25th JAN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌မြန်မာနိုင်ငံအတွက် အကြမ်းဖက်စစ်တပ်ဆိုတာ တစ္ဆေမွေးထားခဲ့ရသလိုပါပဲလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
📌စစ်တပ်၏ မြန်မာပြည်သူများအပေါ် လူသားမျိုးနွယ်စု ဆိုင်ရာပြစ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းတို့ကို နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ပေးရန် ကုလသမဂ္ဂ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော
📌ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အား သေဒဏ်ချမှတ်မှုကို ကန့်ကွက်ပြီး နိုင်ငံရေးအကျဥ်းသားအားလုံး လွှတ်ပေးရန် ဆွီဒင်သံရုံးထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မြန်မာနိုင်ငံအတွက် အကြမ်းဖက်စစ်တပ်ဆိုတာ တစ္ဆေမွေးထားခဲ့ရသလိုပါပဲလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား

မြန်မာနိုင်ငံအတွက် အကြမ်းဖက်စစ်တပ်ဆိုတာ တစ္ဆေမွေးထားရသလို ဆီဦး ထောပတ်လည်းကျွေးရ၊ ကိုယ့်ကုပ်ပေါ်လည်း ခွစီးခံထား ရဆိုတဲ့ အနေအထားဆိုပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
“သူတို့ ဉာဏ်နီ၊ ဉာဏ်နက် ရှိသမျှဖန်တီးထားတဲ့ ၂၀၀၈ အောက်မှာကို စစ်အုပ်စုရဲ့အနာဂတ် မရေရာတော့ဘူးဆိုတာ သူတို့ ပိုပိုပြီး သိလာတယ်။ ကျွန်တော် တို့နိုင်ငံအဖို့တော့ ဒီစစ်အုပ်စုဟာ တစ္ဆေမွေးထားရသလိုပဲ။ ဆီဦးထောပတ်လည်း ကျွေးထားရသေးတယ်။ ကိုယ့်ကုပ်ပေါ်လည်း ခွစီးခံထား ရတယ်ဆိုတဲ့ အနေအထားပေါ့။” လို့ ဦးရည်မွန်က မြန်မာနောင်းနဲ့ ဆက်သွယ်မေးမြန်းချက်မှာ ဖြေဆိုထားတာ တွေ့ရပါတယ်။
အကြမ်းဖက်စစ်တပ်က ဘာကြောင့် အာဏာသိမ်းခဲ့ရတာလည်းဆိုတဲ့ မေးခွန်းအပေါ် အခုလို ပြန်လည်မှတ်ချက်ပြုထားတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းပစ်နိုင်မှသာ နိုင်ငံအနေနဲ့ အကျိုးဖြစ်ထွန်းနိုင်မယ်ဆိုတာကိုလည်း ပြည်သူတွေအနေနဲ့ နားလည်နေပြီလို့ ဆိုထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းယူခဲ့တဲ့အတွက် လာမယ့်ရက်ပိုင်းဆိုင်ရင် အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို သတ် ဖြတ်နှိပ်စက်ပြီး အာဏာသိမ်းတာ တစ်နှစ်ပြည့်ပါပြီ။ ဒီလိုတစ်နှစ်ပြည့်တော့မယ် ကာလအတွင်းမှာ ပြည်သူတွေက ရရာနည်းလမ်း ပေါင်းစုံနဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်နေကြပါတယ်။
အချို့ဒေသတွေမှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းနေပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်အောက်မှာတောင် မရှိတော့ပါဘူး။
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကတော့ လက်ရှိ ၂၀၂၂ ခုနှစ်က ပြည်သူတွေအတွက် အောင်ပွဲကိုမြင်နေရပြီလို့လည်း မှတ်ချက်ပြုထားခဲ့ပါတယ်။

========================

📌📌စစ်တပ်၏ မြန်မာပြည်သူများအပေါ် လူသားမျိုးနွယ်စု ဆိုင်ရာပြစ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းတို့ကို နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ပေးရန် ကုလသမဂ္ဂ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ၂၄-၁-၂၀၂၂ ရက်နေ့၌ ကျင်းပပြုလုပ်သော (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၆) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၌ “ကုလသမဂ္ဂအဖွဲ့အစည်း၏ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာ” ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းမှာ -
- ကုလသမဂ္ဂအဖွဲ့အစည်း၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာနှင့် ၎င်း၏ မိန့်ခွန်းတွင် ပြောကြားသွားသည့် ခိုင်မာသော ကတိကဝတ်ပြုမှုနှင့် ဦးစားပေးမှုများအတွက် ကျေးဇူးတင်ပါ ကြောင်းနှင့် ကုလသမဂ္ဂ၏ လုပ်ငန်းများအတွက် ဦးဆောင်ဦးရွက်ပြုနိုင်မှုအပေါ် ချီးကျူးဂုဏ်ယူပါကြောင်း၊
- ယနေ့ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါမှအစပြု၍ ရာသီဥတုပြောင်းလဲခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် စိန်ခေါ်မှုများ ပြည့်နှက် လျက်ရှိကြောင်း၊ သို့ဖြစ်ရာ လက်ရှိ ရှိနေသည့် နိုင်ငံတကာလမ်းကြောင်းများ အထူးသဖြင့် ကုလသမဂ္ဂ မျက်နှာစာ ပိုမိုတောင့်တင်းခိုင်မာလာစေရေးအတွက် ဆောင်ရွက်ရန် ပဓာနကျကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ခိုင်မာသော ရပ်တည်ချက်များ၊ အားလုံးတူညီသော တိကျပြတ်သားသော ဆုံးဖြတ်ချက်များ ဖြင့်သာ အဆိုပါစိန်ခေါ်မှုများကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အတွင်းရေးမှူးချုပ်၏ Common Agenda ကို ထိရောက်စွာ အကောင်အထည်ဖော်မှုက ယင်းစိန်ခေါ်မှု များအား အောင်မြင်စွာ ဖြေရှင်းနိုင်ရေးအတွက် အလွန်အရေးပါကြောင်း၊
- ထို့ပြင် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး အထူးလိုအပ်လျက်ရှိသော မတည်ငြိမ်သည့်နိုင်ငံများ အများ အပြားရှိနေသည့်အချက်ကို အတွင်းရေးမှူးမှ မှန်ကန်စွာ ထောက်ပြထားကြောင်း၊ ယင်းနိုင်ငံများအထဲတွင် မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံအဖြစ် ပါဝင်ကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံနေဖြင့် အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
- လက်ရှိအခြေအနေတွင်မူ မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားလာခဲ့သည်မှာ တစ်နှစ် တင်းတင်းပင် ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူ (၁၄၄၇) ဦး ကျော် သေဆုံးခဲ့ပြီး အခြား ထောင်ပေါင်းများစွာသော ပြည်သူများမှာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ ညှင်းပန်းနှိပ်စက် ခံရကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာ့စစ်တပ်အား ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း ၎င်းတို့သည် ပြည်သူများ အပေါ် မည်သို့မျှ စဉ်းစားပေးခြင်းမရှိဘဲ၊ ပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုဆန့်ကျင်ကာ လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်၍ ပြစ်မှုမြောက်များစွာကိုသာ ကျူးလွန်လျက်ရှိကြောင်း၊
- မြန်မာ့စစ်တပ်၏ အင်အားအလွန်အကျွံအသုံးပြုမှုနှင့် လူသားမဆန်သော ရက်စက်ကြမ်းကြုတ်မှုတို့ကြောင့် ပြည်သူများနှင့် ပြည်သူများ၏ အိုးအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ကျန်းမာရေး အဆောက်အဦများ၊ စာသင်ကျောင်းများနှင့် လယ်ယာပျိုးခင်းများ ပျက်စီးခဲ့ရကြောင်း၊ ထိုမျှမကဘဲ အသက်သေးဆုံးခြင်း၊ အဆိုပါ ခက်ခဲသည့်အခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ မလုံလောက်မှုတို့က ၎င်းတို့အား ပိုမိုထိခိုက်လွယ်၍ စိုးရိမ်ရ သော အန္တရာယ်များသို့ရောက်စေရန် တွန်းပို့နေကြောင်း၊ မြန်မာစစ်တပ်မှ ဖော်ပြပါ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဥပဒေများကို ချိုး‌ဖောက်နေသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုတို့ကို ကျူးလွန်နေသည်မှာ သိသာထင်ရှားကြောင်း၊
- မြန်မာ့စစ်တပ်မှ ပိုမိုဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်မည့် ရန်စွယ် အန္တရာယ်မှ ကာကွယ်နိုင်ရန် မြန်မာပြည်သူပြည်သားများအနေဖြင့် နိုင်ငံတကာ၏ အကူအညီနှင့် အကာအကွယ်ပေးမှုတို့ကို လိုအပ်နေသည်မှာ ရှင်းလင်းမြင်သာပါကြောင်း၊
- မြန်မာ့စစ်တပ်၏ ပြစ်မှုများကျူးလွန်မှုကြောင့် ထိခိုက်ခံစားရသူများ ပိုမိုမတိုးပွား လာစေရန် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ကုလသမဂ္ဂပဋိဉာဏ်စာတမ်းနှင့်အညီ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကုလသမဂ္ဂမှတစ်ဆင့် ဖြစ်နိုင်သည့်နည်းလမ်းစုံကို အသုံးပြု၍ အချိန်မီပြတ်သားစွာ ကာကွယ်ပေးရန် တာဝန်ရှိပါကြောင်း၊
- အဓိကအားဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကတိကဝတ်ပြုမှုနှင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ခိုင်မာပြီး မမှိတ်မသုန် ထောက်ခံမှုတို့ဖြင့် မြန်မာ့စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အပြီးတိုင်အဆုံးသတ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် လိုအပ်နေသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ဖော်ဆောင်နိုင်ကာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကိုလည်း ပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှု ပြန်လည်ပေါ်ထွန်းလာစေရေးတို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ထိရောက် မြန်ဆန်၍ ညီညွတ်သည့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရန် မိမိအနေဖြင့် ထပ်လောင်း တောင်းဆိုလိုပါကြောင်းဟူ၍ ပါရှိပါတယ်။

========================

📌📌ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အား သေဒဏ်ချမှတ်မှုကို ကန့်ကွက်ပြီး နိုင်ငံရေးအကျဥ်းသားအားလုံး လွှတ်ပေးရန် ဆွီဒင်သံရုံးထုတ်ပြန်

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အား သေဒဏ်ချမှတ်မှုကို ကန့်ကွက်ပြီး နိုင်ငံရေးအကျဥ်းသားအားလုံး လွှတ်ပေးရန် ရန်ကုန်မြို့ရှိ ဆွီဒင်သံရုံးက ယနေ့ ဇန်နဝါရီလ ၂၅ တွင် ထုတ်ပြန်လိုက်သည်။
သေဒဏ်ချမှတ်ခြင်းသည် ရက်စက်၊ လူမဆန်၊ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေပြီး ပြန်လည်ပြင်ဆင်ခွင့်မရသည့် ပြစ်ဒဏ်ဖြစ်သည့်အပြင် လူသားများ၏ မွေးရာပါ အခွင့်အရေးဖြစ်သည့် အသက်ရှင်ခွင့်အား ချိုးဖောက်နေသည့် ပြစ်ဒဏ်လည်း ဖြစ်သည်ဟု သံရုံးကဆိုသည်။
ဆွီဒင်နိုင်ငံနှင့် ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာလုံးအတိုင်းအတာ သေဒဏ် ဖျက်သိမ်းရေးအား ကြိုးပမ်းလုပ်ဆောင်နေသည်နှင့် အညီ မည်သည့် အကြောင်းအရာ ပုံစံမျိုးနှင့်မဆို သေဒဏ်ချမှတ်ခြင်းအား ရှုတ်ချကန့်ကွက်ကြောင်း၊ စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီနှင့် NLD လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော် တို့ကို ဇန်နဝါရီ ၂၂ ရက်က သေဒဏ်ချမှတ်လိုက်ပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၄၅ ဦးထိ ရှိလာသည့်အတွက် အသက်ရှင်သန်ခွင့်အား လေးစားလိုက်နာခြင်းသည် လူ့အခွင့်အရေး၏ အဓိကအချက်ပင်ဖြစ်ကြောင်းထပ်လောင်း သတိပေးလိုသည်ဟု ဆွီဒင်သံရုံးကဆိုသည်။
သေဒဏ်ချမှတ်ခြင်းအား ဖျက်သိမ်းခြင်းနှင့်အတူ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရမည်ဖြစ်ကြောင်း ဆွီဒင်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment