26th JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၃/၂၀၂၂) ကျင်းပပြုလုပ်ခဲ့
📌အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနသည် အကြမ်းဖက်စစ်အုပ်စုအား စစ်လက်နက်များ ၀ယ်ယူရရှိနိုင်စေရန် ပံ့ပိုးနေသော လုပ်ငန်းများဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၁/၂၀၂၂) ကိုဇန်နဝါရီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်
📌အိမ်မှာနေအသံတိတ်သပိတ်ကို အကြမ်းဖက်မှုဥပဒေနဲ့ဖမ်းမယ်လို့ စစ်ကောင်စီက ထိတ်လန့်တကြားသတင်းထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၃/၂၀၂၂) ကျင်းပပြုလုပ်ခဲ့တဲ့သတင်းကို တင်ပြပေးပါ့မယ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးအမှတ်(၄၀) (၃/၂၀၂၂) ကို ယနေ့ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ တွင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုရင် ဆိုးရွာလွန်းတဲ့ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စစ်အာဏာရှင် အကြမ်းဖက်သမားတွေကို ပြည်သူတွေဟာ ဇွဲရှိစွာနဲ့ လုံ့လဝီရိယမလျှော့ဘဲ တွန်းလှန်လာခဲ့ကြတာလည်း တနှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ပြည်သူတွေ အတွက်လည်း ဒီတော်လှန်ရေးဟာ အတော်ပင်ပန်းဆင်းရဲ လှကြောင်း၊ ဒါပေမယ့် အရှိန်လျော့မသွားဘဲ ဆက်လက်တွန်းလှန်နေတဲ့ ပြည်သူတွေနဲ့အတူ အမြန်ဆုံး အောင်မြင်မှုတွေ ရရှိအောင် ပိုမိုအားကောင်းအောင်၊ အားဖြည့်ကြရင်း ကျနော်တို့ ရှေ့ဆက်သွားကြမှာဖြစ်ပါကြောင်း။ ကျွန်တော်တို့ တော်လှန်ရေးဟာ zero ကနေ စကြရတာဖြစ်ပြီး အခုအချိန်အထိလည်း နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ သိသာထင်ရှားစွာ မရသေးပေမယ့် ပြည်တွင်းပြည်ပက ကျွန်တော်တို့ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ သွားနေကြတာဖြစ်ကြောင်း၊ ဒီလိုသွားရင်းနဲ့ အောင်မြင်မှုဟာ မြင်နေရပြီမို့ ဆက်လက်ကြိုးပမ်းကြဖို့ ပြောကြားလိုကြောင်း။ နိုင်ငံတကာအနေနဲ့လည်း အမှန်တရားဘက်က ရပ်တည်ပေးဖို့ နှိုးဆော်လိုကြောင်း၊ အမှန်တရားဘက်မှ ရပ်တည်ပေးခဲ့တဲ့ အာဆီယံနိုင်ငံအချို့မှ ခေါင်းဆောင်များကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ဒီတပတ်အတွင်းမှာ ကျွန်တော်တို့ပြည်သူတွေအတွက် ဝမ်းမြောက်ဂုဏ်ယူစရာကိစ္စကတော့ အမေရိကန်နိုင်ငံ အခြေစိုက် Chevron နဲ့ ပြင်သစ်နိုင်ငံ အခြေစိုက် Total တို့ စစ်ကောင်စီနှင့် စီးပွားဆက်မလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ကိစ္စဖြစ်ကြောင်း။ ပြည်တွင်း ပြည်ပမှ မြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေးကို အားတက်သရော အကူအညီပေးနေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် NUG ရဲ့ဝန်ကြီးဌာန အသီးသီး၊ အထူးသဖြင့် စီးပွားရေးဆိုင်ရာ ဝန်ကြီး ဌာနများရဲ့ အားထုတ်ကြိုးပမ်းမှုကြောင့် ယခုကဲ့သို့ စစ်ကောင်စီရဲ့ အကြီးမားဆုံး ဝင်ငွေရလမ်းတစ်ခုကို ပိတ်ဆို့နိုင်တာဖြစ်တာကြောင့် တက်ညီလက်ညီဆောင်ရွက်ခဲ့ကြတာ တွေအတွက် အထူးပင်ဂုဏ်ပြုလိုကြောင်း။ တိုင်းပြည်အာဏာကို မတရားလုယူထားတဲ့ အကြမ်းဖက်သမားတွေ ထင်ရာစိုင်းနေတဲ့ ကာလဖြစ်တာကြောင့် စိတ်မချမ်းမြေ့စရာများကတော့ နေ့စဉ်လိုလို ကြားသိ နေရတာတွေရှိကြောင်း။ အကြမ်းဖက်စစ်အုပ်စုကို ခုခံတွန်းလှန်ရင်း ကျဆုံးသွားရတဲ့ မြန်မာပြည်အရပ်ရပ်က သူရဲကောင်းတွေအတွက်လည်း အလွန်စိတ်ထိခိုက်ရသလို အပြစ်မဲ့ပြည်သူကိုပါမရှောင် နည်းမျိုးစုံနဲ့ ဒုက္ခပေးနေကြတာတွေအတွက်လည်း ထပ်တူ စိတ်မကောင်းဖြစ်ရပါကြောင်း၊ မကြာခင်ရက်ပိုင်းအတွင်းက မတရားသဖြင့် သေဒဏ်ချခံလိုက်ရတဲ့ တော်လှန်ရေးရဲဘော် ၂ ဦးဖြစ်တဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့အပါအဝင် သေဒဏ်ချခံရတဲ့ တော်လှန်ရေးသမားများအားလုံးအတွက် စိတ်ထိခိုက်ရသလို တဘက်ကလည်း ငါတို့ တော်လှန်ရေးကို မြန်မြန်အောင်မြင်အောင်လုပ်ရမယ်ဆိုတဲ့ သံဓိဌာန်လည်း ပိုမို ခိုင်မာလာကြောင်း၊ ကျဆုံးသွားတဲ့ သူရဲကောင်းတွေ မတရားအကျဉ်းချခံနေရတဲ့ သူရဲကောင်းတွေ အားလုံးအတွက် ကျွန်တော်တို့ ပိုကြိုးစားပြီး ဒီအကြမ်းဖက်သမားတွေကို အမြစ်ဖြတ် ချေမှုန်းနိုင်သည်အထိ တိုက်ပွဲဝင်ကြရမှာဖြစ်ပါကြောင်း။ ဒီလိုအောင်မြင်မှုတွေ ရနိုင်ဖို့အတွက်ဆိုရင် ပြည်သူတွေ ယုံကြည်အားကိုးကြတဲ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ပြည်သူတွေနဲ့ ထိုက်တန်တဲ့ ရလဒ်တခုကို ဆောင်ကြဉ်းပေးနိုင်ဖို့ အားကုန်ရုန်းကန်ကြရမယ့် နှစ်လည်းဖြစ်ပါကြောင်း။ မကြာခင်မှာ စစ်အာဏာသိမ်းမှု တနှစ်ပြည့် တော့မှာဖြစ်ပြီး ကျွန်တော်တို့ မကြုံချင်ခဲ့တဲ့ နှစ်ပတ်လည်တခုဖြစ်ကြောင်း၊ တနှစ်လုံးလုံး ပြောစရာစကားမရှိလောက်အောင် ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် သမားတွေကို ဇွဲကြီးကြီးနဲ့ တွန်းလှန်ရင်း အာဏာရှင်စနစ်အမြစ်ပြတ်နိုင်ဖို့ ကြိုးစားရုန်းကန် နေကြတဲ့သူ တဦးချင်းစီကို လေးစားဂုဏ်ပြုလျက် ကျွန်တော်တို့တတွေ အလုပ်တွေ ပိုကြိုးစားကြပါမယ်လို့ ကတိပြုပါကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဆက်လက်ပြီး ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီး မြှပ်နှံမှုဝန်ကြီးဌာန၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးတင်ပြကြပြီး အစည်းအဝေးကို နံနက် (၁၁း၅၀)မိနစ်တွင် ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနသည် အကြမ်းဖက်စစ်အုပ်စုအား စစ်လက်နက်များ ၀ယ်ယူရရှိနိုင်စေရန် ပံ့ပိုးနေသော လုပ်ငန်းများဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၁/၂၀၂၂) ကိုဇန်နဝါရီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်

ထိုထုတ်ပြန်ချက်မှာ

(၁) မြန်မာနိုင်ငံ၏ တပ်မတော်အမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်ပုန်ကန်မှုနှင့် စစ်ရာဇဝတ်မှုများကို နည်းမျိုးစုံဖြင့့် ကျူးလွန်လျက်ရှိရာ ပြည်သူလူထုအားလက်နက်ငယ်မျိုးစုံဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း လက်နက်ကြီးများဖြင့် ကျေးရွာနှင့် စစ်ရှောင်စခန်းရှိအရပ်သားပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခြင်း စစ်ရဟတ်ယာဉ်များကို အသုံးပြု၍ မြေပြင်မှပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခြင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲသတ်ဖြတ်ခြင်း စသည်တို့ကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါ စစ်ရာဇဝတ်မှုများသည် law of armed conflicts ၏ ဥပဒေသများကို ချိုးဖောက်ခြင်းဖြစ်ပီး စစ်ရာဇဝတ်မှုအဖြစ် နိုင်ငံတကာတရားရုံးနှင့် စစ်ခုံရုံးများတွင် အရေးယူရမည့် ပြစ်မှုများဖြစ်သည်။

(၂) ယင်းသို့နိုင်ငံတော်ပုန်ကန်မှုနှှှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ထားသည့် အကြမ်းဖက်အုပ်စုအား လက်နက်ဝယ်ယူရရှိနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များမှ စီးပွားရေးလုပ်ငန်းမျိုးစုံကို အမည်ခံအယောင်ပြပြုလုပ်ပီး လက်နက်ပွဲစားများအဖြစ် ကူညီလုပ်ဆောင်လျက်ရှိကြောင် း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စီးပွားရေးဆိုင်ရာထောက်လှမ်းရေး ညွှန်ကြားရေးရုံးမှ စီစစ်တွေ့ရှိရပါသည်။

(၃) အဆိုပါစီးပွားရေးလုပ်ငန်းရှင်မျာ းသည် စစ်ရာဇဝတ်မှုနှင့်အကြမ်းဖက်မှုများကို အားပေးကူညီနေသော လုပ်ငန်းများဖြစ်ကြောင်း ထင်ရှားသဖြင့် အကြမ်းဖက်မှုနျင့် စစ်ရာဝတ်မှုများကို အားပေးသော စီးပွားရေးလုပ်ငန်းများအဖြစ် အမည်ပျက်စာရင်းသွင်းကြောင်း ယနေ့မှစ၍ ကြေငြာအပ်သည်။

(၄) သို့ဖြစ်ရာ အောက်ဖော်ပြပါ စီးပွားရေးလုပ်ငနး်များနှင့် ဆက်စပ်ထုတ်ကုန်ပစ္စည်းများ ၊ ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲခြင်း ရောင်းဝယ်ဖောက်ကားခြင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း BUSINESS TO BUSINESS ချိတ်ဆက်ဆောင်ရွက်ခြင်း ငွေပေးငွေယူပြုလုပ်ခြင်း အလျဉ်းမပြုလုပ်ကြပါရန်နှင့်အဆိုပါလုပ်ရပ်များကိုလည်း အကြမ်းဖက်မှု စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံအားပေးသောလုပ်ရပ်များအဖြစ် သတ်မှတ်ကြောင်း ကြေငြာအပ်သည်။

အကြမ်းဖက်စစ်တပ်၏ စစ်ရာဇဝတ်မှုများကို ထောက်ခံအားပေးပြီး စစ်ရာဇဝတ်မှု ကျူးလွန်သောလုပ်ငန်းများမှာ

က- ဦးအေးကို - AK ကုမ္ပဏီအုပ်စု၊ Family Aye Ko ဆောက်လုပ်ရေး၊ A.K Construction & Industry၊ Clarity Construction & Trading နှင့် Axiom Mandalay High Way Construction ကုမ္ပဏီ
ခ-ဒေါက်တာနိုင်ထွဋ်အောင် - International Gateway Group of Company Limited
ဂ- ဒေါက်တာအောင်မိုးမြင့် - Dynasty Group Of Companies
ဃ- ဦးစစ်တိုင်းအောင် - Suntac ကုမ္ပဏီအုပ်စု၊ Yatanarpon Aviation Support
င- ဦးထွန်းလှိုင်- STE Global Trading ကုမ္ပဏီ
စ- ဂျောနသန်ကျော်သောင်း- KT Group and Ky-Tha Group
ဆ- ဦးအောင်လှိုင်ဦး - MCM ကုမ္ပဏီ အုပ်စု
ဇ- ဦးတေဇ -ထူးကုမ္ပဏီအုပ်စု
ဈ- ဦးဇော်ဝင်းဦး Trident Marine Co.Ltd တို့ဖြစ်သည်

ခင်မမမျိုး
ပြည်ထာင်စုဝန်ကြီး
စီးပွားရေးနှှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ဟု ထုတ်ပြန်ကြေငြာထားပါတယ်။

========================

📌📌အိမ်မှာနေအသံတိတ်သပိတ်ကို အကြမ်းဖက်မှုဥပဒေနဲ့ဖမ်းမယ်လို့ စစ်ကောင်စီက ထိတ်လန့်တကြားသတင်းထုတ်ပြန်ခဲ့ပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ပြည်အထိမ်းအမှတ်အဖြစ်ဆင်နွှဲကြဖို့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကို အသံတိတ်သပိတ်နေ့အဖြစ် သတ်မှတ်ထားပီး ပြည်သူတွေအားလုံးက ဆင်နွှဲကြတော့မှာဖြစ်ပါတယ်။ အာဏာသိမ်းမှု တနှစ်ပြည့်သည်ထိ စစ်ကောင်စီကထိန်းချုပ်နိုင်ခြင်းမရှိဘဲ တိုင်းပြည်အနှံ့မှာ ခုခံတော်လှန်စစ်ပွဲများနှင့်အတူ ဆန့်ကျင်ဆန္ဒပြပွဲများလည်း ပုံစံအမျိုးမျိုး ပေါ်ပေါက်နေဆဲပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်များနှင့်အတူပူုးပေါင်းလက်တွဲပီး ရရာလက်နက်ကိုင်စွဲထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်မျက်နှာအသီးသီးတွင်စစ်ကောင်စီကိုတိုက်ခိုက်နေကြသလို လက်နက်မဲ့ပြည်သူများကလည်း ပုံစံမျိုးစုံနဲ့ စစ်အုပ်စုကို ဆန္ဒပြဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ တစ်နှစ်ပြည့်တဲ့အချိန်ထိ အုပ်ချုပ်လို့မရသေးတာ ၊ ပြည်သူတွေက စစ်ကောင်စီရဲ့အုပ်ချုပ်မှုကိုလက်မခံတာ ကို ထပ်မံပြသဖို့အတွက် အသံတိတ်သပိတ် ထပ်မံဆင်နွှဲကြဖို့ ပြင်ဆင်နေကြတာပါ။ လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်လည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ်ကို ပြည်သူတွေဆင်နွှဲခဲ့ကြပီး ခြောက်ကပ်တိတ်ဆိတ်သွားတဲ့ မြန်မာနိုင်ငံအနှံ့ကပုံရိပ်တွေဟာ မြန်မာ ပြည်သူတွေရဲ့ အာဏာရှင်ကို လက်မခံခြင်း ပြယုဂ်အဖြစ် ကမ္ဘာကအသိအမှတ်ပြုခဲ့ရပါတယ်။ ပြည်တွင်းနေပြည်သူတွေရဲ့ ညီညွတ်သောအုံကြွ တော်လှန်နေမှုကိုခံနေရတဲ့ စစ်ကောင်စီဟာ အာဆီယံအိမ်နီးချင်းများနှင့် အပြည်ပြည်ဆိုင်ရာသံတမန်နယ်ပယ်မှာလည်း အခုထိအသိအမှတ်ပြုမှုကို ဆုံးရှုံးနေရဆဲပါပဲ။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်ကို စစ်ကောင်စီက ဖမ်းဆီးမယ် အကြမ်းဖက်မှုဥပဒေနဲ့တရားစွဲမယ်လို့ သတင်းထုတ်ပြန်ချက်ဟာ စစ်အုပ်စုရဲ့အတွင်းပိုင်းက ကျဆုံးနေမှု စိုးရိမ်ထိတ်လန့်မှုကို သိသာစေတယ်လို့ ပြည်သူတွေက ယုံကြည်ယူဆနေကြပါတယ်။ စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်ချက်မှာ အသံတိတ်သပိတ်နဲ့ပတ်သက်ပြီး အကြမ်းဖက်ဥပဒေ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၊ အီလက်ထရောနစ်ပုဒ်မ ၊ဆက်သွယ်ရေးပုဒ်မ တွေနဲ့အရေးယူမယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။ Silence Strikeခေါ် အသံတိတ်သပိတ် ပြုလုပ်တာ၊ လက်ခုပ်တီး၊ သံပုံးတီးတာအပြင် ကားဟွန်းတီးတဲ့ အသံထွက်သပိတ်တွေပြုလုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပ‌ဒေပုဒ်မ ၃၃(က) အပြင် တခြား တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူခံရနိုင်တယ်လို့ ၎င်းတို့ထိန်းချုပ်ခံ မီဒီယာမှတဆင့် သတိပေးထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၅ ရက်စွဲနဲ့ တားမြစ်ထုတ်ပြန်ချက်အပေါ် တကသကျောင်းသားဟောင်း များအင်အားစုက ကိုနန်းလင်းက အခုလို တုံ့ပြန်ပါတယ်။

“ဖေဖော်ဝါရီ (၁)ရက်ဟာ အာဏာသိမ်းတစ်နှစ်ပြည့်တာဖြစ်တဲ့အတွက် တော်တော်လေးအရေးကြီးတယ်။ တစ်နှစ်လုံးမှာ စစ်တပ်လုံးဝအုပ်ချုပ်မရအောင် ပြည်သူတရပ်လုံးကပုံသဏ္ဍာန်မျိုးစုံနဲ့ ပုန်ကန်ခဲ့ကြတယ်။ အာဏာသိမ်းတစ်နှစ်ပြည့်အလွန် ၂၀၂၂ခုနှစ်ဟာ တော်လှန်ရေးအတွက်အရေးပါတဲ့ အလှည့်အပြောင်း အချိုး အကွေ့တွေလုပ်ကြမယ်လို့စဉ်းစားထားကြတယ်။ ဒါကို စစ်တပ်ကနေနည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ဖို့ ကြိုးစားတဲ့ သဘောပေါ့။ လူထုကိုလည်ပင်းညှစ်တဲ့သဘောပဲ၊ ကျွန်တော်ကတော့ ယုံကြည်တယ် စစ်ကောင်စီရဲ့ ဖိနှိပ်မှု ကို ရုန်းကန်ပြီး ပြည်သူလူထုဟာ ဒီSilence Strike မှာပါမယ်လို့ ယုံတယ်”လို့ တကသကျောင်းသားဟောင်းကိုနန်းလင်းကပြောပါတယ်။

အာဏာသိမ်းပီးနောက် လိုသလိုထုတ်ပြန်ထားတဲ့ ၎င်းတို့ရဲ့ဥပဒေများကိုလည်း စစ်အုပ်စုကအကြောင်းပြခြိမ်းခြောက်နေကြပါတယ်။ အိမ်မှာနေအသံတိတ်လျှင်သော်လည်းကောင်း အသံထွက်ဆန္ဒပြလျှင်သော်လည်းကောင်း တည်ဆဲဥပဒေတွေနဲ့ တရားစွဲဆိုမှာဖြစ်ပြီး ပြစ်မှုနဲ့ သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုထင်ရှားရင် နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းမယ်လို့ သတင်းထည့်သွင်း ခြိမ်းခြောက်နေပါတယ်။ အသံတိတ်သပိတ်ကို မတ်လနှင့် ဒီဇင်ဘာလတွင်းမှာ အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့သလို မကြာခင်ဆင်နွှဲဦးမှာဖြစ်တဲ့ ပြည်သူများရဲ့အသံတိတ်သပိတ်ကို စစ်ကောင်စီဘက်က နောက်တကြိမ်ထိတ်လန့်နေကြပီဆိုတာ ဖမ်းမယ်ဆီးမယ် ပစ္စည်းသိမ်းမယ် ထုတ်ပြန်ချက်များက ထင်ရှားစေပါတယ်။ ထိုစဉ်ကလည်း အသံတိတ်ဆိုင်ပိတ်လမ်းမထွက် မသွားလာဘဲ ဆန္ဒပြ ပြည်သူများကို စစ်အုပ်စုများကရန်လိုဖမ်းဆီး အရေးယူခြင်းများ ကျူးလွန်ခဲ့ပါသေးတယ်။ အသံတိတ်လမ်းများကို ဓာတ်ပုံမှတ်တမ်းရိုက်ယူခဲ့သူ ဓာတ်ပုံနှင့်ဒီဇိုင်းပညာရှင်ကိုစိုးနိုင်ကိုတော့ စစ်ကောင်စီကဖမ်းဆီးပီး စစ်ကြောရေးမှာ အသက်သေစေသည်အထိ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့ကြပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့တော်လှန်ရေးအင်အားစုများသည် ငါတို့ငြိမ်ချင်ငြိမ်မယ် လှုပ်ချင်လှုပ်မယ် လုံးဝအုပ်ချုပ်ခွင့်မရစေရ ပြည်တော်ဝင်ဖို့ရုန်းကြစို့ ဟူသောကြွေးကြော်သံဖြင့် အသံတိတ်သပိတ်ကို ခုလိုဆင်နွှဲဖို့အားခဲနေကြတာဖြစ်ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment