၃ - ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

၃ -  ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။မြောက်ဦးမြို့က ယာယီသားဖွားဆေးရုံကို စစ်တပ်ဗုံးကြဲတဲ့အတွက် မွေးကင်းစကလေးငယ်အပါအ၀င်၅ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

၂။အုပ်ဖိုမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် စတုတ္ထတန်း ကျောင်းသားတစ်ဦး ပွဲချင်းပြီး သေဆုံး၊ဟုမ္မလင်းမှာ တိုက်ပွဲမရှိဘဲ ဂျိုင်ရိုကော်ပတာ နဲ့ ၂ ရက်ဆက် ဗုံးကြဲ၊အင်းတော်၊ ကျောင်းကုန်းရွာကို စစ်ကော်မရှင်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီး၊

၃။ဖလမ်းမှာ ကလေး ၂ ဦးအပါအဝင် သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ ပြည်သူ ၄ ဦးရဲ့ ရုပ်အလောင်း တွေ့ရှိ၊

၄။မိခင်ဖြစ်သူ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး Free Her ကမ်ပိန်းမှာ ဆက်လက်ပါဝင် ကြဖို့ ကိုထိန်လင်း တိုက်တွန်း၊
ရန်ကုန် ဗိုလ်ချုပ်ဈေးမှာ ရေဘဝဲ လူငယ်အဖွဲ့က “FREE HER, FREE THEM ALL” လှုပ်ရှားမှု ပြုလုပ်⁨⁨⁨⁨ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨⁨⁨⁨မြောက်ဦးမြို့က ယာယီသားဖွားဆေးရုံကို စစ်တပ်ဗုံးကြဲတဲ့အတွက် မွေးကင်းစကလေးငယ်အပါအ၀င်၅ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ
====================
m.CDM၊ နိုဝင်ဘာ ၂

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာဖွင့်ထားတဲ့ ယာယီသားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က မနေ့ နိုဝင်ဘာ ၁ ရက် ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် မွေးကင်းစကလေးငယ်အပါအ၀င် ၅ဦး သေဆုံးပြီး ၉ ဒဏ်ရာရသွား တယ်လို့ ရခိုင့်တပ်တော် AA က တရားဝင် ထုတ်ပြန်လာပါတယ်။
လသားအရွယ်ကလေးတွေ၊ ကိုယ်၀န်ဆောင်တွေ၊ လူနာစောင့်တွေရှိ‌နေတဲ့ သားဖွား‌ဆေးရုံတည့်တည့်ကို နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ Cluster ဗုံး ၄ လုံးကြဲချခဲ့တာ လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ မွေးကင်းစကလေးငယ်တဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၅ ဦး သေဆုံး ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၉ ဦးအထိရှိခဲ့တဲ့အပြင် ဆေးဝန်ထမ်းအချို့ ဒဏ်ရာရရှိသလို ဆေးခန်းအဆောင် တွေနဲ့ လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တုန်းက မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် လူနာ၊ လူနာစောင့်၊ ၀န်ထမ်းစတဲ့ အပြစ်မဲ့အရပ်သားပြည်သူ ၃ဝ ထက်မနည်းသေဆုံးပြီး ၇၆ ဦး ဒဏ်ရာရခဲ့တာရှိပါတယ်။
အဲဒီ ပြည်သူ့ဆေးရုံကြီး ဗုံးကြဲဖျက်ဆီးခံရတာကြောင့် ကိုယ်၀န်ဆောင်မိခင်တွေနဲ့ ဒေသနေပြည်သူတွေ အတွက် ယာယီဖွင့်လှစ်ထားတဲ့ ယာယီဆေးကုခန်းနဲ့ သားဖွားဆောင်တွေ ထပ်ပြီး တိုက်ခိုက်ခံရတာပါ။
မြောက်ဦးမြို့ခံတွေကတော့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာပဲလို့ ဝေဖန်ပြောဆိုနေကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နို၀င်ဘာ ၁ ရက်တည်းမှာပဲ မြောက်ဦးမြို့က ယာယီဆေးရုံအပြင် ကျောက်တော်၊ ကျောက်ဖြူနဲ့ ဝီရဌာနေ စတဲ့ မြိုနယ်တွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် တရက်တည်း မှာပဲ ရခိုင်ပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် လူကြီးလူငယ် စုစုပေါင်း ၃၂ ဦး ဒဏ်ရာရ သွားတယ်လို့ AA ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
———————————
၂။အုပ်ဖိုမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် စတုတ္ထတန်း ကျောင်းသားတစ်ဦး ပွဲချင်းပြီး သေဆုံး၊ဟုမ္မလင်းမှာ တိုက်ပွဲမရှိဘဲ ဂျိုင်ရိုကော်ပတာ နဲ့ ၂ ရက်ဆက် ဗုံးကြဲ၊အင်းတော်၊ ကျောင်းကုန်းရွာကို စစ်ကော်မရှင်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီး၊
=================
m.CDM နိုဝင်ဘာ ၂ ရက်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဆင်ကူရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စတုတ္ထ တန်း ကျောင်းသားတစ်ဦး ဦးခေါင်းပွင့်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃၁ ရက်၊ မနက် ၂ နာရီမှာ အကြမ်းဖက် စစ်တပ်က ဒရုန်း ၂ စီးနဲ့ ၁၂၀ မမ ဗုံးသီး ၁၀ လုံး ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အသက် ၁၀ နှစ်အရွယ်ရှိ မောင်ကောင်းမြတ်သူ ဟာ နေရာမှာတင် သေဆုံးသွးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဦးစိန်ဝင်း (၄၈ နှစ်)၊ မောင်ကောင်းမြတ်ပိုင် (၁၅ နှစ်)၊ မမီးလေး (၁၅ နှစ်)၊ ဒေါ်မိုးသူ (၃၃ နှစ်) နဲ့ နောက် ထပ် အမျိုးသမီး ၁ ဦး တို့လည်း အသီးသီး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကော်မရှင်တပ်က ဂျိုင်ရိုကော်ပတာတွေ နဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့တာကြောင့် ပြည်သူတွေ ထိိခုက်ဒဏ်ရာရပြီး၊ နေအိမ်တွေ ပျက်စီးခဲ့ရပါတယ်။

အောက်တိုဘာ ၃၁ ရက်နဲ့ နိုဝင်ဘာ ၁ ရက်နေ့တွေမှာ အောင်ချမ်းသာရွာနဲ့ မြောက်ရွာ တို့ကို ဟုမ္မလင်းအခြေစိုက် စစ်ကော်မရှင် လေတပ်က ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ထီးချိုင့်လမ်းဆုံ အနီးက ကျောင်းကုန်းရွာကိုလည်း စစ်ကော်မရှင်တ ပ်က နိုဝင်ဘာလ ၂ ရက်၊ နေ့လယ် ၁၁ နာရီခန့်မှာ ဝင်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်မီးရှို့ ဖျက်ဆီးနေကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတာကြောင့် အိုက်မ၊ ကျောင်းကုန်း၊ စကားပင်နဲ့ ပိန္နဲကုန်းရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ် လို့ သိရှိရပါတယ်။
------------------------
၃။ဖလမ်းမှာ ကလေး ၂ ဦးအပါအဝင် သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ ပြည်သူ ၄ ဦးရဲ့ ရုပ်အလောင်း တွေ့ရှိ၊
==================
m.CDM နိုဝင်ဘာ ၂ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့က စစ်ကော်မရှင် တပ်စွဲထားတဲ့ နေရာအနီးမှာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ ကလေး- ငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃၁ ရက်၊ ညနေပိုင်းက ဟားခါးမြို့မှာ နေထိုင်တဲ့ သားအမိ ၃ ဦးဟာ သုံးဘီးယာဉ်နဲ့ ဖလမ်းမြို့ ဘက်ကို ပြန်လာချိန်မှာ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ အမျိုးသမီးရဲ့ ခင်ပွန်း ဖြစ်သူက လိုက်လံရှာဖွေခဲ့ရာ ဖလမ်းမြို့နဲ့ ၈ မိုင်ခန့်အကွာ၊ ရီအယ်လ်သီး ကျေးရွာအနီးမှာ ဇနီးဖြစ်သူ၊ သမီး ၂ ဦး နဲ့ သုံးဘီးယာဉ်မောင်း တို့ရဲ့ ရုပ်အလောင်း တွေကို တွေ့ရှိခဲ့ရတာလို့ ဆိုပါ တယ်။

ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတဲ့ နေရာအနီးမှာ စစ်ကော်မရှင်တပ်က ဂိတ်ချ တပ်စွဲထားတာဖြစ်ပြီး၊ လက်ရှိမှာ သေဆုံးသူ ၄ ဦးရဲ့ ရုပ်အလောင်းတွေကို ဖလမ်းမြို့က ယာယီဆေးရုံကို ပို့ဆောင်ပြီး စစ်ဆေးမှုပြုလုပ်နေတယ်လို့ သိရှိရပါတယ်။
————————————
၄။ရေးမှာ စစ်ကော်မရှင် စစ်ကြောင်းကို RMA မိုင်းဆွဲတိုက်ခိုက်၊ စစ်ကော်မရှင်ဘက်က ၃ ဦး ဒဏ်ရာရ၊တမူးမှာ စစ်ကော်မရှင်နဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းကို PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်၊
=================
m.CDM နိုဝင်ဘာ ၂ ရက်။

မွန်ပြည်နယ် ရေးမြို့နယ် ဒူးရားကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင် တပ်သား ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၃၁ ရက်၊ မနက် ၉ နာရီခန့်မှာ အင်အား (၅၀) ခန့်ပါတဲ့ ခမရ (၅၈၆) နဲ့ ခမရ (၂၉၉) ပူးပေါင်းစစ် -ကြောင်းကို ဒူးရားရွာထဲ ဝင်ရောက်နေရာယူချိန်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်ဘက်က တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ပြီး၊ မွန်တပ်တော် ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်၊ နေ့လယ်ပိုင်းမှာပဲ ကျွန်းရွာမှာ တပ်စွဲထားတဲ့ အင်အား ၄၀ ခန့်ပါ စစ်အုပ်စုကို RMA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး၊ RMA ဘက်ကလည်း ရဲဘော် ၁ ဦး ကျဆုံးခဲ့ရပါသေးတယ်။

စစ်ကိုင်းတိုင်း တမူးမြို့၊ မြို့မ (၁၄) ရပ်ကွက်၊ ချောင်းနက်ကြီး ကျေးရွာမှာလည်း အကြမ်းဖက် စစ်ကော်မရှင်တပ်
နဲ့ ပျူစောထီး ပူးပေါင်း တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂ ရက်၊ မနက် ၆ နာရီခန့်မှာ တမူး-မြို့သစ် လမ်းပေါ်က ချောင်းနက်ကြီး ပျူစခန်းကို ဝင်ရောက်စီးနင်း ခဲ့တာဖြစ်ပြီး တမူးမြို့ပေါ်ကနေ စစ်ကူတွေ ရောက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး အချို့ သေဆုံးမှုရှိခဲ့ပြီး၊ တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကော်မရှင် လေယာဉ်ပျံ ဝဲနေသလို တမူးမြို့တွင်းမှာလည်း စစ်ကားတွေနဲ့ ကင်းလှည့်နေတယ်လို့ သိရှိရပါတယ်။
---------------------------
၅။မိခင်ဖြစ်သူ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး Free Her ကမ်ပိန်းမှာ ဆက်လက်ပါဝင် ကြဖို့ ကိုထိန်လင်း တိုက်တွန်း၊
ရန်ကုန် ဗိုလ်ချုပ်ဈေးမှာ ရေဘဝဲ လူငယ်အဖွဲ့က “FREE HER, FREE THEM ALL” လှုပ်ရှားမှု ပြုလုပ်
==================
m.CDM နိုဝင်ဘာ ၂ ရက်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဖုန်းတစ်ကြိမ် ပြောခွင့်ရခဲ့ပေမယ့် ပုံမှန်ဆက်သွယ်ခွင့် မရသေးတာကြောင့် မိခင်ဖြစ်သူ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် Free Her ကမ်ပိန်းမှာ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ် က တိုက်တွန်းလိုက်ပါတယ်။

“မေမေ့အသံကို ကြားခဲ့ရတာနဲ့ပဲ မေမေ ဘေးကင်းတယ်၊ လွတ်လပ်နေတယ်၊ ဆေးကုသမှု မလိုတော့ဘူးလို့ မဆို နိုင်ပါဘူး” လို့ ကိုထိန်လင်း က ဆိုပါတယ်။

ဒါ့အပြင် ဖုန်းတစ်ကြိမ် ပြောခွင့်ရပြီးနောက်ပိုင်း မိခင်အကြောင်း ဘာသတင်းမှထပ်မရသေးသလို မိသားစုနဲ့ပုံမှန် ဆက်သွယ်ခွင့်ရဖို့လည်း အာမခံချက် မရှိသေးဘူးလို့ သူက ပြောပါတယ်။

ဒါအပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံတကာဖိအားတွေကို လျော့ချနိုင်ဖို့ မိခင်ဖြစ်သူကို အသုံးချနေ တာဖြစ်ပြီး၊ မင်းအောင်လှိုင် အနေနဲ့ ဘာတွေ လက်တွေ့လုပ်ဆောင်ပြခဲ့လို့လဲ ဆိုပြီး သူ့ကို ကြိုဆိုနေကြတဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေကို မေးခွန်းထုတ်ထားပါတယ်။

အခုလို ဖုန်းတစ်ကြိမ်ပြောခွင့်ရတာဟာ တိုးတက်မှုမဟုတ်ဘဲ “အသိအမှတ်မပြုခင် တာဝန်ခံမှုရှိရမယ်”လို့ ကင်မ် က ဆိုပါတယ်။

ဒါ့ကြောင့် မိခင်ဖြစ်သူနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး FREE HER လှုပ်ရှားမှုရဲ့ ဝက်ဘ်ဆိုက် ကနေ ပို့စ်ကတ်တွေ ဒေါင်းလုဒ်ဆွဲပြီး သက်ဆိုင်ရာသံရုံးတွေနဲ့ လူမှုကွန်ရက်တွေမှာ မျှဝေပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အလားတူ ရန်ကုန်မြို့က ဗိုလ်ချုပ်အောင်ဆန်းဈေး မှာလည်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် "FREE HER, FREE THEM ALL" စာတန်းကိုင်ဆောင်ပြီး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် လူငယ်တွေဦးဆောင်တဲ့ ရေဘဝဲအဖွဲ့ဟာ ကိုထိန်လင်းနဲ့အတူ ရပ်တည်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းတွေနဲ့ ရန်ကုန်မြို့မှာ ဆက်လက် လှုပ်ရှားသွား မယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
-----------------------
၆။နယ်စပ်ဒေသက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ကို စစ်ရေးနဲ့ သံတမန်ရေးအရ သတိပေးထားတယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော
===============
m.CDM နိုဝင်ဘာ ၂ ရက်။

နယ်စပ်တစ်လျှောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ ပိုင်နက်ထဲကို ဗုံးနဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိနေတဲ့အတွက် မြန်မာစစ်ကော်မရှင်ကို စစ်ရေးနဲ့ သံတမန်ရေးလမ်းကြောင်း နှစ်ခုလုံးကနေ သတိပေးထားတယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ် က ပြောပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့၊ ထိုင်းသတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာစစ်ကော်မရှင်ထံ တရားဝင် ကြေညာချက် ထုတ်ပြန်သင့်တယ်ဆိုတဲ့ အတိုက်အခံပါတီတွေရဲ့ တောင်းဆိုမှုအပေါ် ဝန်ကြီးချုပ်က အခုလို တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ထိုင်းတပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် နဲ့ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖွန်းကက်ကဲ က ထိုင်းနိုင်ငံရဲ့ စိုးရိမ်မှုတွေကို စစ်ကော်မရှင်ထံ အသိပေးခဲ့သလို မြန်မာသံရုံး တာဝန်ရှိသူတွေကိုလည်း ဆင့်ခေါ်ပြီး တရားဝင် သတိပေးသွားမယ်လို့ သူက ဆိုပါတယ်။

နယ်စပ်တစ်လျှောက်မှာလည်း နေ့စဉ် ပေါက်ကွဲမှုတွေ ဖြစ်နေတာကြောင့် နှစ်နိုင်ငံပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ ပဋိပက္ခနဲ့ မသက်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေ မထိခိုက်စေဖို့ စစ်ရေးလှုပ်ရှားရာမှာ ပိုပြီးသတိထားဖို့ကိုလည်း တောင်းဆိုထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နယ်စပ်လုံခြုံရေးအတွက် ကင်းလှည့်တပ်ဖွဲ့ အင်အားတိုးမြှင့်ပြီး စစ်ရေးအသင့်အနေအထား မြှင့်တင်ထ ားပေမယ့် ပဋိပက္ခကျယ်ပြန့်လာစေနိုင်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို အတတ်နိုင်ဆုံး ရှောင်ရှားဖို့ ညွန်ကြားထာ းတယ်လို့ သိရပါတယ်။

“ဒီတိုက်ပွဲတွေဟာ ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေနဲ့ ဘာမှမဆိုင်ဘူး” လို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ပြောဆိုခဲ့ပြီး ထိုင်းတပ်မတော် အနေနဲ့ နိုင်ငံပိုင်နက်နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို အပြည့်အဝ ကာကွယ်သွားမယ်လို့ အသိပေး ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူတွေကို လူသား- ချင်းစာနာမှုဆိုင်ရာ မူတွေနဲ့အညီ စောင့်ရှောက်ပေးထားမှာဖြစ်ပြီး၊ တိုက်ပွဲဖြစ်နေချိန်မှာ အတင်းအကျပ် ပြန်ပို့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

နယ်စပ်အခြေအနေ တည်ငြိမ်သွားချိန်မှာ နေရပ်ပြန်နိုင်ဖို့ ကူညီပေးသွားမှာဖြစ်သလို တရားဝင်ခွင့်ပြုချက် မရှိဘဲ ဆက်လက်နေထိုင်ဖို့ ကြိုးပမ်းသူတွေကိုတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေအတိုင်း အရေးယူသွားမယ် လို့ သူက ဆက်ပြောပါတယ်။

KNU နဲ့ ကုန်သွယ်မှုပြုလုပ်ပါက ထိုင်းဘက်က ကုန်လှောင်ရုံတွေကို ဖျက်ဆီးမယ်လို့ စစ်ကော်မရှင် တပ်ဘက်က ခြိမ်းခြောက်ထားတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ဘာမှ မကြားသိရသလို အတည်ပြုနိုင်တဲ့ အချက် အလက်လည်း မရသေးဘူးလို့ ဝန်ကြီးချုပ်က ငြင်းဆိုခဲ့ပါတယ်။
-------------------------
⁨၇။⁨မိုးစပါးနဲ့ စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းချိန်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင် ထားဖို့ NUG တိုက်တွန်း
=====================
m.CDM၊ နိုဝင်ဘာ ၂

မြန်မာနိုင်ငံအတွင်း အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းအရှိန်ကြောင့် မိုးစပါးနဲ့ စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းချိန်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာထာက်ထားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ မှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။
နိုဝင်ဘာ ၂ ရက်ကနေ ၈ ရက်နေ့အထိ တပတ်တာ မိုးလေဝသခန့်မှန်းချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နိုင်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။
မိုးရွာသွန်းမယ့် အခြေအနေကတော့ မြန်မာနိုင်ငံအရှေ့မြောက်ဘက်မှလာတဲ့ လေပွေလှိုင်း အရှိန်ကြောင့် ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာ နေရာကွက်ကျား မိုးရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်တယ်လို့ သိရ ပါတယ်။
တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာဆိုရင် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ NUG လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာထာက်ထားရေး ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
 ဒီတစ်ပတ်ထဲမှာ မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးရွာသွန်းနိုင်တာကြောင့် နေ့အပူချိန်တွေပြန်လည်ကျဆင်းနိုင် တယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။⁩

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။17.jpg
Share:

No comments:

Post a Comment