၂၆ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

signal-2026-09-25-07-23-49-470_002.jpg
၂၆  -  ၉  - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။စစ်တွေမှာ စစ်ကော်မရှင် တပ်စခန်းတစ်ခုကို AA ထပ်မံသိမ်းပိုက်၊ နွားထိုးကြီးမှာ ပျူစောထီး ၁ ဦး ရှင်းလင်းခံရ၊ကနီမှာ စစ်သား ၃ ဦး အလင်းဝင်၊

၂။ကောလင်းမြို့နယ်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သား ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

၃။⁨လိုင်ဇာမြို့ကို စစ်တပ်က လေယာဉ်နဲ့ ၂ရက်ဆက်ပျံဝဲ၊ တရုတ်က မီးကျည်နဲ့ ပစ်ခတ်ပြီး သတိပေးခဲ့တယ်လို့ KIA ပြော

၄။ဘောမ အနုပညာရှင်တွေ၊ သားသမီးတွေနဲ့ ခရိုနီ သားသမီးတွေကိုပါ စစ်မှုထမ်းရမယ်လို့ စစ်အုပ်စုဆို၊ပြည်ပရောက် လူငယ်တွေကိုပါ မဲနှိုက်ခိုင်းပြီး စစ်မှုထမ်း ဆင့်ခေါ်မယ်လို့ဆို စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨⁨စစ်တွေမှာ စစ်ကော်မရှင် တပ်စခန်းတစ်ခုကို AA ထပ်မံသိမ်းပိုက်၊ နွားထိုးကြီးမှာ ပျူစောထီး ၁ ဦး ရှင်းလင်းခံရ၊ကနီမှာ စစ်သား ၃ ဦး အလင်းဝင်၊
====================
m.CDM စက်တင်ဘာ ၂၅ ရက်။

ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ပုဏ္ဏားကျွန်း မြို့နယ်အစပ်က တိုက်ပွဲတွေမှာ အာရက္ခတပ်တော် (AA) က အကြမ်းဖက် စစ်ကော်မရှင်ရဲ့ တပ်စခန်း တစ်ခုကို ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

အာရက္ခတပ်တော်က တန်ပြန်ထိုးစစ်ဆင်ခဲ့ရာမှာ ဝါဘိုကျွန်းအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ တပ်စခန်း တစ်ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ထို့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း တောကန်ရွာနားမှာရှိတဲ့ ကာကင်းစခန်း တစ်ခုကို ထပ်မံသိမ်းပိုက် နိုင်ခဲ့ပြီး၊ စက်တင်ဘာလ ၄ ရက်နေ့ ကနေစတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ရဲ့ စခန်း ၉ ခု ထက်မနည်းကို AA က သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ်ဘက်က အသေအပျောက်များခဲ့သလို၊ လက်နက်ခဲယမ်း တွေနဲ့ သုံ့ပန်းအချို့ကိုလည်း AA က ဖမ်းဆီးရမိခဲ့တယ်လို့ သိရှိရပါတယ်။

ထို့အပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ တော်လှန်ရေးနယ်မြေထဲ ဝင်ရောက်လာခဲ့တဲ့ ပျူစောထီး ၃ ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ ၁ ဦး သေဆုံးခဲ့တယ်လို့ Myingyan Black Tiger -MBT တပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က ကျူးကျော်ဝင်ရောက်လာတဲ့ သီတာယုမွန် လက်အောက်ခံ ပျူစောထီး ၃ ဦးကို ပစ်ခတ်တားစီးပြီး လက်နက်ချ အညံခံဖို့ အကြိမ်ကြိမ် သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်အတွင်း ပျူစောထီးတစ်ဦးကို ပစ္စတို တစ်လက်နှင့်အတူ ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိခဲ့ပေမယ့် သွေး ထွက်လွန်ကာ သေဆုံးသွားခဲ့ပြီး၊ ကျန် ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့မှ တပ်သား ၃ ဦးဟာ စက်တင်ဘာလ ၂၂ ရက်နေ့က လက်နက်တွေ ယူဆောင်လာခဲ့ပြီး အလင်းဝင်ရောက်လာတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

အဆိုပါ အလင်းဝင် တပ်သားတွေကို တော်လှန်ရေးအဖွဲ့တွေက ကောင်းမွန်စွာ စောင့်ရှောက်ပေးထားပြီး၊ သူတို့ရဲ့ ဆန္ဒအတိုင်း သွားလိုတဲ့နေရာတွေကို ဆက်လက်ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
-------------------
၂။ဩဂုတ်လအတွင်း တိုက်ပွဲတွေမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၃၀၀ ကျော် သေဆုံးပြီး၊ စခန်း ၄ ခု သိမ်းပိုက်ခံရ
=====================
m.CDM စက်တင်ဘာ ၂၅ ရက်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း နိုင်ငံတဝန်း စစ်ရေးအခြေအနေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၅ ရက် ထုတ်ပြန်ချက်အရ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၄၄ ဦး သေဆုံး ခဲ့ပြီး၊ ၁၀၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် သေဆုံး၊ ထိခိုက်ဒဏ်ရာရနဲ့ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကော်မရှင်တပ် အရာရှိ ၁၀ ဦးထိ ရှိခဲ့ပြီး၊ စစ်တပ်စခန်း တွေကို ၁၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကော်မရှင်တပ်ဘက်က အရာရှိအဆင့် အပါအဝင် ၃၀၀ ကျော် သေဆုံးခဲ့ပြီး၊ ၄၇၀ ကျော် ဒဏ်ရာရခဲ့ကာ စစ်တပ်စခန်း ၁၀ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ MOD ရဲ့ စာရင်းတွေအရ သိရပါတယ်။
-----------------------
၃။ကောလင်းမြို့နယ်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သား ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ
======================
m.CDM၊ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အရှေ့ခြမ်းက အရပ်သားပြည်သူများနေထိုင်ရာ ကုက္ကိုလ်ကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သား ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ သွားတယ်လို့ ကောလင်းခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၄ ရက် ညနေ ၅ နာရီကျော်အချိန်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ပြီး ရော့ကက်တွေနဲ့ပါ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတာလို့ ဆိုပါတယ်။
ကောလင်းမြို့နယ် အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်ခဲ့ရာမှာ ဗုံး ၂ လုံးကြဲပြီး ရော့ကက်နဲ့ ၄ လုံး ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ရာမှာ ၂ ဦးက စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး အိမ်တွေလည်း ပျက်စီးသွားတယ်လို့ ကောလင်းခရိုင် အမှတ် ၁ တပ်ရင်း က အသိပေးပါတယ်။
တော်လှန်ရေးတပ်တွေဘက်က စစ်ရေးလှုပ်ရှားတာ မရှိသလို စစ်ရေးပစ်မှတ်တဲ့နေရာကို လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရပ်ကို ကောလင်းခရိုင် အမှတ် ၁ တပ်ရင်းက ရှုတ်ချ ထားပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို ပြန်လည်တိုက်ခိုက်သွားမယ်လို့လည်း ကောလင်းခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ကြေညာထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကောလင်းမြို့နယ်အတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာ ခဏ လုပ်လေ့ရှိတဲ့အတွက် အရပ်သားသေဆုံးမှုနဲ့ ပြည်သူပိုင်အိမ်တွေ ပျက်စီးမှုတွေရှိခဲ့တယ်လို့ စစ်ရေး သတင်း မှတ်တမ်းတွေအရ သိရပါတယ်။
------------------------
၄။⁨⁨လိုင်ဇာမြို့ကို စစ်တပ်က လေယာဉ်နဲ့ ၂ရက်ဆက်ပျံဝဲ၊ တရုတ်က မီးကျည်နဲ့ ပစ်ခတ်ပြီး သတိပေးခဲ့တယ်လို့ KIA ပြော
=====================
 m.CDM၊ စက်တင်ဘာ ၂၅

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က Y12 လေယာဉ်နဲ့ ၂ရက်ဆက်ပျံဝဲခဲ့ရာ လေယာဉ်ပျံဝဲနေချိန်မှာပံ တရုတ်အစိုးရက မီးကျည်နဲ့ ပစ်ခတ်ပြီး သတိပေးမှုတွေလုပ်ခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
စစ်တပ်က စက်တင်ဘာ ၂၃ နဲ့ ၂၄ရက်နေ့တွေမှာ Y12 လေယာဉ်နဲ့ လိုင်ဇာအပါအဝင် မြန်မာ-တရုတ်နယ်စပ် တကြောကို ပျံဝဲခဲ့တာြဖစ်ပါတယ်။
စစ်တပ်လေယာဉ် ပျံဝဲတာကြောင့် ပြည်သူတွေထိတ်လန့်ခဲ့ပြီး ကတုတ်ကျင်းတွေထဲ ပုန်းခိုခဲ့ရတဲ့ ပြည်သူတွေရှိခဲ့တာကိုလည်း KIA ဘက်က အသိပေးပါတယ်။
ဒေသစစ်ရေးသတင်းရင်းမြစ်တွေအဆိုအရ စက်တင်ဘာ ၂၃ ရက်မှာ စစ်တပ်လေယာဉ်ရောက်လာချိန်မှာ တရုတ်ဘက်ကလည်း တရုတ်ဘက်ခြမ်း နယ်စပ်တလျှောက် လေယာဉ်ပျံဝဲခဲ့တာရှိတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ကချင်ပြည်နယ်ကို ကုန်းလမ်းနဲ့ရေလမ်းတွေကနေ စစ်အင်အားနဲ့ လက်နက်ရိက္ခာ ဖြည့်တင်းဖို့ ကြိုးစားပေမယ့် စစ်ရှုံးမှုများလာလို့ တိုက်လေယာဉ်တွေကို အဓိကအားပြုပြီး မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက် နေတာလို့လည်း KIA က ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်မှာ ဗန်းမော်မြို့နယ် စင်းခန်းအနီး လေယာဉ်ဗုံးကြဲတာရှိခဲ့ပြီး ထိခိုက်မှုရှိမရှိ စုံစမ်းနေ တယ်လို့ KIA က အသိပေးပါတယ်။
ဒါ့အပြင် KIA အမှတ် ၁၁ နယ်မြေ အမှတ် ၁၂ တပ်ရင်း ရွှေကူနယ်ကို စစ်တပ်က စက်တင်ဘာ ၂၄ ရက်မှာ လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရွှေကူမြို့နယ်ကို စစ်တပ်က ဂျက်ဗိုက်တာနဲ့ ဗုံး ၄ လုံး၊ Y12 လေယာဉ်နဲ့ ဗုံး ၂၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ဖားကန့်မြို့နယ် တပ်မဟာ ၉ နယ်မြေမှာလည်း စက်တင်ဘာ ၂၄ ရက်မှာ ဂျက်ဖိုက်တာ၃ စင်းနဲ့ ဗုံး ၆ လုံး၊ Y12 နဲ့ ဗုံး ၂၁ လုံး ကြဲချခဲ့တယ်လို့သိရပြီး အဲဒီတိုက်ခိုက်မှုမှာတော့ ပြည်သူများနဲ့ ပြည်သူ့နေအိမ်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ KIO/KIA သတင်းပြန်ကြားရေးဌာနက အသိပေးပါတယ်။
စစ်တပ်ဟာ ကချင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်တာတွေ စစ်ရေးလှုပ်ရှားတာတွေ ဆက်တိုက်ပြုလုပ် နေတဲ့အတွက် KIO ဗဟို အုပ်ချုပ်ရေးရုံးကလည်း စစ်တပ်ရဲ့ လေကြောင်းရန်ကို အထူးသတိပြုကြဖို့ စက်တင်ဘာ ၂၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး လူစုလူဝေး မလုပ်ဖို့၊ အရေးကြီးကိစ္စမရှိဘဲ ခရီးဝေးမသွားဖို့၊ လေကြောင်းသတင်းတွေ အချင်းချင်းသတိပေးဖို့၊ နေအိမ်တိုင်း ကတုတ်ကျင်းတူးထားဖို့ တိုက်တွန်းထား ပါတယ်။
————————————
၅။ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ ပအိုဝ်းပြည်သူတွေကို PNFC တိုက်တွန်း၊လူမှုတော်လှန်ပြောင်းလဲရေးကိုပါ ပူးတွဲဆင်နွှဲရန် တိုက်တွန်း
==================
m.CDM စက်တင်ဘာ ၂၅ ရက်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တော်လှန်ရေး အောင်မြင်ပြည့်စုံစေရန်၊ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့အတူ လူမှုတော်လှန်ပြောင်းလဲရေး (Social Revolution) ကိုပါ ပူးတွဲဆင်နွှဲကြဖို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က တိုက်တွန်းလိုက်ပါတယ်။

ဒီတိုက်တွန်းချက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ (၅၁) နှစ်မြောက် ပအိုဝ်းအာဇာနည်နေ့ အထိမ်းအမှတ် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ရာမှာ ထည့်သွင်းပြောဆိုထားတာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်ကစပြီး ယခုအချိန်အထိ ပအိုဝ်းပြည်သူတွေဟာ အကြမ်းဖက် စစ်အုပ်စုနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေရဲ့ ဖိနှိပ်မှုတွေကို ခံနေရဆဲဖြစ်သလို တရားဥပဒေစိုးမိုးမှုမရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေက ပုံမှန်လို ဖြစ်နေတယ်လို့ ဆိုထားပါတယ်။

ဥပမာအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်က ကျောက်တလုံးကြီးမြို့နယ်ခွဲမှာ လေဖြတ်နေတဲ့ ၇၂ နှစ်အရွယ် အဘိုးအို တစ်ဦးကို ရွာသားတွေက တောထဲကို ၃ ကြိမ်တိုင်တိုင် မောင်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ပင်လောင်းမြို့နယ်၊ တောင်လေးကျေးရွာမှာ အသက် ၂၀ အရွယ် အမျိုးသမီးငယ် တစ်ဦးဟာ ချစ်သူနဲ့ တွေ့ဆုံမှုခဲ့ကြောင့် အိမ်ဖျက်ဆီးခံရပြီး ရိုက်နှက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ထို့အပြင် စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ပင်းလောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲမှာ ခွန်ကျော်ထွန်း ဆိုသူ ကို မူးယစ်ဆေးသုံးစွဲတယ်လို့ စွပ်စွဲပြီး PNO အဖွဲ့က အကြိမ်ကြိမ် ရိုက်နှက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်တွေဟာ ပအိုဝ်းအာဇာနည်တွေရဲ့ အသက်စွန့် ကြိုးပမ်းမှုတွေနဲ့ ပအိုဝ်းတစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင် ရှေးရိုးစွဲ ပဒေသရာဇ်စနစ် ပြန်ခေါင်းထောင်လာတာ ဖြစ်တယ်လို့ PNFC က ဆိုပါတယ်။

ပဒေသရာဇ်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ပေမယ့် ဒီမိုကရေစီစနစ်ကို အစားထိုး တည်ဆောက်နိုင်ခဲ့ခြင်း မရှိတဲ့အ -ပြင် လူ့အခွင့်အရေး အခြေခံအသိအမြင်များကိုပါ လုံလောက်စွာ ပြုစုပျိုးထောင်နိုင်ခြင်း မရှိခဲ့ဘူးလို့ PNFC က သုံးသပ်ထားပါတယ်။

စစ်အာဏာရှင်စနစ် တည်ရှိနေသ၍ အလားတူ အခြေအနေများကို ဆက်လက် ခံစားနိုင်ရကြောင်း သတိပေးထား ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဆင်နွှဲနေကြတဲ့ တော်လှန်ရေးမှာ ပအိုဝ်းပြည်သူတွေ အနေနဲ့ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြဖို့ကိုလည်း တိုက်တွန်း နှိုးဆော်ထားပါတယ်။
---------------------------
၆။⁨⁨⁨အကြမ်းဖက်စစ်အုပ်စုက သူတို့လက်အောက်ခံ စာသင်ကျောင်းတွေနဲ့ ချိတ်ဆက်ဖို့ မြှူဆွယ်နေတာတွေကို နားမယောင်ကြဖို့ ချင်းပြည်အစိုးရအဖွဲ့ ပညာရေးဝန်ကြီးဌာန သတိပေး
========================
m.CDM၊ စက်တင်ဘာ ၂၅

အကြမ်းဖက်စစ်အုပ်စုက သူတို့လက်အောက်ခံ စာသင်ကျောင်းတွေနဲ့ချိတ်ဆက်ဖို့ မြှူဆွယ်နေတာတွေကို နားမယောင်ကြဖို့ ချင်းပြည်အစိုးရအဖွဲ့ ပညာရေးဝန်ကြီးဌာန ပြည်သူလူထုကို သတိပေးနှိုးဆော်လိုက်ပါ တယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုကြား တရားဝင်မှုရရှိနိုင်စေဖို့ နည်းလမ်မျိုးစုံနဲ့ ကြိုးစားတဲ့နေရာမှာ  တော်လှန်ရေးနယ်မြေမှာရှိနေတဲ့ စာသင်ကျောင်းတွေကို အဓိကထား မြှူဆွယ်ပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတာနဲ့ ပတ်သက်လို့ ချင်းပြည်အစိုးရအဖွဲ့ ပညာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်စွဲနဲ့ ကြေညာချက်တစောင်ထုတ်ပြန်ပြီး ပြည်သူလူထုကို တိုက်တွန်းနှိုးဆော်လိုက်တာဖြစ်ပါတယ်။
 ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်မှာရှိတဲ့ စာသင်ကျောင်းတွေကို CDMer ဆရာ၊ မများတွေနဲ့ ပြည်သူလူထုပူးပေါင်းပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေရှိနေတဲ့ကြားက ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ယနေ့အချိန်အထိ စာသင်ကျောင်းတွေ ဆက်ဖွင့်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူပေါင်းများစွာကို ပညာသင် ကြားပေးနေတယ်လို့လည်း အသိပေးပါတယ်။
အခုလို ကျောင်းတွေဖွင့်နိုင်အောင် အနစ်နာခံပေးဆပ်ခဲ့သူများ၊ ဆရာ၊ဆရာမများနဲ့ မိဘပြည်သူတွေကိုလည်း ချင်းပြည် ပညာရေးဝန်ကြီးဌာနက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုမှတ်တမ်းတင်ထားပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုကြား တရားဝင်မှုရရှိနိုင်ရေး နည်းမျိုးစုံနဲ့ ကြိုးစားနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းက ပြည်သူလူထုကို လိမ်လည်လှည့်ဖြားတာ၊ ခြိမ်းခြောက်တာ၊ မြှူဆွယ်တာတွေကို အာဏာရူးတို့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေတာကို မြင်နေရတယ်လို့  ချင်းပြည်အစိုးရအဖွဲ့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။
အထူးသဖြင့် မိမိတို့စာသင်ကျောင်းတွေကို အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ စာသင်ကျောင်းတွေနဲ့ ချိတ်ဆက်ဖို့ အဓိကထား မြှူဆွယ်တာနဲ့ ခြိမ်းခြောက်တာတွေလုပ်နေတာ။ ဒါကိုပြည်သူလူထုအနေနဲ့  နားမယောင်မိစေဖို့နဲ့ တော်လှန်ပြည်သူပီပီ ပြတ်ပြတ်သားသား ပြန်လည်တုန့်ပြန်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်လို့ ချင်းပြည်အစိုးရအဖွဲ့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။
————————————
⁨၇။ကြားကာလဖက်ဒရယ်ဆေးဝါးကောင်စီ IFPC ဖွဲ့စည်းပြီးကြောင်း ကြေညာ
====================
m.CDM၊ စက်တင်ဘာ ၂၅

ကြားကာလဖက်ဒရယ်ဆေးဝါးကောင်စီ IFPC ကို ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ FHPC ရဲ့ အတည်ပြုချက်နဲ့ ဖွဲ့စည်းခဲ့တယ်လို့ IFPC က စက်တင်ဘာ ၂၅ မှာ တရားဝင်ကြေညာလာပါတယ်။
လွတ်လပ်ပြီး တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်လာစေဖို့ ကြိုးစားနေတဲ့ ကြားကာလမှာ အမှန်တရားဘက်က ရပ်တည်နေတဲ့ ဆေးဝါးပညာရှင်တွေအနေနဲ့ ကျင့်ဝတ်စည်းကမ်းတွေနဲ့ အညီ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့နဲ့ ကြားကားလဖက်ဒရယ်ယူနစ်အသီးသီးရဲ့ ကျန်းမာရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်နိုင်စေဖိုရည်ရွယ်ပြီး အခုနှစ် သြဂုတ်လ ၇ ရက်နေ့မှာ ကြားကာလ ဖက်ဒရယ်ဆေးဝါးကောင်စီ IFPC ကို ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
ကြားကာလဖက်ဒရယ်ဆေးဝါးကောင်စီဟာ ဆေးဝါးပညာရှင်တွေအတွက် ပထမဦးဆုံး ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဆေးဝါးကောင်စီဖြစ်တာနဲ့အညီ ဆေးဝါးကဏ္ဍ အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆေးဝါး ပညာရှင်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ဖို့လည်း ရည်မှန်းထားတယ်လို့ IFPC က အသိပေးပါတယ်။
ကြားကာလဖက်ဒရယ်ဆေးဝါးကောင်စီမှာ ဆေးဝါးပညာရပ်ဆိုင်ရာနယ်ပယ်အသီးသီးကို ကိုယ်စားပြုတဲ့ ဆေးဝါးပညာရှင်တွေပါဝင်ပြီး ဥက္ကဌ၊ဒုဥက္ကဌ၊ အတွင်းရေးမှူး၊တွဲဖက်အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူးနဲ့ အလုပ် အမှုဆောင်ကော်မတီဝင်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
ကြားကာလဖက်ဒရယ်ဆေးဝါးကောင်စီအနေနဲ့ ဘေးကင်းပြီး အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ နိုင်ငံသားတိုင်းကို ပေးအပ်မှာြဖစ်ပြီး၊ ကြားကာလနဲ့ အသွင်ကူးပြောင်းရေးကာလမှာ ဆေးဝါးပညာရှင်တွေကို ဥပဒေတွေနဲ့ အကာအကွယ်ပေးနိုင်ရေးနဲ့  ဆေးဝါးပညာရပ်ဆိုင်ရာနယ်ပယ် အသီးသီးက ဆေးဝါးပညာရှင်တွေရဲ့ အရည်အချင်း၊ကျွမ်းကျင်မှုနဲ့ ကျင့်ဝတ်တွေစံနှုန်းတွေကို ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် အဆင့်အတန်းမြှင့်တင်သွားမယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ဆေးဝါးပညာရှင်တွေကို ဆေးဝါးလိုင်စင်ထုတ်ပေးတာ၊ ဖက်ဒရယ်ကျန်းမာ‌ရေးပညာရှင်များ ကောင်စီ- FHPC နဲ့ပူးပေါင်းပြီး ဆေးဝါးပညာရှင်တွေအတွက် Good Standing Certificate- GSC လက်မှတ် ထုတ်ပေးတာ၊ ဆေးဝါးပညာရှင်ကိုယ်စားလှယ်တွေ တိုးချဲ့တာ၊ဆေးဝါးပညာရှင်များဆိုင်ရာ မူဝါဒနဲ့ဥပဒေတွေ ပြင်ဆင်ညှိနှိုင်းရေးဆွဲတာ၊ ပြည်သူလူထုကို ကျင့်ဝတ်သိက္ခာနဲ့အညီ ကျန်းမာရေးစောင့် ရှောက်မှုတွေ ပေးနိုင်ဖို့လည်း ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။⁩
————————————
၈။⁨နွေဦးတော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်ရပ်တည်သွားမယ်လို့ သံဃသမဂ္ဂ (မန္တလေး) ကြေညာ
======================
m.CDM၊ စက်တင်ဘာ ၂၅

နွေဦးတော်လှန်‌ရေး အောင်မြင်တဲ့အထိ ဆက်လက်ရပ်တည်သွားမယ်လို့ ရွှေဝါရောင်တော်လှန်ရေး ၁၉ နှစ် ပြည့်အဖြစ် သံဃသမဂ္ဂ-မန္တလေး က စက်တင်ဘာ ၂၅ မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခုနှစ် စက်တင်ဘာ ၂၅ ရက်ဟာ  ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့်တဲ့ အချိန်အခါသမယဖြစ်ပြီး သံဃသမဂ္ဂ - မန္တ‌လေးအနေနဲ့ ၂၀၀၇ ခုနှစ်က သံဃာတော်တွေနဲ့  ပြည်သူလူထုတို့ရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်နဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အလေးအနက် အောက်မေ့ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။
အဲဒီနေ့ရက်တွေဟာ မတရားမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ခဲ့တဲ့ မြန်မာသမိုင်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဏ ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။
ယနေ့ နွေဦးတော်လှန်ရေးမှာ  ၅ နှစ်ကျော်ကြာ ဆက်လက်ရှင်သန်နေပြီး  အကြမ်းဖက်စစ်အုပ်စုက အတု အယောင်ရွေးကောက်ပွဲနဲ့ တရားဝင်မှုရယူဖို့ ကြိုးပမ်းနေပေမယ့် ပြည်သူ့ဆန္ဒကို လုံးဝဆန့်ကျင်နေတယ်လို့ လည်း အသိပေးထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားတွေအပေါ်  ရက်စက်မှုတွေ ဆက်လုပ်‌ နေဆဲလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး တော်လှန်ရေးအင်အားစုအားလုံးရဲ့ ညီညွတ်ရေးဟာ နွေဦး တော်လှန်ရေးအောင်မြင်ဖို့ အဓိကသော့ချက်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါကြောင့် သံဃာတော်တွေ၊ ပြည်သူလူထု၊ ကျောင်းသားလူငယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းတွေနဲ့ အခြားတော်လှန်ရေး အင်အားစုတွေအားလုံး တစိတ်တဝမ်းတည်း ပူးပေါင်းဆောင်ရွက်မှသာ စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းနိုင်မယ်လို့ ယုံကြည်ကြောင်း သံဃသမဂ္ဂ - မန္တလေးက ထုတ်ပြန်‌ ကြေညာထားပါတယ်။⁩
————————————
၉။အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ မုံရွာမှာ ရွှေဆိုင်ဓါးပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ ဆက်တိုက် ဖြစ်ပွားနေ၊
===================
m.CDM စက်တင်ဘာ ၂၅ ရက်။

အကြမ်းဖက် စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တွေမှာ ရွှေဆိုင် ဓါးပြတိုက်ခံရတာနဲ့ မိသားစုလိုက် ပြန်ပေးဆွဲခံရတာတွေ ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်မှာ ကျောက်မဲမြို့ ရိုးမဘဏ်နားမှာရှိတဲ့ “ရတီမှန် ရွှေဆိုင်”ကို အမျိုးသား နှစ်ဦးက ဓားပြဝင်တိုက်ပြီး ရွှေ၊ ငွေနဲ့ ဖုန်းတွေကို လုယက် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်ကလည်း ကျောက်မဲမြို့မဈေးထဲက “ရွှေမိုးရတနာ ရွှေဆိုင်” ဓားပြတိုက်ခံခဲ့ရကာ လူနှစ်ဦး သေနတ်မှန် ဒဏ်ရာရခဲ့ပြီး တရားခံအစစ် မိ၊ မမိ မသေချာသေးချိန်မှာ ထပ်မံ ဓါးပြတိုက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အလားတူ မုံရွာမြို့မှာလည်း စက်တင်ဘာလ ၂၃ ရက် ညပိုင်းက ကွေ့ကြီးရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ခြံမြေပွဲစား ကိုမျိုးမင်းသန့် ရဲ့ နေအိမ်ကို လူတစ်စု ဝင်ရောက်လာခဲ့ပြီး၊ သူအပါအဝင် ဇနီးနဲ့ သမီးနှစ်ဦးကို ဖမ်းဆီး ပြန်ပေးဆွဲ သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း မုံရွာမြို့မှာပဲ မြေပွဲစားဦးမောင်ဦး ဆိုသူကို အိမ်ဝင်းလိုက်ပြဖို့ဆိုပြီး ခေါ်ထုတ်သွားကာ ဓါးနဲ့ ခုတ်သတ်ခဲ့ပြီး၊ အတူပါလာသူကို ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်ရှိခဲ့တာကြောင့် တပတ်အတွင်း အိမ်ခြံမြေပွဲစား ပြန်ပေးဆွဲခံရမှု နှစ်မှုအထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ပြန်ပေးဆွဲ၊ ငွေညှစ်၊ ဓားပြတိုက်တာတွေ မကြာခဏ ဖြစ်နေပေမယ့် အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ဖမ်းဆီးအရေးယူတာမျိုးမရှိဘဲ လူငယ်တွေကိုပေါ်တာဆွဲဖို့သာ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေကဝေဖန်ပြောဆို နေကြပါတယ်။
------------------------
၁၀။ဘောမ အနုပညာရှင်တွေ၊ သားသမီးတွေနဲ့ ခရိုနီ သားသမီးတွေကိုပါ စစ်မှုထမ်းရမယ်လို့ စစ်အုပ်စုဆို၊ပြည်ပရောက် လူငယ်တွေကိုပါ မဲနှိုက်ခိုင်းပြီး စစ်မှုထမ်း ဆင့်ခေါ်မယ်လို့ဆို
===================
m.CDM စက်တင်ဘာ ၂၅ ရက်။

စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ အတုအယောင်လွှတ်တော်အစည်းအဝေးမှာ အနုပညာရှင် တွေနဲ့ နာမည်ကြီး ခရိုနီ သားသမီးတွေလည်း စစ်မှုထမ်းရမယ်လို့ စစ်အုပ်စုရဲ့ ကာကွယ်ရေး ဒု-ဝန်ကြီးက ပြောဆို လိုက်ပါတယ်။

အနုပညာရှင်တွေနဲ့ နာမည်ကြီးတွေရဲ့ သား၊သမီးတွေကို စစ်မှုထမ်းခေါ်ဖို့ ရှိ၊မရှိ မေးမြန်းခဲ့တဲ့အပေါ်  “ကျနော်တို့ အနေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ကင်းလွတ်ခွင့်ရရှိသူ မဟုတ်ရင် မည်သူကိုမဆို ဥပဒေအရ စစ်မှုထမ်း ခေါ် ဆိုသွားမှာ ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ် အောင်မျိုးသန့် က ပြန်လည် ဖြေဆိုခဲ့တာပါ။

ထို့အပြင် မြန်မာနိုင်ငံမှာ ၂၀၂၄ သန်းခေါင်စာရင်းအရ စစ်မှုထမ်းခေါ်ယူဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားဦးရေ ၆.၂ သန်းကျော် ရှိနေတယ်လို့လည်း ၎င်းက ပြောဆိုခဲ့ပါသေးတယ်။

ဒါပေမယ့် မြေပြင်မှာတော့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲ ဖမ်းဆီးပြီး၊ စစ်မှုထမ်းဖို့ လူစားထိုး ရောင်းစားကြတဲ့ ဖြစ်စဉ်တွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာပါ။

“စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာ ဖြစ်တယ်”လို့ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ “ကိုယ့်တိုင်းပြည်အတွက် အသက်စွန့်သင့် တယ်”လို့ သရုပ်ဆောင် နေအောင် တို့လို ဝါရင့် အနုပညာရှင် တွေက မကြာသေးခင်ကပဲ လူသိရှင်ကြား ဝါဒဖြန့် ပြောဆိုခဲ့ကြတာပါ။

လူငယ်တွေကို စစ်မှုထမ်းဖို့ တိုက်တွန်းခဲ့တဲ့ ဒါရိုက်တာ ပန်းချီစိုးမိုးဟာ သူ့ရဲ့ စစ်မှုထမ်း အကျုံးဝင်တဲ့ မြေးဖြစ်သူ ကိုတော့ ပြည်ပမှာ ပညာသင်ဖို့ စေလွှတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိမြေပြင်မှာ သာမန်မိသားစုက လူငယ်တွေကိုပဲ ဖမ်းဆီးပြီး စစ်မှုထမ်း ပို့ဆောင်နေပေမယ့် အုပ်ချုပ်ရေးမှူး တွေ၊ လုပ်ငန်းရှင်တွေနဲ့ အနုပညာရှင်တွေရဲ့ သား၊ သမီးတွေကတော့ ကင်းလွတ်ခွင့် ရနေတယ်လို့ ပြည်သူတွေက ထောက်ပြထားပါတယ်။
တော်လှန်အနုပညာရှင် ဒါရိုက်တာ သည်ခေတ်နေ ကတော့ အခုလို ရွေးတု-လွှတ်တော်မှာ မေးခွန်းထုတ်လာတာ ဟာ စစ်မှုထမ်းဥပဒေကို ထောက်ခံဝါဒဖြန့်ပေးခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ သားသမီးတွေလည်း မလွတ်တော့ဘူး ဆိုတဲ့ သတိပေး ခေါင်းလောင်းသံ ဖြစ်တယ်လို့ BBC သတင်းဌာနမှာ ဖြေဆိုထားပါတယ်။
ထို့အပြင် ပြည်ပကို ရောက်နေတဲ့ အသက်  ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ လူငယ် အမျိုးသားတွေကို စစ်မှုထမ်း မဲနှိုက်မယ့်စာရင်းထဲ ထည့်သွင်းသွားဖို့ စစ်အုပ်စုက ညွန်ကြားလာကြောင်း စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဝင်တစ်ဦး ဆီက သိရပါတယ်။
လာမယ့် မဲနှိုက်ပွဲတွေမှာ ပြည်ပရောက် လူငယ်တွေရဲ့ နာမည်တွေကိုပါ ထည့်သွင်းသွားမှာဖြစ်ပြီး သူတို့ကိုယ်စား မိဘ၊ ဆွေမျိုးတွေက မဲလာနှိုက်ပေးရမယ်လို့ ဆိုပါတယ်။

အကယ်၍ မဲပေါက်သွားပါက ပြည်ပကနေ မဖြစ်မနေပြန်လာပြီး စစ်မှုထမ်းရမှာ ဖြစ်သလို၊ မပြန်လာရင် ဖြစ်စေ၊ ဆွေမျိုးတွေက မဲလာမနှိုက်ရင်ဖြစ်စေ ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက် စစ်တပ်ဟာ အသက်မပြည့်သူတွေနဲ့ အကျုံးမဝင်သူတွေကိုပါ အတင်းအဓမ္မ ဖမ်းဆီးပြီး၊ စစ်သားစုဆောင်းနေတာကြောင့် လူငယ်အများအပြား ပြည်ပကို တိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။


ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူ‌လေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။


--
Send email to - editors@moemaka.net to contact and contribute with us!

MoeMaKa on the Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives


https://www.paypal.com/donate?hosted_button_id=CTZLJSNKYX28Q     

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible.  This organization has been in operation for more than 20 years.  EIN - 26-1387654

Share:

No comments:

Post a Comment