၁ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

signal-2026-09-30-09-18-45-729_003.jpg
၁  -  ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။CDM တပ်ကြပ်ကြီး အပါအဝင် ၅ ဦး ကျဆုံးခဲ့ရတဲ့ ဗုံးကြဲခံရမှုဟာ ဖမ်းဆီးခံ ရဲဘော်တွေရဲ့ ထွက်ဆိုချက်ကြောင့် ဟု အထူးတိုင်းစစ်ဌာန ထုတ်ပြန်

၂။PRF နဲ့ပတ်သက်လို့ စစ်တပ်ထုတ်ပြန်ချက်ဟာ ပြည်သူလူထု ယုံကြည်မှုပျက်ပြားစေဖို့နဲ့ တော်လှန်ရေး ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ကြံစည်ခြင်းသာဖြစ်တယ်လို့ PRF ထုတ်ပြန်

၃။ရေဘေးသင့်နေတဲ့ ထားဝယ်ဒေသကို စစ်အုပ်စု စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်းကနေပါ ဗုံးကြဲ၊လုံခြုံရေးကြောင့် ကယ်ဆယ်ရေးသွားလုပ်ဖို့ ခက်ခဲတယ်လို့ စစ်တပ်ခန့် ဝန်ကြီးချုပ်ဆို

၄။ ကျောက်တော်မြို့က အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ဗြိတိန်အစိုးရ ပြင်းပြင်းထန်ထန် ရှုတ်ချ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨CDM တပ်ကြပ်ကြီး အပါအဝင် ၅ ဦး ကျဆုံးခဲ့ရတဲ့ ဗုံးကြဲခံရမှုဟာ ဖမ်းဆီးခံ ရဲဘော်တွေရဲ့ ထွက်ဆိုချက်ကြောင့် ဟု အထူးတိုင်းစစ်ဌာန ထုတ်ပြန်
====================
m.CDM စက်တင်ဘာ ၃၀ ရက်။

CDM တပ်ကြပ်ကြီး နေဝင်းအောင် အပါအဝင် ရဲဘော် ၅ ဦး ကျဆုံးခဲ့ရတဲ့ အထူးတိုင်းစစ်ဌာန ဆက်သွယ်ရေးစ- ခန်း ဗုံးကြဲခံရမှု ဖြစ်စဉ်ဟာ ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော်တွေရဲ့ စစ်ကြောရေး ထွက်ဆိုချက်တွေကြောင့် ဖြစ်တယ် လို့ အထူးတိုင်းစစ်ဌာန က ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်၊ မနက် ၁၁ နာရီခန့်မှာ နေပြည်တော် လေတပ်စခန်းကနေ တက်လာတဲ့ MIG-29 Jet Fighter နှစ်စီးဖြင့် အထူးတိုင်းစစ်ဌာန ဆက်သွယ်ရေးစခန်း နေရာကို ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဗုံးသီး ၂ လုံး ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း CDM တပ်ကြပ်ကြီး ဆရာကြီးနေဝင်းအောင်နဲ့ တိုင်းစစ်ဌာနလုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦး၊ ဆက်သွယ်ရေး ရဲဘော် ၂ ဦး၊ စုစုပေါင်း ၅ ဦး ကျဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရသူ ၃ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို နေရာတိတိကျကျ ဗုံးကြဲခံရတာဟာ ရန်သူ (စစ်ကော်မရှင်တပ်) ထံမှာ ဖမ်းဆီးခံထားရတဲ့ ရဲဘော်တွေကို အဓမ္မ စစ်ကြောမေးမြန်ရာမှ ရရှိသွားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး လေကြောင်း တိုက်ခိုက်ခဲ့တာလို့ စုံစမ်းသိရှိရကြောင်း ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေ အချင်းချင်းသွေးကွဲအောင် စစ်အုပ်စုဘက်က မဟုတ်မမှန် ဝါဒဖြန့် နေတဲ့အတွက် ပြည်သူတွေ အဖြစ်မှန်ကို သိရှိရအောင် ရှင်းလင်းချက် ထုတ်ပြန်ရတာလို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံသူတွေက အခု ဗုံးကြဲခံရမှု ဖြစ်စဉ်ဟာ CDM လုပ်ထားသူတွေရဲ့ အတွင်းသတင်းပေးမှုကြောင့် အတိအကျ တိုက်ခိုက်နိုင်ခဲ့တာလို့ အွန်လိုင်းပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြတာလည်း ဖြစ်ပါတယ်။

ယခု လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးသွားခဲ့ရတဲ့ CDM တပ်ကြပ်ကြီး နေဝင်းအောင် ဟာ ပုသိမ်လေတပ် ရေဒါဌာကနေ ၂၀၂၁ ခုနှစ်ကတည်းက CDM လုပ်ထားသူဖြစ်ပြီး တော်လှန်ရေးတပ်တွေအတွက် လေကြောင်းရန် ကာကွယ်ရေး ပညာတွေကို သင်ကြားပေးနေသူ ဖြစ်တယ်လို့ သိရှိရပါတယ်။
--------------------
၂။⁨⁨PRF နဲ့ပတ်သက်လို့ စစ်တပ်ထုတ်ပြန်ချက်ဟာ ပြည်သူလူထု ယုံကြည်မှုပျက်ပြားစေဖို့နဲ့ တော်လှန်ရေး ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ကြံစည်ခြင်းသာဖြစ်တယ်လို့ PRF ထုတ်ပြန်
==================
m.CDM၊ စက်တင်ဘာ ၃၀

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF နဲ့ပတ်သက်လို့ စစ်တပ်ထုတ်ပြန်ချက်ဟာ ပြည်သူလူထု ယုံကြည်မှု ပျက်ပြားစေဖို့နဲ့ တော်လှန်ရေး ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ကြံစည်ခြင်းသာဖြစ်တယ်လို့ PRF က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ ကာ‌ကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF အဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးခံရသူတွေရှိတယ်ဆိုတဲ့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ လိမ်လည်ထုတ်ပြန်မှုသာဖြစ်တယ်ဆိုပြီး PRF က စက်တင်ဘာ၂၉ ညပိုင်းမှာ ထုတ်ပြန်လာတာြဖစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က CRPH ၊ NUG နဲ့ PDF တွေကို ငွေကြေးထောက်ပံ့‌နေတဲ့ PRF အဖွဲ့ဝင် ၂၇၀၀ ကျော်ရဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင်ခဲ့ပြီး ၂၁ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စက်တင်ဘာ ၂၈ ရက်မှာ စစ်တပ် ဝါဒဖြန့်မီဒီယာတွေကဆင့် ထုတ်ပြန်ခဲ့တာကို တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
PRF စတင်ချိန်ကတည်းက ထောက်ပို့တော်လှန်‌ရဲဘော်တွေရဲ့ အမည်၊ လိပ်စာ၊ ဓာတ်ပုံ စတဲ့ ကိုယ်ရေးအချက် တွေကို ကောက်ခံတာ၊ သိမ်းဆည်းထားတာမရှိဘဲ အဖွဲ့ဝင်မှတ်ပုံတင်ဖို့ အမည်လွဲနဲ့ အီးမေးလ်အကောင့်တခု သာလိုအပ်တာကြောင့် PRF စနစ်ကနေ ဘယ်သူဆိုတာဖော်ထုတ်ဖို့ မဖြစ်နိုင်ဘူးလို့ PRF က ရှင်းပြထားပါ တယ်။
ဒါကြောင့် စစ်တပ်က ထောက်ပို့အဖွဲ့ဝင် ၂၇၀၀ ကျော်ရဲ့ အချက်အလက်တွေရရှိထားတယ်ဆိုတာဟာ အခြေ အမြစ်မရှိဘူးလို့ PRF က တုန့်ပြန်ထားပါတယ်။
စစ်ကောင်စီကဖော်ပြထားတဲ့ ဖမ်းဆီးမှုတွေဟာ အရင်လတွေမှာ Wave Money Agent တဦးရဲ့ စာရင်းတွေနဲ့ အခြားကိစ္စတွေကို အကြောင်းပြုပြီး ဖမ်းဆီးခံရသူတွေရဲ့ ဖုန်းတွေကနေရရှိထားတဲ့ အချက်အလက်တွေကို စုစည်းပြီး PRF နဲ့ ဆက်စပ်ကာ ချဲ့ကားထုတ်ပြန်ခြင်းသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးကို ကူညီပံ့ပိုးခဲ့ကြတဲ့ ပြည်သူတွေ ဖမ်းဆီးခံရတဲ့အပေါ် PRF အနေနဲ့ ဝမ်းနည်းစာနာပြီး  တရားမျှတမှုရရှိရေး ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ PRF က ပြောထားပါတယ်။

အာဏာသိမ်းစစ်ရဲ့ရည်ရွယ်ချက်ဟာ PRF အပေါ်ပြည်သူတွေရဲ့ ယုံကြည်မှုပျက်ပြားစေဖို့နဲ့ တော်လှန်ရေးရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့သာဖြစ်တယ်လို့ PRF က သုံးသပ်ထားပြီး ဖမ်းဆီးခံထားရသူတွေ ကို ထပ်တိုးအမှုဆင်ဖို့ ကြိုးစားမှုသာြဖစ်တယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ပြည်သူတွေရဲ့ ငွေ‌ကြေးဆိုင်ရာအချက်အလက်တွေကို စစ်ကောင်စီကို ပေးအပ်ခဲ့တဲ့ Wave Money နဲ့ သူတို့ရဲ့ပင်မကုမ္မဏီဖြစ်တဲ့ ရိုးမဘဏ်ကို အကြမ်းဖက်မှုမှာအားပေးကူညီတဲ့ အဖွဲ့အစည်း အဖြစ် PRF က ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။
PRFအနေနဲ့ လုံခြုံရေးအစီအစဉ်တွေကို တိုးမြှင့်ဆောင်ရွက်နေပြီး ပြည်တွင်းက တော်လှန်ပြည်သူတွေအနေနဲ့ လည်း ဖုန်းနဲ့ငွေလွှဲမှတ်တမ်းတွေကို အထူးသတိပြုဖို့နဲ့ လုံခြုံရေးဂရုစိုက်ဖို့ တိုက်တွန်းထားပြီး ပြည်ပရောက် ပြည်သူများအနေဖြင့် ပြည်တွင်းမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့နေရာမှာ ပိုပြီး ပါဝင်ပံ့ပိုးကြပါဖို့ PRF က ဖိတ်ခေါ်ထားပါတယ်။⁩
————————————
၃။ကျောက်တော်မှာ အရပ်သား ၅၀ သေဆုံးရမှုအပေါ် NUG နဲ့ ချင်းပြည်သူ့တပ်မတော် ရှုတ်ချ၊ AA နဲ့ လက်တွဲကာ စစ်အုပ်စုကို အရေးယူ တိုက်ခိုက်သွားမယ်ဟု ဆို
========================
m.CDM စက်တင်ဘာ ၃၀ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ အရပ်သား ၅၀ သေဆုံးခဲ့ရတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခို က်မှုအပေါ် NUG နဲ့ ချင်းပြည်သူ့တပ်မတော်တို့က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး AA နဲ့ လက်တွဲကာ စစ်အုပ်စုကို အရှိန်မြှင့် တိုက်ခိုက်အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်၊ နေ့လယ်ပိုင်းမှာ အများပြည်သူသွားလာနေတဲ့ ကျောက်တော်မြို့က အိန္ဒိယဈေး နဲ့ ကစ္ဆပနဒီ တံတားအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် အရပ်သား ၅၀ ဦး ထပ်မနည်း သေဆုံးခဲ့ရပြီး ၆၀ နီးပါး ဒဏ်ရာရခဲ့သလို ဈေးဆိုင်ခန်းတွေ၊ ကား၊ သုံးဘီး၊ ဆိုင်ကယ် နဲ့ ထော်လာဂျီ တွေပါ မီးလောင်ပြာကျ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ သူတို့ရဲ့ ကျဆုံးခန်းကို ကာကွယ်ဖို့နဲ့ ပြည်သူတွေကို အကြောက်တရားသွင်းဖို့အတွက် အခုလို အရပ်ဘက်ပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ ရက်စက်စွာ ဗုံးကြဲနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အမိန့်ပေးသူတွေနဲ့ ပါဝင်ပတ်သက်သူ အားလုံးကို တိတိကျကျ မှတ်တမ်းတင်ထားပြီး အာရက္ခတပ်တော် (AA) အပါအဝင် မဟာမိတ်တွေနဲ့ လက်တွဲကာ တရားမျှတမှု ရှိအောင် အရေးယူသွားမယ်လို့ NUG က အသိပေးထားပါတယ်။

ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CUP/CPA) ကလည်း သေဆုံးကြရခဲ့သူတွေအတွက် ထပ်တူ ဝမ်းနည်းရပြီး၊ သွေးချင်းမဟာမိတ် အာရက္ခတပ်တော် နဲ့အတူ စစ်အုပ်စုကို အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်သွားမယ် လို့ ထုတ်ပြန် ကြေညာထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂအနေနဲ့လည်း အကြမ်းဖက် စစ်ကော်မရှင်တပ်ကို လေယာဉ်ဆီ နဲ့ လက်နက်ခဲယမ်း တင်ပို့နေတာတွေကို ဖြတ်တောက်ပေးဖို့အပြင် နိုင်ငံပိုင်ဘဏ်တွေကိုပါ ထိရောက်စွာ ပိတ်ဆို့ အရေးယူပေးဖို့ ကိုလည်း NUG က အထူးတိုက်တွန်း တောင်းဆိုထားပါတယ်။
-----------------------
၄။⁨ဖားကန့် ဆယ်ဇင်းဒေသက စစ်တပ်လက်အောက်ခံ SNA တပ်စခန်း ၂ ခုကို KIA နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်
====================
m.CDM၊ စက်တင်ဘာ ၃၀

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ ဆယ်ဇင်းဒေသ တောင်ယာကုန်းရွာမှာရှိတဲ့ SNA စခန်း ၂ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အခုလို KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်တဲ့အတွက် SNA ၊ ရှမ်းနီပြည်သူ့စစ်တွေနဲ့ တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးသတင်းတွေကိုစောင့်ကြည့်နေသူတွေက ခန့်မှန်းထားပါတယ်။
ဆယ်ဇင်းဒေသက SNA စခန်း ၂ခု သိမ်းပိုက်နိုင်မှုမှာ လက်နက်ခဲယမ်းအချို့ သိမ်းပိုက်ရရှိခဲ့ပေမယ့် စခန်းသိမ်း တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် NPDF အဖွဲ့ဝင်တဦး မိုင်းနင်းမိပြီး ခြေတဖက် စွန့်လွတ်ခဲ့ရတယ် လို့ ဒေသသတင်းရင်းမြစ်တယောက်က အသိပေးပါတယ်။
စစ်တပ်လက်အောက်ခံ SNAနဲ့ ရှမ်းနီပြည်သူ့စစ်တွေဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ် စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ဗန်းမောက်မြို့နယ်တွေ အပါအဝင် ကချင်-စစ်ကိုင်းအစပ်ဒေသတွေမှာရှိနေပြီး စစ်ကောင်စီနဲ့ပူးပေါင်းကာ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်က ဗန်းမော်၊ ရွှေကူ၊ မိုးညှင်းအင်းတော်ကြီးဒေသနဲ့ ရှမ်းမြောက်ဒေသက မိုးမိတ်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်တိုကြား အခု စက်တင်ဘာလအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်စခန်းအချို့ကို KIA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက် နိုင်ခဲ့တာရှိတယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
———————————
၅။ရေဘေးသင့်နေတဲ့ ထားဝယ်ဒေသကို စစ်အုပ်စု စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်းကနေပါ ဗုံးကြဲ၊လုံခြုံရေးကြောင့် ကယ်ဆယ်ရေးသွားလုပ်ဖို့ ခက်ခဲတယ်လို့ စစ်တပ်ခန့် ဝန်ကြီးချုပ်ဆို
===================
m.CDM စက်တင်ဘာ ၃၀ ရက်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ရေဘေးနဲ့ မြေပြိုတဲ့ဒဏ်တွေကို ပြည်သူတွေ အနေနဲ့ အဆိုးရွားဆုံး ခံစားနေ ရချိန်မှာ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ ညနေ ၃ နာရီခန့်မှာ ပကာရီ ကျေးရွာအုပ်စု၊ ရေဝိုင်းရွာ ပတ်ဝန်းကျင်ကို တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ တိုက်လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူထိခိုက်မှု မရှိခဲ့ပေမယ့် ထပ်မံ ဗုံးကြဲခံရမှာကို စိုးရိမ်ပြီး ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြ ရတယ်လို့ သိရှိရပါတယ်။

အလားတူ လောင်းလုံးမြို့နယ် ဘက်မှာလည်း ရေဘေးကယ်ဆယ်ရေး ဝါဒဖြန့် ဓာတ်ပုံရိုက်မယ့် အထက်အရာရှိ တွေကို လုံခြုံရေးယူပေးဖို့ဆိုပြီး စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ရေဘေးသင့်ပြည်သူတွေ ရွာလုံးကျွတ် ထပ်မံ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင် တပ်အင်အား (၁၀၀) ခန့်ဟာ စက်တင်ဘာလ ၂၈ ရက်နေ့က ရေဖြူမြို့နယ်၊ ကျောက်ဆင်ရွာ ထဲကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သလို စက်တင်ဘာ ၂၉ ရက်နေ့မှာလည်း သစ်တိုထောင့်ရွာကို ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ထို့အပြင် ထားဝယ်မြို့ပေါ်က ကြက်စားပြင် ရပ်ကွက်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က လူငယ် ၁ ဦးကို စစ်ကော်မရှင် တပ်ဖွဲတွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

အခုလို စစ်ကြောင်းတွေ ထိုးနေပေမယ့် စစ်ကော်မရှင်ခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဖြစ်သူ ဇော်နိုင်ဦး ကတော့ လုံခြုံရေးအရ သွားလာရခက်တာကြောင့် အရေးပေါ်ကယ်ဆယ်ရေး မလုပ်နိုင်ခဲ့တာလို့ အကြောင်းပြခဲ့ပါတယ်။

စက်တင်ဘာလ ၂၈ ရက်၊ မနက်ပိုင်းမှာ ထားဝယ်မြို့ပေါ်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ အစည်း အဝေးအတွင်းမှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်က ကယ်ဆယ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အခုလိုပြောဆို ခဲ့တာ ဖြစ်ပါတယ်။

သောက်သုံးရေ၊ အစားအစာ နဲ့ ဆေးဝါးများကို ချိတ်ဆက် ပံပိုးပေးနေသလို မြေပြိုမှုများကို ကူညီနိုင်ရန်အတွက် စက်ယန္တယားများ ပံပိုးပေးသွားဖို့လည်း စီစဉ်နေတယ်လို့ ၎င်းက ပြောဆိုခဲ့ပါသေးတယ်။

လက်ရှိ ရေဘေးနဲ့ မြေပြိုမှုတွေကြောင့် ထားဝယ်ဒေသ တစ်ခုလုံးမှာ သေဆုံးသူ ၃၂ ဦးကို အတည်ပြုထားနိုင်ပြီး၊ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်သလို အဆောက်အအုံ ၃၀၀ ဝန်းကျင်နဲ့ ငါးဖမ်းလှေ ၅၀ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

အခုလို အကူအညီတွေလိုအပ်နေချိန်မှာ စစ်ကော်မရှင်က မြေပြင်ရော လေကြောင်းကပါ ဒုက္ခပေးနေတာကြောင့် NUG နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ၊ လူမှုကူညီရေးအဖွဲ့အစည်းတွေကပဲ မြေပြင်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ရေပြန်ကျသွားပေမယ့် တောင်ပြိုနိုင်တဲ့ အန္တရာယ်နဲ့ ရေစီးထဲ မျောပါလာနိုင်တဲ့ မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်တွေ ရှိနေသေးတာကြောင့် နေအိမ်တွေဆီ အလျင်စလို ပြန်မသွားကြဖို့ကိုလည်း သတိပေး နှိုးဆော်ထာ းပါတယ်။
-------------------------
၆။ဖာပွန်မှာ စစ်ကော်မရှင် ဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ပေါင်းတည်မှာ စစ်ကော်မရှင် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရ
====================
m.CDM စက်တင်ဘာ ၃၀ ရက်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့ အခြေစိုက် အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ ဗျူဟာကုန်း စခန်းကို လက်နက်ကြီး ၄၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Federal Revolution Force - FRF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က KNDO၊ KNLA နဲ့ FRF လက်နက်ကြီးထုတ်လုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ၆၀ မမ လက်နက်ကြီး ၄၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိတွေနေတဲ့ အဆောက်အုံတွေနဲ့ ဘားတိုက်တွေကို တိတိကျကျ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ ဘက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ် ဘက်က ၇ ဦး သေဆုံးကာ လက်နက်ခဲယမ်း တချို့ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၁) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ တပ်အင်အား ၅၀ ခန့် အထိုင်ချထားတဲ့ အဆိုပါ ဂိတ်စခန်းကို သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ၁ ဦး သေဆုံးကာ ၅ ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ စစ်ကော်မရှင်တပ်သား အလောင်းကိုတော့ သက်ဆိုင်ရာတပ်ကိုပြန်မပို့ဘဲ ထိုနေ့ည ၈ နာရီခန့်မှာ အနီးနားမှာ မြှုပ်နှံလိုက်တယ်လို့ သိရှိရပါတယ်။
---------------------
၇။ကျိုက်ထိုမှာ စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ၊ကန်ပက်လက် မြို့နယ်မှာ စစ်ကော်မရှင် စစ်ကြောင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီး၊
====================
m.CDM စက်တင်ဘာ ၃၀ ရက်။

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ KNU ထိန်းချုပ်နယ်မြေထဲက ကျေးရွာတွေကို အကြမ်းဖက် စစ်တပ် က လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြုက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ  တကွီးပူ(ငှက်ပျောတော) ကျေးရွာအုပ်စု၊ ဇီးကုန်းရွာအနီးနဲ့ ဆောသုခီး(ကျောက်ဖျာ) ကျေးရွာအုပ်စု၊ ကော်ကပ်ရွာ တို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာတွေအပြင် လက်နက်ကြီး တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် နေအိမ်၊ ဈေးဆိုင်နဲ့ ကားတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့မှာလည်း လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သလို အမတ (၃၁၀) တပ်ရင်းနဲ့ တပ်မ (၄၄) ကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွှေကျင်မြို့ကနေ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ဒေါ်မအယ်သီခိုင် (၅၈ နှစ်) လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပြီး၊ ဦးဝေယံ နဲ့ မစန္ဒာမြင့်မွန် တို့ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရှိရပါတယ်။

ထို့အပြင် ချင်းပြည်နယ်၊ ကန်ပက်လက် မြို့နယ်က ချင်းပြည်သူ့အစည်းအရုံး (CUP/CPA) ထိန်းချုပ်နယ်မြေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ကြောင်းဟာ မကွေးတိုင်း၊ လောင်းရှည်မြို့ကနေ စက်တင်ဘာလ ၂၁ ရက်နေ့ ကတည်းက အင်အား ၂၀၀ လောက်နဲ့ ထွက်လာတာဖြစ်ပြီး၊ ၉ ရက်အကြာ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကန်ပက်လက်မြို့နယ်၊ မဆာတွီရွာ ကို ရောက်လာတာလို့ ဆိုပါတယ်။

၎င်းစစ်ကြောင်းဟာ လမ်းတစ်လျောက် မကွေး-ချင်းအစပ်က ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲဖျက်ဆီး တာတွေအပြင် နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုက လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲနေတာနဲ့ မြေပြင် စစ်ကြောင်းထိုး နေတာတွေကြောင့် မဆာတွီ ရွာခံတွေ အပါအဝင် ဒေသခံ ပြည်သူတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိသေးပေမယ့် စစ်ရေးတင်းမာနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားလာ နိုင်တယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွဗက ပြောပါတယ်။
-----------------------
၈။ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှုအကြောင်း ကုလစင်မြင့်မှာ မြန်မာသံအမတ်ကြီး တင်ပြ
=====================
m.CDM၊ စက်တင်ဘာ ၃၀

ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုအကြောင်း ကုလသမဂ္ဂအဆင့်မြင့်အစည်းအဝေးမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။

စက်တင်ဘာ ၂၉ ရက်ကကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံဖျက်သိမ်း ရေးနေ့ အထိမ်းအမှတ်နဲ့ မြှင့်တင်ရေးဆိုင်ရာ ကုလသမဂ္ဂအဆင့်မြင့်အစည်းအဝေးကိုတက်ရောက်လာတဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားခဲ့ရာမှာ အခုလို တင်ပြခဲ့ တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၅၀ ထက်မနည်းသေဆုံးခဲ့ပြီး အမြောက်အများ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အပြစ်မဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ငဲ့ညှာထောက်ထားခြင်းမရှိတဲ့ စစ်အုပ်စုကို အရပ်သား ဒါမှမဟုတ် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေကို အပြုသဘောဆောင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်မယ်ဆိုတာ ဘယ်လိုမှ ယုံကြည်လို့ မရဘူးလို့လည်း သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအတွင်းက အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ နျူးကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံတို့က အမည်ခံ နျူးကလီးယား ဓာတ်အားပေးစက်ရုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတဲ့အပေါ် အလွန်စိုးရိမ်ရတယ်လို့လည်း သံအမတ်ကြီးက တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ပြန်လည်တည်ဆောက်ပြီး ဒီမိုကရေစီကို စစ်မှန်စွာ ပြန်လည်အသက်သွင်းနိုင်ပြီး စစ်တပ်က အရပ်သားအုပ်ချုပ်မှုအောက်မှာရှိတဲ့အခါမှသာ  ငြိမ်းချမ်းသော အသုံးပြုမှုအတွက်ပင်ဖြစ်စေ နျူးကလီးယားစွမ်းအင်ဆိုင်ရာ နိုင်ငံတကာအကူအညီများ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်လုပ်ဆောင်သင့်တယ်လို့ သံအမတ်ကြီးက အကြံပြုဆွေးနွေးခဲ့ပါ တယ်။
ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကယ်တင်နိုင်ဖို့ စစ်အုပ်စုလက်ထဲကို စစ်လက်နက်ခဲယမ်းများ၊ လေယာဉ်ဆီနဲ့ စစ်ဘက်၊ အရပ်ဘက်နှစ်မျိုး သုံး ပစ္စည်းများပံ့ပိုးမှုကို ဖြတ်တောက်ရပ်စဲပေးကြဖို့လည်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအစည်း အဝေးမှာ တောင်းဆိုခဲ့ပါတယ်။
———————————————
⁨ ၉။ကျောက်တော်မြို့ကို စစ်တပ်ဗုံးကြဲမှု UNHCR မဟာမင်းကြီး ပြင်းပြင်းထန်ထန်ရှုတ်ချ
======================
m.CDM၊ စက်တင်ဘာ ၃၀

အရပ်သားပြည်သူ ၅၀ ထက်မနည်းသေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ် က လေကြောင်းကနေတိုက် ခိုက်မှုအပေါ်  ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ UNHCR မဟာမင်းကြီး ဖော်လ်ကာ တာ့ခ်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ ကန့်ကွက်လိုက်ပါတယ်။
ကျောက်တော်မြို့ကဈေးတခု ဗုံးကြဲခံရမှုမှာ ကလေးငယ်‌တွေ၊အမျိုးသမီးတွေနဲ့ ဈေးရောင်းသူ၊ ဝယ်ယူသူ တွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်သားတွေ အနည်းဆုံး ၅၀ ၀န်းကျင် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့လယ်ပိုင်းကဖြစ်ခဲ့တဲ့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ရှိတဲ့ ဈေးအတွင်း အရပ်သားပြည်သူတွေ သွားလာလှုပ်ရှားနေကြတဲ့ စည်ကားချိန်မှာဖြစ်သွားခဲ့တာြဖစ်ပြီး ရခိုင် ပြည်သူတွေအပါအဝင် ရိုဟင်ဂျာ၊ ဟိန္ဒူ၊ ဒိုင်းနက် စတဲ့ လူနည်းစု အသိုင်းအဝိုင်းပေါင်းစုံ ထိခိုက်ခဲ့တယ်လို့ လည်း အသိပေးထားပါတယ်။
“ဒီတိုက်ခိုက်မှုဟာ တနိုင်ငံလုံးမှာရှိတဲ့ အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အလွန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ပေါ်လွင်စေပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပိုလို့တောင် ဆိုးရွားပါတယ်” လို့ တာ့ခ် က ပြောပါတယ်။
စက်တင်ဘာ ၂၉ ရက်ညပိုင်းအထိ မြေပြင်အချက်အလက်တွေအရ ကျောက်တော်မြို့ပေါ်ဗုံးကြဲမှုကြောင့် သေဆုံးသူ ၅၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀ နီးပါးထိ ရှိလာပြီး ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရသူ ၂၂ ဦး ရှိတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်က အရပ်သားပြည်သူတွေ လေကြောင်းကနေတိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာမှာပဲ မလေးရှားနိုင်ငံက မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်ကို ပြန်လည်ပို့ဆောင်မယ့် အစီအစဉ် စတင်အကောင်အထည် ဖော်ခဲ့တာနဲ့ပတ်သက်လို့ ဝေဖန်ထောက်ပြလိုက်တာဖြစ်ပါတယ်။
——————————————
၁၀။⁨ကျောက်တော်မြို့က အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ဗြိတိန်အစိုးရ ပြင်းပြင်းထန်ထန် ရှုတ်ချ
======================
m.CDM၊ စက်တင်ဘာ ၃၀

ရခိုင်ပြည်နယ် ကျောက်တော်မြို့က အရပ်သားပြည်သူတွေကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကို ဆိုးရွားတဲ့ တိုက်ခိုက်မှုအဖြစ် ဗြိတိန်အစိုးရက ဖော်ပြလိုက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချလိုက် ပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၈ မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတာနဲ့ပတ်သက်လို့ စက်တင်ဘာ ၂၉ ရက်စွဲနဲ့ ကြေညာချက် တစောင်ထုတ်ပြန်ပြီး ပြစ်တင်ရှုတ်ချလိုက်တာဖြစ်ပါတယ်။
"ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က ဈေးတခုအပေါ် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အတွက် အလွန်အမင်း စိုးရိမ်တုန်လှုပ်မိပါတယ်လို့ ဗြိတိန်အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိပါ။ ဗြိတိန်အစိုးရအနေနဲ့ ဒီ ဆိုးရွား လှတဲ့ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ပါ တယ်။ အရပ်သားပြည်သူအားလုံးကို အကာအကွယ်‌‌‌ပေးရန်၊ လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန် ဗြိတိန်အစိုးရက ပြတ်ပြတ်သားသား ပြောကြားထားပြီးဖြစ်ပါတယ်" လို့ ဗြိတိန်အစိုးရရဲ့ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Baroness Winterton က ပြောပါတယ်။
ကျောက်တော်မြိုပေါ်ကို ဗုံးကြဲမှုကြောင့် သေဆုံးသူ ၅၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀ နီးပါးထိရှိလာပြီဖြစ်ပြီး ဒဏ်ရာ ပြင်းထန်တာကြောင့် စိုးရိမ်ရသူ ၂၂ ဦး ရှိနေသေးတယ်လို အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။⁩

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူ‌လေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။


--
Send email to - editors@moemaka.net to contact and contribute with us!

MoeMaKa on the Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives


https://www.paypal.com/donate?hosted_button_id=CTZLJSNKYX28Q     

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible.  This organization has been in operation for more than 20 years.  EIN - 26-1387654

Share:

No comments:

Post a Comment