27th JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၂၆ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ပြည်သူ့ညီလာခံကို ပြုလုပ်သွားမည်
📌အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဇန်နဝါရီလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာချက်
📌အရင်တုန်းကတိုင်းရင်းသားအရေး ၊ အခုကတပြည်လုံးရဲ့အရေးဖြစ်တယ် တရားမျှတမှုအတွက်မဖြေရှင်းနိုင်ဘူးဆိုရင် အလုံးစုံပျက်သုဉ်းသွားနိုင်တယ်လို့ ကေအိုင်အိုက ပြော
📌အမျိုးသမီး ပီဒီအက်ဖ်တွေ မြိုင်မြို့နယ်မှာ စစ်သင်တန်းဆင်းနိုင်ခဲ့

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ပြည်သူ့ညီလာခံကို ပြုလုပ်သွားမည်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) ရဲ့ ပထမဆုံးအကြိမ်ပြုလုပ်မယ့် ပြည်သူ့ညီလာခံကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီမှာ စတင်ပြုလုပ်သွားမှာဖြစ်ပြီး ၃ ရက်ကြာမြင့်မယ်လို့ သိရပါတယ်။
ပြည်သူ့ညီလာခံကို ၆ လတစ်ကြိမ်ပြုလုပ်မယ်လို့ နိုဝင်ဘာ ၁၆ က ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်တော့မှာလည်းဖြစ်ပါတယ်။
အခုပြုလုပ်မယ့် ပြည်သူ့ညီလာခံမှာတော့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဏ်အပိုင်း ၂ ကို အတည်ပြုပြီး ပြည်သူတွေကို ချပြသွားမှာဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားတာကိုတွေ့ရပါတယ်။
NUCC က လက်ရှိအချိန်မှာ မူ ၃ ရပ်နဲ့သွားနေတာဖြစ်ပြီးတော့ လက်ရှိကာလကို ကြားကာလ၊ အသွင်းကူးပြောင်းရေးကာလနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ကာလဆိုပြီး သတ်မှတ်ထားတာပါ။
မတ်လ ၈ ရက်မှာ စတင်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကတော့ တစ်ဦးတစ်ယောက်ခေါင်းဆောင်မှုမျိုးနဲ့မဟုတ်ဘဲ စုပေါင်းခေါင်းဆောင်မှု စုပေါင်းတာဝန်ခံမှုစနစ်တွေကို အခြေပြုသွားမယ့် အဖွဲ့လို့ ဆိုထားပါတယ်။
ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ လျန်မှုန်းဆာခေါင်းကတော့ NUCC ဟာ မြန်မာနိုင်ငံ သမိုင်းမှာ တစ်ခါမှာမပေါ်ပေါက်ဘူးသေးတဲ့ အစုအဖွဲ့ကိုယ်စားပြု အတိုင်ပင်ခံကောင်စီတခုဖြစ်တယ်လို့ မှတ် ချက်ပြုပြောကြားထားတာ တွေ့ရပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဇန်နဝါရီလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်မှာ
မန်းဒလေးကျောက်ဝိုင်းပြင်ပတွင် ကျောက်စိမ်းရောင်းဝယ်ဖောက်ကားသူများအား အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးအရေးယူခြင်းနဲ့ပက်သက်သည့် ထုတ်ပြန်ကြေငြာချက်
(၁) အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ ဖြစ်စဉ်များနဲ့ပက်သက်၍ အချိန်နှင့်တပြေးညီသိရှိနိုင်ရေး အစဉ်ကြိုးစားလျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့အာဏာတည်မြဲရေးနှင့်ဝင်ငွေရရှိရေးကို ဦးစားပေးကြိုးပမ်းလျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မန်းဒလေး ကျောက်ဝိုင်းပြင်ပတွင် ကျောက်စိမ်းရောင်းဝယ်ဖောက်ကားသူများအား မတရားဖမ်းဆီးအရေးယူခဲ့ပါသည်။
(၂) အဆိုပါဖြစ်စဉ်တွင် နစ်နာသူပြည်သူများ၏ အခြေအနေကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် သိရှိ၍ စာနာနားလည်သည့်အပြင် မှတ်တမ်းတင်ထားရှိပါသည် ဤဖြစ်စဉ်အခြေအနေကို သုံးသပ်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ပြဌာန်းခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေအပါအဝင် လုပ်ထုံးလုပ်နည်းများကိုလည်း ဖက်ဒရယ်သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒနှင့်အညီ ပြည်သူဗဟိုပြု ချဉ်းကပ်မှုဖြင့် ပြင်ဆင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(၃) ၎င်းဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီနှင့်၎င်းတို့သစ္စာခံလုပ်ငန်းဌာနများ၏လုပ်ရပ်များကိုလည်း မှတ်တမ်းပြုစုထားရှိကြောင်းနှင့် ၎င်းတို့လုပ်ရပ်များအတွက် တာဝန်ခံသွားရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေငြာလိုက်သည်ဟူ၍ ဖြစ်ပါတယ်။

========================

📌📌အရင်တုန်းကတိုင်းရင်းသားအရေး ၊ အခုကတပြည်လုံးရဲ့အရေးဖြစ်တယ် တရားမျှတမှုအတွက်မဖြေရှင်းနိုင်ဘူးဆိုရင် အလုံးစုံပျက်သုဉ်းသွားနိုင်တယ်လို့ ကေအိုင်အိုက ပြောကြားလိုက်ပါတယ်

ဇန်နဝါရီလ ၂၆ ရက်နေ့ရက်စွဲနဲ့ KIO ဗဟိုကော်မတီရဲ့ထုတ်ပြန်ကြေငြာချက်မှာ အချက် ၇ ချက်ပါရှိပီး တရုတ်နှစ်သစ်ကူးကာလအတွင်းကျင်းပမယ့် ဆောင့်းရာသီအိုလံပစ်ပွဲကာလတွင် စစ်ပွဲများရပ်နားထားရန် တရုတ်နိုင်ငံတောင်းဆိုချက်ကို အလေးပေးစဉ်းစားရမယ့်အချက်ဖြစ်တဲ့အကြောင်း ကေအိုင်အို ဗဟိုကော်မတီက ဖော်ပြခဲ့ပါတယ်။
အဆိုပါ သဘောထားထုတ်ပြန်ချက်မှာ ကေအိုင်အိုအနေနဲ့ မြန်မာနိုင်ငံပဋိပက္ခကိုဖြေရှင်းရန်အာရုံစိုက်ကြိုးပမ်းနေကြသော အာဆီယံ ယူအန်နှင့် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီတို့ကို ကျေးဇူးတင်ကြောင်း ထည့်သွင်းရေးသားတားတာကိုလည်း တွေ့ရပါတယ်။ ထို့ပြင်တိုက်ပွဲကာလ ကြာရှည်လာတာနှင့်အမျှ မြန်မာ့အရေးဟာ ဖြေရှင်းမနိုင်ဘူးဆိုရင် အလုံးစုံပျက်သုဉ်းရေးကိုဦးတည်လိမ့်မယ်လို့ ထည့်သွင်းဖော်ပြပါတယ် တိုင်းသူပြည်သားအားလုံးလိုလားတောင့်တသော ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေးအတွက် အဖွဲ့အစည်းအားလုံးနှင့်လက်တွဲဆောင်ရွက်သွားမယ်လို့ကေအိုင်အိုကဆိုပါတယ်။ အဆိုပါ ထုတ်ပြန်ချက်မှာပါရှိတဲ့ တရုတ်နိုင်ငံမှတောင်းဆိုချက်ဖြစ်တဲ့ စစ်ပွဲများရပ်နားထားရန်ကိစ္စကို စဉ်းစားမည်ဆိုသည့်အချက်ကို KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကအခုလိုရှင်းပြပါတယ်။
" တိုက်ပွဲကတော့ ကျနော်တို့ လက်နက်ကိုင်တဲ့အဖွဲ့အစည်းတွေ အားလုံးပေါ့ စစ်ကောင်စီကအစ ဒီတိုက် ပွဲတွေ မဖြစ်အောင်ဆိုတဲ့ တောင်းဆိုချက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ နွေဦး တော်လှန်ရေးကာလ ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အားလုံးလည်း လက်နက်ကိုင်ပြီးမှ တော်လှန် နေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ အဓိကကတော့ စစ်ကောင်စီဖက်ကနေ ထိုးစစ်ဆင်မယ်ဆိုရင်တော့ တိုက်ပွဲ ကတော့ ဆက်ဖြစ်မှာပဲ။ ဒါပေမယ့် တစ်ဖက်နိုင်ငံက အိမ်နီးနားချင်းနိုင်ငံက အကူအညီတောင်းထားတာကိုလည်း ကျနော်တို့ ဖော်ပြတဲ့ သဘောမျိုးဖြစ်ပါတယ်လို့ ပြောကြားသွားပါတယ်။ ဆက်လက်ပီး တရုတ်နယ်စပ်မှာရှိတဲ့ ဒုက္ခသည်အရေးနဲ့ပက်သက်ပီး ကေအိုင်အိုဘက်က တရုတ်က အခုလိုတောင်းဆိုလိုကြောင်း သူက ဆက်ပြောပါတယ်။ တရုတ်ပြည် အစိုးရအနေနဲ့လည်း ကျနော်တို့ရဲ့ ပြည်သူလူထုတွေ ဒုက္ခကြုံတွေ့နေတာကိုတော့ အလေးထားပြီးမှ ကြည့်ရှုပေးဖို့ ကူညီပေးဖို့ တောင်းဆိုလိုပါတယ်။ ကူညီပေးဖို့ ဆိုတာကတော့ ပစ္စည်းနဲ့ ကူညီပေးတာတွေ စားရေးသောက်ရေးနဲ့ ကူညီပေး တာတွေ မကပါဘူး။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံနဲ့ ငြိမ်းချမ်းရေးအတွက်ကိုလည်း တကယ့် ကျနော်တို့ ပြည်သူလူ ထုရဲ့ လိုလားတောင်းတနေတဲ့ ဒီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက်လည်း အိမ်နီးနားချင်းနိုင်ငံ ဖြစ်နေတဲ့ တရုတ်ပြည်ကတော့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့အတွက် ပိုပြီးမှ ကျနော်တို့ဖက်က ရပ် တည်ပေး ဖို့လည်း ကျနော်တို့က တောင်းဆိုလိုပါတယ် လို့ ဗိုလ်မှူးကြီးနော်ဘူက တရုတ်နိုင်ငံကို ဦးတည်ပြောဆိုပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့ ကေအိုင်အိုရဲ့ သတင်းထုတ်ပြန်ချက်မှာပါရှိတဲ့ အချက်တချက်မှာ မြန်မာ့အရေးသည် အလုံးစုံပျက်သုဉ်းရေးကိုဦးတည်နေကြောင်း ပါရှိပီး ထိုအချက်နဲ့ပက်သက်လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
ဗိုလ်မှူးကြီး နော်ဘူကအခုလိုရှင်းလင်း ပြောပြပါတယ်။

“ကျနော်တို့ တိုင်းရင်းသားတွေ အားလုံးလည်း ပြည်ထောင်စု ဆိုတဲ့ အရသာတွေကို ဘာမှ အကျိုးတွေကို မခံစား ရတဲ့အတွက် ကျနော်တို့ လက်နက်ကိုင်ပြီးမှ တော်လှန်နေတဲ့ အချိန်ကာလကတော့ နှစ်ပေါင်း ခြောက်ဆယ် ခုနှစ်ဆယ် ရှိနေပါတယ်။ အဲဒီအချိန်ကာလမှာ မြန်မာနိုင်ငံနဲ့ အိမ်နီးနားချင်းနိုင်ငံတွေကလည်း သိပ်ပြီးမှ အလေး ထားပြီးမှ ကြည့်တာကို သိပ်မတွေ့ရပါဘူး။ ဒါပေမယ့် ဒီနှစ်ကတော့ ဒီမြန်မာတစ်နိုင်ငံလုံးပေါ့နော်။ ပြည်သူလူ ထုတွေ အားလုံးကတော့ ဒီနွေဦးတော်လှန်ရေး ပြည်တွင်းစစ်လို့ ပြောရမှာပေါ့ အဲဒီအချိန်ကာလဖြစ်ပါတယ်။ အရင်ကတော့ ကျနော်တို့ တိုင်းရင်းသားတွေ အရေး အခုကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူလူထု အရေးဖြစ်သွားပါတယ်။ အဲဒါတွေကို အချိန်မှီ မဖြေရှင်းနိုင်လို့ရှိရင်တော့ ဒီတိုက်ပွဲတွေ မီးတွေကတော့ ချုပ်ငြိမ်း သွားမှာ မဟုတ်ပါဘူး။ ပြည်သူလူထုဟာ လည်းပဲ နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ကျနော်တို့ သုံးသပ်ထားပါတယ်။ ကျနော်တို့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တွေလည်း နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး။ ဆိုတော့ ဒီစစ်ကောင်စီဖက်ကနဲ့ တပ်မတော်ဖက် ကနေ အဓိက ပြည်သူလူထုရဲ့ ဆန္ဒတွေကို ကျနော်တို့ တိုင်းရင်းသားရဲ့ လိုလား တောင်းတနေတဲ့ ကျနော်တို့ တရားမျှတမှု ဒီတန်းတူရေးတွေကို တန်ဖိုးထားပြီးမှ သူ့ဖက်ကလည်း အပြောင်းအလဲ ရှိပြီးမှ ဖြေရှင်း လိုက်လို့ ရှိရင်တော့ အကောင်းဖက်ကို ကျနော်တို့ ရွေ့သွားမှာ ဖြစ်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ ကျနော်တို့ မြန်မာနိုင် ငံက ဒီထက်ပိုပြီးမှ ဆိုးသွားနိုင်တယ်။ တိုက်ပွဲတွေလည်း ပိုပြီးမှ ပြင်းထန်လာနိုင်တယ်ဆိုတဲ့ အချက်တွေကို ကျ နော်တို့ ထုတ်ထားတာ ဖြစ်ပါတယ်”လို့ ကေအိုင်အိုပြန်ကြားရေးဘက်မှ အကျယ်တဝင့်ရှင်းလင်းသွားတာ တွေ့ရပါတယ်။

========================

📌📌အမျိုးသမီး ပီဒီအက်ဖ်တွေ မြိုင်မြို့နယ်မှာ စစ်သင်တန်းဆင်းနိုင်ခဲ့ကြပါပီ

ဇန်နဝါရီလ ၂၆ ရက်နေ့မှာကျင်းပတ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အပတ်စဉ်သင်တန်းဆင်းပွဲ အပတ်စဉ် ၈ ကို အောင်မြင်စွာကျင်းပခဲ့တဲ့အကြောင်း Myaing Villages Revolution Front ဥက္ကဌ ဦးအောင်ဇေယျထံမှ သိရပါတယ်။

၁၅ ရက်ကြာသင်တန်းပေးခဲ့တာဖြစ်တဲ့ အဆိုပါအပတ်စဉ် ၈ ပြည်သူ့ကာကွယ်ရေးတပ်မှာ အသက် ၄၀ ကျော် များအပါအဝင် အမျိုးသမီး ၃၃ ဦး လည်း ပါဝင်တယ်လို့သိရပါတယ်။

"MVRF မြိုင်မြို့နယ်ကျေးရွာများတပ်ဦး တပ်ခွဲ ၄ က ဗိုလ်ကာရစ်ဦးဆောင်တဲ့အဖွဲ့ကသင်တန်းပေးတယ်၊ ဒီတသုတ်ကထူးထူးခြားခြားလေးပေါ့၊ အမျိုးသမီးတွေကြီးပဲ တက်ရောက်တဲ့သင်တန်းလေးပေါ့၊ အဲဒီမှာဘာသွားတွေ့ရသလဲဆိုရင် အမျိုးသမီးတွေရဲ့စိတ်ဓါတ်က အင်မတန်မှ စစ်အာဏာရှင်စနစ်ကို သူတို့လဲမလိုလားဘူးဆိုတာကို ပွင့်ပွင့်လင်းလင်းပြလိုက်တာဖြစ်တယ်၊ သူတို့ရဲ့စိတ်ဓါတ်တွေက သင်တန်းပြီးဆုံးသည်အထိ သင်တန်းရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကြိုးစားအားထုတ်ကာ သင်ယူလေကျင့်သင်ယူတာကိုတွေ့ရတဲ့အတွက် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေမှာတော့ အင်မတန်မှအားတက်မိပါတယ်၊" ဟု ဥက္ကဌ ဦးအောင်ဇေယျက မြေလတ်အသံသတင်းဌာနကိုပြောပါတယ်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် အပတ်စဉ်သင်တန်းတွင် ထူးချွန်ဆုများ၊ ကြိုးစားအားထုတ်မှုဆုများကို ပေးအပ်နိုင်ခဲ့ပါတယ်။ သင်တန်းတက်ခဲ့ကြသူ အမျိုးသမီးများကိုယ်တိုင် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။

"အခုအချိန်မှာဆိုလို့ရှိရင် အမျိုးသမီးတွေကလည်းအမျိုးသားတွေနဲ့တန်းတူရင်ဘောင်တန်းပြီးတော့ ပြည်သူ့ကာကွယ်ရေးထဲမှာထဲထဲဝင်ဝင် ဆောင်ရွက်နေနိုင်ပြီဆိုတာကို ဖော်ပြလိုက်တာဖြစ်တယ်၊ အဲဒီတော့ အခုဆိုလို့ရှိရင်အမျိုးသမီးတွေက ကိုယ်တိုင် ကင်းစောင့်ပေးတာတို့ ဂိတ်စောင့်ပေးတာတို့ လုံခြုံရေးအရတာဝန်ယူပေးတာတို့ အများကြီးအသီးသီးတာဝန်တွေထမ်းဆောင်လာကြတာဖြစ်တဲ့အတွက်ကြောင့် အင်မတန်လေးစားစရာကောင်တယ်လို့ပြောချင်ပါတယ်ခင်ဗျာ" ဟု ဥက္ကဌ ဦးအောင်ဇေယျက ပြောပြပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလှုပ်ရှားမှုများရှိနေတဲ့အတွက် မြိုင်မြို့နယ် အပတ်စဉ် ၈ သင်တန်းဆင်းပွဲကိုမနက် ၉ နာရီမှာစခဲ့ပြီး တိုရင်းလိုရှင်းအခမ်းအနားဖြင့် ပြီးဆုံးစေခဲ့ကြပါတယ်။

မကွေးတိုင်း၊ မြို့နယ်မြို့နယ်အတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်သောပြည်သူများသည် စစ်အုပ်စု မတရားသတ်ဖြတ်မှုများကို မခံနိုင်တော့တဲ့အဆုံးရရာလက်နက်စွဲကိုင်ပီး စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်လျက်ရှိပါတယ်။ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပခုက္ကူ (၁၀၁) လက်အောက်ခံ တပ်ရင်း (၂၂) မှစစ်ကောင်စီတပ်ဖွဲ့များက ရေနံမှော်များကို မီးရှီု့ဖျက်ဆီးသွားတဲ့အပြင် အလုပ် သမားတချို့ကိုပါ သတ်ဖြတ်ပြီး မီးရှို့ အလောင်းဖျောက်မှုများ ကျူးလွန်ခဲ့ကြပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment