၃၀ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

၃၀ -  ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားသို့ NUG ယာယီသမ္မတနဲ့ ကာကွယ်ရေးဝန်ကြီးတက်ရောက်အားပေး

၂။⁨ဟားခါးမှာ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ၊ ၁၀ ဦးထပ်မနည်း သေဆုံး၊မင်းတပ် မြို့ပေါ်ကိုလည်း ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲ၊ နေအိမ် ၈ လုံး ပျက်စီး၊

၃။တလုပ်မြို့က တိုက်ပွဲမှာ စစ်ကော်မရှင်တပ်က ၁၅ ဦး သေဆုံး၊ ပုလဲမြို့မှာ စစ်ကော်မရှင်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်

၄။⁨⁨⁨⁨မြန်မာစစ်အုပ်စုရဲ့ လော်ဘီ ငှားရမ်းမှုကို ဥပဒေနဲ့ ပိတ်ပင်ဖို့ အမေရိကန် လွတ်တော်အမတ်ဟောင်းနဲ့ ဘာသာရေး ခေါင်းဆောင်တွေ တိုက်တွန်း စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားသို့ NUG ယာယီသမ္မတနဲ့ ကာကွယ်ရေးဝန်ကြီးတက်ရောက်အားပေး
===================
m.CDM၊ အောက်တိုဘာ ၂၉

ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်မနက်ပိုင်းက ကျင်းပခဲ့ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါးလရှီးလနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ တက်ရောက်အားပေးခဲ့ပါတယ်။  
ဒီအခမ်းအနားကို အပိုင်း ၂ ခုခွဲပြီး ကျင်းပခဲ့တာဖြစ်ပြီး ပထမပိုင်းအစီအစဥ်မှာတော့ မြေပြင်မှာရှိတဲ့ ကယန်း ဒေသ ၂ ခုမှာ ကယန်းအမျိုးသားအလံတော်နဲ့ ကယန်းအမျိုးသား တပ်မတော်အလံကို အလေးပြုတာ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကိုတိုက်ပွဲ၀င်ရင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ ကယန်း အမျိုးသားတပ်မတော်က ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်း ၁၂ ဦးကို အလေးပြုဂုဏ်ပြုတာတွေ လုပ်ခဲ့ တယ်လို့ ကယန်းအမျိုးသားတပ်မတော် K.N.A က ပြောပါတယ်။
ဒုတိယပိုင်းအစီအစဥ်ကို Zoom Platform ကနေ ဆက်လက်ကျင်းပခဲ့ရာမှာ ကယန်းအမျိုးသားတပ်မတော် ဥက္ကဌ ခွန်းဗဟန်းထန်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာတဲ့ တော်လှန်ရေး မဟာမိတ်အဖွဲ့ အစည်းတွေက ခေါင်းဆောင်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါးလရှီးလ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကောင်စီဝင် ဦးနန္ဒာစစ်အောင်၊ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဦးထွန်းကျော်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်းဘီထူး၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်၊ DMO ဥက္ကဌ ခွန်းဇိုဝါးနီ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှမ်း/ကရင်နီစစ်တိုင်း ကွပ်ကဲရေးတာဝန်ခံ ဂျိုးဖြူ စတဲ့ ကိုယ်စားလှယ်တွေက အားပေးအမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
————————————
၂။ဟားခါးမှာ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ၊ ၁၀ ဦးထပ်မနည်း သေဆုံး၊မင်းတပ် မြို့ပေါ်ကိုလည်း ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲ၊ နေအိမ် ၈ လုံး ပျက်စီး၊
===================
m.CDM အောက်တိုဘာ ၂၉ ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ CDF-Hakha က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် စစ်သုံ့ပန်း တွေရှိတဲ့နေရာကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၈ ရက် ည ၈ နာရီ မိနစ် ၂၀ ကနေ ၉ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ ၅ စီးနဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုအတွင်း ပေါင် ၂၅၀ ပေါင်ဗုံးတွေနဲ့ ရော့ကတ်တွေကို အသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ CDF-Hakha က The Chinland Post သတင်းမှာ ပြောဆိုထားပါတယ်။

အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၀ ဦးထပ် မနည်း သေဆုံးခဲ့ပြီး၊ ၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်ကလည်း CDF-Hakha တပ်ရင်း (၁) နဲ့ တပ်ရင်း (၄) စခန်းတွေကို စစ်ကော်မရှင် တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် CDF ရဲဘော် ၅ ဦး ကျဆုံးခဲ့ဖူးတယ်လို့ သိရှိရပါတယ်။

ထို့အပြင် ချင်းပြည်နယ်၊ မင်းတပ် မြို့ပေါ်ကိုလည်း (အောက်တိုဘာလ ၂၉ ရက်နေ့)၊ ညနေ ၄ နာရီခန့်မှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါက်ကွဲအားပြင်း ဗုံး ၂ လုံး ကြဲချခဲ့တာဖြစ်ပြီး ပြည်သူပိုင် နေအိမ် ၈ လုံးခန့် ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ည ၆ နာရီ ၅၆ မိနစ်အချိန်မှာလည်း တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ပဲ အားပြင်းဗုံး ၂ လုံးကို ထပ်မံကြဲချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရှိရပါတယ်။
——————————
၃။သရက်ချောင်းမှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က အရပ်သား တစ်ဦးကို ပစ်ခတ်သတ်ဖြတ်၊ထားဝယ် စုံစင်ရွာမှာ စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး ဒဏ်ရာရ
===================
m.CDM အောက်တိုဘာ ၂၉ ရက်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာမှာ အရပ်သားတစ်ဦးကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် သွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က ကတွဲရွာကနေ ရငဲ နဲ့ ဝဲရစ် ရွာဘက်ကို ပြန်လည် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုက အရပ်သား တချို့ကို ဖမ်းဆီးခဲ့ပြီး၊ အသက် ၃၀ ကျော်အရွယ် ကိုဇော်ဦး ဆိုသူကို ပစ်သတ်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရေဘေးဒဏ် ခံနေရတဲ့ သရက်ချောင်း မြို့နယ်မှာ စစ်အုပ်စုရဲ့ စစ်ကြောင်းကြောင့် ကတွဲ၊ ရငဲ၊ ကမြိုင်၊ ဝဲရစ် နဲ့ သိ -မ်ကုန်း ရွာတွေက ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်ပြီး၊ လက်ရှိအချိန်ထိ နှိပ်စက်သတ်ဖြတ် ခံခဲ့ရသူ ၇ ဦးအထိ ရှိလာပြီလို့ သိရှိရပါတယ်။

ထို့အပြင် ထားဝယ်ခရိုင်၊ KNU ထိန်းချုပ်နယ်မြေ၊ ကစယ်ဒိုမြို့နယ်၊ စုံစင်ကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်း နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၂ နာရီခွဲခန့်မှာ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာ ဖြစ်ပြီး၊ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့တဲ့အပြင် နေအိမ် ၁ လုံးလည်း ပျက်ဆီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
———————————
၄။တလုပ်မြို့က တိုက်ပွဲမှာ စစ်ကော်မရှင်တပ်က ၁၅ ဦး သေဆုံး၊ ပုလဲမြို့မှာ စစ်ကော်မရှင်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်
====================
m.CDM အောက်တိုဘာ ၂၉ ရက်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့က သုံးပန်လှဘုရားအနီးမှာ စစ်ကော်မရှင် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုဘက်က ၁၅ ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ သိရ ပါတယ်။

အောက်တိုဘာလ ၂၈ ရက်၊ မနက် ၁၁ နာရီခန့်မှာ မြင်းခြံဘက်က ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းနဲ့ တလုပ်မြို့ကနေ လာကြိုတဲ့ အင်အား ၄၀ ပါ အဖွဲ့တို့ ပေါင်းစုံချိန်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

၎င်းတိုက်ပွဲအတွင်း ၁၅ ဦးထပ်မနည်း သေဆုံးခဲ့ပြီး အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ ဂျက်ဖိုက်တာ၊ Mi-35 ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေး ပူးပေါင်းတပ်တွေ ဘက်ကလည်း ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ လေကြောင်းရန်ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၉ ရက် မနက်ပိုင်းမှာလည်း အကြမ်းဖက် စစ်ကော်ရှင်တပ်က ဒရုန်းနဲ့ ထပ်မံ ဗုံးကြဲခဲ့တာကြေ ာင့် ပြည်သူပိုင် ခိုင်းနွား ၂ ကောင် ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကနေ ကျားတက်ရွာကို သွားတဲ့ လမ်းဘေးမှာ ရေစကြို ဘက်ကလာတဲ့ ခရီး သွား ၄ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး ၃ ဦးကို သတ်ဖြတ်ကာ မြေမြှပ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက ထွက်လာပြီး၊ ဆားလင်းကြီး မြို့နယ်ကရွာတွေကို လုယက်ခဲ့သလို အောက်တိုဘာလ ၂၈ ရက်နေ့မှာလည်း ပုလဲမြို့နယ် လက်တောင်းကြီးရွာကို ဝင်ရောက်ကာ ဘုန်းကြီးကျောင်းထဲက ပြည်သူပိုင် ဆိုင်ကယ် ၇ စီးကို ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။

ခိုးယူသွားတဲ့ ဆိုင်ကယ်တွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေက ပုလဲမြို့ပေါ်ကို ယူသွားပြီး တစ်စီးကို ငွေကျပ် ၃ သိန်း ၅ သောင်းနဲ့ ပြန်လည် ရွေးယူခိုင်းနေတယ်လို့ သိရှိရပါတယ်။
--------------------
၅။မြန်မာအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၇၂ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့က အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကြေညာချက်တစောင် ပူးတွဲထုတ်ပြန်
=======================
m.CDM၊ အောက်တိုဘာ ၂၉

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၇၂ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ ထုတ်ပြန်ခဲ့တဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံလည်း ပါဝင်ထောက်ခံခဲ့တယ်လို့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက အောက်တိုဘာ ၂၉ မှာ ထုတ်ပြန်ပါတယ်။
ပူးတွဲထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံပါဝင်ခဲ့တာဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ကြိုးပမ်း မှုတွေနဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ အစီအစဉ်အပေါ် မြန်မာနိုင်ငံရဲ့ မူဝါဒသဘောထား  ကိုက်ညီတာကြောင့်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ အောက်တိုဘာ ၂၇ နဲ့ ၂၈မှာ ကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ နှစ်စဉ်တံခါးဖွင့် အစည်းအဝေးမတိုင်မီ အခုလို ပူးတွဲထုတ်ပြန်ချက်ထုတ်ပြန်ခဲ့တာပါ။
ဒီထုတ်ပြန်ချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကိုလံဘီယာ၊ ဒိန်းမတ်၊ ပြင်သစ်၊ လတ်ဗီးယား၊ လိုင်ဘေးရီးယား၊ ပနားမား၊ ဗြိတိန်နဲ့ ဂရိနိုင်ငံတို့က ဦးဆောင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဂရိနိုင်ငံခြားရေးဝန်ကြီး ဂျော့ဂို့စ် ဂျီရာပက်ထရီတစ်က လုံခြုံရေးကောင်စီဆိုင်ရာ မီဒီယာအစီအစဉ်မှာ ဖတ်ကြားခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေး ငယ်တွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ဖို့၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကျားမအခြေပြုအကြမ်းဖက်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေအားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ပြီး ကျူးလွန်သူတွေကို တာဝန်ခံစေဖို့နဲ့ နိုင်ငံတကာရာဇဝတ် ခုံရုံးရဲ့ လုပ်ဆောင်ချက်တွေဟာ တာဝန်ခံမှုရှိစေရေး အရေးကြီးတယ်လို့လည်း ဖော်ပြထားပါတယ်။
———————————
၆။ဧရာဝတီမှာ AA နဲ့ PDF ၂၈ ဦး လက်နက်ချ ဘက်ပြောင်းလာတယ်လို့ စစ်ကော်မရှင် ဝါဒဖြန့်၊ဂန့်ဂေါခရိုင် စစ်ဌာနက ရှေ့တန်း ရဲဘော်တွေကို ကျပ်သိန်း ၄၀၀ နီးပါး ဂုဏ်ပြုထောက်ပံ၊
======================
m.CDM အောက်တိုဘာ ၂၉ ရက်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က တိုက်ပွဲတွေမှာ အထိနာနေပြီး စစ်သင်္ဘောတွေ နစ်မြုပ်နေတဲ့ စစ်ကော်မရှင် တပ်က ဧရာဝတီတိုင်းမှာ အာရက္ခတပ်တော် (AA) နဲ့ PDF တပ်ဖွဲ့ဝင် ၂၈ ဦး ဘက်ပြောင်း လာတယ်လို့ ဝါဒဖြန့် ထုတ်ပြန် ထားပါတယ်။

စစ်အုပ်စုရဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ AA တပ်ဖွဲ့ဝင် ၁၅ ဦး၊ PLF တပ်ဖွဲ့ဝင် ၁ ဦးနဲ့ PDF တပ်ဖွဲ့ဝင် ၁၂ ဦးဟာ လက်နက်၊ ခဲယမ်းတွေနဲ့တကွ ဘက်ပြောင်းသွားတာလို့ သိရပါတယ်။

ဘက်ပြောင်းလာတဲ့ AA တပ်ဖွဲ့ဝင်တွေဟာ သံတွဲ၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြားနဲ့ လေးမျက်နှာ မြို့နယ်တွေက ဖြစ်ပြီး၊ PDF တပ်ဖွဲ့ဝင်တွေကတော့ လပွတ္တာ၊ ကြံခင်း၊ ညောင်တုန်း၊ ကျောက်ကြီး နဲ့ မြိုင် မြို့နယ်တွေက ဖြစ်တ ယ်လို့ ဆိုပါတယ်။

၎င်းတို့နဲ့အတူ MA-1, MA-3, M-22 နဲ့ Type-81 အပါအဝင် မောင်းပြန်ရိုင်ဖယ် ၁၀ လက် ပါလာပြီး၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ မိဘတွေထံ ပြန်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်က တစုံတရာ အတည်ပြု ထုတ်ပြန် ထားတာမျိုး မရှိသေးပါဘူး။

လက်ရှိမှာ စစ်တွေနဲ့ ကျောက်ဖြူမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ ပြီးခဲ့တဲ့ရက်ပိုင်းက ကုလားတန် မြစ်အတွင်းမှာ စစ်သင်္ဘော ၂ စီး နစ်မြုတ်ခံရတာကြောင့် စစ်အုပ်စုက ချိန်ကိုက်ဝါဒဖြန့် ထုတ်ပြန်နေတာ ဖြစ်နိုင်တယ်လို့ စစ်ရေး စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပါတယ်။

တစ်ဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင်စစ်ဌာနက တိုင်းရင်းသားနယ်မြေတွေမှာ နှစ်နဲ့ချီ တာဝန်ထမ်းဆောင်နေတဲ့ ရှေ့တန်းကရဲဘော်တွေကို ကျပ်သိန်း ၄၀၀ နီးပါး ဂုဏ်ပြုထောက်ပံခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကနေ ဒီကနေ့အချိန်အထိ ရှေ့တန်း စစ်မျက်နှာမှာ တာဝန်ထမ်းဆောင်နေခဲ့ကြတဲ့ ရဲဘော်တွေအတွက် NUG ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ အခုလို ထောက်ပံပေးခဲ့တာ ဖြစ်တ ယ်လို့ အသိပေးထားပါတယ်။
----------------------
 ၇။ဧရာဝတီစစ်မျက်နှာမှာ DSA ကျောင်းဆင်းအရာရှိများအပါအဝင် ထိခိုက်သေဆုံးမှုများနေပြီး တပ်တွင်း မကျေနပ်မှုများ မြင့်တက်နေ
=====================
m.CDM၊ အောက်တိုဘာ ၂၉

 ဧရာဝတီစစ်မျက်နှာမှာ DSA ကျောင်းဆင်းအရာရှိများအပါအဝင် ထိခိုက်သေဆုံးမှုများနေပြီး တပ်တွင်း မကျေနပ်မှု မြင့်တက်နေတယ်လို့ ပုသိမ်မြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါ တယ်။
DSA ကျောင်းဆင်း အရာရှိလူငယ်တွေကို ရှေ့တန်းစစ်မျက်နှာပြင် ပို့ဆောင်လျက်ရှိရာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများနေပြီး အမှတ် ၅၅၈ ခြေမြန်တပ်ရင်းက ဗိုလ်ကြီး စောနေဇင်နိုင်ဟာ ဧရာဝတီ PDF တွေနဲ့ဖြစ်တဲ့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တာကြောင့် ရွှေမြင်တင်သုသာန်မှာ သြဂုတ်လ ၂၄ ရက်နေ့က မီးသင်္ဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းနဲ့ထိစပ်နေတဲ့ ရခိုင်ပြည်နယ်ဘက်မှာလည်း စစ်ရှုံးနယ်မြေတွေ ပြန်လည်ရယူနိုင်ဖို့ စစ်တပ်က လေကြောင်းပစ်ကူတွေ နေ့ရောညပါ အသုံးပြုတိုက်ခိုက်နေပေမယ့် လက်ရှိအချိန်ထိ နယ်မြေပြန်မရသေးဘဲ ထိခိုက်သေဆုံးမှုများနေတဲ့အတွက် တပ်တွင်းမကျေနပ်မှု မြင့်တက်နေတာလို့ သိရပါတယ်။
တိုက်ပွဲတွေမှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်အပါဝင် အခြားစစ်ဌာနချုပ်တွေက စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ထိခိုက်သေဆုံးမှုများနေပြီး ဒဏ်ရာရတဲ့ အရာရှိတွေထဲက အချို့သာ မဆရ ၄ ဆေးရုံတက်ခွင့်ရပြီး  ဒဏ်ရာပြင်းထန်သူတွေကိုတော့ မင်္ဂလာဒုံ စစ်ဆေးရုံပို့ပြီး ကုသပေးတာလို့လည်း သိရပါတယ်။
ဧရာဝတီမျက်နှာမှာ အနောက်တောင်တိုင်းစစ်ဌာနချုပ် - နတခလက်အောက်ခံ တပ်များ၊ ပစများ၊ တပ်မ ၁၁ ၊ တပ်မ ၆၆ ၊ တပ်မ ၉၉ နှင့် စကခ ၁၃ လက်အောက်ခံ ခမရ ၅၅၈ ၊ ခမရ ၂၀၃ တပ်တွေပါဝင်နေသလို တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း သင်တန်းဆင်းတာနဲ့ ရှေ့တန်းကို တိုက်ရိုက်စေလွှတ်နေ တဲ့အတွက် ကျဆုံးမှုများပြီး အရှုံးနဲ့ ရင်ဆိုင်နေရတာပါ။
ဧရာဝတီနဲ့ရခိုင်စစ်မြေပြင်မှာ ကျဆုံးသွားတဲ့ စစ်အရာရှိငယ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် စစ်ကောင်စီက တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့နေပြီး အင်အားပြိုလဲလာတာကို ဖုံးကွယ်နိုင်ဖို့ ကြိုးစားနေတဲ့အပြင် ရှေ့တန်း စစ်မျက်နှာမှာ ပျောက်ဆုံးနေတဲ့ စစ်သားတွေကို ရန်သူ့ထံ လက်နက်ချအညံ့ခံတယ်ဆိုပြီး နောက်တန်းမှာ ကျန်ခဲ့တဲ့ ဇနီးသည်တွေအပေါ် အထက်အရာရှိတွေက ခွဲခြားဆက်ဆံနေတယ်လို့ သိရပါတယ်။
—————————
၈။မြန်မာစစ်အုပ်စုရဲ့ လော်ဘီ ငှားရမ်းမှုကို ဥပဒေနဲ့ ပိတ်ပင်ဖို့ အမေရိကန် လွတ်တော်အမတ်ဟောင်းနဲ့ ဘာသာရေး ခေါင်းဆောင်တွေ တိုက်တွန်း
===================
m.CDM အောက်တိုဘာ ၂၉ ရက်။

မြန်မာစစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုကနေလွတ်မြောက်ဖို့ ဒေါ်လာသန်းနဲ့ချီ အကုန်ကျခံပြီး အမေရိကန်မှာ လော်ဘီကုမ္ပဏီတွေ ငှားရမ်းထားတာကို ကွန်ဂရက်လွှတ်တော်ကနေ ဥပဒေပြဋ္ဌာန်းပြီး အမြန်ဆုံး ပိတ်ပင်ပေးဖို့ လွှတ်တော် အမတ်ဟောင်းနဲ့ ဘာသာရေး ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က ဗာဂျီးနီးယားပြည်နယ်၊ Falls Church မြို့မှာ ကျင်းပတဲ့ ၂၀၂၆ “Frank Wolf” နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆု ပေးအပ်ပွဲမှာ အမေရိကန်လွှတ်တော် အမတ်ဟောင်း Mr.ဖရန့်ဝုဖ် (Frank Wolf) က အခုလို တိုက်တွန်းခဲ့တာပါ။

အကြမ်းဖက် စစ်အုပ်စုဟာ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ ဝါရှင်တန်ဒီစီ အခြေစိုက် DCI Group အမည်ရှိ လော်ဘီကုမ္ပဏီကို တစ်နှစ် ဒေါ်လာသုံးသန်းပေးပြီး ငှားရမ်းထားတာကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ် ချခဲ့ပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ ခရစ်ယာန် ဘာသာဝင်တွေအပေါ် အဓိကပစ်မှတ်ထားကာ ဘာသာရေးလွတ်လပ်ခွင့် တွေကို ဆိုးဆိုးရွားရွား ချိုးဖောက်ဖိနှိပ်နေတာတွေကိုလည်း အသေးစိတ်ထောက်ပြပြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

Burma Research Institute (BRI) ဘုတ်အဖွဲ့ဥက္ကဋ္ဌ Dr.Robin Stoops ကလည်း စစ်တပ်ဟာ ဘုရားကျောင်း တွေကို ဗုံးကြဲပြီး၊ ဘာသာရေး အသိုက်အဝန်းတွေကို အကြမ်းဖက်နေချိန်မှာ ဝါရှင်တန်က သြဇာအာဏာကို ငွေနဲ့ လာဝယ်ခွင့် မရသင့်ဘူးလို့ အလေးထား ပြောကြားခဲ့ပါတယ်။

အဲ့ဒါကြောင့် ဒီတံခါးပေါက်ကို အပြီးတိုင် ပိတ်ပစ်နိုင်ဖို့အတွက် အမေရိကန် ကွန်ဂရက်လွှတ်တော် ကနေ ဥပဒေ ပြဌာန်းပေးရမယ်လို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

ဒီတိုက်တွန်းချက်ဟာ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ အမေရိကန်ကော်မရှင် (USCIRF) ရဲ့ ၂၀၂၆ ၊ မတ်လထုတ် နှစ်ပတ်လည် အစီရင်ခံစာပါ အကြံပြုချက်နဲ့လည်း ထပ်တူကျနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် အတွင်းရေးမှူးရုံးကနေ အမေ ရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ထံကို မြန်မာနိုင်ငံက ဖိနှိပ်ခံခရစ်ယာန်တွေအတွက်  အကာအကွယ်ပေး ဖို့ ဘာသာပေါင်းစုံ လက်မှတ်ထိုးထားတဲ့ တိုက်တွန်းစာတစ်စောင် ပေးပို့ခဲ့သေးတယ်လို့ သိရှိရပါတယ်။
----------------------------------
၉။⁨⁨မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ထိုင်းဘက်ကျပြီး ထိုင်းပြည်သူ ၁ ဦးဒဏ်ရာရ
========================
m.CDM၊အောက်တိုဘာ ၂၉

မြန်မာ-ထိုင်းနယ်စပ်မြို့တခုဖြစ်တဲ့ မြ၀တီမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြန်မာဘက်ကပစ်လိုက်တဲ့ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိုင်းပြည်သူတဦး ဒဏ်ရာရသွားတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက် မနက် ၅ နာရီ ၄၀ မိနစ်လောက်က ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်ကိုကင်းရွာ ထဲကို မြန်မာနိုင်ငံဘက်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျည်တလုံး ထိုင်းနိုင်ငံသားရဲ့ အိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အိမ်ရှင်ဖြစ်သူ ဒဏ်ရာရသွား တာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။
အခြားလက်နက်ကြီးကျည်တလုံးကတော့ ရွာလယ်ပိုင်းကို ကျရောက်ခဲ့ပေမယ့် ပေါက်ကွဲခြင်းမရှိတာကြောင့် ထိုင်းအာဏာပိုင်တွေ ကျည်ကျရောက်တဲ့နေရာတွေကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်။
အခုဖြစ်ရပ်မတိုင်ခင် အောက်တိုဘာ ၂၈ ရက် မနေ့ကလည်း မဲဆောက်မြို့နယ် မယ့်ကိုကင်းရွာအနီးက အိမ်တလုံး ပေါ်ကို ကျည်ကျရောက်ခဲ့ပြီး အိမ်ရှင်ဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ထိုင်း-မြန်မာနယ်စပ်အနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ထိုင်းဘက်ချမ်းကို ကျည်တွေကျရောက်နေတာကြောင့် ထိုင်းဘက်ခြမ်းက ဒေသနေပြည်သူတွေဟာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
မြန်မာဘက်ကပစ်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းဘက်ကျလာရင် တုံ့ပြန်ပစ်ခတ်မယ်လို့ ထိုင်းစစ်တပ်က သတင်း ထုတ်ပြန်ပြီးတဲ့နောက် မြန်မာဘက်က လက်နက်ကြီးကျည်တွေ ထိုင်းဘက်ကို ဆက်တိုက်ကျနေတာပဲဖြစ်ပါတယ်။
ထိုင်းသတင်းဌာနတခုဖြစ်တဲ့ Khaosod သတင်းဌာနကလည်း မနေ့ အောက်တိုဘာ ၂၈ ရက် မနက်အစောပိုင်းမှာ မြန်မာစစ်တပ်က ကရင်ပြည်နယ်အတွင်းရှိ လူနေကျေးရွာတရွာကို ၅၀၀ ပေါင်ဗုံး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ယာဉ်တွေနဲ့ စက်လှေတစင်း ပျက်စီးသွားတယ်လို့ ဖော်ြပထားပါတယ်။
မြန်မာစစ်တပ်ရဲ့ MiG-29 တိုက်လေယာဉ်က အောက်တိုဘာ ၂၈ ရက် မနက် ၁ နာရီ ၁၅ မိနစ်လောက်မှာ ကရင်ပြည် နယ်အတွင်းက ကျေးရွာတရွာကို ဗုံးကြဲခဲ့တာလို့ သိရပါတယ်။


ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
Uploaded Image
Share:

No comments:

Post a Comment