သတင်းခေါင်းစဉ်များ -
📌၁။ ၂၀၂၂တွင် တော်လှန်ရေးအောင်ပွဲရမည်ဟု ယုံကြည်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြော
📌၂။ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံပေါ်ထွန်းရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းအားလုံးနှင့် အတူကြိုးပမ်းမည်ဟု KIO ထုတ်ပြန်
📌၃။ ကိုဗစ်အိုမီခရွန် ကူးစက်မှုနှုန်း အလွန်မြန်ပေမယ့် သေကြေနှုန်းနည်းပါးကြောင်း သတင်းကို တင်ဆက်ပေးပါမယ်။
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌၁။ ၂၀၂၂တွင် တော်လှန်ရေးအောင်ပွဲရမည်ဟု ယုံကြည်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြော
ယခု ၂၀၂၂ သည် မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်ပွဲနှစ်ဖြစ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကြိုးစားဆောင်ရွက်နေပြီး တော်လှန်ရေးအောင်မြင်သည့်နေ့တစ်ရက် ယခုနှစ်အတွင်း ရောက်ရှိမည်ဟု ခိုင်မာစွာယုံကြည်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောသည်။
စစ်အာဏာသိမ်းမှု (၁)နှစ်ပြည့်အဖြစ် အမျိုးသမီးမဟာမိတ်အင်အားစုက ယနေ့(ဇန်နဝါရီ ၂၅ ရက်)ညပိုင်းတွင်ပြုလုပ်သည့် ‘နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ’ ဆွေးနွေးပွဲစကားဝိုင်းတွင် NUG နိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
“ကျွန်မတို့ဟာ ဒီနှစ်အတွင်းမှာသာလျှင် အောင်မြင်မှုကို ရယူနိုင်လိမ့်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ပါတယ်။ အဲဒီလိုမျိုးဖြစ်အောင်လို့လည်း တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ ဟန်ချက်ညီအောင် NUG အနေနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်လို့ ပြောချင်ပါတယ်”ဟု ၎င်းက ဆိုသည်။
၂၀၂၂ အတွင်း ပြည်သူလူထုနှင့် NUGတို့ အောင်ပွဲခံနိုင်မည့် နှစ်ဖြစ်စေရန် စီမံကိန်းရေးဆွဲဆောင် ရွက်နေပြီး ပြည်သူလူထု၏ အသံများ၊ ဝေဖန်မှုများ၊ အကြံပြုချက်များကိုလည်း နားထောင်ကာ အားနည်းချက်များကို အားသာချက်အဖြစ် ပြောင်းလဲလုပ်ဆောင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းသည်။
အထက်ပါ ဆွေးနွေးပွဲတွင်ပါဝင်သူ ဒေါက်တာတေဇာစန်းကလည်း ၂၀၂၂ သည် ပြည်သူလူထု အုပ်ချုပ်ခွင့်ရမည့်နှစ်ဖြစ်လာမည်ဟု ယုံကြည်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်နိုင်သမျှသောကဏ္ဍအားလုံးတွင် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ပါဝင်လုပ်ဆောင်ကြရန် တိုက်တွန်း သည်။
========================
📌📌၂။ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံပေါ်ထွန်းရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းအားလုံးနှင့် အတူကြိုးပမ်းမည်ဟု KIO ထုတ်ပြန်
ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံပေါ်ထွန်းရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းအားလုံးနှင့် အတူကြိုးပမ်းမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ ( KIO) က ယနေ့ ဇန်နဝါရီလ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
မြန်မာ့နွေဦး တော်လှန်ရေး တစ်နှစ်ပြည့်မည့်အချိန်တွင် KIO က ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
မြန်မာ့ပြည်တွင်းစစ်နှင့် ကြုံတွေ့လာရသည့် အခက်အခဲအကြပ်အတည်းများကို ဖြေရှင်းပေးရန် ကြိုးပမ်းနေသည့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် SAC-M အဖွဲ့များကိုလည်း ကျေးဇူးတင်ကြောင်း KIO က ဆိုသည်။
အာဏာသိမ်းယူထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြဿနာ အကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် တရားမျှတမှုကို အခြေခံပြီး ပြည်သူများ၏ ဆန္ဒကိုသဘောထားရန်လိုအပ်ကြောင်း KIO ကဆိုသည်။
မြန်မာနိုင်ငံတွင် တိုက်ပွဲကာလရှည်ကြာပြီး အကြပ်အတည်းကို အချိန်မီ မဖြေရှင်းပါက အလုံးစုံပျက်သုဉ်းရေးသို့ ရောက်ရှိသွားနိုင်သည်ဟု KIO ကသတိပေးထားသည်။
အရပ်ဘက်လူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေမှုများ မပြုလုပ်ရန်၊ လူထုအား အကာအကွယ်ပေးရေး၊ အစားအစာ လုံခြုံရေး၊ COVID -19 ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကိစ္စများကို နိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံများက ပိုမိုထိရောက်စွာအကူအညီပေးရန် KIO ကတောင်းဆိုသည်။
ထို့ပြင် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်း အားကစားပြိုင်ပွဲကို တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပမည်ဖြစ်သဖြင့် တရုတ်နိုင်ငံအနေဖြင့် နယ်စပ်တည်ငြိမ်ရေး၊ မြန်မာတွင် စစ်ပွဲများရပ်ထားရေး တိုက်တွန်းချက်များရှိသဖြင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် အလေးပေး စဉ်းစားရမည့်အချက်ဖြစ်သည်ဟု KIO က ထောက်ပြထားပါတယ်။
========================
📌📌၃။ ကိုဗစ်အိုမီခရွန် ကူးစက်မှုနှုန်း အလွန်မြန်ပေမယ့် သေကြေနှုန်းနည်းပါးကြောင်း သတင်းကို တင်ဆက်ပေးပါမယ်။
၂၀၂၀ ဇန်နဝါရီလဆန်းက စပြီး ကိုဗစ်မျိူးကွဲ အိုမီခရွန်ကြောင့် အနောက်နိုင်ငံက လူသန်းချီ ကူးစက်ပြီး အအေးမိတုတ်ကွေးကဲ့သို့ ဝေဒနာများ ခံစားကြရပါတယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာပြည်တွင်းမှာတေ့ာ ကိုဗစ်ကူးစက်မှုတွေ တိုးလာတယ်ဆိုပေမယ့် သိပ်ဆိုးဝါးတဲ့အခြေအနေမျိုး မတွေ့ကြရသေးပါဘူး။ ထိုင်းနိုင်ငံမှာ လူတိုင်းကို ကိုဗစ်ကာကွယ်ဆေး တိုးမြှင့်ထိုးပေးနေသလို မြန်မာပြည်တွင်းမှာလည်း လက်လှမ်းမီသူတွေက ကိုဗစ်ကာကွယ်ဆေး တတိယထိုးဆေးကို ရယူဆေးထိုးခံနေကြတယ် ဆိုပါတယ်။ စစ်ကောင်စီအစီအစဉ်တွေနဲ့ ကိုဗစ်တတိယဆေးကို လက်ခံထိုးနေတဲ့ သက်ကြီးရွယ်အိုတွေ အခြားမိသားစုတွေကို ရန်ကုန်မှာ တွေ့ကြရပါတယ်။ ဂျပန်နဲ့ တရုတ်နိုင်ငံတွေကလည်း ကိုဗစ်ကာကွယ်ဆေးဆိုင်ရာ ထောက်ပံ့မှုတွေ စစ်ကောင်စီထံ ပို့ပေးတာကို သတင်းများမှာ ဖော်ပြကြပါတယ်။
ယခုတဖန် - ကိုဗစ်အိုမီခရွန်မျိုးကွဲနောက်တမျိုး BA.2 (ဘီအေဒေါ့တူး) ကူးစက် နေတာ တွေ့ရှိရကြောင်း အမေရိကန်ကျန်းမာရေးအဖွဲ့တွက သတင်းထုတ်ပြန်ထားကြပါတယ်။ မြန်မာတွကတော့ ကိုဗစ်ဘဘ လို့များ ခေါ်မလား မသိပါဘူး။ အိုမီခရွန် ကိုဗစ်ပိုးက ယခင်ဗိုင်းရပ်များလာက် မပြင်းထန်ပါဘူး။ ကူးစက်နှုန်းအလွန်မြန်ဆန်တာကြောင့် လူအများအပြား ကိုဗစ်ဝဒနာ ခံစားကြရပါတယ်။ ကိုဗစ် ဘီအေတူးအကြောင်းကတော့ လူတွေ သိပ်မသိကြပေမယ့် စောင့်ကြည့်နေကြတယ် ဆိုပါတယ်။ မိုးနဲ့ ဆောင်းရာသီလွန်လို့ အအေးပေါ့ပြီး ပူနွေးခြောက်သွေ့တဲ့ ရာသီဥတုရောက်လာရင်တော့ ကိုဗစ်ကူးစက်မှု ကျဆင်းသွားမယ်လို့ မျော်လင့်ကြပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment