25th Dec 2021 - Evening Daily News by Radio NUG

ဒီဇင်ဘာလ ၂၅ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ခရစ္စမတ်နေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်သဝဏ်လွှာ
📌ဖားကန့်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ရေမဆေးသမား ၄ ဦးခန့် ထိခိုက်ဒဏ်ရာရ၊ တစ်ဦးသေဆုံး
📌ဗထူးတပ်မှ စစ်သားများ လမ်းသွားလမ်းလာများကို တားဆီး ရိုက်နှက်စစ်ဆေး
📌မြိတ်-ထားဝယ် ခရီးသည်တင်ယာဉ်တန်းကို စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦး ဒဏ်ရာရ
📌ရွာငံ နွားဘန်းကြီးရွာကို စစ်တပ်ကဝင်မွှေ၊ လူနေအိမ်များကို လိုက်လံဖျက်ဆီးပြီး လက်ရှိအချိန်ထိ ရွာသူ/သား (၁၅၀)ကျော်ခန့် ဖမ်းဆီးခံထားရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

ပထမဆုံးအနေနဲ့

📌📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ခရစ္စမတ်နေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်သဝဏ်လွှာကို ဖတ်ကြားပေးပါ့မယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်
၁။ ယနေ့သည် သခင်ယေရှုခရစ်တော်ဖွားမြင်တော်မူခြင်းအထိမ်းအမှတ်တည်းဟူသောခရစ္စမတ်နေ့ဖြစ်သည်။ ဤမွန်မြတ်သော ခရစ္စမတ်နေ့ရက်အချိန်အခါသာမယတွင် ပြည်ထောင်စုမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျက်နှုတ်ခွန်းဆက်သအပ်ပါသည်။
၂။ သခင်ယေရှုခရစ်တော်သည် လူ့ဇာတိကို ခံယူတော်မူလျက် ဤကမ္ဘာလောကထဲသို့ကြွလာတော်မူခြင်းမှာ “ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းငှာလည်းကောင်း၊ နှလုံးကြေမွသော သူတို့၏ အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာ လည်းကောင်း၊ ညှင်းဆဲခံရ သောသူတို့ကိုကယ်မစေခြင်းငှာလည်းကောင်းနှင့် ထာဝရဘုရား၏မင်္ဂလာနှစ်နှင့် ဘုရားသခင် အပြစ်ပေးတော် မူရာနေ့ရက်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း” (ဟေရှာယ ၆:၁-၃၊ ရှင်လုကာ ၄: ၁၉) ဖြစ်ကြောင်း သမ္မာကျမ်းစာတော်တွင် ဖော်ပြထားပါသည်။
၃။ သမ္မာကျမ်းစာတော်တွင်ဖော်ပြချက်အရ ဤကမ္ဘာလောကနှင့် လူသားတို့အား ပျက်စီးရာထဲသို့ ရောက်စေ သူမှာ မာရ်နတ်ဖြစ်သည်။ သခင်ယေရှုခရစ်တော်က မာရ်နတ်နှင့်ပတ်သက်၍ “မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကို သတ်သောသူဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသာစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသာစကား၌ကျင်လည်သောသူဖြစ်၏။ မုသာ၏ အဘလည်းဖြစ်၏” (ရှင်ယောဟန် ၈:၄၄) ဟူ၍ အတိအလင်းဖော်ပြခဲ့သည်။
၄။ မာရ်နတ်၏တန်ခိုးကို ရိုက်ချိုး၍ လူတို့အားလွတ်မြောက်ခြင်းကို ပေးအပ်နိုင်ရန် သခင်ယေရှုခရစ်တော် သည် ဤလောကသို့ကြွဆင်းလာခဲ့သည်။ ထိုသခင်ယေရှုခရစ်တော်သည် မတရားမှုကို ကိုယ်တိုင် လက်မခံ ငြင်းဆန် သည်သာမက၊ မတရားပြုသူများနှင့် မတရားမှုကိုမြင်တွေ့သော်လည်း ရေငုံနုတ်ပိတ်နေကြ သူများအား ပြင်းထန်စွာထောက်ပြခဲ့သည်။ ထို့အတူ နတ်ဆိုးနှင့်အလားသဏ္ဍာန်တူသော ကျူးကျော်အုပ်စိုး သူများအား မောင်းထုတ်ဖယ်ရှားနိုင်မှသာ စစ်မှန်သည့်ငြိမ်းချမ်းမှုနှင့် လူပီသသည့် ဘဝရရှိနိုင်မည်ဟု လေဂေါင်နတ်ဆိုးစွဲသော ဂါဒရပြည်သား၏ဖြစ်ရပ် (ရှင်လုကာ ၈:၂၆-၃၉) ဖြင့် သွန်သင်တော်မူခဲ့သည်။
၅။ ဤခရစ္စမတ်နေ့ရက်အခါသာမယတွင် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ဘေးရန်ခပ်သိမ်းမှ ကင်းလွတ်လုံခြုံ ၍ ငြိမ်သက်ချမ်းသာခြင်း၏ဝမ်းမြောက်စရာသတင်းကောင်းများဖြင့် ရွှင်လန်းချမ်းမြေ့နိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤနှုတ်ခွန်းဆက် သဝဏ်လွှာကို ပေးပို့အပ်ပါသည်။
“မြေကြီးပေါ်၌ ငြိမ်သက်ခြင်းရှိစေသတည်း။ လူအပေါင်းတို့၌မေတ္တာကရုဏာရှိစေသတည်း” (ရှင်လုကာ ၂:၁၄)
အမျိုးသား ညီညွတ်ရေးအစိုးရ လို့ဖော်ပြပါရှိပါတယ်။

========================

📌📌ဖားကန့်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ရေမဆေးသမား ၄ ဦးခန့် ထိခိုက်ဒဏ်ရာရ၊ တစ်ဦးသေဆုံး

ဖားကန့်မှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေမဆေးသမားတွေ ၄ ဦးထက်မနည်း ကျည်ထိမှန်ဒဏ်ရာရှိကာ တစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ ဖားကန့်စစ်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် မော်မောလီယန်အနီး အင်ဘလာခရှိ ကျောက်စိမ်းကုမ္ပဏီဝင်း တစ်ခုမှာ လက်နက်ကြီး ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဖြစ်သွားတာက ည ၈နာရီလောက် ဟုတ်တယ်။ ဗျူဟာကုန်းကနေ ၄ နေရာဘက်ကို လက်နက်ကြီးလှမ်းပစ်တာ။ အင်ဘလာခ မှာက ၂ လုံးကျတယ်။ အဲမှာရှိတဲ့ လုပ်ကွက် ကုမ္ပဏီဝင်းမှာကျလို့ ဘက်ဟိုးမောင်းတဲ့ သူက အဲ့နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ပါတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၄ ဦးအနက် ၁ ဦးမှာ ပြင်ထန်ဒဏ်ရာရရှိထားကြောင်း သိရပါတယ်။
အဲဒီလို လက်နက်ကြီး ပေါက်ကွဲမှုဖြစ်ခဲ့တာဟာ မြန်မာသူရကုမ္ပဏီလုပ်ကွက်ဟောင်းနေရာဖြစ်ပြီး လုပ်ကွက်အတွင်း အသုံးပြုနေတဲ့ဘက်ဟိုး ၂စီးလည်း ထိခိုက်ပျက်ဆီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုမှာ ဒီဇင်ဘာ ၂၃ နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်လောက်မှာ အင်တော်ကြီးဒေသဘက်က တက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၈၀ ဝန်းကျင်လောက်ကို KIA က ဝှေ့ခါမှော်အနီးမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ခြိမ်းခြောက်မှု ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

========================

📌📌ဗထူးတပ်မှ စစ်သားများ လမ်းသွားလမ်းလာများကို တားဆီး ရိုက်နှက်စစ်ဆေး

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ဗထူးတပ်က တပ်သားတွေဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို တားဆီးပြီး စစ်ဆေးမှုတွေပြုရာမှာ ရိုက်နှက်မှုတွေ ပါရှိနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၆ နာရီခွဲဝန်းကျင်အချိန်မှာ အပြင်ထွက်လာတဲ့ လူငယ်နှစ်ဦးကို ဗထူးတပ်မှ တပ်သားတို့က တားဆီးစစ်ဆေးပြီး ရိုက်နှက်ခြင်းလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
“ည ၇ နာရီတောင် မထိုးသေးဘူး၊ အပြင်ထွက်လာတဲ့ ပြည်သူတွေကို တားပြီး စစ်တယ်၊ အများစုကတော့ လူငယ်တွေကို တားပြီးစစ်တာ။ အပြင်ထွက်လာတာ တချို့က ဖုန်းမပါလာလို့ ပါးရိုက်ခံရတာ ရှိတယ်၊ ကျနော့်ရှေ့ကဖြတ်သွားတဲ့ လူငယ်စုံတွဲနှစ်ဦးက တုတ်နဲ့ သုံးချက်လောက်အရိုက်ခံရတယ်” လို့ မျက်မြင်တွေ့ရတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးက ပြောပါတယ်။
မည်သည့်ထုတ်ပြန်ချက်မှမရှိပဲ ဗထူးတပ်ရှေ့က ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို တားဆီးစစ်ဆေးတာအပြင် ရိုက်နှက်တာတွေလည်း ရှိတဲ့အတွက် မတရားလုပ်ရပ်ဖြစ်ကြောင်း ပြည်သူတွေက ဆိုနေကြပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူများ အကြောင်းမဲ့ ပစ်သတ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်း၊ အကြောင်းမဲ့ ရိုက်နှက်ခံရခြင်းများလည်း ရှိနေပါတယ်။

========================

📌📌မြိတ်-ထားဝယ် ခရီးသည်တင်ယာဉ်တန်းကို စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦး ဒဏ်ရာရ

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာအုပ်စု၊ ပိတိုင်ရွာမှာ ခရီးသည်တွေ လိုက်ပါလာတဲ့ယာဉ်တန်း ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်စောပိုင်းက တိုက်ခိုက်ခံရကြောင်း သိရပါတယ်။
မနက် (၄) နာရီခန့်က မြိတ်ဘက်မှ ထားဝယ်ဘက်ကို ဦးတည်လာတဲ့ ခရီးသည်ယာဉ်တန်းဟာ အဆိုပါရွာအနီးမှာ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ခရီးသည်ယာဉ်တန်းရှေ့မှာ တခုခုပေါက်ကွဲပြီး စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ဆယ်ချက်လောက် ကားပေါ်ပစ်တယ်" လို့ သူက ပြောပါတယ်။
အဲ့ဒီနောက် ​ရှေ့ဆုံးယာဉ်မှာ ပေါက်ကွဲမှုကြောင့် ကားရှေ့မှန်ထိပြီး နံဘေးမှန် ​သေနတ်ပစ်ခံရကာ ခရီးသည် (၂) ဦး ဒဏ်ရာရရှိကြောင်း၊ နောက်တစ်စီးမှာ ကားရှေ့မှန်ကွဲကာ ယာဉ်မောင်း နားရွက်ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
နောက်ဆုံးတစ်စီးကတော့ ကားရှေ့မှန်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရှိရပါတယ်။
အဲ့ဒီလို ဒဏ်ရာရရှိတဲ့ ခရီးသည်တွေကို စစ်ကောင်စီတပ်က ထားဝယ်တပ်နယ်ဆေးရုံကို ခေါ်ဆောင်သွားပြီး ဆေးကုသမှုပေးနေကြောင်း မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

========================

📌📌ရွာငံ နွားဘန်းကြီးရွာကို စစ်တပ်ကဝင်မွှေ၊ လူနေအိမ်များကို လိုက်လံဖျက်ဆီးပြီး လက်ရှိအချိန်ထိ ရွာသူ/သား (၁၅၀)ကျော်ခန့် ဖမ်းဆီးခံထားရ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာမှာ ဒီဇင်ဘာ ၂၂ ရက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရပြီးနောက် ဒီဇင်ဘာ ၂၃ ရက်ည ၈ နာရီခန့်မှစပြီး စစ်ကောင်စီက ရွာတွင်းကို စစ်ကား (၈) စီးနဲ့ ဝင်ရောက်လာပြီး လူနေအိမ်တွေကို ဖျက်ဆီးတာ၊ အပြစ်မဲ့ရွာသူ/သားတွေကို ဖမ်းဆီးနှိပ်စက်တာတွေကို ဥပဒေမဲ့စွာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာကို အဲ့ဒီမနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက အင်အားအများအပြားနဲ့ ရွာအဝင်အထွက်လမ်းတွေကို ပိတ်ဆို့ပြီး တစ်အိမ်တက်ဆင်း ကလေး မိန်းမ သက်ကြီးရွယ်အိုပါမကျန် တွေ့ရာလူတွေကို ဖမ်းဆီးနေကြောင်း သိရပါတယ်။
“အခုမနက် နဘန်းကြီးရွာမှာ စစ်တပ်က လူကြီးလူငယ် အကုန်ဝင်ဆွဲနေလို့ ထွက်ပြေးနေကြရတယ်။ လူတွေလဲ တော်တော်ပါကုန်ပြီ။ မိန်းမတွေ အသက်ကြီးတဲ့သူတွေတောင် ဖမ်းတယ်။ ရွာကို ဝင်မွှေနေပြီ အကိုရေ၊ ကားတွေမှ အများကြီးပဲ။ ရွာထဲမှာဝင်မွှေလို့ အကုန်ပြေးနေရပြီ တစ်အိမ်တက်ချင်း လိုက်ဖမ်းနေတာဗျ။ ရွာတောင်ပိုင်းတစ်ပိုင်းလုံးနီးပါး ဖမ်းခံထားရတယ်ဗျ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီနောက် ည ၁၂ နာရီကျော်အချိန်လောက်မှာ စစ်ကား (၂) စီးနဲ့ ထပ်မံရောက်ရှိလာပြီး တစ်ရွာလုံးကို‌ မွှေနှောက်ကာ တွေ့သမျှ မိန်းမ၊ ကလေး၊ သက်ကြီးရွယ်အိုပါမကျန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
နောက်တစ်နေ့ မနက်ပိုင်း ၇ နာရီကစပြီး ရွာတွင်းကို အင်အားအလုံးအရင်းဖြင့်ထပ်မံဝင်ရောက်ကာ လိုက်လံဖမ်းဆီးနေတဲ့အတွက် တချို့ရွာသူ/သားတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံ အပြစ်မဲ့ ပြည်သူဦးရေ (၁၅၀) ကျော်ခန့် ရှိပြီဖြစ်ကြောင်း သိရပါတယ်။
ရွာငံ နွားဘန်းကြီးမှာ ဒီဇင်ဘာ ၂၂ ရက်က စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦး အသတ်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ်က အခုလို မဆိုင်သူတွေကို ရမ်းသမ်းဖမ်းဆီးနေတာ ဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment