27th JAN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၂၇ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌၁။ မြန်မာစစ်ကောင်စီက လူထုကို ဖိအားများတိုးမြှင့်ပြီး ပေးလာ
📌၂။ အာဏာသိမ်းစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဩစတြေးလျ Woodside စွမ်းအင်ကုမ္ပဏီ မြန်မာပြည်မှထွက်ခွာတော့မယ်
📌၃။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရာ၌ ကြုံတွေ့နိုင်သည့် အန္တရာယ်များ တိုးပွားလာမှုအပေါ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ စီးပွားရေးအကြံပြုချက်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌၁။ မြန်မာစစ်ကောင်စီက လူထုကို ဖိအားများတိုးမြှင့်ပြီး ပေးလာ

အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီဟာ ၁ နှစ်ပြည့်ခါနီး ရှိပေမယ့် ယခုထိ တိုင်းပြည်ကို အုပ်ချုပ်ခွင့် မရသေးပါဘူး။ မြန်မာပြည်အနှံ့မှာ သပိတ်တိုက်ပွဲများ လက်နက်ကိုင် ခုခံစစ်များ အထွေထွေအာဏာဖီဆန်မှုများကို ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာ စစ်ကောင်စီဟာ လျှပ်စစ်မီးအား လုံလောက်စွာ မဖြန့်ဖြူးနိုင်တဲ့ အကြပ်အတည်းကို ရင်ဆိုင်နေရပြီး မြန်မာပြည်အနှံ့မှာ လျှပ်စစ်မီးများ ပြတ်တောက်မှု ပိုမို ဆိုးဝါးလာနေပါတယ်။ ရန်ကုန်မြို့နယ်တွေမှာ အလှည့်ကျ မီးပျက်တယ်ဆိုတာထက် အချိန်မရွေး မီးပျက်တယ်၊ အစိုးရရေပေးစနစ်က ရေလည်း ပုံမှန်မလာနိုင်ဘူး၊ သန့်ရှင်းရေး စည်ပင်သာယာရေးလည်ပတ်မှုတွေ ယိုယွင်းလာနေတာကို ပိုပြီး ထင်ထင်ရှားရှား ဖြစ်လာတယ်လို့ ဆိုကြပါတယ်။ အဲသည်အခက်အခဲတွေကြားထဲမှာ စစ်ကောင်စီက သတင်းပေးတွေ အလိုတော်ရိတွေကို လက်ကိုင်တုတ်ထားပြီး CDM ဝန်ထမ်းတွေ မိသားစုတွေကို လိုက်လံရှာဖွေတာ ခြိမ်းခြောက် ဖိအားပေးတာ၊ မောင်းထုတ်ကြတာ၊ အကြပ်ကိုင်တာ ငွေကြေးတောင်းခံတာတွေအထိ မတရားမှုမျိူးစုံ ကျုးလွန်လာပါတယ်။ မီတာခမပေးဆောင်သူတွေကိုလည်း မီတာကြိုးများ ဖြတ်တောက်ခြင်း၊ လက်နက်ကိုင်များနဲ့ ရပ်ကွက်ထဲ လှည့်လည်ပြီး ခြိမ်းခြောက်ခြင်း စတာတွေ လုပ်ပြီး မီတာခများကို တောင်းခံတာ အတင်းအဓမ္မပေးခိုင်းတာတွေ လုပ်လာပါတယ်။ စစ်ကောင်စီဘက်တော်သားတွေက ယခင်တုန်းက ထုံးစံအတိုင်း သူတို့ကို လက်သိပ်ထိုး လာဘ်ပေးရင် ငွေကြေးလက်ဆောင်တွေ ပေးရင် အဆင်ပြေအောင်လုပ်ပေးမယ်ဆိုတဲ့ ကောက်ကျစ်တဲ့ အလွဲသုံးစားမှုတွေ လိမ်ညာလှည့်စားမှုတွေလည်း တိုးလုပ်လာကြပါတယ်။ လက်ရှိမှာလည်း ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်း ဆန့်ကျင်ရေး တနှစ်ပြည့် အသံတိတ်သပိတ်ကို တန်ပြန်ဖိနှိပ်ဖို့ ပြည်သူတွေကို လိုက်လံပြီး သပိတ်ထဲမပါရဲအောင် နည်းမျိုးစုံနဲ့ ဟန့်တား ခြိမ်းခြောက်တာတွေ ကျုးလွန်လျက်ရှိပါတယ်။ အထွေထွေအကြပ်အတည်းကို မြန်မာပြည်သူများ ရင်ဆိုင်နေကြရပြီး စစ်ကောင်စီနဲ့ လက်နက်ကိုင်များ အလိုတော်ရိများက ဖိအားတွေ ပိုပေးလာကြသော်လည်း မြန်မာပြည်သူတွေကတော့ နောက်ပြန်လှည့်ဖို့ အကြောင်းမရှိပါဘူးလို့ မှတ်ချက်ပေးနေကြပါတယ်။

========================

📌📌၂။ အာဏာသိမ်းစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဩစတြေးလျ Woodside စွမ်းအင်ကုမ္ပဏီ မြန်မာပြည်မှထွက်ခွာတော့မယ်

ပြင်သစ်မှ တိုတယ် အမေရိကန်မှ ရှယ်ဗရွန်ပီးရင်တော့ တတိယမြောက်အဖြစ် ဩစတေးလျ ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီကြီးဟာ ၎င်းတို့ရဲ့လုပ်ငန်းများကို ရပ်ဆိုင်းထွက်ခွာတော့မှာဖြစ်တယ်လို့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာပဲ ကြေငြာလိုက်ပါပီ။
မြန်မာနိုင်ငံပိုင် MOGE နဲ့အတူ China National Petroleum Corp နှင့် Total ကုမ္ပဏီများနှင့်အတူWoodside Petroleum ကုမ္ပဏီဟာ လုပ်ကွက် A 6 မှာ ၂၀၁၃ ခုနှစ်ကတည်းက အတူတွဲလုပ်ကိုင်နေတာဖြစ်ပီး စစ်တပ်အာဏာသိမ်းပီးနောက်မှာတော့ MOGE ဟာအကြမ်းဖက်အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ထားတာဖြစ်လို့ သွေးစွန်းငွေများအဖြစ် စစ်အုပ်စုထံစီးဆင်းနေခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်မှုတွေပိုဆိုးဝါးလာတာနှင့်အမျှ နိုင်ငံတကာကဖိအားတွေမြင့်တက်လာနေစဉ်မှာပဲ Woodside Petroleum လည်း တိုတယ် ၊ ရှယ်ဗရွန်တို့နည်းတူ စစ်တပ်အကျိုးစီးပွားကိုမထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်တာပါ။ နှုတ်ထွက်မှုကြောင့် ဆုံးရှုံးရတော့မယ့် ၂၀၂၁ ဘဏ္ဍာနှစ် အသားတင်အမြတ်ငွေဟာ အမေရိကန်ဒေါ်လာ ၁၃၈ သန်းခန့်ဖြစ်ပီး ရေနံလုပ်ကွက်အတွက် ရင်းနှီးမြုနှံငွေ အမေရိကန်ဒေါ်လာ ၇၁ သန်း ဆုံးရှုံးနစ်နာမှုကိုလည်း ခံရဦးမှာဖြစ်ပါတယ်။ ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေအပေါ် တိုက်လေယာဉ်များဖြင့်ဗုံးကြဲခြင်း၊ စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရွာသားများကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်း စတဲ့စစ်ရာဇဝတ်မှုတွေကို စစ်တပ်ကမရှက်မကြောက် ကျူးလွန်ခဲ့ပီနောက်ပိုင်းမှာပဲ အခုလို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တခုပီးတခု ထွက်ခွာနေကြတာဖြစ်ပါတယ်။
တဖက်မှာလည်း မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကျင့်ပျက်ခြစားမှုများ၊ ဒီမိုကရေစီဖြစ်စဉ်များကို တားဆီးမှု ပြုလုပ်နေသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်မှုမရှိစေရေး သတိထားကြဖို့ အမေရိကန်အစိုးရက ဇန်နဝါရီလ ၂၆ ရက်နေ့ သတိပေးချက် တစ်ရပ် ထုတ်ပြန်ထားပါတယ်။ သတိပေးချက်ကို အမေရိကန်နိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ကုန်သွယ်ရေးဌာန၊ လုပ်သားရေးရာဌာန၊ အမိမြေလုံခြုံရေးဌာနနှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးများ ပူးပေါင်းပြီး ထုတ်ပြန်ခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ထိန်းချုပ်တဲ့ စီးပွားရေးလုပ်ငန်းအဝန်းအဝိုင်းမှ ထွက်ခွါတော့မယ် Woodside ရဲ့ထုတ်ပြန်ချက်မှာတော့ မြန်မာပြည်သူများအတွက် အလွန်လိုအပ်သော စွမ်းအင်များ ပေးဆောင်ရန် မျှော်လင့်ထားသော်လည်း Woodside အနေနဲ့ ၎င်း၏ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် ရွေးချယ်စရာမရှိတော့ကြောင်း တရားဝင်ဖော်ပြပါရှိပါတယ်။
"မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် A-6 သဘာဝဓာတ်ငွေ့ အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတွင်း တခြားနောက်ထပ် လုပ်ငန်းတွေမှာ Woodside အနေနဲ့ ဆက်ပြီး ပူးပေါင်းပါဝင်ဖို့ ထည့်မစဉ်းစားနိုင်တော့ဘူး။"လို့ Woodside ရဲ့ အမှုဆောင်အရာရှိချုပ် Meg O'Neill က ပြောပါတယ်။
Woodside ဟာ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီး ဓာတ်ငွေ့ရှာဖွေတွေ့ရှိမှု အများအပြားကို ပြည်တွင်းဈေးကွက်ကို ထောက်ပံ့ဖို့နဲ့ အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံကို ဖြန့်ဖြူးဖို့ ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှထွက်ခွါဖို့ကြေငြာချက်ထုတ်ပြန်ခဲ့ပီးနောက်မှာ Woodside Petroleum ကုမ္ပဏီဟာ အကြမ်းဖက်စစ်အုပ်စုပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့က ပိုင်ဆိုင်တဲ့ တူးဖော်ရေးလုပ်ငန်းတွေကနေ ထွက်ဖို့ တရားဝင် လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်တော့မှာဖြစ်ကြောင်း သိရှိရပါတယ်။

========================

📌📌၃။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရာ၌ ကြုံတွေ့နိုင်သည့် အန္တရာယ်များ တိုးပွားလာမှုအပေါ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ စီးပွားရေးအကြံပြုချက် ထုတ်ပြန်ခဲ့

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်သည့်အခါ ကြုံတွေ့နိုင်သည့် အန္တရာယ်များတိုးပွားလာမှု (အထူးသဖြင့် စစ်အာဏာရှင်နှင့်ပတ်သက်ဆက်နွှယ်သည့်စီးပွားရေးလုပ်ငန်းများ)နှင့်စပ်လျဉ်းပြီး အများပြည်သူသိရှိနိုင်စေရန် စီးပွားရေးအကြံပြုချက်တစ်ခုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ အမိမြေလုံခြုံရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် ကုန်သွယ်ရေးအထူးခံစားခွင့်ဆိုင်ရာအစီအစဉ်၏အုပ်ချုပ်ရေးမှူး၏ရုံးတော်နှင့်အတူ အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပူးပေါင်းထုတ်ပြန်ထားတာတွေ့ရပါတယ်
ထုတ်ပြန်ချက်မှာပါရှိတာကတော့ -
၂၀၂၁ ဖေဖော်ဝါရီ၊ စစ်အာဏာသိမ်းခဲ့ချိန်မှစပြီး စစ်တပ်သည် မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေးဆိုးရွားစွာချိုးဖောက်မှုများကို အကွက်ကျကျဆောင်ရွက်ခဲ့သည်။ အရပ်သားပြည်သူများအပေါ် ဆိုးဝါးရက်စက်သည့် အကြမ်းဖက်မှုများကျူးလွန်ရင်း ပြည်သူ ၁၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု သတင်းများလည်းကြားနေရပြီး အရပ်သားခေါင်းဆောင်များကို မတရားဖမ်းဆီးခြင်း၊ အလုပ်သမားသမဂ္ဂများနှင့် သမဂ္ဂအဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းများကိုလည်း ကျူးလွန်ခဲ့ပါသည်။
အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးရာနှင့် ကူးသန်းရောင်းဝယ်ရေး ပတ်ဝန်းကျင်အနေအထားကို ကြီးကြီးမားမား ပျက်စီးစေခဲ့ပါသည်။ စစ်အာဏာရှင်၏ သယံဇာတများအပေါ် လက်ဝါးကြီးအုပ်မှုနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်းတို့က နိုင်ငံအတွင်း ကြီးမားသောအဂတိလိုက်စားမှုများ ကို ဖြစ်ပေါ်စေသည်။ အဂတိလိုက်စားမှုနှင့် အခြားသော တားမြစ်ထားသည့် ဘဏ္ဍာရေးကိစ္စရပ်များနှင့်စပ်လျဉ်းပြီး အကြီးမားဆုံးအန္တရာယ်ရှိနိုင်သည့် လုပ်ငန်းများနှင့် ကဏ္ဍများမှာ
▪ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ
▪ ကျောက်မျက်နှင့် တန်ဖိုးကြီး ဓါတ်သတ္တုများ
▪ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ
▪ စစ်လက်နက်ပစ္စည်းကိရိယာများနှင့် ဆက်စပ်သောအမှုကိစ္စရပ်များ ဖြစ်ပါသည်။
စစ်အာဏာရှင်နှင့် ထိတွေ့ဆက်ဆံမှုရှိနိုင်သော သို့မဟုတ် အတူလုပ်ကိုင်ဆောင်ရွက်မှုရှိနိုင်သော သို့မဟုတ် ထောက်ပံ့ဖြည့်ဆည်းကွင်းဆက် ချိတ်ဆက်မှုရှိနိုင်သော စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် လိုအပ်သောအသေးစိတ်စိစစ်အကဲဖြတ်လေ့လာမှုများ မပြုလုပ်ထားလျှင် အမေရိကန်ပြည်ထောင်စု၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် စီးပွားရေးဒဏ်ခတ်မှုများအပါအဝင် ကျော်ဇောမှု၊ ငွေကြေးနှင့် တရားဥပဒေကြောင်းဆိုင်ရာ အန္တရာယ်များကို ကြီးကြီးမားမားတွေ့ကြုံနိုင်ချေရှိပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးကို ချုပ်ကိုင်ရန် ကြိုးပမ်းအားထုတ်နေသော စစ်တပ်ကြောင့် တိုးပွားလာသောအန္တရာယ်များကို ပြန်လည်အကဲဖြတ်ရန်နှင့် လျှော့ချရန် စီပွားရေးလုပ်ငန်းများနှင့် ငွေကြေးအဖွဲ့အစည်းများကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အားပေးတိုက်တွန်းပါသည်။
"မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးအောက်ကို ပြန်ရောက်သွားတာနဲ့အတူ တိုင်းသိပြည်သိ အဂတိလိုက်စားမှုကြီးကြီးမားမားတွေနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးပိုင်း သိပ်ကိုအားနည်းလွန်းတဲ့ စစ်အာဏာရှင်စနစ်လည်း ပြန်ပေါ်လာတာပါပဲ" ဟု ဒုတိယလက်ထောက်ဘဏ္ဍာရေးဝန်ကြီး (အကြမ်းဖက်ဝါဒနှင့် ငွေရေးကြေးရေးဆိုင်ရာထောက်လှမ်းရေး) ဘရိုင်ရန် အီး နယ်လဆင်က မှတ်ချက်ပြုခဲ့သည်။ "နိုင်ငံတကာ စီးပွားရေးအသိုက်အဝန်းအနေနဲ့ အာဏာသိမ်းပြီးကတည်းက ခုချိန်ထိ မြင့်တက်လာနေတဲ့ အဂတိလိုက်စားမှု၊ တားမြစ်ထားတဲ့ဘဏ္ဍာရေးကိစ္စရပ်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပေါ် အားပေးအားမြှောက် မပြုလုပ်မိစေဖို့ တာဝန်သိ တာဝန်ယူမှု ရှိရပါမယ်။" လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါသည်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment