၁၇ -  ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

၁၇ -  ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။မိုးမိတ်နဲ့ အင်းတော် ဒေသတွေမှာ တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေ

၂။⁨မကွေးတိုင်းမှာ အခုနှစ်အတွင်း အာဏာသိမ်းစစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက်ကလေးတွေအပါ အရပ်သား ၁၁၇ ဦး သေဆုံး

၃။SCEF နှင့် SRA တပ်ပေါင်းစု ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး

၄။အမေရိကန် အစိုးရနဲ့ မြန်မာ အာဏာသိမ်း စစ်ကော်မရှင်တဲ့ တိုကျိုမြို့မှာ ထပ်မံ လျှို့ဝှက်တွေ့ဆုံ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။မိုးမိတ်နဲ့ အင်းတော် ဒေသတွေမှာ တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေ
=====================
m.CDM အောက်တိုဘာ ၁၆ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ အနီးနဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ကနေ ဝန်းသိုနဲ့ ထီးချိုင့် မြို့နယ်တွေ ဘက်မှာ အကြမ်းဖက် စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

မိုးမိတ်မြို့နဲ့ ၂ မိုင်ခန့်အကွာ ညောင်နီကျေးရွာ အနီးမှာ အောက်တိုဘာလ ၁၆ ရက်၊ မနက်အစောပိုင်းက စတင်ပြီး တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာတာလို့ ဆိုပါတယ်။

မိုးမိတ်-သပိတ်ကျင်းလမ်းနဲ့ ဆက်စပ်နေတဲ့ ဆင်တဲကုန်း ကျေးရွာအနီးမှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး၊ စစ်ကော်မရှင်တပ်က လေကြောင်းကနေက အပြင်းအထန် ဗုံးကြဲနေတယ်လို့ သိရပါတယ်။

မိုးမိတ်မြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက် ကတည်းက စစ်ကော်မရှင် နဲ့ KIA ပူးပေါင်းတပ်တွေ ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ပထမပတ်အတွင်းမှာ ငြိမ်သက်သွားခဲ့ကာ ယခုတဖန် တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာတာလည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် မိုးမိတ် နဲ့ မဘိမ်းဘက်က ဒေသခံတွေဟာ စစ်ရေးသတင်းတွေ နားစွင့်နေရပြီး ဘေးလွတ်ရာ ကို ရှောင်တိမ်းနေကြရသလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယခုရက်ပိုင်းအတွင်း အရပ်သား ၂ ဦး သေဆုံး ထားတယ်လို့ သိရှိရပါတယ်။

တစ်ဖက်မှာလည်း  စစ်ကိုင်းတိုင်း၊ အင်းတော် မြို့နယ်ကနေ ဝန်းသိုနဲ့ ထီးချိုင့် မြို့နယ်ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်း ၂ ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ပထမပတ်ကတည်းက စစ်ကြောင်းတွေ ဝင်ရောက်လာတာဖြစ်ပြီး စစ်ကြောင်း တစ်ကြောင်းစီမှာ အင်အား အင်အား ၂၀၀ နဲ့ ၃၀၀ ကြားရှိတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဝန်းသိုဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းဟာ မဲဇာရွာနဲ့ တပ်လွင်ရွာ တွေကို ဖြတ်ကျော်ပြီး ဆက်လက် ထိုးစစ် ဆင်နေသလို အဲ့ဒီ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ထီးချိုင့်ဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းဟာလည်း အောက်တိုဘာ ၁၆ ရက်နေ့မှာ ကြိမ်းချောင်း နဲ့ ပိန်းအင်း ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး စစ်ကြောင်း ဆက်တိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံအများ အပြားဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။

၎င်းစစ်ကြောင်းတွေကို တပ်မ (၃၃) ဒု-တပ်မမှူး ကိုယ်တိုင် ဦးစီးပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပြီး၊ အဓမ္မ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ် အများစု ပါဝင်လာတယ်လို့လည်း သိရှိရပါတယ်။
————————————
၂။⁨⁨⁨⁨⁨ညောင်ဦးမြို့နယ်က အာဏာသိမ်းစစ်တပ်ရဲ့ ယာယီစခန်းကိုတိုက်ခိုက်၊ ရန်သူတပ်သားတွေ ထိခိုက်သေဆုံး မှုရှိ
=======================
m.CDM၊ အောက်တိုဘာ ၁၆

မန္တလေးတိုင်း ညောင်ဦးမြို့နယ်ထဲက ဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာ စခန်းချနေတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ယာယီစခန်းတခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာမှာ ရန်သူတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ Popa Guerilla Force တပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ ယာယီစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက ဝင်‌ရောက်စီးနင်းတိုက်ခိုက်ခဲ့တာကို အသိပေးထုတ်ပြန်ထားတာပါ။
ဒီ တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တာကို စုံစမ်းသိရှိရတယ်လို့ ဆိုပါ တယ်။
အဲဒီစစ်ဆင်ရေးကို Popa Guerilla Force (Popa-PGF) တပ်ဖွဲ့နဲ့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ခရိုင်တပ်ရင်းတွေ၊ စကားဝါ PDF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
အခုဖြစ်စဥ်ကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့အတွက် ဒေသနေပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်သားတွေ ရှိတဲ့နေရာတွေနဲ့ လမ်းပိုင်းတွေကို အထူးသတိပြု သွားလာကြဖို့ တော်လှန်ရေးတပ်တွေက သတိပေး နှိုးဆော်ထားပါတယ်။
——————————
၃။⁨မကွေးတိုင်းမှာ အခုနှစ်အတွင်း အာဏာသိမ်းစစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက်ကလေးတွေအပါ အရပ်သား ၁၁၇ ဦး သေဆုံး
======================
m.CDM၊ အောက်တိုဘာ ၁၆

မကွေးတိုင်းမှာ အခုနှစ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၁၇ ဦးအထိ သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
AAPP က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ဇန်နဝါရီ ၁ ရက်ကနေ အောက်တိုဘာ ၁၅ ရက်အထိ မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၄၃ ဦးနဲ့ အမျိုးသား ၇၄ ဦး စုစုပေါင်း ၁၁၇ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူ အရေအတွက်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၉ ဦး အထိပါဝင်နေပြီးတယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒါ့အပြင် သေဆုံးသူတွေထဲက ၅၇ ဦးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ရတာလို့ အသိပေးပါတယ်။
အဲဒီကာလအတွင်းမှာပဲ အတည်ပြုဖို့လိုအပ်နေတဲ့ သေဆုံးသူ အရပ်သား ၁၅၀ ဦးရဲ့ စာရင်းကိုလည်း သီခြား ကောက်ယူစုဆောင်းထားပြီး အတည်ပြုနိုင်ဖို့ ဆက်လုပ်နေတယ်လို့ AAPP ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
မတရားအာဏာလုယူမှုဖြစ်စဉ်စတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်အထိဆိုရင် အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်းအရေအတွက်ဟာ ၈၅၅၁ ဦးအထိရှိလာပြီလို့ သိရပါတယ်။⁩
———————————
၄။SCEF နှင့် SRA တပ်ပေါင်းစု ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး
===============
m.CDM အောက်တိုဘာ ၁၆ ရက်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု (SRA) တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ SCEF က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁၅ ရက်၊ ညနေ ၅ နာရီခန့်မှာ အွန်လိုင်းကနေတဆင့် ပြုလုပ်ခဲ့တဲ့ အဆိုပါဆွေးနွေးပွဲမှာ SCEF မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က အဖွင့်အမှာစကား ပြော ကြားခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် SCEF အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူး က SCEF ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းတင်ပြခဲ့ပြီး နှစ်ဖက်တာဝန်ရှိသူတွေ အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် SRA ရဲ့ အထွေထွေအတွင်းရေးမှူး ကိုဆောင်းခ က နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

SCEF နဲ့ SRA ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းကလည်း ပထမအကြိမ် တွေ့ဆုံခဲ့ပြီး၊ စစ်ရေးအပါအဝင် ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ယခု ဒုတိယအကြိမ် ဆွေးနွေးပွဲမှာတော့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းက ကျင်းပခဲ့တဲ့ SRA ညီလာခံဖွင့်ပွဲကို SCEF ခေါင်းဆောင်တွေ တက်ရောက်ခဲ့ သလို ညီလာခံအပြီး ထုတ်ပြန်ချက်မှာလည်း အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ပေါ က်ရေးအတွက် မဟာမိတ်တွေနဲ့ ဟန်ချက်ညီ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ SRA က ထုတ်ပြန်ထားပါတယ်။
————————————
၅။နွေဦးတော်လှန်ရေး အောင်မြင်ဖို့ မဟာဗျူဟာမြောက် ညီညွတ်မှုနဲ့ နယ်ပယ်စုံ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ဒေါ်ဇင်မာအောင် ဆို
================
m.CDM အောက်တိုဘာ ၁၆ ရက်။

နွေဦးတော်လှန်ရေး အောင်မြင်ဖို့ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး နဲ့ မဟာမိတ်ဆက်ဆံရေး နယ်ပယ် အသီးသီးမှာ ဘုံရည်မှန်းချက်အပေါ် အခြေခံတဲ့ မဟာဗျူဟာမြောက် ညီညွတ်မှုနဲ့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွ က်မှုတွေကို လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က ပြောပါတယ်။

သူ့ရဲ့ နိုင်ငံတကာ ခရီးစဉ်တွေအတွင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ နွေဦးတော်လှန်ရေးရဲ့ လက်ရှိ စိန်ခေါ်မှု တွေအပေါ် ဒေါ်ဇင်မာအောင် က လူမှုကွန်ယက်ပေါ်မှာ သုံးသပ် ရေးသားထားတာလည်း ဖြစ်ပါတယ်။

နယူးယောက်မြို့မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရှိရေး Credential Campaign ကြိုးပမ်းမှု၊ ဩစတြေးလျ ခရီးစဉ်အတွင်းမှာ SCEF ရဲ့ လှုပ်ရှားမှုတွေ၊ တန်ဇန်းနီးယား နိုင်ငံမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံမှာ CRPH ဆက်လက် ကိုယ်စားပြုခွင့် ရရှိရေး ကြိုးပမ်းမှုနဲ့ ချက်နိုင်ငံ ပရာ့ဂ်မြို့က Forum 2000 ညီလာခံတို့ကို ဥပမာအဖြစ် ဖော်ပြထားပါတယ်။

အဆိုပါ လှုပ်ရှားမှုတွေဟာ တော်လှန်ရေးရဲ့ နယ်ပယ်အသီးသီး အပြန်အလှန် အားဖြည့်နေမှုကို ထင်ဟပ် ပြသနေ တယ်လို့ သူက သုံးသပ်ထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လက်ခံခြင်းနဲ့ ပြန်လည်မျှဝေခြင်း မပြုခင် သတင်းရင်းမြစ်၊ အတည်ပြုနိုင်တဲ့ အချက်အလက်နဲ့ ခန့်မှန်းသုံးသပ်ချက်တွေကို ခွဲခြားစိစစ်ဖို့ ဒေါ်ဇင်မာအောင် က တိုက်တွန်းထားပါတယ်။

ခိုင်လုံတဲ့ အချက်အလက်မရှိဘဲ စိတ်ခံစားမှုကို လှုံ့ဆော်တဲ့သတင်းနဲ့ သုံးသပ်ချက်တွေဟာ ပြည်သူလူထုကြားမှာ စိုးရိမ်ထိတ်လန့်မှု၊ အချင်းချင်း မယုံကြည်မှုနဲ့ မျှော်လင့်ချက်ကင်းမဲ့မှုတွေ ဖြစ်စေနိုင်ပြီး စစ်အုပ်စုရဲ့ စိတ်ဓါတ်စစ် ဆင်ရေးအတွက် အခွင့်အလမ်း ဖြစ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေးအပေါ် ဝေဖန်မှုနဲ့ စိုးရိမ်ပူပန်မှုတိုင်းကို စိတ်ဓာတ်စစ်ဆင်ရေးလို့ မသတ်မှတ်သ င့်ဘဲ အချက်အလက်အခြေပြု ဝေဖန်သုံးသပ်မှုတွေဟာ အားနည်းချက်တွေ ပြုပြင်ဖို့နဲ့ ဆုံးဖြတ်ချက်တွေ ပိုမိုကေ ာင်းမွန်လာဖို့ လိုအပ်တယ်လို့ သူက အလေးထားပြောဆိုခဲ့ပါတယ်။

ချက်နိုင်ငံ၊ ပရာ့ဂ်မြို့မှာ ကျင်းပခဲ့တဲ့ Forum 2000 ညီလာခံမှာ မြန်မာ့နွေဦးတော်လှန်ရေး၊ လူငယ်တွေနဲ့ သပိတ် အင်အားစုတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ပြည်သူတွေရဲ့ မဆုတ်မနစ်တဲ့ ရုန်းကန်မှုတွေကို အသိအမှတ်ပြုခဲ့ကြောင်းလည်း သူက ဖော်ပြပါတယ်။

ထို့အပြင် မြန်မာ့အရေးကို ဆက်လက်အာရုံစိုက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့နဲ့  ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက်လည်း တောင်းဆိုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာရဲ့ မြန်မာပြည်သူတွေအပေါ် ညီညွတ်သွေးစည်းမှုဟာ သဘောထားထုတ်ပြန်ချက် တွေနဲ့သာ ရပ်တန့်မ နေဘဲ မြေပြင်မှာရုန်းကန်နေရတဲ့ ပြည်သူတွေအတွက် လက်တွေ့ကျတဲ့အထောက်အပံ့တွေနဲ့ စစ်အုပ်စုအပေါ် ထိ ရောက်တဲ့ ဖိအားတွေအဖြစ် ပြောင်းလဲလာဖို့ ဆက်လက်ကြိုးပမ်းရဦးမယ်လို့လည်း သူက ပြောပါတယ်။

စစ်အာဏာရှင်တွေ အာဏာစွန့်လွှတ်ပြီး ပြည်သူတွေက မိမိတို့ရဲ့အနာဂတ်ကို လွတ်လပ်စွာ ဆုံးဖြတ်နိုင်တဲ့ အချိန် အထိ တော်လှန်ရေးအင်အားစုတွေ စုစည်းညီညွတ်စွာ ဆက်လက်ကြိုးပမ်းကြဖို့လည်း  တိုက်တွန်းထားပါတယ်။

လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု နဲ့ လူ့ဂုဏ်သိက္ခာကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ခြင်းဟာ တော်လှန်ရေးအတွင်း အသက်နဲ့ဘဝတွေ ပေးဆပ်ခဲ့သူတွေရဲ့ မျှော်လင့်ချက်တွေအတွ က် အကောင်းဆုံးအဖြေဖြစ်တယ်လို့လည်း သူ့ရဲ့ ရေးသားချက်မှာ အလေးအနက် ဖော်ပြထားပါတယ်။
———————————
၆။⁨အာဏာသိမ်းစစ်အုပ်စုရဲ့စစ်ကြောရေးစခန်းတွေနဲ့အကျဉ်းထောင်တွေဟာ အပြစ်မဲ့ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်တဲ့နေရာ ဖြစ်နေတယ်လို့ ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီး ပြော
=====================
m.CDM၊ အောက်တိုဘာ ၁၆

အာဏာသိမ်းစစ်အုပ်စုရဲ့ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေဟာ အမည်အားဖြင့် စစ်ကြောရေး စခန်းနဲ့ အကျဉ်းထောင်ဆိုပေမယ့် လက်တွေ့မှာတော့ စစ်အုပ်စုလက်ပါးစေတွေဟာ အာဏာအလွဲသုံးစားပြု ပြီး အပြစ်မဲ့ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်တဲ့နေရာတွေဖြစ်နေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး က ပြောလိုက်ပါတယ်။
ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်ယဉ်ကျေးမှုရေး တတိယကော်မတီက အောက်တိုဘာ ၁၅ ရက်ကလုပ်တဲ့ အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာဖြစ်ခဲ့တဲ့ တရားမဝင် စစ်အာဏာသိမ်းချိန်ကစပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲလို့လည်း အသိပေးခဲ့ပါတယ်။
လူ ၃၂,၀၀၀ ကျော်ဟာလည်း ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရတာရှိပြီးဒီထဲက ကျောင်းသူ ကျောင်းသား တွေ၊ သတင်းထောက်တွေ၊ နိုင်ငံရေးသမားတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူတွေဟာ စစ်အုပ်စုရဲ့ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ ရက်စက်မှုတွေနဲ့ ရင်ဆိုင်နေရဆဲလို့ အစည်းအဝေးတက်‌ရောက်လာသူတွေ ကို ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် လူပေါင်း ၁,၈၅၀ ကျော်ဟာ ဖမ်းဆီးခံရပြီးတဲ့နောက် အလွန်အမင်း ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ဆေးဝါးကုသခွင့် မရရှိတာကြောင့် သေဆုံးခဲ့ကြရပြီး  ဖမ်းဆီးချုပ်နှောင်ခံရသူအချို့ရဲ့ မိသားစုဝင်တွေ အနေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရုပ်အလောင်းတွေ ပြန်ရခဲ့ပေမယ့် အချို့ကတော့ ပြန်မရဘူးလို့လည်း ပြောပြခဲ့ပါသေးတယ်။
ဒီလုပ်ရပ်တွေဟာ စစ်အုပ်စုအနေနဲ့ တဦးချင်း ကျူးလွန်တာမဟုတ်ဘဲ စနစ်တကျပူးပေါင်းကျူးလွန်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေပဲလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။
ဒါကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ စစ်အုပ်စုကို ဒီအကျိုးခံစားခွင့်တွေ ဆက်မရစေဖို့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ မြန်မာသံအမတ်ကြီးက ဆက်ပြောပါတယ်။
 မြန်မာပြည်သူတွေအနေနဲ့လည်း နိုင်ငံတကာအသိုက်အဝန်းတခုလုံးရဲ့ ရပ်တည်ပေးမှုနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်ပေးတာမျိုးတွေ ပြင်းပြင်းပြပြ လိုအပ်နေတယ်လို့လည်း ထည့်သွင်းပြောကြား ခဲ့ပါတယ်။
——————————
၇။အမေရိကန် အစိုးရနဲ့ မြန်မာ အာဏာသိမ်း စစ်ကော်မရှင်တဲ့ တိုကျိုမြို့မှာ ထပ်မံ လျှို့ဝှက်တွေ့ဆုံ၊
===============
m.CDM အောက်တိုဘာ ၁၆ ရက်။

အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေနဲ့ မြန်မာအာဏာသိမ်း စစ်တပ် ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပ တ်အတွင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ Reuters သတင်းဌာနက အောက်တို ဘာလ ၁၆ ရက်နေ့မှာ ဖော်ပြထားပါတယ်။

ဒါဟာ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း သံတမာန်ရေးအရ ဖြတ်တောက်ခံထားရတဲ့ မြန်မာစစ်တပ်နဲ့ အမေရိကန် အစိုးရတို့ကြား တစ်လအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ဖြစ်တယ်လို့ ဆိုပါတယ်။

Reuters ရဲ့ ဖော်ပြချက်အရ တိုကျိုဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ်က ဦးဆောင်တဲ့ အမေရိကန်အရာရှိ ၁၀ ဦး ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာဘက်က ဘယ်သူတွေ တက်ရောက်ခဲ့သလဲ ဆိုတာကိုတော့ အတည်မပြုနိုင်သေးသလို ဘယ်အကြောင်းအ ရာတွေကို အဓိကထား ဆွေးနွေးခဲ့တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလလယ်ပိုင်းက နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပထမအကြိမ် တွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် တစ်ဦး လွတ်မြောက်ရေးနဲ့ အွန်လိုင်း ငွေလိမ်လု ပ်ငန်း (ကျားဖြန့်ဂိုဏ်း) တွေကို ဖြိုခွင်းရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ ဆွေးနွေးမှုကနေတဆင့် မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုအပါအဝင် ပိုမိုကျယ်ပြန့်တဲ့ အကြောင်းအရာတွေကို ဆက်လက်ဆွေးနွေးဖို့ လမ်းဖွင့်ပေးခဲ့တယ်လို့လည်း Reuters က ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ အရေးပါတဲ့ သတ္တုတွေနဲ့ မြေရှားသတ္တုတွေကို အမေရိကန်က မဟာဗျူဟာအရ အရေးပါတဲ့ အရင်းအမြစ်တွေအဖြစ် ရှုမြင်နေတယ်”လို့ ဩစတြေးလျအခြေစိုက် Lowy Institute က အရှေ့တောင်အာရှရေး ရာ ဒါရိုက်တာ ဟန်တာမာစတွန် က ပြောပါတယ်။

ဒါပေမယ့် မြေရှားသတ္တုထွက်ရှိရာ နယ်မြေအများစုဟာ အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသလို တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုကလည်း အမေရိကန် အတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ မြန်မာ နိုင်ငံက အဖွဲ့အစည်းအားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

တစ်ဖက်မှာလည်း အမေရိကန် အစိုးရဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ ခရိုနီတစ်ဦးရဲ့ သမီးဖြစ်သူအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ရုပ်သိမ်းပေးခဲ့ပါသေးတယ်။

ဒီလုပ်ဆောင်ချက်ဟာလည်း မြန်မာနိုင်ငံအပေါ် ချဉ်းကပ်တဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒသစ် အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ယခုဆွေးနွေးပွဲကို လက်ခံကျင်းပပေးတဲ့ ဂျပန်နိုင်ငံဟာလည်း အာဏာသိမ်းစစ်တပ်ကို တရားဝင်အသိအမှတ်ပြု ထားခြင်းမရှိပေမဲ့ ထိတွေ့ဆက်ဆံမှုတွေတိုးမြှင့်လာတဲ့ လက္ခဏာတွေကိုတွေ့ရတယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
------------------------------
၈။⁨မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အာဆီယံဦးဆောင်တဲ့ခရီးစဉ် စီစဉ်နေတယ်လို့  ဖိလစ်ပိုင်ပြော
======================
m.CDM၊ အောက်တိုဘာ ၁၆

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေပေးအပ်နိုင်ဖို့ အာဆီယံဦးဆောင်တဲ့ ခရီးစဉ်တခု စီစဉ်နေပြီး ဒီအစီအစဉ်ကို အပြီးသတ် ရေးဆွဲနေတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) က ပြောပါတယ်။
လက်ရှိမှာ ဒီအစီအစဉ်အတွက် ပြင်ဆင်မှုတွေ လုပ်နေဆဲဖြစ်တာကြောင့် မစ်ရှင်စတင်မယ့်ရက်ကိုတော့ အတည်ပြု‌ပြောဆိုဖို့ မလွယ်သေးဘူးလို့ အာဆီယံရေးရာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ ဒက်စ် အင်ပီရီယယ် Dax Imperial က အောက်တိုဘာ ၁၄ ရက်နေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို Ma. Theresa Lazaro ကလည်း ဒီ လူသားချင်းစာနာမှုဆိုင်ရာ ကို အခုနှစ် နောက်ဆုံးသုံးလပတ်မှာ ဦးဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ပြောထားပါတယ်။

ဒီခရီးစဉ်ရဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအတွင်း အကူအညီလိုအပ်နေတဲ့ဒေသတွေကို လူသားချင်း စာနာမှုအကူအညီတွေ ရောက်ရှိနိုင်ဖို့ဖြစ်တဲ့အတွက် သက်ဆိုင်သူအားလုံးရဲ့ ထောက်ခံမှုကိုလည်းရထား တယ်လို့ ဖိလစ်ပိုင်ဘက်က ပြောထားပါတယ်။
လာဇာရိုကလည်း ဒီခရီးစဉ်အတွက် စစ်ကော်မရှင်ထံက ခွင့်ပြုချက်တောင်းခံသွားမှာြဖစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့အခြေစိုက် အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးစင်တာ AHA Centre ၊ ကုလသမဂ္ဂ အပါအဝင် အခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောထားဘူးပါတယ်။
ဒါ့အပြင် လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း မြန်မာအရေးနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus - 5PC) ကို ဘယ်လိုအကောင် အထည်ဖော်မလဲဆိုတာ တက်ရောက်လာကြမယ့် အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်ချက်ချဖို့ရှိတယ်လို့ အင်ပီရီယယ် Imperial က ပြောပါတယ်။

အဲဒီ ဘုံသဘောတူညီချက် ၅ ချက်ဟာ မြန်မာနိုင်ငံအကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံက အသုံးပြုနေတဲ့  အဓိက ဒေသတွင်း မူဘောင်တရပ်ဖြစ်ပါတယ်။

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

Uploaded Image
Share:

No comments:

Post a Comment