၇ - ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

၇ -  ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။မြောက်ဦးမြို့နယ်က နန်းကျားရွာကို စစ်တပ်က ဗုံးထပ်ကြဲတဲ့အတွက် ကိုယ်ဝန်ဆောင်တဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

၂။ရွေဘို “ဘုရင်”ကားဂိတ် ဂိတ်မှူးနဲ့ စာရေးမတွေကို PDF သတင်းပေးဆိုပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်၊ပခုက္ကူမှာ စစ်ကော်မရှင် စစ်ကြောင်းက ရွာတွေကိုဝင်စီးပြီး ပြည်သူတွေကို ဖမ်းဆီးထား၊ကော့ကရိတ်မှာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီး၊

၃။မန္တလေးမှာ ပျူစောထီး ဆိုသူတွေ ဓါးပြတိုက်ပြီး ပစ်ခတ်ခဲ့ရာ ဖုန်းဆိုင်ပိုင်ရှင် အပါအဝင် ၃ ဦး သေဆုံး၊ရန်ကုန်မှာ စစ်အုပ်စုလက်ပါးစေ လူမိုက်တွေက လူငယ်တွေကို ပေါ်ပေါ်တင်တင် ပေါ်တာဆွဲနေ၊

၄။ မြန်မာလုပ်သားတွေ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲခိုင်းတဲ့ စစ်အုပ်စုရဲ့ သတ်မှတ်ချက်ကို ထိုင်းအစိုးရ ကန့်ကွက်၊ကိုးရီးယားရောက် EPS လုပ်သားတွေကိုလည်း ၂၅ ငွေပြန်မလွှဲရင် အရေးယူမယ်လို့ စစ်အုပ်စု ခြိမ်းခြောက် စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨⁨⁨မြောက်ဦးမြို့နယ်က နန်းကျားရွာကို စစ်တပ်က ဗုံးထပ်ကြဲတဲ့အတွက် ကိုယ်ဝန်ဆောင်တဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ
=================
m.CDM၊ နိုဝင်ဘာ ၆

ရခိုင်ပြည်နယ်အတွင်းကတိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ နိုဝင်ဘာ ၅ ရက်ညမှာ မြောက်ဦးမြို့နယ် နန်းကျားရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးပြီး ဒေသနေပြည်သူ ၁၀ ဦးကျော် ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါ တယ်။
နိုဝင်ဘာ ၅ရက် ည ၁၁ နာရီကျော်မှာ စစ်တပ်က ဂျက်ဖိုက်တာတစင်းနဲ့ ပြည်သူလူထုနေထိုင်ရာ နန်းကျားရွာ ထဲကို ဗုံးတလုံးကြဲခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် နန်းကျားရွာက အသက် ၃၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး မသဲသဲမွန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကိုယ်ဝန် ၄ လလွယ်ထားတဲ့ သေဆုံးသူ မသဲသဲမွန်မှာ သမီးနှစ်ဦး ကျန်နေခဲ့တယ်လို့ နန်းကျားရွာခံတွေက ပြောပါတယ်။
နန်းကျားရွာဟာမြောက်ဦး - မင်းပြား ကားလမ်းမအနီး၊ လေးမြို့မြစ်ကမ်းဘေးမှာရှိပြီး စိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ရွာတရွာလို့ သိရပါတယ်။
ဒေသနေပြည်သူတွေက စစ်တပ်ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသူတွေထဲမှာ ဒဏ်ရာ ပြင်းထန်သူ တွေပါဝင်တဲ့အတွက် သေဆုံး၊ ဒဏ်ရာရအရေအတွက်တွေ တိုးလာနိုင်တယ်လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခု နိုဝင်ဘာလ ၁ ရက်နေ့ကပဲ မြောက်ဦးမြို့ပေါ်က သားဖွားဆေးရုံကို ဗုံးကြဲ ခဲ့တာကြောင့် လသားအရွယ်ကလေးငယ်အပါအဝင် ၅ ဦးသေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါ သေးတယ်။
————————
 ⁨၂။ဝက်လက်နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေဆီက ရိက္ခာတွေလုယူဖို့ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားတဦး သေပြီး သေနတ်တလက်သိမ်းဆည်းရရှိ
===================
m.CDM၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေဆီက ရိက္ခာတွေ လုယူဖို့ထွက်လာတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်တပ်စစ်ကြောင်းနဲ့ဖြစ်တဲ့ တိုက်ပွဲမှာ စစ်သားတဦးသေပြီး သေနတ်တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဝက်လက်မြို့နယ် ဟံလင်းရွာမှာရှိတဲ့ စစ်တပ်အထိုင်စခန်းက စစ်သားတွေ နိုဝင်ဘာလ ၄ ရက်နေ့ ည ၈ နာရီလောက်က စစ်ဘေးရှောင်တဲတွေဆီ ရိက္ခာရှာဖို့ လုယက်ဖို့ ထွက်လာချိန် ရွှေဘိုခရိုင်အမှတ် ၂ တပ်ရင်း People's Servant Revolution - Wetlet ရဲ့ လုံခြုံရေးကင်းလှည့်တပ်စိတ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။
ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က စစ်သားတဦးသေပြီး MA3 သေနက်တလက် သိမ်းဆည်းရရှိခဲ့ပြီး  တော်လှန်ရေးတပ်ကရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့နယ်လို့ သိရပါတယ်။
အထိုင်စခန်းက စစ်သားတွေဟာ ဒေသနေပြည်သူတွေကိုဖမ်းပြီး ဈေးဝယ်ခိုင်းတာတွေ လုပ်လေ့ရှိတယ်လို့ လည်း သိရပါတယ်။
ဒါကြောင့် အကြမ်းဖက်စစ်တပ် အထိုင်စခန်းအနီးအနားမှာ နေထိုင်ကြတဲ့ ပြည်သူလူထုအနေနဲ့ အကြမ်းဖက် စစ်တပ်ကို အားပေးကူညီတာမျိုးမလုပ်ကြဖို့နဲ့ လက်နက်ကြီး၊ လေကြောင်းအန္တရာယ်တွေကို အထူးသတိပြု နေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ တော်လှန်ရေးတပ်တွေက မေတ္တာရပ်ခံထားပါတယ်။
ဟံလင်းရွာဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ၂၀၂၂ ခုနှစ် အောက်တိုဘာလက တပ်စွဲနေအတွက် ဒေသပြည်သူ တသောင်းကျော် စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
—————————
၃။ကသာ-ထီးချိုင့်နဲ့ ကသာ-မော်လူးလမ်းတွေ ဖြတ်သန်းသွားလာမျိုးမလုပ်ဖို့ ကသာခရိုင် အမှတ် ၁ တပ်ရင်း သတိပေး
==================
m.CDM၊ နိုဝင်ဘာ ၆

 အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ကသာခရိုင် အမှတ် ၁ တပ်ရင်း စစ်ရေးလှုပ်ရှားနေတဲ့ ကသာ-ထီးချိုင့် အမှတ် ၃ ကားလမ်းနဲ့ ကသာ-မော်လူး ကားလမ်း ပိုင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်နဲ့ နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ခရီးသွားပြည်သူတွေ အနေနဲ့ အဲဒီလမ်းတွေကို ဖြတ်သန်းသွားလာမျိုးမလုပ်ကြဖို့ ကသာခရိုင် တပ်ရင်း ၁ က နိုဝင်ဘာ ၅ ရက်နေ့စွဲ နဲ့ သတိပေးထုတ်ပြန်ပါတယ်။
အဲဒီလမ်းတွေဟာ လက်ရှိအချိန်မှာ ခရီးသွားပြည်သူတွေအတွက် လုံးဝအသုံးပြုဖို့ မသင့်တော်တဲ့ အခြေအ နေ ဖြစ်နေတဲ့အတွက် အခုလို သတိပေးလိုက်တာပါ။
ကသာခရိုင် တပ်ရင်း ၁ အနေနဲ့ အကြမ်းဖက် စစ်ယာဉ်တန်းတွေကို တိုက်ခိုက်ချေမှုန်းရမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အဲဒီယာဉ်တန်းတွေနဲ့ကပ်ပြီး လိုက်ပါသွားလာတာမျိုး မလုပ်ကြဖို့လည်း မေတ္တာရပ်ခံ ထားပါတယ်။
သတိပေးချက် ထုတ်ပြန်ခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်ကစပြီး အဲဒီလမ်းတွေကို ဖြတ်သန်းသွားလာလို့ ဖြစ်ပေါ် လာတဲ့ အကျိုးဆက်တွေကို ကိုယ်တိုင်တာဝန်ယူရမှာဖြစ်ပြီး တပ်ရင်းအနေနဲ့ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အရပ်သားပြည်သူတွေအနေနဲ့ ကသာခရိုင် အမှတ် ၁ တပ်ရင်းဘက်က ဖြတ်သန်းသွားလာခွင့် ပေးတဲ့အချိန်မှ အဲဒီလမ်းတွေကို အသုံးပြုကြဖို့ တိုက်တွန်းထားတဲ့အပြင် အခုသတိပေးချက်ဟာ ပြည်သူတွေ ထိခိုက်နစ်နာမှု မရှိစေဖို့ ရည်ရွယ်ထုတ်ပြန်တာလို့ အသိပေးထားပါတယ်။
အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မော်လူးမြို့နဲ့ အနီးတဝိုက်မှာ အကြမ်းဖက် စစ်ကောင်စီ တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်နေတဲ့အတွက် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာ၊ မော်လူးမြို့အနီးပတ်၀န်းကျင်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ ဒရုန်နဲ့ တိုက်ခိုက်တာတွေ အပြင်းအထန်လုပ်နေတယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် မော်လူးမြို့အနီးမှာ ပိတ်မိနေတဲ့တဲ့ ခရီးသွားမိဘပြည်သူများ၊ ခရီးသည်တင်ကားတွေနဲ့ ကုန်တင် ကားတွေအားလုံး နဘားကျေးရွာဘက်သို့ အမြန်ဆုံး ချက်ချင်း ရွှေ့ပြောင်း ထွက်ခွာကြဖို့ အသိပေးထားပါ တယ်။မော်လူးမြို့ စျေးအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် လမ်းပိတ်လို့ ရပ်ထားတဲ့ ကုန်ကားတန်းတွေပေါ်ကို အကြမ်းဖက် စကစတပ်က ဒီနေ့ နိုဝင်ဘ ၆ ရက် မနက်အစောပိုင်းမှာ ဒရုန်းနဲ့ဗုံးကြဲချတဲ့အတွက် အရပ်သား တွေ ထိခိုက်မှုရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက ကနဦးသတင်းရရှိထားပါတယ်။⁩
—————————————
၄။⁨စစ်အုပ်စုဘက်က အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်စော်ကားနေတာတွေကို လျှော့မတွက်ဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး သတိပေး
==================
m.CDM၊ နိုဝင်ဘာ ၆

အာဏာသိမ်းစစ်အုပ်စုဘက်က အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်စော်ကား နေတာတွေကို လျှော့မတွက်ဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက သတိပေး လိုက်ပါတယ်။
၃၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီမှာ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ အစီရင်ခံစာကို ဆွေးနွေးတဲ့အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာပါ။
ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေးကွန်ဗင်းရှင်းအောက်ကနေ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုထားတဲ့အမှုနဲ့ သက်ဆိုင်တဲ့နိုင်ငံဖြစ်နေတဲ့အတွက် ၁၉ ရက်နေ့မှာ  စီရင်ချက်ချ မှတ်မှာကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
ဒီအမှုဟာ တရားစီရင်ချက်တခုတည်းနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်နိုင်မှာမဟုတ်တဲ့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီစီရင်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ့် သန္နိဋ္ဌာန်ရှိဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ စီရင်ချက်ကို တိတိကျကျ အကောင်အထည်ဖော်တာဟာ ထိခိုက်နစ်နာသူ အားလုံးအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ဖြစ်ပြီး နိုင်ငံတကာရာဇဝတ်မှုတွေ နောက်ထပ် ထပ်မဖြစ် စေဖို့ တားဆီးနိုင်ရေး အဓိကသော့ချက်ဖြစ်တယ်လို့ သံအမတ်ကြီးက အစည်းအဝေးတက်ရောက်လာသူ တွေကို ရှင်းပြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်သံသရာ အပြီးတိုင်ချုပ်ငြိမ်းဖို့ အချိန်တန်ပြီလို့ ပြောကြားခဲ့ပါတယ်။
—————————
၅။SCEF ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားလွှတ်တော်အမတ်တွေနဲ့တွေ့ပြီး ဖက်ဒရယ်ဒီမိုကရေစီအရေးနဲ့ လက်ရှိနိုင်ငံရေးအခြေအနေ ဆွေးနွေး
==================
m.CDM၊ နိုဝင်ဘာ ၆

နိုဝင်ဘာလ ၄ ရက်နေ့က “Myanmar’s Path to a Federal Democratic Union: SCEF’s Role and Opportunities for the Republic of Korea” ဆိုတဲ့ခေါင်းစဉ်နဲ့လုပ်ခဲ့တဲ့ဆွေးနွေးပွဲနဲ့ပတ်သက်လို့ အခုလို ထုတ်ပြန်လာတာပါ။
ဒီဆွေးနွေးပွဲကို တောင်ကိုရီးယား ဒီမိုကရက်ပါတီလွှတ်တော်အမတ် အီယုန်ဆွန်း၊ Rebuilding Korea Party RKP ပါတီက လွှတ်တော်အမတ် ဂင်ဂျွန်းဟျောင်းနဲ့ လွှတ်တော်ရဲ့ နိုင်ငံခြားရေးနဲ့ ငြိမ်းချမ်းရေးဖိုရမ်တို့က ဦးဆောင်ကျင်းပခဲ့ တာလို့ သိရပါတယ်။
ဆွေးနွေးပွဲကို RKP ပါတီက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဂင်ဂျွန်းဟျောင်း ဦးဆောင်ကာ လွှတ်တော် အမတ်တွေဖြစ်တဲ့ ဂင်ဟျောင်ယွန်း၊ ဘက်ဆွန်ဟီးနဲ့ဂန်ဂျောင်ဆုတို့ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲသဘာပတိအဖြစ် Dong-A တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန ပါမောက္ခ ဝန်းဒုံအု က ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

SCEF အတွင်းရေးမှူးအဖွဲ့ဝင်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၁ နဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ Karenni IEC နိုင်ငံခြားရေးရာကော်မတီတာဝန်ခံ Neineh Plo၊ ချင်းအမျိုးသားတပ်ဦး CNF က အထွေထွေ အတွင်းရေးမှူး Salai Thla Hei ၊ SCEF ဘဏ္ဍာရေးလုပ်ငန်း အဖွဲ့ဝင်နှင့် NUG ပြည်ထောင်စုစီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ တက်ရောက်ခဲ့ပြီး မြန်မာ့နိုင်ငံရေးရဲ့ လတ်တလောအခြေအနေ၊ SCEF ဖွဲ့စည်းမှု၊ ရည်မှန်းချက်နဲ့ လက်တွေ့ဖြစ်ထွန်းမှု အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
တောင်ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံရေးအရ ထောက်ခံပေးရုံတင်မဟုတ်ဘဲ လက်တွေ့ကျတဲ့ အားပေးကူညီမှုတွေပါ ဆောင်ရွက်ပေးဖို့ SCEF ကိုယ်စားလှယ်အဖွဲ့က တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံအတွင်းနဲ့ နယ်စပ်ဒေသတလျှောက်မှာလိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို SCEF နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့၊ နယ်မြေထိန်းချုပ်ထားနိုင်တဲ့ SCEF အဖွဲ့ဝင်အဖွဲ့အစည်းတွေကတဆင့် အကူအညီ လိုအပ်နေသူဆီရောက်အောင် ကြိုးပမ်းပေးဖို့နဲ့ ကိုရီးယားနဲ့ အာဆီယံကြား ဆက်ဆံရေးကတဆင့် မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေး နိုင်ငံတကာရဲ့တွန်းအားပေးမှုတွေကို တိုးမြှင့်ဆောင်ရွက်ပေးဖို့ အဓိကထား ဆွေး‌နွေးခဲ့တယ် လို့ သိရပါတယ်။
————————————
၆။ရွေဘို “ဘုရင်”ကားဂိတ် ဂိတ်မှူးနဲ့ စာရေးမတွေကို PDF သတင်းပေးဆိုပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်၊ပခုက္ကူမှာ စစ်ကော်မရှင် စစ်ကြောင်းက ရွာတွေကိုဝင်စီးပြီး ပြည်သူတွေကို ဖမ်းဆီးထား၊ကော့ကရိတ်မှာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီး၊
================
m.CDM နိုဝင်ဘာ ၆ ရက်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က “ဘုရင်”ကားဂိတ် ဂိတ်မှူးနဲ့ စာရေးမ ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့တွေထံ သတင်းပေး တယ်လို့ စွပ်စွဲပြီး စစ်ကော်မရှင်တပ်က ထောင်ဒဏ် နှစ် ၃၀ ကျော် ကနေ ၅၀ ကျော်အထိ အသီးသီး ချမှတ်လိုက် တယ်လို့ သိရပါတယ်။

သူတို့ ၃ ဦးကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့မှာ စစ်အုပ်စုက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာ ဖြစ်ပြီး၊ ရွှေဘိုခရိုင် တရားရုံးကနေ အောက်တိုဘာလ ၃၀ ရက်နေ့မှာ အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ မတရား ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

၎င်းတို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဝန်ထမ်းအချို့ကို ပြန်လွှတ်ခဲ့ပေမယ့် ဂိတ်မှူးဖြစ်သူ ကိုဇေယျာဝင်း ကို ထောင်ဒဏ် ၅၄ နှစ်၊ စာရေးမ မအေးမြင့်ဆွေ (ခ) မဆွေဆွေနဲ့ မသိမ့်သိမ့်သူ တို့ကို ထောင်ဒဏ် ၃၄ နှစ်စီ ချမှတ်ခဲ့တာလို့ သိရ ပါတယ်။

စစ်အုပ်စုနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေ အများဆုံးစီးလေ့ရှိတဲ့ အဆိုပါ ကားလိုင်းကို တားဆီးစစ်ဆေးရင်း စစ်တပ်နဲ့ ပတ်သက်သူ တချို့ကို ဖမ်းဆီးရမိခဲ့တာတွေ ရှိပေမယ့် ကားလိုင်းနဲ့ ပတ်သက်မှု မရှိဘူးလို့ တော်လှန်ရေးတပ်တွေ က ငြင်းဆိုထားပါတယ်။

ထို့အပြင် မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ နိုဝင်ဘာလ ၅ ရက်နေ့က ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်း ဟာ ကိုးပင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ ဖမ်းဆီးပြီးနောက် ကိုးပင်ရွာက အထည်ချုပ်စက်ရုံထဲမှာ ပြည်သူတွေကို ချုပ်နှောင်ထားပြီး ခေါ်ယူစစ်ဆေး တာတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ လူအရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နိုဝင်ဘာလ ၅ ရက်နေ့မှာပဲ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြောက်ပိုင်းက မြပတိုင်နိုင်ရွာကို စစ်ကော်မရှင် တပ်က ဒရုန်းနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးမှု မရှိခဲ့ပေမယ့် ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရ ာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-------------------------
၇။မန္တလေးမှာ ပျူစောထီး ဆိုသူတွေ ဓါးပြတိုက်ပြီး ပစ်ခတ်ခဲ့ရာ ဖုန်းဆိုင်ပိုင်ရှင် အပါအဝင် ၃ ဦး သေဆုံး၊ရန်ကုန်မှာ စစ်အုပ်စုလက်ပါးစေ လူမိုက်တွေက လူငယ်တွေကို ပေါ်ပေါ်တင်တင် ပေါ်တာဆွဲနေ၊
================
m.CDM နိုဝင်ဘာ ၆ ရက်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေ အဆင်းလမ်းရှိ ထာဝရဖုန်းဆိုင်ကို ပျူစောထီး ဆိုသူတွေက လာရောက်ဓါးပြတိုက်ရာကနေ ဖုန်းဆိုင်ရှင် အပါအဝင် ၃ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၅ ရက်၊ နေ့လယ် ၁ နာရီမှာ ဆိုင်ကယ်နဲ့ရောက်လာတဲ့ ဓားပြက "ငါပျူစောထီးကွ" ဆိုပြီး ငွေတောင်း ခဲ့ရာ ဆိုင်ရှင်ဖြစ်သူ ဦးအောင်မျိုးသန့် က အဖွဲ့နာမည်ကို ပြန်မေးခဲ့တဲ့အတွက် ပစ်သတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတဲ့ ဓားပြနောက်ကို ကားနဲ့ လိုက်ဖမ်းကြတဲ့ ဆိုင်ရှင်ရဲ့ ဦးလေးတော်စပ်သူ ဦးမောင် နဲ့ ဦးဖေလုံး တို့ ၂ ဦးကိုလည်း လိန်ပင်ကျေးရွာ အရောက်မှာ ဓါးပြက သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။

ထိုသို့ ပစ်ခတ်တာအပြင် ကားထဲကိုပါ လက်ပစ်ဗုံး ပစ်ထည့်ခဲ့ပြီး၊ ဗုံးမပေါက်ကွဲခဲ့ပေမယ့် သေနတ်ကျည် ထိမှန်ခဲ့ တာကြောင့် ဦးလေးဖြစ်သူ ၂ ဦးပါ ထပ်မံသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က လျှပ်စစ်ပစ္စည်းဆိုင်နဲ့ ဖုန်းဆိုင် ၂ ဆိုင် ဓါးပြတိုက်ခံခဲ့ရပြီး၊ မန္တလေးမြို့ပေါ်မှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ထို့အပြင် ရန်ကုန်မြို့၊ လှည်းတန်းနဲ့ စမ်းချောင်း မြို့နယ်တွေလို လူစည်ကားတဲ့ နေရာတွေမှာလည်း စစ်ကော်မရှင် တပ်ရဲ့ လက်ပါးစေ လူမိုက်တွေနဲ့ ပျူစောထီးတွေက အိမ်စီးကားတွေသုံးပြီး လူငယ်တွေကို ပေါ်ပေါ်တင်တင် ပေါ် တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကမာရွတ်မြို့နယ်၊ လှည်းတန်းမှာ ဆိုင်ဝန်ထမ်း တစ်ဦး ညဘက် ဆိုင်ရှေ့ထွက်ပြီး ဖုန်းပြောနေ စဉ်မှာ ဓါးကိုင်ထားတဲ့ လူမိုက်တွေ ကားနဲ့ ရောက်လာပြီး လိုက်ဖမ်းခဲ့ရာ ဆိုင်ထဲ ဝင်ပြေးခဲ့တာကြောင့် သီသီလေး လွတ်မြောက်ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။

အကြမ်းဖက် စစ်အုပ်စုလက်အောက်ခံ လူမိုက်တွေဟာ အကြောင်းအမျိုးမျိုးပြ စွပ်စွဲခြိမ်းခြောက်ပြီး၊ ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူငယ်တွေကို ညဘက်အပြင်မထွက်ဖို့နဲ့ တက် နိုင်သမျှ ရှောင်တိမ်းနေကြဖို့ အထူး သတိပေးထားပါတယ်။
---------------------------
၈။မြန်မာလုပ်သားတွေ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲခိုင်းတဲ့ စစ်အုပ်စုရဲ့ သတ်မှတ်ချက်ကို ထိုင်းအစိုးရ ကန့်ကွက်၊ကိုးရီးယားရောက် EPS လုပ်သားတွေကိုလည်း ၂၅ ငွေပြန်မလွှဲရင် အရေးယူမယ်လို့ စစ်အုပ်စု ခြိမ်းခြောက်၊
================
m.CDM နိုဝင်ဘာ ၆ ရက်။

ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဆီ ပြန်လွှဲခိုင်းတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ သတ်မှတ်ချက်ကို ထိုင်းအလုပ်သမားရေးဝန်ကြီး ဂျူလာပေါင် အမွန်ဗီဗတ် က ကန့်ကွက်လိုက်ပါတယ်။

CI လျောက်တဲ့အခါ လွန်ခဲ့တဲ့ ၃ လမှ ၆ လအတွင်း ဝင်ငွေရဲ့  ၂၅ ရာခိုင်နှုန်းကို သတ်မှတ်လမ်းကြောင်း ကတဆင့် ပြန်လွှဲထားကြောင်း အထောက်အထားပြဖို့ တောင်းဆိုနေပြီး ဒါဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ကန့်ကွက်ရတာလို့ ဆိုပါတယ်။

အဆိုပါ ကန့်ကွက်ချက်ကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ကတဆင့် စစ်ကော်မရှင်ရဲ့ အလုပ်သမား ဝန်ကြီးဌာန နဲ့ သံရုံးဆီကို တရားဝင် ကန့်ကွက်စာ ပေးပို့သွားဖို့ စီစဉ်နေတယ်လို့လည်း ဂျူလာပေါင် က အသိပေးခဲ့ပါတယ်။

မြန်မာလုပ်သားအရေး ဆောင်ရွက်သူတွေ တောင်းဆိုနေကြတဲ့ CI ဖျက်သိမ်းဖို့ ကိစ္စကိုတော့ အလုပ်သမားတွေရဲ့ နိုင်ငံသားဖြစ်မှု မှတ်တမ်းနဲ့ ဇီဝအချက်အလက်တွေကို မှတ်တမ်းယူနိုင်ဖို့ CI စင်တာတွေ လိုအပ်နေသေးတယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၇ ဖေဖော်ဝါရီနဲ့ မတ်လအတွင်း Workpermit သက်တမ်းကုန်မယ့် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပါမစ် သက်တမ်းကို ၂၀၂၉ အထိ တိုးပေးဖို့နဲ့ တရားဝင် ဒုက္ခသည်အဖြစ် သတ်မှတ်ခံထားရသူတွေကို သတ်မှတ်ထားတဲ့ ခရိုင်အတွင်း တခြားစာရွက်စာတမ်းမလိုဘဲ အလုပ်လုပ်ခွင့်ပေးဖို့ စီစဉ်ပေးမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အလားတူ တောင်ကိုရီးယားကို EPS စနစ်နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေကိုလည်း လစာ ရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် လမ်းကြောင်းက မလွှဲပါက အရေးယူမယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်နေပါတယ်။

ဒါ့အပြင် ပြင်ပငွေလဲလုပ်ငန်း (ဟွန်ဒီ)တွေကနေ ငွေလွှဲပါက ထောင်ဒဏ် ၃ နှစ် (ဒါမှမဟုတ်) ဝမ်သန်း ၃၀၀ အထိ ဒဏ်ရိုက်ခံရနိုင်သလို ပြည်နှင်ဒဏ်ပါ ပေးခံရနိုင်တယ်လို့လည်း အကြပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တခြားနိုင်ငံတွေက အလုပ်သမားတွေကိုလည်း ပတ်စပိုစ့်သက်တမ်းတိုးတဲ့အခါ ၃ လစာ အခွန်ဆောင်ဖို့ ဖိအားပေးနေသလို ပြင်တွင်းကို ခွင့်နဲ့ ပြန်လာသူတွေကိုလည်း ငွေလွှဲ အထောက်အထားနဲ့ အခွန်ဆောင်ထားတာ ပြနိုင်မှသာ ပြန်ထွက်ခွင့်ပေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။
--------------------------
၉။စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ဒေသတွေအပါအဝင် မြို့နယ် ၃၄ ခုက လစ်လပ်မဲဆန္ဒနယ်တွေမှာ စစ်အုပ်စုက ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်
====================
m.CDM နိုဝင်ဘာ ၆ ရက်။

အာဏာသိမ်း စစ်အုပ်စုက အသွင်ပြောင်းထားတဲ့ ရွေးတုအစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်  (UEC) ဟာ မြို့နယ် ၃၄ ခုက လစ်လပ်မဲဆန္ဒနယ် ၅၅ ခုအတွက် အတုအယောင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်သွားမယ်လို့ ဝင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

လာမယ့် ၂၀၂၇၊ ဧပြီလ ၄ ရက်နေ့မှာ လစ်လပ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ၃၄ နေရာ၊ အမျိုးသားလွှတ်တော် ၅ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၁၆ နေရာ အတွက် နိုင်သူအကုန်ယူ (FPTP) စနစ်ဖြင့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားတဲ့ မြို့နယ်တွေထဲမှာ စစ်ကော်မရှင်က ထိန်းချုပ်မရနေလို့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ကောလင်း၊ အင်းတော်၊ ပုလဲတို့လို မြို့နယ်တွေအပြင် လက်ရှိ စစ်ရေးပြင်းထန် နေတဲ့ ထီးချိုင့်၊ ယင်းမာပင်၊ တန့်ဆည်၊ မိုးကုတ်၊ စဉ့်ကူး၊ ကျောက်မဲ နဲ့ ဖလမ်း စတဲ့မြို့နယ်တွေလည်း ပါဝင်နေပါ တယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲ ကျင်းပစဉ်က လုံခြုံရေးအကြောင်းပြချက်နဲ့ မကျင်းပနိုင်ခဲ့ တဲ့ မြို့နယ် ၅၆ ခုထဲက ၉ မြို့နယ် ပြန်လည်ပါဝင်လာသလို အစိုးရအဖွဲ့ထဲ ရောက်သွားလို့ လစ်လပ်နေတဲ့ နေပြည် တော်နဲ့ ရန်ကုန်က မြို့နယ်တချို့အပြင် ပြင်ဦးလွင် မြို့နယ်လည်း ပါဝင်နေပါတယ်။

ဒါပေမယ့် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြောက်ဦး၊ ကျောက်တော် နဲ့ မောင်တော အပါအဝင် မြို့နယ် ၁၀ ခုဟာ အခုစာရင်းထဲမှာလည်း တစ်မြို့နယ်မှ ပါဝင်လာခြင်းမရှိတာကို တွေ့ရပါတယ်။

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
Uploaded Image
Share:

No comments:

Post a Comment