ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များနဲ့ နောက်ဆုံး ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်နေ့ရက်စွဲဖြင့် ကြေညာချက် အမှတ် (၅ /၂၀၂၁) ကိုထုတ်ပြန်
အာဆီယံနိုင်ငံများအနေနဲ့ အကြမ်းဖက်စစ်တပ်နှင့်တွေ့ဆုံမှုများမလုပ်ဘဲဒိမိုကရေစီအစိုးရ NUG နဲ့သာဆွေးနွေးမှုပြုလုပ်ဖို့ Justice for Myanmar အဖွဲ့ကတောင်းဆို
အရာတော်မြို့နယ် ကဲဘာကျေးရွာရှိ ပြည်သူတွေရဲ့နေ့အိမ် ၁၀၀ ကျော်ကို အာဏာသိမ်းစစ်တပ်က မီးရှို့
ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်နေ့ရက်စွဲဖြင့် ကြေညာချက် အမှတ် (၅ /၂၀၂၁) ကိုထုတ်ပြန်ခဲ့ပါတယ်
ကြေငြာချက် အပြည့်အစုံမှာ
“ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့်ပက်သက်သော ကြေညာချက် ”
၁။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် ကရင်နီတပ်မတော် (KA) နှင့်အတူလက်တွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးတွင် တပ်ဦးမှတွန်းလှန် တိုက်ခိုက်နေသော တပ်ဖွဲ့ဖြစ်သည်။ KNDF သည် စနစ်ကျသော ဖွဲ့စည်းပုံ၊ စစ်ဦးစီးမှု၊ ခိုင်မာသော မူဝါဒများဖြင့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ၏ ကြီးကြပ်မှု အောက်တွင် ရပ်တည်လျက်ရှိသည်။
၂။ KNDF သည် ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ကာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲ ဝင်နေသည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည်။
၃။ ထို့အပြင် KNDF သည် ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ) နှင့်လည်း မြေပြင်စစ်ရေး၊ နိုင်ငံရေးအခြေအနေများကို စဉ်ဆက်မပြတ် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်၍ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သည် ကရင်နီပြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ) က အသိအမှတ်ပြု၊ ပူးပေါင်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။
ပုံ
ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
လို့ ရေးသားပါရှိပါတယ်
========================
အာဆီယံနိုင်ငံများအနေနဲ့ အကြမ်းဖက်စစ်တပ်နှင့်တွေ့ဆုံမှုများမလုပ်ဘဲဒိမိုကရေစီအစိုးရ NUG နဲ့သာဆွေးနွေးမှုပြုလုပ်ဖို့ Justice for Myanmar အဖွဲ့ကတောင်းဆိုလိုက်ပါတယ်
လက်ရှိအချိန်တွင် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အာဆီယံအစည်းအဝေးများတွင် နိုင်ငံကိုယ်စားပြုသူအနေနဲ့ အသတ်အမှတ်ပြုခံရခြင်းမရှိခဲ့ပါဘူး။
သို့ပေမယ့်အချို့သော နိုင်ငံကိုယ်စားပြုသူအဆင့်မဟုတ်တဲ့အစည်းအဝေးများမှာတော့ အာဆီယံနိုင်ငံများဟာ စစ်ကောင်စီရဲ့လက်အောက်ခံ ဌာနအဖွဲ့အစည်းတွေကို အစည်းအဝေးတက်ရောက်စေခြင်းမျိုးကိုလည်းတွေ့နေရပါတယ်။ ထို့ကြောင့် အာဆီယံအနေဖြင့် တရားမဝင် စစ်ကောင်စီအား အစည်းအဝေးများ၊ တွေ့ဆုံပွဲများနှင့် အခမ်းအနားများ အားလုံးမှ ဖယ်ရှားရန်လိုပါကြောင်း ၊ မြန်မာနိုင်ငံ၏ တရားဝင် ဒီမိုကရေစီအစိုးရ ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့်သာ စေ့စပ်ဆွေးနွေးရန် Justice For Myanmar အဖွဲ့က တောင်းဆိုခဲ့ကြပါတယ်။
ပထမအကြိမ် အာဆီယံ-ရုရှား ရေတပ်စစ်ရေး လေ့ကျင့်မှုကို ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်ခဲ့ကြရာမှာ အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ်ဗိုလ်မှူးချုပ် ဇော်ဇော်လတ် ဦးဆောင်သည့် ကျန်စစ်သားစစ်ရေယာဉ် ပါဝင်ခဲ့ပါတယ်။ အကြမ်းဖက် စစ်ကောင်စီကလည်း အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပူးတွဲ စစ်နည်းဗျူဟာဆိုင်ရာ လှုပ်ရှားဆောင်ရွက်ခြင်း၊ အချက်ပြ ဆက်သွယ်ခြင်းသင်တန်း၊ ဆက်သွယ်ရေး ဆိုင်ရာများနှင့် သံသယဖြစ်ဖွယ် ရေယာဉ်များအား ကြားဖြတ် ထောက်လှမ်းခြင်းများ ပါဝင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ် ထိုကဲ့သို့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုမှာ လူမဆန်သည့်စစ်ရာဇဝတ်မှုများကိုပေါ်ပေါ်ထင်ထင်ကျူးလွန်လျက်ရှိတဲ့ မြန်မာ့ရေတပ်အား တိုက်ရိုက် ပံ့ပိုးလိုက်ခြင်းဖြစ်ကြောင်းနှင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအား အပြစ်ပေးခံရခြင်း မရှိတဲ့အပြင် အပြစ်ကျူးလွန်နေတဲ့ မြန်မာစစ်တပ် စွမ်းရည်များကို မြှင့်တင်ပေးခြင်း ဖြစ်ကြောင်း Justice For Myanmar က ပြင်းပြင်းထန်ထန် ထောက်ပြ ဝေဖန်ပါတယ်။ အခုလို စက်ဆုပ်ဖွယ်ရာ စစ်ရေးပူုးပေါင်းဆောင်ရွက်ခြင်းက မြန်မာ့အရေးတွင် အာဆီယံ ဦးဆောင်မည် ဆိုသည့်ကိစ္စမှာ မဖြစ်သင့်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ခိုင်လုံသည့် အချက်ပေး ခေါင်းလောင်း ဖြစ်စေခဲ့ကြောင်း ပြောပါတယ်။ ထို့အပြင် နိုင်ငံတကာ အသိုင်းအဝန်းအားလုံးတို့ကလည်း အာဆီယံ၏ နောက်တွင် ပုန်းကွယ်နေခြင်းကို ရပ်တန့်သင့်ပါပီ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတဆင့် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ မြန်မာစစ်တပ်မှ ကျူးလွန်သူများအား နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းခြင်းများ အတွက် ပြတ်သားသည့် အရေးယူ ဆောင်ရွက်ချက်များ ချမှတ်ရမယ့်အချိန်လည်းဖြစ်ကြောင်း Justice For Myanmar က တောင်းဆိုခဲ့ပါတယ်
========================
အရာတော်မြို့နယ် ကဲဘာကျေးရွာရှိ ပြည်သူတွေရဲ့နေ့အိမ် ၁၀၀ ကျော်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ခဲ့ကြပါတယ်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကဲဘာကျေးရွာအတွင်းရှိ ဒေသခံများ၏ နေအိမ်အလုံးပေါင်း ၁၀၀ကျော်ကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ၁၃ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ အင်အား၇၀ခန့်ပါဝင်သည့် စစ်ကြောင်းသည် ကဲပါကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနေ့လယ် ၁၁နာရီမှ၁၂နာရီကျော်အတွင်း ဒေသခံနေအိမ်များကို အကြောင်းမဲ့မီးရှို့လိုက်ကြတာပါ။ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲများကို ပြင်းပြင်းထန်ထန်ခုခံတော်လှန်နေကြတဲ့စစ်ကိုင်းတိုင်းတွင်းရှိမြို့နယ်အတော်များများကို စစ်ကောင်စီကအခုလိုပဲ ရွာထဲ ဝင်ပီး ခုခံတော်လှန်မှုအကြောင်းပြ ဖျက်ဆီးသတ်ဖြတ်မှုတွေဟာ ရပ်တန့်ခြင်းမရှိသေးပါဘူး။ "အရင်တုန်းက ပျူစောထီးတွေရှိတဲ့ သလဲဘာရွာမှာ တိုက်ပွဲဖြစ်ဖူးတယ်။ အဲဒါကို ဒီမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိတယ်ဆိုပြီး လာရှာတာ။ မတွေ့တဲ့အတွက် စစ်တပ်ကမီးရှို့ခဲ့တာ" ဟုဒေသခံတစ်ဦးက ပြောပါတယ်။ အကြမ်းဖက်စစ်တပ်သည် ကဲဘာကျေးရွာနံဘေးရှိ ပျူစောထီးများရှိရာ သလဲဘာကျေးရွာတွင် စစ်ကြောင်းအခြေချပါတယ်။ ထို့နောက် ပြည်သူ့ကာကွယ်ရေးတပ်များ ရှိနိုင်မည့်နေရာများကိုလိုက်ရှာလေ့ရှိပြီး မတွေ့သည့်အခါတိုင်းမှာ အခုလို စိတ်ထင်တိုင်း မီးရှို့ဖျက်ဆီးနေကြတာပါ။
အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းချီလာမည်ကို ကြိုတင်သိရှိရတိုင်း ဒေသခံများအနေဖြင့် ကြောက်လန့်တကြားဖြင့် ကြိုတင်ရှောင်ရှားခဲ့ကြပါတယ် ထိုဒေသတဝိုက် ကာကွယ်ရေးအဖွဲ့ဝင်များကလည်း ရရာလက်နက်ကိုင်စွဲဲပီး အာဏာရှင်စစ်တပ်သွားရာလမ်းကြောင်းများကို မိုင်းခွဲတိုက်ခိုက်နေတာရှိပီး အကြမ်းဖက်စစ်တပ် အနေနဲ့ ရွာတွေထဲဝင်ရောက်လာနိုင်တိုင်း တရွာလုံးကိုပုံချပြီး မီးရှို့ဖျက်ဆီးလေ့ရှိပါတယ်
"သူတို့ရွာထဲဝင်တဲ့အချိန်မှာ ကျနော်တို့က မိုင်းတွေဘာတွေ ထောင်ထားတာတွေလုပ််တယ်။လူတွေကတော့ကြိုရှောင်ထားတဲ့အတွက်ထိခိုက်မှုမရှိခဲ့ဘူး။
ပစ္စည်းတွေဆုံးရှုံးတဲ့အတွက်ငိုနေကြတာတော့ရှိတယ်" PDF ပူးပေါင်းအဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောပါတယ်။ အိမ်ခြေ၅၀၀ကျော်ရှိသည့်အနက် ကဲဘာရွာမြောက်ပိုင်းရှိ နေအိမ်တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး တောင်ပိုင်းမှနေအိမ်များကိုမူ အကြမ်းဖက်စစ်တပ်အနေ ဖြင့် မီးရှို့ခြင်းမပြုလုပ်ဘဲ နေအိမ်များနှင့် အတွင်းရှိ ပစ္စည်းများကိုတော့ ဖျက်ဆီးသွားကြပါတယ် ။ တော်လှန်ရေးတပ်များရဲ့ စားနပ်ရိက္ခာကိုဖြတ်တောက်တဲ့အနေနဲ့ အိမ်ထဲတွေ့သမျှထမင်းအိုးများကို မှောက်သွန်သွားခြင်း စားနပ်ရိက္ခာများကို ဖျက်ဆီးသွားခြင်းကိုလည်း ပြုကျင့်ကြပါတယ် လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ တန့်ဆည်၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ ကန့်ဘလူ၊ မြောင်စသည့် ဒေသများတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များအကြားတိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပီး မြို့နယ်လေးခုမှ လူနေအိမ်ပေါင်း ၂၆၀၀၀ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရပြီးစစ်ရှောင်ဦးရေ ၄၀၀၀၀ နီးပါးရှိနေတယ်လို့ ကုသမဂ္ဂမှစာရင်းထုတ်ပြန်ထားပါတယ်
========================
ခုဆက်လက်ပီး ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ ကို ပြန်လည်ဖတ်ကြားပေးပ့ါမယ်
အဆိုပါ သတင်းခေါင်းစဉ်တွေကတော့ -
- အထူးငွေတိုက်စာချုပ် ဝယ်ယူရေးနဲ့ပက်က်ပြီး အသိပေးခြင်းတရပ်ကို စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်တဲ့သတင်း
- နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အပေါ် CRPH က ကြိုဆိုကြောင်း သတင်း
- ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီသည် အာဏာရှင်စနစ် အမျိုးမျိုးကို နည်းလမ်းပေါင်းစုံဖြင့် တော်လှန်သွားမည်ဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခြင်းသတင်း
- အာဏာသိမ်းစစ်ကောင်စီသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများကို နှောင့်ယှက်ဟန့်တားနေတဲ့သတင်း
- စစ်ကောင်စီလက်အောက်ခံ စရဖ ကားက ဝင်တိုက်လို့ CDM လက်ထောက်ပညာရေးမှူးနှင့်အတူ အမျိုးသမီးငယ်နှစ်ဦးအသက်ဆုံးရှုံးခဲ့တဲ့သတင်း
- နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားမှုအတွက် ဒေါက်တာ ဇော်မြင့်မောင်အား သက်သေထွက်ဆိုရန် ရှိပေမယ့်တားမြစ်ခံခဲ့ရကြောင်းသတင်း
- မန်းလေးတွင် PDF ၂ ဦးကျဆုံးသွားပီး ၃ ဦးပြင်းထန်ဒဏ်ရာနှင့်အတူ ဖမ်းဆီးခံခဲ့ရတဲ့သတင်း
- အောက်ရေဖြူအုပ်စုတွင် စစ်ကောင်စီတပ် ဧည့်စာရင်းအကြောင်းပြ၍ ငွေညစ်နေတဲ့အပြင် လူအချို့ကို ဖမ်းဆီးပြီး ကတုံးတုံး၍ ပြန်လွှတ်နေတဲ့သတင်း
- ရခိုင်တွင်ကိုဗစ်ကြောင့် သေဆုံးသူ ၅၀၀ ဦးရှိပြီး၊ ပိုးတွေ့မှုလည်းနေ့စဉ်လိုလိုရှိနေဆဲသတင်း
- ကာလိ ပြည်သူ့စစ်အဖွဲ့မှ ဈေးသည် အမျိုးသမီး (၂)ဦးကို ရိုက်နှက် ခဲ့တဲ့သတင်း စသည်တို့ဖြစ်ပါတယ်
No comments:
Post a Comment