28th JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၂၇ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌NLD ပါတီဥက္ကဌနှင့် ဒုဥက္ကဌဖြစ်တဲ့ နိုင်ငံတော်သမ္မတကို နှစ်ရှည်ထောင်ချဖို့ကြိုးစားနေရင်း စစ်အုပ်စုက ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးကို ပြန်လွှတ်ပေးခဲ့
📌အာဏာသိမ်း အကြမ်းဖက်ခံရဆဲမြန်မာ့အရေးကို ကုလလုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေး ထပ်မံကျင်းပဖို့ရှိ
📌မြန်မာပြည်မှထွက်ခွာတော့မယ့် ကုမ္ပဏီကြီးများရဲ့ငွေကြေးလွှဲပြောင်းမှုနဲ့ပက်သက်ပီး သတင်းစာရှင်းလင်းပွဲကျင်းပခဲ့

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌NLD ပါတီဥက္ကဌနှင့် ဒုဥက္ကဌဖြစ်တဲ့ နိုင်ငံတော်သမ္မတကို နှစ်ရှည်ထောင်ချဖို့ကြိုးစားနေရင်း စစ်အုပ်စုက ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်တဲ့ ဦးဟံသာမြင့်ကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က အင်းစိန်ထောင်ကနေ ပြန်လည်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တည်းကစပီး ဦးဟံသာမြင့် နှင့် ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့ ဘဏ္ဍာရေးမှူး ဦးသိန်းဦးတို့ကိုစစ်တပ်က ဖမ်းခဲ့တာဖြစ်ပါတယ်။ ဦးဟံသာမြင့်ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့နှင့် ၁၃ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ NLD ပါတီထုတ်ပြန်ချက် နှစ်စောင်နဲ့ပက်သက်ပီး အမှုဆင်ဖမ်းဆီးရာမှာ လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) နဲ့ စွဲဆိုခဲ့တာဖြစ်ပါတယ်။ NLD ပါတီကို ဖျက်သိမ်းရန် အစီအစဉ်မရှိကြောင်း အကြမ်းဖက်စစ်ကောင်စီပြောခွင့်ရ ပုဂ်ဂိုလ်ကပြောတယ်လို့ ဂျပန်အခြေစိုက် Nikkei သတင်းဌာနက ဖော်ပြခဲ့ပီးနောက်မှာပဲ အခုလို ရွေးကောက်ပွဲအနိုင်ရပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦး ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။
အသက် ၇၄ နှစ်ရှိနေပြီဖြစ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ဟာ ထောင်တွင်းမှာ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရတယ်လို့ မိသားစုဝင်များထံမှသိရပါတယ်။ ဒီဇင်ဘာလအတွင်းက ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံခဲ့ရတဲ့ ဦးဟံသာမြင့်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရချိန်ဟာ တစ်နှစ်ရှိပြီဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် ပြန်လွှတ်ပေးခြင်းဖြစ်နိုင်တယ်လို့ ဦးဟံသာမြင့်ရဲ့မိသားစုဝင်တဦးက ယူဆကြောင်းပြောဆိုပါတယ်။
“ဒီနေ့ နေ့လယ် ၁ နာရီမှာ အင်းစိန်ထောင်က လွတ်ပါတယ်။ အဖမ်းခံရတာက တစ်နှစ်ရှိနေပြီဆိုတဲ့အခါကျတော့ တကယ်တမ်းဆိုရင် လွတ်ချိန်တန်လို့ လွတ်လာတယ်လို့တော့ ထင်တယ်ပေါ့နော်။ ကျန်းမာရေးကြောင့်လည်း ပါလိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောပါတယ်။ ဦးဟံသာမြင့်ကို စစ်ကောင်စီက တရားထပ်စွဲစရာ ပုဒ်မထပ်ရှာမရတာက တစ်ကြောင်း၊ ကျန်းမာရေးအခြေအနေအရတစ်ကြောင်း လွှတ်လိုက်တာလို့ယူဆကြောင်း NLD ပါတီဝင် ရန်ကုန်တိုင်းလွှတ်တော်အမတ်ဟောင်း ဦးနေဘုန်းလတ်က မြန်မာနောင်းသတင်းဌာနကိုပြောခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ ၎င်းတို့ဖမ်းဆီးထားတဲ့အနိုင်ရပါတီကြီးထဲကတချို့ပဲ့ထွက်လာပီး ၎င်းတို့စီစဉ်တဲ့လမ်းကြောင်းထဲဝင်လာအောင် ကြိုးစားနေတာဖြစ်နိုင်ကြောင်းခုလိုပြောပါတယ်။
“NLD ပါတီကို မဖျက်သိမ်းပါဘူးလို့ စစ်အုပ်စုဘက်က ပြောသွားလေတော့ အကြမ်းဖက်စစ်အုပ်စုက သူတို့စီစဉ်တဲ့လမ်းကြောင်းထဲ NLD ထဲက အချို့ ပဲ့ထွက်လာပြီး ပါလာနိုင်ဖို့ကြိုးစားလာနိုင်ပါတယ်” လို့ ဦးနေဘုန်းလတ်က မှတ်ချက်ပြုထားပါတယ်။ NLD ပါတီတွင်းမှာ အလယ်အလတ် သ​ဘောထား နဲ့ တင်းမာတဲ့သဘောထားရှိတဲ့ အဖွဲ့နှစ်ဖွဲ့ ရှိတယ်။ သဘောထားသင့်တင့်တဲ့ NLD အမတ်တွေကို အာဆီယံကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်ပြုဖို့ စီစဉ်နေတာတွေရှိတယ်ဆိုတဲ့အကြောင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ပြန်ကြားရေးဘက်က ဂျပန်သတင်းဌာန Nikkei Asia ကို ရက်ပိုင်းအတွင်းမှာပဲ ပြောပြခဲ့ပါသေးတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ မည်သည့်ဥပဒေနဲ့မျှမညီညွတ်ဘဲ အဓမ္မအာဏာသိမ်းခဲ့တာဟာ တနှစ်ပြည့်ပါတော့မယ် နိုင်ငံနဲ့အဝန်းမှာ အကြမ်းဖက်လူသတ်ခဲ့တဲ့စစ်တပ်ကို ပြည်သူတွေပြန်လည်တော်လှန်တဲ့တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပီး မကြုံစဖူးအာဆီယံရဲ့ ဖိအားပေးမှုသာမက နိုင်ငံတကာဖိအားတွေကိုပါ စစ်အုပ်စုကခံနေရပါတယ်။ NLD ထိပ်ပိုင်းခေါင်းဆောင်ဦးဟံသာမြင့်လိုပဲ စစ်အုပ်စုဘက်ကလွှတ်ပေးခဲ့တဲ့ ခေါင်းဆောင်တဦးကတော့ NLD ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဆရာမုံရွာအောင်ရှင်ဖြစ်ပါတယ် အောက်တိုဘာလ ၁၈ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့တဲ့ မုံရွာအောင်ရှင် ခေါ် ဦးအေးကြူဟာ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့ပါတယ်။

========================

📌📌အာဏာသိမ်း အကြမ်းဖက်ခံရဆဲမြန်မာ့အရေးကို ကုလလုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေး ထပ်မံကျင်းပဖို့ရှိတဲ့အကြောင်း တင်ပြပေးပါ့မယ်

အာဆီယံဥက္ကဌအဖြစ် ကမ္ဘောဒီးယာနိုင်ငံဝန်ကြီးချုပ်ဟွန်ဆင်က တာဝန်ယူခဲ့ပီးနောက် အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ခဲ့ပေမယ့် အခြေအနေက ဘာမှတိုးတက်လာတာမရှိပါဘူး။ စစ်အုပ်စုဘက်ကတက်ရောက်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုလည်း ကျင်းပနိုင်ခြင်းမရှိဘဲ အာဆီယံခေါင်းဆောင်များကြား သဘောထားကွဲလွဲမှုတွေ မချေမငံပြောဆိုဆက်ဆံမှုတွေအထိ ဖြစ်ခဲ့ပီးနောက်မှာတော့ အခုလို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေးတခုကျင်းပဖို့ရှိတဲ့အကြောင်း AFP သတင်းဌာနကဖော်ပြခဲ့ကြပါတယ်။

အာဆီယံဘုံသောတူချက် ငါးချက်ကို လိုက်နာတိုးတက်မှုရှိမှာသာ အာဆီယံထိပ်သီးအစည်းအဝေးတွေတက်ရောက်ဖို့စဉ်းစားမယ့်အကြောင်း အာဆီယံက ပြတ်ပြတ်သားသားအသံထွက်လာနေစဉ်မှာ အာဆီယံဥက္ကဌဟွန်ဆင်က အကြမ်းဖက်စစ်ခေခါင်းဆောင်မင်းအောင်လှိုင်နဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဗီဒီယိုကွန်ဖရင့်ဖြင့် ထပ်မံဆွေးနွေးခဲ့ကြပါသေးတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ပြည်သူ့ညီလာခံကို ပထမရက်အဖြစ်ကျင်းပခဲ့ကြပီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတော့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး ကျင်းပမယ့်သတင်းလည်း ထွက်ပေါ်လာပါတယ် ဇန်နဝါရီလ ၂၈ ရက်အဆိုပါအစည်းအဝေးမှာ လက်ရှိအာဆီယံဥက္ကဋ္ဌက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ် ဆော့ခွန်း နဲ့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် နိုလင်း ဟေဇာပါ တက်ရောက်မယ်လို့ သိရပါတယ်။ ပရတ်ဆော့ခွန်း အနေနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ဇန်နဝါရီ အစောပိုင်းကသွားရောက်ခဲ့တဲ့ အငြင်း ပွားဖွယ် မြန်မာခရီးစဉ်နဲ့ပတ်သက်ပြီးအဲဒီတံခါးပိတ်အစည်းအဝေးမှာ အစီရင်ခံဖို့ မျှော်လင့်ရတယ်လို့ AFP သတင်းမှာရေးသားထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ဟာ အာဏာသိမ်းပြီးနောက် နှစ်လအကြာမှာ အာဆီယံခေါင်းဆောင်များအစည်းအဝေးကို သွားတက်ရောက်ပီး မြန်မာ့ အရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်ကို အကောင်အထည်ဖော်ဖို့ပျက်ကွက်မှုကြောင့် ဖိအားပေးခံနေရပါတယ်။

ဇန်နဝါရီလမှာ ပထမဆုံးသွားရောက်ခဲ့တဲ့ အာဆီယံဥက္ကဌရဲ့ နေပြည်တော်ခရီးစဉ်ကြောင့် အာဆီယံတွင်း စိတ်ဝမ်းကွဲနေပီး အငြင်းပွားမဆုံးဖြစ်ခဲ့ရပါတယ် ဝန်ကြီးချုပ်ဟွန်ဆန်ကတော့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့စဉ်အတွင်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ထဲ အကျုံးဝင်တဲ့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောထားပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းကလည်း လက်ရှိမြန်မာပြည်ဟာ ပြည်တွင်းစစ်ဖြစ်လာနိုင်ဖို့ အကြောင်းအရာတွေ အပြည့်ရှိနေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

========================

📌📌မြန်မာပြည်မှထွက်ခွာတော့မယ့် ကုမ္ပဏီကြီးများရဲ့ငွေကြေးလွှဲပြောင်းမှုနဲ့ပက်သက်ပီး သတင်းစာရှင်းလင်းပွဲကျင်းပခဲ့တဲ့အကြောင်းကို တင်ပြပေးပါ့မယ်

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု(BMC)၊ ကမ္ဘာလုံးဆိုင်ရာမြန်မာနွေဦးတော်လှန်ရေးအင်အားစု(GMSR) နှင့် Info Birmanie တို့ပူးပေါင်းပီး ဇန်နဝါရီလ ၂၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲဖြစ်ပါတယ်။ ထိုသတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်များကတော့ မြန်မာနိုင်ငံတွင်လုပ်ငန်းလုပ်ကိုင်နေသော ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများဖြစ်သည့် ပြင်သစ်မှ TotalEnergies နှင့် အမေရိကန်မှ Chevron တို့သည် မြန်မာနိုင်ငံမှ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ရုတ်သိမ်းထွက်ခွာတော့မည်ဖြစ်ကြောင်း ဇန်နဝါရီလ (၂၁) ရက်နေ့က ကြေညာခဲ့ကြကြောင်း၊ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအပါအဝင် ဒီမိုကရေစီအင်းအားစုများနှင့် ပြည်သူလူထုအနေဖြင့် TotalEnergies နှင့် Chevron တို့အား တရားမဝင် အာဏာသိမ်းစစ်အုပ်စုထံသို့ ငွေကြေးလွှဲပြောင်းမှုများကို ဆိုင်ငံ့ထားရန်နှင့် Escrow Account တွင်ငွေကြေးများကိုထိန်းသိမ်းပေးထားရန်တောင်းဆိုခဲ့ကြကြောင်း သို့သော် TotalEnergiesသည် ထိုတောင်းဆိုမှုများကို ရှင်းလင်းချက်တစုံတရာမပေးသေးပါဘူး။
နှစ်၂၀ကျော် စစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများကို ငွေကြေးထောက်ပံ့ခဲ့ပြီး ယခုအခါ တိုင်းပြည်မှ ထွက်ခွာမည်ဟုကြေငြာချက် နောက်ကွယ်တွင် မရိုးသားမှုများစွာ ရှိနေတာ​ကြောင့် Total Energies နှင့် Chevron ၏ ထွက်ခွာမှုသည် တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ထွက်ခွာရန်လိုအပ်ကြောင်း သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ကျင်းပတဲ့ သွေးစွန်းငွေရပ်တန့်ရေး အင်အားစုများက တောင်းဆိုနေကြတာဖြစ်ပါတယ်။
Total Energies နှင့် Chevron၏ ထွက်ခွာမှု ထုတ်ပြန်ချက်နောက်ဆက်တွဲတွင် မည်သည့်အကြောင်းတရားများရှိလာနိုင်သည်တို့နှင့် ပက်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ သတင်းစာရှင်းလင်းပွဲကို အမျိုးသမီးခေါင်းဆောင်မှု၊ စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာသင်တန်းဆရာမ ALTSEAN-Burma တည်ထောင်သူ၊ ဒယ်ဘီ က မော်ဒရေတာအဖြစ်ဆောင်ရွက်ပီး သဘာဝသယံဇာတအရေးတက်ကြွလှုပ်ရှားသူ
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုမှ ကိုရဲ ၊ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု တက်ကြွလှုပ်ရှားသူ မူလန် ၊ EarthRights International မြန်မာနိုင်ငံဆိုင်ရာ ဥပဒေနှင့်မူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ် ဘန် ဟာ့ဒ်မန်
အမျိုးသားညီညွတ်ရေးအစိုးရ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ကိုမော်ထွန်းအောင်၊ (Info Birmanie) ညှိနှိုင်းရေးမှူး၊ ဆိုဖီ ဘရိုန်ဒယ်လ်တို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့စီးပွားဒေါက်တိုင်များအဖြစ် ရှိခဲ့ကြတဲ့ တိုတယ်နှင့်ရှယ်ဗရွန် စတဲ့ ရေနံနှင့်ဓတ်ငွေ့ကုမ္ပဏီကြီးများဟာ ရင်းနှီးမြှုပ်နှံများကိုရပ်တန့်ပီး ထွက်ခွါတော့မယ်လို့ ကြေငြာချက်အသီးသီးထုတ်ဖော်ပီးဖြစ်ကြသလို နောက်ထပ်ဩစတေးလျ အန်နဂျီကုမ္ပဏီဖြစ်တဲ့ Woodside ဟာလည်း စစ်အုပ်စုထိန်းချုပ်ထားတဲ့ MOGE နဲ့ ပူးပေါင်းလုပ်ငန်းတွေကိုရပ်တန့်ထွက်ခွာတော့မယ့်အကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပြီးပါပြီ။
သွေးစွန်းငွေရပ်တန့်ရေး အင်အားစုတွေဟာ နွေဦးတော်လှန်ရေးမှာ NUG အစိုးရနဲ့ပူးပေါင်း စစ်တပ်ရဲ့စီးပွားရေးအင်အားတွေကိုပစ်မှတ်ထား ဆန့်ကျင်ခဲ့ကြပါတယ်။ ဒီအင်အားစုတွေရဲ့ ကြိုးပမ်းမှုကြောင့် အောင်မြင်မှုရလာာဒ်တွေထွက်ပေါ်လာတာတွေ့မြင်နေရပီး သွေးစွန်းငွေရပ်တန့်ရေးအင်အားစုများရဲ့တောင်းဆိုချက်များကတော့ နိုင်ငံတကာကုမ္ပဏီများမှ အကြမ်းဖက်တရားမဝင် စစ်အုပ်စုထံငွေကြေးစီးဆင်းမှုများလုံးဝရပ်တန့်ရန် ၊ ဒီမိုကရေစီပြန်၇ပီးပြည်သူ့အစိုးရပေါ်လာချိန်ထိ မြန်မာနိုင်ငံသို့ပေးချေရမယ့်ငွေများကို ဘဏ်တခုတွင်ခေတ္တထိန်းသိမ်းထားရန်၊ နိုင်ငံတကာအစိုးရများအအနေဖြင့် အာဏာလုစစ်ကောင်စီအောက်ရောက်နေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းထံပေးချေငွေကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှု ပြုလုပ်ရန် ဒီမိုကရေစီလူ့အခွင့်အရေးနှင့်တရားမျှတမှုကို ကာကွယ်ရန်အတွက် မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ရန် စသည်တို့ဖြစ်ကြောင်း သိရှိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment