21st JAN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၂၁ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးသံကိုယ်စားလှယ်၏ အဆိုပြုချက်အပေါ် KNU, KNPP နှင့် CNF တို့ ပူးတွဲ တုန့်ပြန်ကြေငြာချက် ထုတ်ပြန်
📌အမျိုးသားညီညွတ်ရေးအစိုးရက ကုလသမဂ္ဂကိုပဲ အားကိုးလုပ်ဆောင်နေတာမဟုတ်ဘဲ ဘက်ပေါင်းစုံကနေ လုပ်ဆောင်နေတဲ့ အစိုးရလို့ လူ့အခွင့်အရေးဝန်ကြီး ပြောကြား
📌မြန်မာ့သဘာဝဓာတ်ငွေ့ဝင်ငွေကို ပိတ်ဆို့အရေးယူဖို့ TOTAL ကုမ္ပဏီ ထောက်ခံ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးသံကိုယ်စားလှယ်၏ အဆိုပြုချက်အပေါ် KNU, KNPP နှင့် CNF တို့ ပူးတွဲ တုန့်ပြန်ကြေငြာချက် ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ်၏ အဆိုပြုချက်နှင့်စပ်လျဉ်း၍ က ဇန်နဝါရီလ (၂၀) ရက်နေ့မှာ ပူးတွဲ တုန့်ပြန်ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအတွင်း စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန်နဲ့ နိုင်ငံတကာအာမခံမှုနဲ့ အရပ်သားပြည်သူတွေ လုံခြုံမှုရှိတဲ့နေရာကို တိတိကျကျသတ်မှတ်ပေးဖို့ တောင်းဆိုထားပါသည်။
လက်ရှိအာဆီယံဥက္ကဌ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်တို့ ဇန်နဝါရီ ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် အထူးကိုယ်စားလှယ်ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းမြန်မာနိုင်ငံအတွင်းလူသားချင်းစာနာမှုအကူအညီအရေးတကြီးပေးပို့နိုင်ဖို့ အထူးကိုယ်စားလှယ် အဆိုပြုတဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုအပြင် Humanitarian Plus ချဉ်းကပ်နည်းကိုလည်း ထောက်ခံကြောင်းနဲ့ ဒီလိုချဉ်းကပ်မှုနည်းလမ်းဟာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ လိုအပ်ချက်တစ်ခုဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ယင်းစာနာထောက်ထားမှုအကူအညီများအပြင် မြန်မာနိုင်ငံတွင် စစ်ရေးအရလေယာဉ်မပျံသန်းရဇုန်ကို ကြေညာ၍ လိုက်နာမှုရှိစေရန် နိုင်ငံတကာမှ တာဝန်ယူစောင့်ကြပ်ပေးရန်အချက်ကိုလည်း ထည့်သွင်းတောင်းဆိုထားပြီး ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နိုင်ငံတကာ အာမခံမှုဖြင့် အရပ်သားပြည်သူများအား အကာအကွယ်ပေးအပ်သည့် လုံခြုံသော နေရာများအဖြစ်၊ နေထိုင်ရန် နှင့် ထောက်ပံ့ပေးရန် လိုအပ်သည့် ကျေးရွာများ၊ နေရပ်စွန့်ခွာနေသူ စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းစတာတွေကို နေရာတိတိကျကျ သတ်မှတ်ပြီး ကြေညာပေးရန်လည်း တောင်းဆိုထားသည်။
ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ စစ်ကိုင်းနဲ့ မကွေးကပြည်သူတွေဟာ လူသားချင်းစာနာမှုအကူအညီ အရေးတကြီးလိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါသည်။
အာဏာသိမ်းစစ်ကောင်စီသည် အရပ်သား ပစ်မှတ်မရှောင် လေကြောင်းတိုက်ခိုက်မှုများ လုပ်နေပြီး ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းကိုလည်း ပြီးခဲ့သည့်ရက်များအတွင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရက ကုလသမဂ္ဂကိုပဲ အားကိုးလုပ်ဆောင်နေတာမဟုတ်ဘဲ ဘက်ပေါင်းစုံကနေ လုပ်ဆောင်နေတဲ့ အစိုးရလို့ လူ့အခွင့်အရေးဝန်ကြီး ပြောကြားလိုက်

အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ နိုင်ငံရေးအရ ကုလသမဂ္ဂကိုပဲ အားကိုးပြီးလုပ်ဆောင်နေတာမဟုတ်ဘဲ ဘက်ပေါင်းစုံကနေ လုပ်ဆောင်နေတဲ့ အစိုးရဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားလိုက်ပါတယ်။
“NUG က နိုင်ငံရေးအရ ကုလသမဂ္ဂကိုပဲ အားကိုးပြီးတော့ လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ ဘက်ပေါင်းစုံ ကြိုးပမ်းဆောင်ရွက်နေတဲ့ နည်းလမ်းပေါင်းစုံ ဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအားကို ယူတာ နည်းပေါင်းစုံထဲက နည်းတခုဖြစ်ပါတယ်။” လို့ ဝန်ကြီးဦးအောင်မျိုးမင်းက ပြောပါတယ်။
ချင်းပြည်နယ်၊ မတူပီဒေသမှာ အကြမ်းဖက်စစ်တပ်က အစုလိုအပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အပေါ် သတင်းစာရှင်းလင်းပွဲကို မနေ့ကပြုလုပ်ခဲ့ရာမှာ အထက်ပါအတိုင်းထည့်သွင်းပြောကြားလိုက်တာလည်းဖြစ်ပါတယ်။
“ကျနော်တို့က နည်းလမ်းတလမ်းတည်းနဲ့ လုပ်ဆောင်ရမယ့် ကာလမဟုတ်ဘူး။ လူတိုင်းလူတိုင်းက နည်းပေါင်းစုံနဲ့ ဟန်ချက်ညီညီ လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်သလို ပြည်သူလူထုနဲ့လည်း လုပ်ဆောင်နေပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီကြောင့် အသတ်ခံရတာမျိုး၊ ပျောက်ဆုံးသွားတာမျိုးတွေရှိတဲ့အခါ ဒေသခံပြည်သူတွေက အမျိုးသားညီညွတ်ရေးအစိုးရကို ဆက်သွယ်တဲ့အခါမှာ အခက်အခဲတွေရှိတယ်ဆိုရင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေကနေတဆင့် အကြောင်းကြား တိုင်ကြားနိုင်တယ်လို့လည်း ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် အခြေခံပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ တစ်လကို တစ်ကြိမ်လောက် အနည်းဆုံး ပုံမန်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်နေတာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ပြည်ပသတင်းဌာနတစ်ခုနဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ထည့်သွင်းပြောကြားထားပါသေးတယ်။

========================

📌📌မြန်မာ့သဘာဝဓာတ်ငွေ့ဝင်ငွေကို ပိတ်ဆို့အရေးယူဖို့ TOTAL ကုမ္ပဏီ ထောက်ခံ

မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့ကဏ္ဍမှာ အထင်ကရဖြစ်တဲ့ ပြင်သစ်ရေနံကုမ္ပဏီ TOTAL က မြန်မာ့သဘာဝဓာတ်ငွေ့ရောင်းချမှုကနေရတဲ့ ဝင်ငွေဒေါ်လာသန်းပေါင်းများစွာကို ပိတ်ဆို့အရေးယူရေးနဲ့ပတ်သက်ပြီး ထောက်ခံလိုက်ပြီလို့ သိရပါတယ်။
အဲဒီလိုပစ်မှတ်ထားအရေးယူမှုနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က တရားဝင်ဆုံးဖြတ်ခဲ့ရင် TOTAL ကုမ္ပဏီအနေနဲ့ လိုက်နာဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ ပက်ထရစ် ပိုယွန်နီးက ပြောထားတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ရဲ့ ကြေညာချက်အရ သိရှိရပါတယ်။
TOTAL ကုမ္ပဏီဟာ ၁၉၉၀ ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံက ရတနာသဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းကို စတင်လုပ်ကိုင်နေတာပါ။ သဘာဝဓာတ်ငွေ့ရောင်းချမှုကရတဲ့ ဘဏ္ဍာငွေတွေကို အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ပေးအပ်နေခဲ့တာ ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာ့သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းတွေကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ဘီလျံထက်မနည်း ဝင်ငွေရနေပါတယ်။
အခုဆိုရင် မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူရေးနဲ့ပတ်သက်ပြီး TOTAL ကုမ္ပဏီက ထောက်ခံလိုက်ပြီဖြစ်တာကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့အနေနဲ့ လိုအပ်တဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို အမြန်ဆုံးကြေညာပေးဖို့ နှောင့်နှေးစရာအကြောင်း မရှိတော့ဘူးလို့ HRW ရဲ့ ညွှန်ကြားရေးမှူး John Sifton က ပြောပါတယ်။
ပြင်သစ်ရေနံကုမ္ပဏီ TotalEnergies ၊ အမေရိကန် ရေနံကုမ္ပဏီ Cheveron နဲ့ MOGE တို့ ပူးပေါင်းပြီး တူးဖော်ထုတ်လုပ်တဲ့ သဘာဝဓာတ်ငွေ့တွေရဲ့ ၈၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီကို ရောင်းချနေတာပါ။ PTT ကုမ္ပဏီကနေ တောင်ကိုရီးယားကုမ္ပဏီ POSCO နဲ့ ပူးပေါင်းပြီး ဓာတ်ငွေ့တွေကို တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတယ်လို့ HRW က ထုတ်ပြန်ထားပါသေးတယ်။
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကနေ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်အုပ်စုဆီ ဝင်ငွေစီးဆင်းမှုတွေ ရပ်တန့်ရေးအတွက် အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့ကို လက်မှတ်ရေးထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုကိုလည်း Burma Campaign UK က ကမကထပြု ဆောင်ရွက်နေပါသေးတယ်။
ပြင်သစ်က TotalEnergies နဲ့ အမေရိကန်က Chevron တို့ဟာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လှုပ်ရှားမှုအတွက် ငွေကြေးထောက်ပံ့နေကြတယ်လို့ Justice For Myanmar က စွပ်စွဲထားသလိုပြင်သစ်နဲ့ အမေရိကန်တို့အနေနဲ့ အမြတ်အစွန်းကြီးတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ စီးပွားရေးလုပ်ငန်းထက် မြန်မာလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ရှေးရှုပြီး စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့လည်း တောင်းဆိုခဲ့ကြောင်း သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment