25th JAN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၂၄ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် NUG အစိုးရတို့က စစ်ဘေးရှောင်များကို ကူညီပေး
📌ကယားပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်(DMO-PDF) လှုပ်ရှားနယ်မြေမှာ ဆေးရုံငယ်တခုကို ဖွင့်လှစ်နိုင်ခဲ့

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် NUG အစိုးရတို့က စစ်ဘေးရှောင်များကို ကူညီပေးနေတဲ့သတင်းကို ပြောပြပါ့မယ်

စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်ဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ အကူအညီလိုအပ်သောသူများထံ ယခုထက်ပို၍ အထောက်အပံ့များ တိုးမြှင့်ပေးအပ်နိုင်ရေးသည် ၂၀၂၂ ခုနှစ်အတွက် အဓိကဦးစားပေးလုပ်ငန်းတစ်ခုဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံရှိ ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားခဲ့ရသော မိသားစုများနှင့် အကူအညီလိုအပ်သောသူများကို သွားရောက်ကူညီခွင့် စဥ်ဆက်မပြတ်ရရှိရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိကြောင်းကိုလည်း ဖော်ပြခဲ့ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP သည် စစ်ဒဏ်ခံနေရသော ချင်းပြည်နယ် မင်းတပ်မြို့ နှင့် ပလက်ဝမြို့နယ်၊ မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့၊ ကရင်ပြည်နယ်မြိုင်ကြီးငူအထူးဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအချို့ရှိ ပဋိပက္ခဖြစ်ပွားမှုများကြောင့် ထိခိုက်ခဲ့ရသောသူများနှင့် အခြားထိခိုက်လွယ်သော မိသားစုများအား လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့များအား တိုက်ရိုက်ပေးအပ်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလနှောင်းပိုင်းတွင် မင်းတပ်မြို့ရှိ နေရပ်စွန့်ခွာခဲ့ရသူဦးရေ (၅၀၀) ကျော်အား နှစ်လစာ စားနပ်ရိက္ခာအထောက်အပံ့များ ပေးအပ်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့တွင် ခေတ္တပြောင်းရွှေ့နေထိုင်နေသော မင်းတပ်မှနေရပ်စွန့်ခွာလာခဲ့ရသူဦးရေ (၉၀၀) ကျော်အား နှစ်လစာ ဆန်ရိက္ခာအထောက်အပံ့များ ပေးအပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ ချင်းပြည်နယ်တွင်ပင် WFP အနေဖြင့် ပလက်ဝမြို့ရှိ လူဦးရေ (၅,၄၀၀) နှင့် မီးဇာရွာရှိ လူဦးရေ (၉၀၀) တို့အားလည်း လစဉ်ငွေကြေးအထောက်အပံ့များကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလအစောပိုင်းတွင် ပေးအပ်နိုင်ခဲ့သည်ဟုဆိုသည်။ စစ်​ဘေးဒုက္ခသည်အများစုဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု နှင့် ဗုံးကြဲနေမှုကိုအထူးကြောက်ရွံ့နေကြရပီး အချို့မှာလည်း စစ်တပ်ရဲ့ ရွာကို မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်မဲ့ယာမဲ့ဖြစ်နေကြရပါတယ်။
WFP သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာခဲ့ရသူ (၃,၀၀၀) ကျော်ကို စားနပ်ရိက္ခာအထောက်အပံ့များ ကူညီပေးနိုင်ခဲ့ပီး ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသရှိ ထိခိုက်လွယ်သူ လူဦးရေပေါင်း (၆,၈၀၀) ကျော်ကိုလည်း ၂၀၂၁ နှောင်းပိုင်းက ဆန်ရိက္ခာ အထောက်အပံ့များ ပေးအပ်ခဲ့သည်ဟုထုတ်ပြန်ထားပါတယ်။ ထို့အတူ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထောက်ပံ့ကူညီမှုတွေပြုလုပ်နေပါတယ်။ တိုက်ပွဲတွေကြောင့် မိမိတို့နေရပ်ကို စွန့်ခွာပြီးတော့ထွက်ပြေးတိမ်းရှောင်နေရသူတွေက ရှမ်းပြည်နယ်(တောင်ပိုင်း)က ဒေသတွေနဲ့ ကရင်ပြည်နယ်၊ သံ တောင်ကြီးမြို့ နယ်တွေ၊ ကရင်နီပြည်နယ်အတွင်းက တိုက်ပွဲရှောင်စခန်းတွေမှာ နေထိုင်ကြရပြီးတော့ အဲဒီစစ် ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အရေးပေါ်စားနပ်ရိ က္ခာနဲ့ လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေကို ချိတ်ဆက်ကူညီပံ့ပိုးပေးနေပါတယ်။
ကူညီထောက်ပံ့မှုများကို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ(KSCC) အပါ အဝင် ဒေသခံမိတ်ဖက်တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်း ပြီးတော့ လုပ်ဆောင်နေတာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်ကနေ ၂၄ ရက်အထိ စုစုပေါင်း ကျပ်သိန်း ၉၉၀ ကျော်အထိ ပံ့ပိုးကူညီထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုလည်း ဆက်လက် ထောက်ပံ့သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

========================

📌📌ကယားပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်(DMO-PDF) လှုပ်ရှားနယ်မြေမှာ ဆေးရုံငယ်တခုကို ဖွင့်လှစ်နိုင်ခဲ့ကြပါတယ်

ဒီးမော့ဆိုမြို့နယ်တွင်းမှာ CANAAN (ခါနာန်) လို့ အမည်ပေးထားတဲ့ ဆေးရုံတရုံကို ဇန်နဝါရီ ၂၄ ရက်က ပြည်သူ့ကာကွယ်ရေးတပ်များက ဖွင့်လှစ်ခဲ့ကြတာဖြစ်ပါတယ်။ ပြည်သူလူထုကို ကျန်းမာရးကို ထိထိရောက်ရောက်စောင့်ရှောက်မှုပေးနိုင်ဖို့ အခုဆေးရုံကိုဖွင့်လှစ်ခဲ့ကြောင်း ဆေးရုံတာဝန်ခံတဦးကပြောပါတယ်။

“ကျနော်တို့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်။ ဒီတော့ ပြည်သူလူထုတွေဟာ စစ်ဘေးရှောင်နေကြရလို့ ကျန်းမာရေးစောင့်ရှောက်မှု မရကြဘူး ဖြစ်နေတယ်။ ဒီတော့ ပြည်သူတို့တွေ လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုထိထိရောက်ရောက်ပေးနိုင်ဖို့ ခါနာန်ဆေးရုံးကို ဖွင့်လှစ်ရတာပါ"လို့ ပြောပါတယ်။

ကယားပြည်နယ်ဟာ အကြမ်းဖက် စစ်ကောင်စီတပ်များရဲ့ ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်၊ တင့်ကားတပ်တွေသုံးကာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုခံနေရဆဲဒေသဖြစ်ပါတယ်။ လွိုင်ကော် ဒီးမော့ဆို ဖရူဆိုနဲ့ ရှားတောမြို့နယ်အတွင်းမှာ ခုခံကာကွယ်ရေး ပြည်သူ့တပ်တွေဟော စစ်ကောင်စီရဲ့ထိုးစစ်များကို ကြံ့ကြံ့ခံတိုက်ပွဲများဖြစ်ပွားနေတုန်းပါပဲ။ တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူလူထု‌တွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့နေရချိန် မှာ အခုလို ပြည်သူကာကွယ်ရေးတပ်က ဦးဆောင်မှုဖြင့် ပြည်သူ့ဆေးရုံ၊ ဆေးပေးခန်းများ ဖွင့်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့‌ဒေသက ဆေးရုံ၊ ဆေးပေးခန်းတွေ အားလုံးနီးပါး ပိတ်ထားရတယ်။ စစ်ကောင်စီတပ်တွေက စစ်ကြောင်းတွေထိုးတယ်။ လက်နက်ကြီးတွေနဲ့ ရပ်ရွာထဲ ပစ်ခတ်တယ်။ လူနေအိမ်တွေကို မီးရှို့တယ်။ အရပ်သားပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေလည်း တစ်ယောက်မှ မနေရဲတော့ဘဲ ထွက်ပြေးနေကြရတယ်။ သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးသူငယ်တွေအတွက် ပြစရာဆေးခန်းမရှိတော့ဘူး။ အခုလို ပြည်သူ့ကာကွယ်ရေးက ပြည်သူတွေရဲ့ ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ဆေးရုံဖွင့်လိုက်တဲ့အတွက် ဝမ်းလည်းဝမ်းသာတယ်များစွာလည်းအားကိုးအားထားတယ်” လို့ ဒေသခံတဦးက ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။
ခါနာန်ဆေးရုံမှာ စစ်ကောင်စီရဲ့ မတရားအမိန့်အာဏာကိုဖီဆန်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ ဆေးကျောင်းသား/သူတွေ၊ သူနာပြုကျောင်းသား/သူတွေက တာဝန်ထမ်းရွက်ကြမှာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO- PDF) က ဦးဆောင်မှုနှင့်အတူ ဒေသခံ ရပ်မိရပ်ဖပြည်သူလူထုတွေ ပူးပေါင်းဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment