၃၀ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

signal-2026-09-29-09-30-59-980_002.jpg
၃၀  -  ၉  - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။ကျောက်တော်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၄၉ ဦးထိရှိလာ၊ စစ်တပ် တာဝန်ရှိသူ တွေကို လက်တုံံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

၂။ထားဝယ်ရေဘေးမှာ သေဆုံးသူ ၃၂ ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူများပြားကာ အဆောက်အဦး ၂၆၀ ကျော် ပျက်စီး

၃။⁨⁨⁨အရပ်သား ၄၉ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ ကျောက်တော် လေကြောင်းတိုက်ခိုက်မှုကို APHR ရှုတ်ချ၊ အကြမ်းဖက် စစ်အုပ်စုကို အရေးယူဖို့ တောင်းဆို

၄။ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရပြီး နောက်နေ့မှာ မလေးရှားက မြန်မာနိုင်ငံသားတွေကို စစ်အုပ်စုပိုင် စစ်ရေယာဉ်တွေနဲ့ ပြန်ပို့ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨⁨⁨ကျောက်တော်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၄၉ ဦးထိရှိလာ၊ စစ်တပ် တာဝန်ရှိသူ တွေကို လက်တုံံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်
===============

ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဥ်ကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူအရေအတွက် ၄၉ ဦးထိရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူတွေအပါအဝင် ၅၈ ဦး ထိခိုက်ဒဏ်ရာရသွားတဲ့အတွက် စစ်တပ်တာဝန်ရှိသူတွေကို လက်တုန့်ပြန်သွားမယ်လို့ အာရက္ခတပ်တော် - AA က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ၂၈ ရက် နေ့လည်ပိုင်းမှာ ကျောက်တော်မြို့၊ အိန္ဒိယဈေးအနီး ပတ်ဝန်းကျင်နဲ့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတဲ့အတွက် ဈေးရောင်းဈေးဝယ် လုပ်နေသူတွေနဲ့ ကုန်တင်ကုန်ချလုပ်သားများအပါအဝင် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရ ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်တဲ့ဒဏ်ရာ ရထားသူတွေလည်း ပါဝင်တာမို့ သေဆုံးသူဦးရေထပ်တိုးလာနိုင် တယ်လို့ AA က အသိပေးပါတယ်။
စစ်တပ်ဟာ ကျောက်တော်မြို့ကို လေကြောင်းကနေဗုံးကြဲခဲ့သလို တနေ့တည်းမှာပဲ မင်းပြားမြို့နယ် စွန်ရဲရွာ နဲ့ သံတွဲမြို့ ငပလီကမ်းခြေကို လေကြောင်းကနေ ဗုံးကြဲတဲ့အတွက် အရပ်သားပြည်သူ ၉ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

AA ရဲ့ထုတ်ပြန်ချက်ထဲမှာ "စစ်ရာဇဝတ်ကောင် အကြမ်းဖက် မင်းအောင်လှိုင်နည်းတူ အကြမ်းဖက် ရဲဝင်းဦး လက်ထက်မှာလည်း စစ်ရာဇဝတ်ကောင်ရာထူးကို လက်ဆင့်ကမ်းရယူပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ဂျက်တိုက်လေယာဉ် အုပ်စုလိုက်အသုံးပြုကာ အဆိုးရွားဆုံးသော စစ်ရာဇဝတ်မှုမျိုးကို အရှိန်အဟုန်နဲ့ တိုးမြှင့်လုပ်ဆောင်နေ” တယ်လို့ ဖော်ပြထားပါတယ်။

အဆိုးရွားဆုံးသော စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို AAက ပြင်းပြင်းထန်ထန် ကန့်ကွက် ထားပြီး လူနေထူထပ်တဲ့ ဈေး၊ စာသင်ကျောင်း၊ အိုးအိမ်တိုက်တာအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လို့ အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရ တဲ့ဖြစ်စဉ်တွေမှာ တိုက်ရိုက်တာဝန်ရှိသူတွေနဲ့အဖွဲ့တွေကို ထိရောက်တဲ့လက်တုံံ့ပြန်မှုတွေ မနှေးမကြာ ပြုလုပ်သွားမယ်လို့လည်း ကြေညာထားပါတယ်။
———————————
၂။⁨ထားဝယ်ရေဘေးမှာ သေဆုံးသူ ၃၂ ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူများပြားကာ အဆောက်အဦး ၂၆၀ ကျော် ပျက်စီး
=================
m.CDM စက်တင်ဘာ ၂၉ ရက်။

တနင်္သာရီတိုင်း၊ ထားဝယ်ဒေသမှာ ရေကြီး ရေလျှံတာနဲ့ တောင်ပြိုတာတွေကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့အထိ သေဆုံးသူ ၃၂ ဦး ရှိလာနေပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် က ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံဘက်ကနေ လေဖိအားနည်းရပ်ဝန်းကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်က စတင်ကာ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူနဲ့ မြိတ် မြို့နယ်တွေမှာ ရေဘေးသင့်နေတာ ဖြစ်ပြီး၊ အဆောက်အဦးပေါင်း ၂၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီထဲမှာ လောင်းလုံးနဲ့ သရက်ချောင်း မြို့နယ်တွေက အဆိုးရွားဆုံး ခံစားနေရတာဖြစ်ပြီး၊ သရက်ချောင်းမြို့နယ် အောက်ပိုင်းက အလယ်စုကျေးရွာမှာ ဒီကနေ့အထိ ရေမကျသေးဘဲ ဘုန်းကြီးကျောင်း ခေါင်မိုးတွေအထိ ရေနစ်- မြုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈ ရက်၊ ညနေပိုင်းက စတင်ပြီး မိုးတိတ်သွားတာကြောင့် တချို့ နေရာတွေမှာ ရေပြန်ကျနေပေမယ့် မြေသားတွေ ရေစိုထိုင်းနေတာကြောင့် တောင်ပြိုနိုင်တဲ့အန္တရာယ် ရှိနေသေးသလို ရေစီးနဲ့အတူ မြောပါလာနိုင်တဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် ပစ္စည်းတွေကိုလည်း အထူးသတိထားဖို့ အသိပေးထားပါတယ်။

ဒါ့အပြင် သောက်သုံးရေ ညစ်ညမ်းနိုင်တာကြောင့် ရေကို ကျိုချက်သောက်ကြဖို့နဲ့ ရေကျသွားတဲ့ ကျေးရွာတွေက ပြည်သူတွေအနေနဲ့လည်း အန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ သေချာစစ်ဆေးပြီးမှသာ နေအိမ်တွေထဲ ပြန်လည်ဝင်ရော က် နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

လက်ရှိမှာ ကူညီကယ်ဆယ်ရေးတွေ အများကြီး လိုအပ်နေတာကြောင့် ထားဝယ်ဒေသကို လာရောက်ကူညီပေးဖို့ Democracy Movement Strike Committee - Dawei က မေတ္တာရပ်ခံထားပြီး ကယ်ဆယ်ရေးလာလုပ်ကြတဲ့ သူတွေကို တားဆီးပိတ်ပင်တာတွေ မလုပ်ဖို့လည်း စစ်ကော်မရှင်ကို တောင်းဆိုထားပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့အတွက် နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းကူညီ ကြဖို့ကိုလည်း တနင်္သာရီတိုင်း စစ်ဌာန၊ နည်းဗျူဟာ (၃၃) ကလည်း ညွှန်ကြားချက် ထုတ်ပြန်ထား ပါသေးတယ်။
—————————————
၃။အရပ်သား ၄၉ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ ကျောက်တော် လေကြောင်းတိုက်ခိုက်မှုကို APHR ရှုတ်ချ၊ အကြမ်းဖက် စစ်အုပ်စုကို အရေးယူဖို့ တောင်းဆို
===================
m.CDM စက်တင်ဘာ ၂၉ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ အရပ်သား ၄၉ ဦး သေဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး၊ တာဝန်ခံမှုရှိစေဖို့ တောင်းဆိုလိုက်ပါတယ်။

မြေပြင်မှာ နယ်မြေထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ စစ်အုပ်စုဟာ လူနေထူထပ်တဲ့ နေရာတွေကို လေကြောင်းနဲ့ ဒရု န်းတွေ အသုံးပြု တိုက်ခိုက်နေတာဖြစ်ပြီး သူတို့ရဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ရမယ်လို့ APHR ဥက္ကဋ္ဌ အင်ဒိုနီးရှား လွှတ်တော်အမတ် မာစီ ခရစ္စတီ ဘာရန်စ် (Mercy Chriesty Barends) က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တုန်းကလည်း ကျောက်တော် စာသင်ကျောင်းနဲ့ မြောက်ဦး ဆေးရုံ ဗုံးကြဲခံရမှု ဖြစ်စဉ်တွေမှာ ပြည်သူ ၅၀ ကျော် သေဆုံးခဲ့သလို၊ အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တစ်နှစ်တည်း မှာတင် အရပ်သား ၉၈၂ ဦးထိ သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း အကြမ်းဖက် စစ်ခေါင်းဆောင်ဟာ နိုင်ငံတကာ အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းနေပြီး၊ လာမယ့် နိုဝင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမယ့် ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး မှာ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ဆက်ပိတ်ထားဖို့နဲ့ ပုံမှန်ဆက်ဆံရေးတွေကို ငြင်းဆိုဖို့ APHR က တောင်းဆိုထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အနေနဲ့လည်း စစ်အုပ်စုက မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ ကြိုးပမ်းနေတာတွေကို ပယ်- ချပေးဖို့နဲ့ နိုင်ငံတကာ အစိုးရတွေအနေလည်း အကြမ်းဖက် စစ်တပ်ထံကို လက်နက်နဲ့ လေယာဉ်ဆီ ပေးပို့နေတာ တွေကို ချက်ချင်း ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

တစ်ဆက်တည်းမှာပဲ ICJ နဲ့ ICC လို နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပူးပေါင်းထောက်ခံပေ းဖို့ တိုက်တွန်းထားသလို လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒေသတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ အတာ းအစီးမရှိ ရောက်ရှိစေရေး ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ကျောက်တော် ဗုံးကြဲခံရမှုအတွင်း သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေ နဲ့အတူ ထပ်တူဝမ်းနည်းရပြီး စစ်အုပ်စုရဲ့ အကြမ်းဖက် အုပ်ချုပ်မှုတွေကို တွန်းလှန်နေတဲ့ မြန်မာပြည်သူတွေ နဲ့အတူ မယိမ်းမယိုင် ဆက်လက် ရပ်တည်သွ ားမယ်လို့လည်း APHR ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
----------------------
၄။ကန့်ဘလူ နဲ့ ကျိုက်ထိုမှာ အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၅ ဦး သေဆုံး၊မုံရွာ-မန္တလေး လမ်းပိုင်းမှာ မိုင်းကွဲပြီး ခရီးသည် ၁ ဦး သေဆုံး၊
===================
m.CDM စက်တင်ဘာ ၂၉ ရက်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး အပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပြီး၊ ရော့ကတ်တွေနဲ့ပါ ပစ်ခတ်သွား တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၂ နှစ် နဲ့ ၄ နှစ်အရွယ် ကလေးငယ် ၂ ဦး နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီး ၂ ဦး ပါဝင်ပြီး၊ ဒဏ်ရာပြင်းထန်သူတွေ အပါအဝင် ထိခိုက်ဒဏ်ရာ ရသူတွေလည်း များခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း ကသာ၊ ကောလင်း၊ အင်းတော်၊ ဝန်းသို၊ ပင်လည်ဘူးနဲ့ ဟုမ္မလင်းမြို့နယ်တွေကို လေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သား ထိခိုက်သေဆုံးမှု တွေလည်း ရှိနေပါတယ်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ KNU ထိန်းချုပ်နယ်မြေ ထဲက ကျေးရွာတွေကို စစ်ကော်မရှင် တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦး ဒဏ်ရာရ ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က စစ်အုပ်စုရဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇ နဲ့ အမတ ၃၁၀ တပ်တွေ က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဇီးပြောင်း ၄ ရွာ၊ ကညင်အိုင်ရွာ အနီးက ရော်ဘာခြံထဲ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

၎င်းလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဧရာဝတီတိုင်းကနေ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ် ရာဘာခြံလုပ်သား ဦးသန်းစိုး သေဆုံးခဲ့ရပြီး ဖဒိုပလောရွာက အသက် ၅၂ နှစ်အရွယ် ဦးကရင်ကြီး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့ ကလည်း တပ်မ ၄၄ က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ကြောင့် ရှမ်းစုကျေးရွာနေ အသက် ၉ နှစ်အရွယ် မောင်ကုလား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရှိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းမကြီးပေါ်က တဲ့ မြင်းမူမြို့နယ်၊ ထီးဆောင်းရွာအကျော် တံတားအနီးမှာလည်း စက်တင်ဘာလ ၂၈ ရက်၊ နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် AD Van အမျိုးအစား ခရီးသည်တင်ကားပေါ် ပါလာတဲ့ အမျိုးသမီး (ခရီးသည်) တစ်ဦး သေဆုံးခဲ့ရပြီး၊ ယာဉ်မောင်းနဲ့ သံဃာတော် တစ်ပါးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရှိရပါတယ်။
-----------------------
၅။မြင်းခြံနဲ့ အုတ်ဖိုမှာ မိုင်းဆွဲတိုက်ခိုက် ခံရတာကြောင့် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး၊လောင်းရှည်-ကျင်ဒွေး လမ်းတစ်လျောက် တိုက်ပွဲတွေ ပြင်းထန်နေပြီး နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ခံရ
===================
m.CDM စက်တင်ဘာ ၂၉ ရက်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲကို အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ိခုက်မှုအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့၊ မြင်းခြံမြို့နယ် ပကဖနဲ့ MYINGYAN 35 တပ်ဖွဲ့တွေက ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပဲခူးတိုင်း အုတ်ဖိုမြို့နယ်၊ ခြောက်တင်ကွင်း တာဆုံမှာလည်း ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဖော့ကား တစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ Hero ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၇ ရက်၊ မနက်အစောပိုင်းမှာ အကြမ်းဖက် စစ်ကော်မရှင် လှည့်ကင်းကို ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၅၊ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး၊ စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေ တွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ထို့အပြင် မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့ကနေ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ ဘ က်ကို အင်အား ၅၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး အထိနာနေတဲ့ စစ်ကော်မရှင်တပ်ဟာ ညအချိန် မှောင်ရိပ် ခိုပြီး ဒဏ်ရာရသူတွေကို ကားတွေနဲ့ လောင်းရှည်မြို့ဘက် ပြန်သယ်ထုတ်နေရတယ်လို့ သိရပါတယ်။

အထိနာနေတဲ့ စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ၃ ရက်ဆက်တိုက် လောင်း ရှည်-ကျင်ဒွေး လမ်းတစ်လျောက်က ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲနေပြီး၊ ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆောမြို့နယ်၊ တောင်ဘိုကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်တွေဟာ (ဒီကနေ့) စက်တင်ဘာလ ၂၉ ရက်၊ မွန်းတည့်ချိန်မှာ ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ဆုံး ရှုံးခဲ့ရတယ်လို့ သိရှိရပါတယ်။
-------------------
၆။⁨⁨ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရပြီး နောက်နေ့မှာ မလေးရှားက မြန်မာနိုင်ငံသားတွေကို စစ်အုပ်စုပိုင် စစ်ရေယာဉ်တွေနဲ့ ပြန်ပို့
=====================
m.CDM၊ စက်တင်ဘာ ၂၉
ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာကြောင့် အရပ်သား ၄၉ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်အပြီး နောက်တရက် ဒီနေ့ စက်တင်ဘာ ၂၉ မှာ မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားတွေကို မြန်မာစစ်တပ်ပိုင် စစ်ရေယာဉ်တွေနဲ့ နေရပ်ပြန်ပို့မှုတွေ စတင်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR က ထုတ်ပြန်လာပါတယ်။
မလေးရှားနိုင်ငံ ပီရတ်ပြည်နယ် လမ်မတ်မြို့မှာ ဒီနေ့မနက်ပိုင်းက မြန်မာနိုင်ငံသား ၁,၅၀၀ ခန့်ကို ရဲတပ်ဖွဲ့ရဲ့ စောင့်ကြပ်မှုတွေနဲ့ ဘတ်စ်ကားတွေပေါ် တင်ပြီး မြန်မာစစ်တပ်ပိုင် စစ်ရေယာဉ် ၂ စင်း၊ ဆေးရုံသင်္ဘော တစင်းနဲ့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ APHR က ဆိုပါတယ်။
ဒီအဖွဲ့ဟာ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား တသောင်းကျော်ထဲကဖြစ်ပြီး မလေးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံက ပြန်လက်ခံဖို့ သဘော တူထားတဲ့ လူဦးရေ ၅,၀၀၀ ထဲက ပထမဆုံးပြန်လည်ပို့ဆောင်ခံရတဲ့အဖွဲ့လို့ သိရပါတယ်။

APHR ပူးတွဲဥက္ကဋ္ဌနဲ့ မလေးရှားနိုင်ငံ Klang မဲဆန္ဒနယ်လွှတ်တော်အမတ်ဟောင်း Charles Santiago က “ထိန်းသိမ်းရေးစခန်းမှာ ရှိနေတဲ့သူတယောက်အတွက် လွတ်လွတ်လပ်လပ် ရွေးချယ်ဆုံးဖြတ်နိုင်တယ် ဆိုတာ မရှိပါဘူး။ မရေမရာနဲ့ အချိန်အကန့်အသတ်မရှိ ထိန်းသိမ်းခံနေရတာက တဖက်၊ ပြန်သွားရတာက တဖက်ဆိုရင် မိမိဆန္ဒအလျောက်ပြန်တာလို့ ခေါ်လို့မရပါဘူး။ အဲဒါဟာ ဖိအားပေးပြီး ပြန်ခိုင်းတာနဲ့ အတူတူ ပါပဲ” လို့ ပြောပါတယ်။
အခု နေရပ်ပြန်ပို့မှုဟာ ကျောက်တော်မြို့က လူစည်ကားရာဈေးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ပြီး အရပ်သားပြည်သူ အနည်းဆုံး ၄၉ ဦးသေဆုံးကာ ၆၀ ဦး ဒဏ်ရာရခဲ့ပြီး တရက်အကြာမှာ စတင်လာတာြဖစ်ပါတယ်။
နေရပ်ပြန်ပို့ခံရမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ အတင်းအကျပ် စစ်သားစုဆောင်း မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ APHR က ထောက်ပြထားပြီး စစ်သားစုဆောင်းမှုအနေနဲ့ လူပေါင်း တသိန်း၂သောင်း အထိ စစ်မှုထမ်းစေဖို့ စုဆောင်းခံထားရတယ်လို့လည်း ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ကလည်း မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကြောင့် လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိတဲ့ ရေရှည်တည်တံ့သော နေရပ်ပြန်ရေးအခြေအနေ မရှိသေးဘူးလို့ပြောထားသလို ဒီလူတွေကို နေရပ်ပြန်ပို့ရေးအစီအစဉ်မှာ ပါဝင်ဖို့ လည်း UNHCR က ငြင်းဆိုထားပါတယ်။
—————————————
၇။ဥရောပကိုသွားမယ့် အာဆီယံကိုယ်စားလှယ်များရဲ့ လေ့လာရေးခရီးစဉ်မှာ မြန်မာစစ်အုပ်စုကိုယ်စားလှယ် တွေ လိုက်ပါခွင့်မရဘဲ ဖယ်ထုတ်ခံရ
====================
m.CDM၊ စက်တင်ဘာ ၂၉

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာလုပ်မယ့် အာဆီယံကိုယ်စားလှယ် များ၏ ကာဗွန်ဈေးနှုန်းသတ်မှတ်ရေး လေ့လာရေးခရီးစဉ်မှာ မြန်မာစစ်အုပ်စုကိုယ်စားလှယ်တွေကို လိုက်ပါ ခွင့်မပေးဖို့ ဥရောပသမဂ္ဂ EU က ဆုံးဖြတ်ထားတယ်လို့ Defend Myanmar Democracy အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အရပ်ဘက်အဖွဲ့အစည်းပေါင်း တရာကျော်ရဲ့ ကန့်ကွက်တောင်းဆိုမှုတွေကြောင့် အာဆီယံကိုယ်စားလှယ်များ အတွက် စီစဉ်ထားတဲ့ ကာဗွန်ဈေးနှုန်းသတ်မှတ်ရေး လေ့လာရေးခရီးစဉ်မှာ မြန်မာစစ်အုပ်စုကိုယ်စားလှယ် တွေကို ချန်ထားခဲ့ဖို့ EU က ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
EU အနေနဲ့ ဩဂုတ်လ ၁၂ ရက်ကကျင်းပခဲ့တဲ့ 8th ASEAN-EU High-Level Dialogue on Environment and Climate Change ဆွေးနွေးပွဲမှာ အာဆီယံကိုယ်စားလှယ်များအတွက် ကာဗွန်ဈေးနှုန်းသတ်မှတ်ရေးဆိုင်ရာ လေ့လာရေးခရီးစဉ်တခု စီစဉ်ပေးသွားမယ်လို့ ကြေညာခဲ့တာရှိပါတယ်။
အဲဒီကြေညာချက်ထွက်ပေါ်လာချိန်မှာ စစ်အုပ်စုကိုယ်စားလှယ်တွေ လေ့လာရေးခရီးစဉ်မှာ ပါဝင်ခွင့်မရစေဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၂၃ ဖွဲ့ကိုယ်စား Defend Myanmar Democracy အဖွဲ့က စက်တင်ဘာ ၉ ရက်မှာ EU ထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီတောင်းဆိုချက်ကို EU ရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်က လက်ခံခဲ့ပြီး စက်တင်ဘာ ၂၁ ရက်နေ့မှာ အကြောင်းပြန်ခဲ့တယ်လို့ Defend Myanmar Democracy အဖွဲ့က ပြောပါတယ်။
အကြောင်းပြန်စာထဲမှာ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်း ရုန်းကန်နေတာတွေကို ဥရောပသမဂ္ဂအနေနဲ့ အားပေးထောက်ခံနေကြောင်း ထည့်သွင်းဖော်ပြထားတယ်လို့ လည်း အသိပေးပါတယ်။
အာဆီယံရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေးတွေနဲ့ လေ့လာရေးအစီအစဉ်တွေကတဆင့် နိုင်ငံတ ကာမှာ တရားဝင်အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေတဲ့ မြန်မာစစ်အုပ်စုကို အခုလို တားဆီးနိုင်ခဲ့တာဟာ ကြီးမားတဲ့အောင်မြင်မှုရလဒ်မဟုတ်ပေမယ့် နှစ်လအတွင်း ဒုတိယအကြိမ်မြောက် တားဆီးနိုင်ခဲ့တယ်လို့ Defend Myanmar Democracy က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း မြန်မာစစ်အုပ်စုက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားတဲ့ ၃၇ ကြိမ်မြောက် အာဆီယံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို မြန်မာနိုင်ငံမှာ ကျင်းပခွင့်မပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၂၃ ဖွဲ့ကိုယ်စား Defend Myanmar Democracy က အာဆီယံ၊ ဂျပန်နဲ့ EU တို့ထံ တောင်းဆိုခဲ့တာကြောင့် အဲဒီအစည်းအဝေးကို လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ပြောင်းလဲလက်ခံပြီး အွန်လိုင်းအစည်းအဝေးပုံစံနဲ့ ကျင်းပခဲ့ပါတယ်။⁩

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူ‌လေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။


--
Send email to - editors@moemaka.net to contact and contribute with us!

MoeMaKa on the Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives


https://www.paypal.com/donate?hosted_button_id=CTZLJSNKYX28Q     

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible.  This organization has been in operation for more than 20 years.  EIN - 26-1387654

Share:

No comments:

Post a Comment