနေ
📌 ၄။ ရန်ကုန်မှာ လူငယ်များအား ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီး၊ မိသားစုက ငွေပေးကာ ပြန်ရွေးယူနေရ
📌 ၅။ ပြည်သူ့ပန်းတိုင်မှ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) သင်တန်း ပို့ချပေး
📌 ၆။ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်မှ ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ ခေါ်ယူနေ
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လေးကေကော်ဒေသ တလတာ တိုက်ပွဲအတွင်း စစ်ကော်မရှင် ဒုတပ်ရင်းမှူး အပါအဝင် ၁၅၀ ခန့် သေဆုံး
🚩 ၂။ ၁၈ ရက်အတွင်း နွားထိုးကြီးနှင့် မလှိုင်မြို့နယ်တို့တွင် ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါ စစ်သားအများအပြားသေဆုံး၊ ၉ဦး ဖမ်းမိကာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ
🚩 ၃။ မြင်းခြံမှာ စစ်ကော်မရှင်တပ်ဖွဲ့များ လိုက်ပါလာတဲ့ ကား (၃) စီးကို တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံး၊ လက်နက်ခဲယမ်း တချို့ သိမ်းပိုက်ရရှိ
🚩 ၄။ မတ္တရာအရှေ့ခြမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်၊ တော်လှန်ရေးတပ်များ ကျေးရွာ ၃ ရွာခန့် နောက်ဆုတ်ပေးခဲ့ရ
🚩 ၅။ အကြမ်းဖက်စစ်တပ်မှ ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် မူးမြို့နယ်အတွင်း ပြည်သူ (၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့
🚩 ၆။ ကဝမြို့နယ် ပကဖ မှ ပဲခူးခရိုင် ပကဖ စစ်ကြောင်းအား ကျည်ကာဝတ်စုံ (၂၀) မျှဝေပေးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်
အောက်တိုဘာ ၂၃
Radio NUG
အောက်တိုဘာလ ၂၃ရက်နေ့တွင် ကျင်းပလျက်ရှိသည့် (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အဓိကဆွေးနွေးဖက်မိတ်ဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ CRPH မှ သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) သည် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အား မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် IPU ညီလာခံများနှင့် အစည်းအဝေးများသို့ တက်ရောက်ခဲ့ပါတယ်။
ယခုဆုံးဖြတ်ချက်သည် အကြမ်းဖက်စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကျင်းပရန် ကြေညာထားသည့်အချိန်တွင် ဆက်လက် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သည် IPU ၏ အစည်းအဝေးများသို့ မြန်မာကိုယ်စားပြု၍ ဆက်လက်တက်ရောက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာ့အရေးဖြေရှင်းမှုတွင် နိုင်ငံတကာအသိုက်အဝန်း၏ အခန်းကဏ္ဍသည် အရေးပါလှသကဲ့သို့ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပဋိပက္ခများကို လက်တွေ့ကျပြီး ရေရှည်တည်တံ့သော ဖြေရှင်းမှုဖြင့် ပံ့ပိုးကူညီပေးရန်နှင့် စစ်မှန်သော လွတ်လပ်မှု၊ လုံခြုံမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ် တည်ဆောက်နိုင်ရေးကို ပြည်သူလူထုက ပြတ်သားခိုင်မာစွာ တောင်းဆို၊ ကြိုးပမ်းနေခြင်းကို ကမ္ဘာတစ်ဝှမ်းက သိမြင်ပြီး ထိရောက်သော အကူအညီများ ရရှိစေရန်အတွက် ပြည်သူတို့နှင့် ပြည်သူ့ဆန္ဒကို ကိုယ်စားပြုလျက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ အာဆီယံထိပ်သီးညီလာခံတွင် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်မရဟု မလေးရှားဝန်ကြီးချုပ် အတည်ပြု
အောက်တိုဘာ ၂၃
Radio NUG
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လာမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံသို့ တက်ရောက်ခွင့်မရရှိကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားဝန်ကြီးချုပ် ဒါတို့စရီ အန်ဝါအီဘရာဟင်က အတည်ပြုပြောကြားခဲ့ကြောင်း Bernamaသတင်းဌာနမှ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၆ မှ ၂၈ အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်တစ်ဦးသာ တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်နှောင်းပိုင်းမှစ၍ အာဆီယံသည် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်များကိုသာ ညီလာခံများတွင် တက်ရောက်ခွင့်ပြုခဲ့ပြီး၊ မင်းအောင်လှိုင်နှင့် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးတို့သည် အာဆီယံထိပ်သီးညီလာခံများနှင့် ဆက်စပ်အစည်းအဝေးများသို့ အနည်းဆုံး ၉ ကြိမ်ထက်မနည်း တက်ရောက်ခွင့်မရခဲ့တာ ဖြစ်ပါတယ်။
ထိုအာဆီယံထိပ်သီးညီလာခံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားဒုဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက်တို့အပါအဝင် အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်နိုင်သည့်အပြင် ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံဥက္ကဋ္ဌရာထူးကို လွှဲပြောင်းရယူမည်ဖြစ်ပြီး၊ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် တီမောလက်စ်တေနိုင်ငံသည်လည်း အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံသစ်အဖြစ် ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ မော်လိုက် ကလေးအကျဉ်းထောင်မှာ အရေးပေါ် ဆေးကုသခွင့်ကို လာဘ်ပေးလာဘ်ယူများဖြင့်သာ ခွင့်ပြုနေ
အောက်တိုဘာ ၂၃ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်ကလေးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်များက အကျဉ်းသားများရဲ့ အရေးပေါ် ဆေးကုသခွင့်ကို လာဘ်ပေးလာဘ်ယူများဖြင့်သာ ခွင့်ပြုပေးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ထားပါတယ်။
မော်လိုက် ကလေးအကျဉ်းဦးစီးဌာနဟာ အကျဉ်းသားများရဲ့ ကျန်းမာရေး စောင့်ရှောက်ကုသမှုအတွက် ဆေးဝါး လုံလောက်မှု မရှိနေတဲ့အပြင် အရေးပေါ် လူနာများအား ထောင်ပိုင်ကြီး အပါအဝင် အရာရှိ တချို့က တောင်းခံတဲ့ ငွေကြေးပမာဏ ပေးမှသာလျှင် ပြင်ပဆေးကုသခွင့် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
အရေးပေါ် ဆေးကုသခွင့် တစ်ကြိမ်လျှင် မြန်မာငွေ ၅ သိန်းမှ သိန်း ၂၀ ကြား ပေးဆောင်ရပြီး ရံဖန်ရံခါမှာ ထောင်အာဏာပိုင်များရဲ့ KTV ဖိုးကို ပေးဆောင်မှသာ ဆေးကုသခွင့်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ သိရပါတယ်။
ဆေးဝါးကုသခွင့်မရတဲ့ အခြေအနေများကြောင့် နိုင်ငံရေးအကျဉ်းသားတချို့ဟာ အာရုံကြောဆိုင်ရာ ကျန်းမာရေး ပြဿနာများ ကြုံတွေ့ရပြီး ခြေထောက်များ လှုပ်မရတော့ကာ မသန်စွမ်း ဖြစ်သွားရတဲ့အထိ အခြေအနေများကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း၊ အရေးပေါ် ဆေးကုသခွင့် မရရှိခြင်းဟာ နိုင်ငံရေး အကျဉ်းသားများအား ဖိနှိပ်ခြင်းအပြင် “အကျဉ်းသားများကို ပြုမှုရာတွင် လူ့ဂုဏ်သိက္ခာနှင့် ကိုက်ညီရမည်” ဆိုတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက သတ်မှတ်ထားတဲ့အချက်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မော်လိုက်ကလေးအကျဉ်းထောင်မှ ထောင်အာဏာပိုင်များရဲ့လုပ်ရပ်များကို PPNM အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပြီး နိုင်ငံရေး အကျဉ်းသားများရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အရေးပေါ် ဆေးကုသခွင့်အား မည်သည့်အကြောင်းနဲ့မှ ပိတ်ပင်တားဆီးခြင်းများ မရှိဘဲ ရပ်တန့်စေလိုတယ်လို့ ဆိုပါတယ်။
PPNM ရဲ့ စာရင်းတွေအရ ၂၀၂၅၊ ဇန်နဝါရီလမှ အောက်တိုဘာလ အထိ အကျဉ်းထောင် အသီးသီးမှာ ဆေးဝါး စောင့်ရှောက်မှ လုံလောက်စွာ မရရှိမှုနဲ့ အရေးပေါ် ဆေးကုသခွင့် မရရှိမှုများကြောင့် နိုင်ငံရေး အကျဉ်းသား (၂၈) ဦးထိ ကျဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ ရန်ကုန်မှာ လူငယ်များအား ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီး၊ မိသားစုက ငွေပေးကာ ပြန်ရွေးယူနေရ
အောက်တိုဘာ ၂၃ ရက်၊
Radio NUG
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ စစ်ကော်မရှင်တပ်၊ ရဲနဲ့ ပျူစောထီးများက လူငယ်များအား ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ Rangoon Scout Network ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က ဗဟန်းမြို့နယ်၊ ဗဟန်း ၃ လမ်းမှတ်တိုင်မှာ သမီးရည်းစား စုံတွဲ တတွဲကို ရဲကား ၁ စီးဖြင့် ရောက်ရှိလာတဲ့ ပျူစောထီးများက ဝင်ဆွဲကာ ကောင်လေးကို ကားပေါ်တင်ခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် ၎င်းရဲ့ အိမ်က အချိန်မှီ အဆက်အသွယ် ရခဲ့တာကြောင့် ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်ရွေးထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ တောင်ဒဂုံ စည်ပင်လမ်းမပေါ်မှာ အောက်တိုဘာ ၂၂ ရက်၊ ည ၁၀ နာရီခန့်က အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသား တဦးကို ကင်းပတ်နေတဲ့ စစ်သား၊ ပျူအဖွဲ့များက ဖမ်းဆီးသွားခဲ့ရာ မိဘများက ညတွင်းချင်း ငွေကျပ် ၁၀ သိန်းဖြင့် ပြန်ရွေးယူခဲ့ရတယ်လို့ သိရပါတယ်။
သာကေတ မြို့နယ်မှာလည်း အောက်တိုဘာလ ၁၉ ရက်နေ့မှာ အသက် ၂၁ နှစ်အရွယ် ယောက်ျားလေး တဦးကို ၉ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး အဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ပြီး ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ရှိ ရပ်ကွက် တခုကို ငွေကျပ် ၁၂၅ သိန်းဖြင့် ရောင်းစားခဲ့တယ်လို့ ဆိုပါတယ်။
ပေါ်တာဆွဲ ရောင်းစားခံခဲ့ရသူရဲ့ မိဘဆွေမျိုးများက လိုက်လံစုံစမ်းပြီး အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြန်ခေါ်ထုတ် နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
ထို့အပြင် ရန်ကုန်မြို့ထဲမှာ စစ်ကော်မရှင်တပ်က PSMS စနစ်ဖြင့် ရှောင်တခင် လိုက်စစ်ဖို့ ရှိကြောင်း အသိပေးထားပြီး CDM ဝန်ထမ်းများ နဲ့ ယခင် အမှုတစုံတရာ ငြိစွန်းဖူးသူများအနေဖြင့် သတိပြုဖို့ လိုအပ်ကြောင်း RSN က ဖော်ပြထားပါတယ်။
========================
📌📌 ၅။ ပြည်သူ့ပန်းတိုင်မှ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) သင်တန်း ပို့ချပေး
အောက်တိုဘာ ၂၃
Radio NUG
ပြည်သူ့ပန်းတိုင် အသိပညာဖြန့်ဝေမှု အစီအစဉ်များတွင် နည်းပြသင်တန်း တက်ရောက်အောင်မြင်ခဲ့ပြီး ပြန်လည်မျှဝေ သင်ကြားနိုင်သည့် CDM ဆရာ/ဆရာမ ၃ ဦးတို့က “နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေ(IHL) ဆိုင်ရာ အခြေခံသင်တန်း” ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၂ ရက်ကြာ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ သင်တန်းကို CDM စစ်သား/ရဲများ၊ အရပ်ဖက် CDM များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င်ဟောင်းများနှင့် တက်ကြွလှုပ်ရှားသူများ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းတွင် IHL ဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာများ ပို့ချခြင်း၊ ကြားကာလတရားမျှတမှုဆိုင်ရာအကြောင်း ပို့ချခြင်း၊ မေးခွန်းများဖြေကြားခြင်း၊ တဦးချင်း (သို့) အဖွဲ့လိုက် ဆွေးနွေးဖလှယ်ခြင်းတို့ကို သင်တန်းဆရာများက ဦးဆောင်၍ တက်ကြွစွာ ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ပြည်သူ့ပန်းတိုင်အနေဖြင့် စစ်ပွဲအတွင်း အရပ်သားထိခိုက်မှုများ၊ စစ်ရာဇ၀တ်မှုကျူးလွန်မှုများကို ဖော်ထုတ်ထောက်ပြခြင်း၊ မှတ်တမ်းယူခြင်း၊ အရပ်သားထိခိုက်မှုနည်းအောင် ဆောင်ရွက်ခြင်း၊ တရားမျှတမှုဖော်ဆောင်ခြင်း ဆိုင်ရာများကို ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိကာ လက်ဆင့်ကမ်း မျှဝေနိုင်စေရန်နှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲလာစေရန် ရည်ရွယ်ဆောင်ရွက်လျက် ရှိကြောင်း အသိပေးထားပါတယ်။
========================
📌📌 ၆။ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်မှ ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ ခေါ်ယူနေ
အောက်တိုဘာ ၂၃ ရက်၊
Radio NUG
ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်ရဲ့ တက္ကသိုလ် အသီးသီးက ၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် လျောက်လွှာများ ခေါ်ယူနေတယ်လို့ Kachin State Comprehensive University က ထုတ်ပြန်ထားပါတယ်။
ကျောင်းလျှောက်ထားသူများဟာ ၂၀၂၀ ခုနှစ်နဲ့ မတိုင်မီက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၊ နိုင်ငံတကာ အသိမှတ်ပြု အောင်လက်မှတ် (GED နှင့် IGCSE) ရရှိထားသူများ၊ ကချင်ပညာရေးဌာန (KED) မှ တက္ကသိုလ် ဝင်တန်း အောင်မြင်သူများ၊ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) မှာ ဘာသာရပ် အားလုံး အနိမ့်ဆုံး C grade ရရှိထားသူများ၊ တက္ကသိုလ်အသီးသီးရဲ့ ဝင်ခွင့်သတ်မှတ်ချက်များနဲ့ ကိုက်ညီသူများ ဖြစ်ရမယ်လို့ ဆိုပါတယ်။
ဖော်ပြပါ အချက်အလက်များနဲ့ ကိုက်ညီသူများဟာ School of Medical Sciences, School of Economics, School of Nursing Sciences, School of Technology, School of Agriculture နဲ့ School of Arts And Science စတဲ့ ကျောင်း ၆ ကျောင်းမှာ ဝင်ခွင့်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်၊ ကျောင်းသားရေးရာ ဌာနတွင် မနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ထုတ်ယူနိုင်ပြီး လျှောက်လွှာ တင်သွင်းရမယ့် နောက်ဆုံးရက်ကို သက်ဆိုင်ရာ ကျောင်းအသီးသီးရဲ့ ဝင်ခွင့်သတ်မှတ်ချက်များမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လေးကေကော်ဒေသ တလတာ တိုက်ပွဲအတွင်း စစ်ကော်မရှင် ဒုတပ်ရင်းမှူး အပါအဝင် ၁၅၀ ခန့် သေဆုံး
အောက်တိုဘာ ၂၃ ရက်၊
Radio NUG
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေကော် ဒေသကို စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ဗျူဟာ သုံး ဗျူဟာ၊ အင်အား ၁,၂၀၀ ကျော် အသုံးပြုပြီး စစ်ကြောင်းထိုးနေတဲ့ တလတာ ကာလအတွင်း ဒု-တပ်ရင်းမှူး တဦး အပါအဝင် ၁၅၀ ခန့် သေဆုံးခဲ့တယ်လို့ လူထုနွေဦး သတင်းဌာနက ဖော်ပြထားပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့မှ စတင်ပြီး စစ်ကော်မရှင်တပ်က ဗျူဟာ ၁ ခုကို အင်အား ၄၀၀ ခန့်နဲ့ ဗျူဟာ ၃ ခုခွဲကာ တော်ရှည်-ကျောက်ဂူ၊ လေးကေကော်နဲ့ ထီမယ်ဝါးခီး ဘက်ကနေ စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
တလတာအတွင်း တိုက်ပွဲပေါင်း ၄၅ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ဒု-တပ်ရင်းမှူး ၁ ဦး အပါအဝင် ၁၅၀ ခန့် သေဆုံးခဲ့ကာ ၂၀၀ ကျော် ဒါဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
"စစ်တပ်က အများဆုံး စစ်မှုထမ်းဥပဒေမှာ ဖမ်းဆီးခေါ်ဆောင်လာတဲ့ ပစ တွေ ၊ သူတို့ကိုတော့ များသောအားဖြင့် စစ်မြေပြင်မှာ အသေခံခိုင်းတာ တွေ့ရတယ်၊ စစ်မြေပြင်မှာ ပြေးတာတို့ ဖမ်းမိတာတို့ သေတာတို့ ကြည့်ခြင်းအားဖြင့် ပစ တွေက များတယ်၊ စစ်မှူထမ်းတွေ များတယ်"လို့ ဗိုလ်မှူးသူရစောဒါဘောက ပြောပါတယ်။
ထို့အပြင် လက်နက်နဲ့ အလင်းဝင်လာသူ ၄ ဦး ရှိခဲ့ကာ စစ်သုံ့ပန်း ၁ ဦး အရှင်ဖမ်းဆီး ရမိခဲ့ပြီး လက်နက် ၅ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်တလောမှာတော့ တော်လှန်ရေး တပ်တွေက မင်းလက်ပံနဲ့ ဖလူး ကျေးရွာဘက်မှာ စစ်တပ် စစ်ကြောင်းတွေကို ခုခံတိုက်ခိုက်နေရပြီး တိုက်ပွဲတွေအတွင်း တော်လှန်ရေး ရဲဘော်တချို့ ထိခိုက် ကျဆုံးတာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
လေးကေကော်တိုက်ပွဲ အတွင်းမှာ စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့ကာ နေအိမ် ရာနဲ့ချီ မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး ဒေသခံပြည်သူ အများအပြား ထွက်ပြေး- တိမ်းရှောင်နေရတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၂။ ၁၈ ရက်အတွင်း နွားထိုးကြီးနှင့် မလှိုင်မြို့နယ်တို့တွင် ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါ စစ်သားအများအပြားသေဆုံး၊ ၉ဦး ဖမ်းမိကာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ
အောက်တိုဘာ ၂၃
Radio NUG
စက်တင်ဘာလ ၂၅ရက်နေ့ နေ့လယ် (03:00) အချိန်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ ရန်ကင်းဘုရားမှ မြိုင်သာကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကော်မရှင် အင်အား (၂၀၀)ပါ စစ်ကြောင်းနှင့် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း ၊ မြစ်သား (ပကဖ) တခြားမဟာမိတ်တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Myingyan District Army 4 - Natogyi PDF မှ သတင်းထုတ်ပြန်ပါတယ်။
ရန်သူဘက်မှ လက်နက်ကြီးပစ်ကူသုံး၍ ထိုးစစ်ဆင်ခဲ့ရာ တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၄င်းထိတွေ့တိုက်ပွဲအတွင်း စစ်ကော်မရှင်မှ ဗိုလ်ကြီး (၁)ဦး အပါအဝင် တပ်သား (၇)ဦးနှင့်အထက် သေဆုံးခဲ့ကာ ညနေ (05:30)အချိန်ခန့်တွင် ပြီးဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုတိုက်ပွဲအတွင်း စစ်ကော်မရှင် စစ်ကြောင်းမှ စခ အလောင်း (၁)လောင်း ၊ MA-5 = (၁)လက်အား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် အောက်တိုဘာလ ၁ရက်နေ့ နေ့လယ် (02:13) အချိန်ခန့်တွင် နွားထိုးကြီးမြို့နယ် ၊ မြိုင်သာရွာအား မီးရှို့ဖျက်ဆီးပြီး နွားထိုးကြီးမြို့နယ် ၊ ဒိုင်းလည်ရွာ အနီးသို့ ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကော်မရှင် အင်အား (၂၅၀)ကျော်ပါ စစ်ကြောင်းနှင့် မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းတို့နှင့် အတူ မြစ်သား (ပကဖ) ၊ မြင်းခြံခရိုင် (Drone) တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ တိုက်ပွဲမှာ (၃)နာရီကျော် အကြာအရောက်တွင် စစ်ကော်မရှင်တပ်များသည် အထိအခိုက်များစွာဖြင့် ဖွဲ့စည်းပုံပျက်၍ စစ်ဦးလှန်သွားခဲ့တယ်လို့ သိရပါတယ်။
မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ရာ စစ်ကော်မရှင် တပ်သားများ ကစဥ့်ကလျား ထွက်ပြေးခဲ့ပြီး စစ်သား (၄) ဦး ဖမ်းဆီးရမိခဲ့ကာ ၊ စစ်သား (၁၀)ဦးနှင့်အထက် သေဆုံးခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကော်မရှင် စစ်ကြောင်းမှ ငါးကြင်းမှီး (၁)လက်၊ MA-11 (၃)လက်၊ G-3 (၂)လက်၊ MA-1 (၁)လက်၊ M79 (၁)လက်၊ MA-5(၂)လက်၊ Drone (၂)စီး၊ ကျည်မျိုးစုံ (၃၃၁၂)တောင့်၊ ၄၀မမ (၃)လုံး၊ ၆၀မမ (၇)လုံး၊ RPG (၁)ဖူး၊ drop bomb (၄)ဖာ၊ ပို့ယမ်းတောင့် (၁၁)တောင့်၊ လက်ပစ်ဗုံး(၁၂)လုံး၊ အီနာဂါ (၁)လုံး၊ ကျည်ဘောက်(၂၁)ဘောက်၊ ကတ်သီး (၁၃) ခု ၊jammer ကား (၁)စီး ၊ ကား (၃)စီး၊ တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ အောက်တိုဘာလ ၉ရက်နေ့မှ စ၍ မလှိုင်မြို့နယ် ၊ နှောကန်ရွာဘက်မှ မလှိုင်မြို့နယ် ၊ အိမ်ကြီးတောရွာ ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကော်မရှင် အင်အား (၂၀၀)ပါ စစ်ကြောင်းနှင့် မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း တို့နှင့် ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၂ရက် တိုက်ပွဲ (၄)ရက်မြောက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပြီး မလှိုင်မြို့နယ် ၊ တောင်သာမြို့နယ်တို့တွင် အမျိုးသမီး (၂၀)နှင့်အထက်အား အလိုမတူ အတင်းအဓ္ဓမပြုကျင့် သတ်ဖြတ်ခြင်း ၊ ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကို ဦးဆောင်လုပ်ကိုင်ခဲ့သော "ဗိုလ်မှူး ကျော်မင်း" အပါ စစ်သား (၂၀)ဦးနှင့်အထက် သေဆုံးပြီး (၅)ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ထိုတိုက်ပွဲအတွင်း MA -1 = ၆ လက် ၊ MA-2 = ၅လက် ၊ MA-3 =၆ လက် ၊ MA -4 = ၁လက် ၊ RPG =၁လက် ၊ ငါးကြင်းမြှီး = ၂လက် ၊ ၆၀မမ ပြောင်းတို =၃ လက် ၊ ၆၀မမ ပြောင်းရှည် = ၁လက် ၊ ငါးကြင်းမြှီးပြောင်း = ၁ခု ၊ ကျည်မျိုးစုံ = ၆၀၇၈ တောင့် ၊ ပို့ကျည် =၂၅တောင့် ၊ ၄၀ မမ =၁၅ လုံး ၊ ၆၀မမ = ၁၁ လုံး ၊ RPG = ၁၂ဖူး ၊ RPG ပို့ယမ်း = ၉တောင့် ၊ လျက်ဆားပုလင်း = ၁၁လုံး ၊ လက်ပစ်ဗုံး = ၄လုံး ၊ M9 = ၂လုံး Drone =၂စီး ၊ Drone Shooter =၂ခု ၊ ကျောပိုး Jammer =၁ခု ၊ Jammer အကြီး =၁ခု ၊ ကား =၃စီး ၊ Drone ဗုံးသီး = ၂ဖာ ၊ ကျည်ဘောက်အစုံ =၅၆ဘောက် တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။
ထို့အတူ အောက်တိုဘာလ ၁၂ရက်နေ့တွင် မလှိုင်မြို့နယ် ၊ အိမ်ကြီးတောရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင် အင်အား (၂၀၀)ပါ စစ်ကြောင်းနှင့် မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်သားများ အများအပြားသေဆုံးခဲ့ရာ အထိအခိုက်များသဖြင့် မလှိုင်မြို့နယ် ၊ နှောကန်ရဲစခန်းအား စစ်ကူခေါ်ခဲ့ပြီး ရောက်ရှိလာသော စစ်ကြောင်းအား မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၈)တပ်ရင်း ၊ နွားထိုးကြီး (ပကဖ) ၊ တံတားဦး (ပကဖ)တို့နှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင် တပ်သားများ အသေအဆုံးများခဲ့တယ်လို့ သိရပါတယ်။
စစ်ကူစစ်ကြောင်းထံမှ MA - 1 = (၄) လက် ၊ MA -2 = (၂) လက် ၊ MA -3 = (၄) လက် ၊ ၆၀မမ ပြောင်းတို = (၁) လက် တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၃။ မြင်းခြံမှာ စစ်ကော်မရှင်တပ်ဖွဲ့များ လိုက်ပါလာတဲ့ ကား (၃) စီးကို တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံး၊ လက်နက်ခဲယမ်း တချို့ သိမ်းပိုက်ရရှိ
အောက်တိုဘာ ၂၃ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံဘက်မှ နွားထိုးကြီး လမ်းမအတိုင်း မောင်းနှင်လာသော စစ်ကော်မရှင် တပ်ဖွဲ့ လိုက်ပါလာတဲ့ ကား (၃) စီးကို တိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၇) နဲ့ တပ်ရင်း (၈) တို့က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၂၁ ရက်၊ မနက်ပိုင်းမှာ မြင်းခြံ - နွားထိုးကြီး လမ်းအတိုင်း မောင်းလာသော စစ်ကော်မရှင်တပ်၊ ရဲ နဲ့ ပျူစောထီးများ လိုက်ပါလာတဲ့ Double Cap ကား (၃) စီးကို လျှပ်တပြက် လမ်းဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်သား ၁ ဦး မျက်မြင် သေဆုံးသွားခဲ့ပြီး ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြကာ MA1 ၁ လက်၊ MA3 ၁ လက်နဲ့ G3 ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကော်မရှင် တပ်သားများ ကျန်ရစ်ခဲ့သော ကားနဲ့ ကားပေါ်မှာ တင်ဆောင်ထားတဲ့ ဂျန်မာစက်တို့ဟာ အသုံးပြု၍ မရနိုင်တော့တာကြောင့် နေရာမှာပဲ ဖျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း (၇) (Zero ပြောက်ကျားတပ်ဖွဲ့) နဲ့ မြင်းခြံခရိုင် တပ်ရင်း (၈) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ မတ္တရာအရှေ့ခြမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်၊ တော်လှန်ရေးတပ်များ ကျေးရွာ ၃ ရွာခန့် နောက်ဆုတ်ပေးခဲ့ရ
အောက်တိုဘာ ၂၃
Radio NUG
အောက်တိုဘာ ၂၂ ရက် မနက် ၉ နာရီခန့်တွင် မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ရွာ၏ မြောက်ဘက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီက လယ်ကွင်းနှင့် ကွင်းပြင်များအထိ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
တော်လှန်ရေးတပ်များက လက်နက်ကြီး၊ စက်လက်နက်များနှင့် လက်နက်ငယ်များဖြင့် ခုခံတိုက်ခိုက်ခဲ့သော်လည်း၊ စစ်ကောင်စီ၏ အသေခံထိုးစစ်ကြောင့် တော်လှန်ရေးတပ်များမှ ကျေးရွာ ၃ ရွာခန့်ကို ဆုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က အသေခံဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ရာ တော်လှန်ရေးရဲဘော်အချို့ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး တိုက်ပွဲသည် မနက် ၉ နာရီမှ ညနေ ၃ နာရီခန့်အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကာ မိုးသည်းထန်စွာ ရွာသွန်းလာချိန်တွင် စစ်ကောင်စီက သပြေလှ၊ ကျွဲကျရွာ၊ ဆိပ်သာရွာ အရှေ့ခြမ်းတို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ညနေ ၅ နာရီခန့်တွင် လက်နက်ငယ်ပစ်ခတ်မှုများ ရပ်တန့်သွားခဲ့ပြီး၊ ကား ၅ စီးဖြင့် အင်အားထပ်မံဖြည့်တင်းကာ ဆိပ်သာရွာ၏ တောင်ဘက်တောင်ပေါ်တွင် အထိုင်ချထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ အကြမ်းဖက်စစ်တပ်မှ ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် မူးမြို့နယ်အတွင်း ပြည်သူ (၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့
အောက်တိုဘာ ၂၃
Radio NUG
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နှင့် ဆောထိမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ဒရုန်းဖြင့် ပစ်ခတ်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့ ညနေ (၂း၅၇) မိနစ်အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှ ရေလဲကျေးရွာအတွင်းသို့ ဒရုန်းဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာအတွင်း နေထိုင်သော စောကွဲနီ (၈၇)နှစ်၊ စောဖိုးထက်ကိုကို (၁၄)နှစ်နှင့် နော်ဆဲနေဖောဂေ (၂၃) နှစ်တို့ (၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ကဝမြို့နယ် ပကဖ မှ ပဲခူးခရိုင် ပကဖ စစ်ကြောင်းအား ကျည်ကာဝတ်စုံ (၂၀) မျှဝေပေးခဲ့
အောက်တိုဘာ ၂၃ ရက်၊
Radio NUG
ကဝမြိုနယ် ပကဖ မှ ပဲခူးခရိုင် ပကဖ ၊ ခရိုင်စစ်ကြောင်းအား ကျည်ကာဝတ်စုံ (၂၀) ကို မျှဝေသုံးစွဲရန် အပ်နှံပေးခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။
ခရိုင်စစ်ကြောင်းမှ ရဲဘော်များ စစ်မြေပြင်မှာ အသက်အန္တရာယ် ထိခိုက်မှုနည်းပါးစေရန် ကျည်ကာဝတ်စုံ (၂၀) နဲ့ စစ်ကြောင်း ရဲဘော်များအတွက် လေ့ကျင့်ရေး ဘောင်းဘီများကို အောက်တိုဘာ ၂၁ ရက်နေ့မှာ လှူဒါန်းမျှဝေပေးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ဒေသခံများက ကူညီထောက်ပံ့တဲ့ ပိန္နဲသီး၊ သင်္ဘောသီး၊ သစ်တိုသီးဆားရည်စိမ်၊ ဟင်းသီးဟင်းရွက်များနဲ့ ငါးပိ တို့ကိုလည်း ကဝမြို့နယ် ပကဖ တာဝန်ခံ ရဲဘော်ကျော်နိုင်နဲ့ တာဝန်ရှိသူများက ပဲခူးခရိုင် စစ်ကြောင်းမှူးထံ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။










No comments:
Post a Comment