11th FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌KIA အုပ်ချုပ်ရေးအတွေ့အကြုံများ ရှင်းလင်းမျှဝေခြင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် တက်ရောက်
📌ချင်းပြည်ထောင်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်အောင်မြင်ရေးသည် ချင်းအမျိုးသားတို့ရဲ့သမိုင်းပေးတာဝန်ဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ကထုတ်ပြန်ချက်
📌ဖာပွန်မြို့နယ်ကနေ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီဝန်ထမ်းတွေ ထွက်ခွါနေကြ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌KIA အုပ်ချုပ်ရေးအတွေ့အကြုံများ ရှင်းလင်းမျှဝေခြင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် တက်ရောက်ခဲ့ပါတယ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်သည် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁ဝး၀၀ နာရီတွင်ကျင်းပပြုလုပ်သော မဟာမိတ် KIA ၏ အုပ်ချုပ်ရေး အတွေ့အကြုံများ ရှင်းလင်းမျှဝေခြင်း‌ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်
ဆွေးနွေးပွဲတွင် ပထမဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဖွင့်အမှာစကား ပြောကြားရာတွင် နယ်မြေစိုးမိုးမှု အထိုက်အလျောက် ရရှိနေပြီဖြစ်သော ဒေသများတွင် ပြည်သူ့အုပ်ချုပ်ရေးအာဏာတည်နိုင်ရန် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးနှင့် စီမံရေး၊ တရားစီရင်ရေးနှင့် အခွန်ကောက်ခံရေး ကိစ္စရပ်တို့ကို စစ်ရေးနှင့် ဟန်ချက်ညီအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းစသဖြင့် ပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်က ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ အကျဉ်းကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ ထို့နောက် အမှတ်(၁) စစ်ဒေသ စစ်ဒေသမှူးမှ KIA ၏ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေပေးခဲ့ပြီး အခွန်ကောက်ခံရေးဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာ ကဏ္ဍနှင့် လူထုစည်းရုံးရေး ကဏ္ဍများအတွက် အကြံပြုချက်များ တင်ပြဆွေးနွေးခဲ့ပါတယ်။
တက်ရောက်လာကြသော ခရိုင်၊ မြို့နယ် ပအဖ နှင့် ပကဖတာဝန်ခံများမှ မိမိတို့မြို့နယ်များတွင် ပြည်သူ့အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေးဆိုင်ရာနှင့် ပြည်သူ့လုံခြုံရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြခြင်း၊ သိလိုသည်များကို မေးမြန်းခြင်းနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအား လုံခြုံရေးဆိုင်ရာ သင်တန်းပေးနိုင်ရန်ကိစ္စတို့ကို တင်ပြဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ပါတယ်။ ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အမှတ်(၁) စစ်ဒေသမှူးတို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ် ၁၂:၄၅ နာရီတွင် အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။
အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုဒုဝန်ကြီးများ၊ အတွင်းဝန်များနှင့် ရုံးအဖွဲ့၊ အမှတ် (၁) စစ်ဒေသ စစ်ဒေသမှူး၊ ခရိုင်၊ မြို့နယ် ပအဖ၊ ပကဖ တာဝန်ခံများ၊ ဒုတိယတာဝန်ခံများ တက်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။

========================

📌📌ချင်းပြည်ထောင်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်အောင်မြင်ရေးသည် ချင်းအမျိုးသားတို့ရဲ့သမိုင်းပေးတာဝန်ဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ကထုတ်ပြန်ချက်ရေးသားလိုက်ပါတယ်

ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မယ့် (၇၄)နှစ်မြောက် ချင်းပြည်နယ်နေ့(ချင်းအမျိုးသားနေ့) အထိမ်း အမှတ်အတွက် ဗဟိုအလုပ်မှုဆောင်ကော်မတီ ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်ချက်တွင် ခုလိုရေးသားထားတာပါ။ ဖက်ဒရယ်ပြည်ထောင်စုတွင် ချင်းအမျိုးသားတို့ရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကျင့်သုံးရန် ကြိုးပမ်းခဲ့သော်လည်း ယနေ့တိုင်အကောင်အထည်မဖော်နိုင်သေးကြောင်း၊ ချင်းပြည်ထောင်အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီစနစ် နိုင်ငံတော်သစ်ပေါ်ထွန်းရေးဟာ ချင်းအမျိုးသားတို့ရဲ့ သမိုင်းပေးတာဝန်ဖြစ်တယ်လို့ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ယခုအချိန်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်ရက်စက်မှုကြောင့် ချင်းလန်းပြည်သူတရပ်လုံး အတိဒုက္ခရောက်နေရသောကြောင့် ချင်းအမျိုးသားရေးစိတ်ဓာတ်ကို အမြင့်ဆုံးသို့မြှင့်တင်ရမယ်လို့လည်း တိုက်တွန်းထားပါတယ်။ အာဏာရှင်တွေဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ခြင်းမရှိစေရန် အချုပ်အခြာအာဏာကိုလုယူပြီး ညှဉ်းပန်းအုပ်ချုပ်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်လာပြီဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီကိုဖော်ဆောင်နိုင်ဖို့ ပြည်သူ့တော်လှန်ရေးဖြစ်ကြောင်း၊ ဒါကြောင့်ချင်းတော်လှန်ရေးအင်အားစုများကိုစုစည်းကာ အာဏာရှင်စနစ်ကိုပြည်သူ့အင်အားနဲ့ချုပ်ငြိမ်းစေရမှာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းတွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC, အမျိုးသားညီညွတ်ရေးအစိုးရ NUG, ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C တို့နှင့်အတူ ကျရာကဏ္ဍမှာတာဝန်ထမ်းဆောင်ကြရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ချင်းအမျိုးသားတပ်ဦး CNF အနေနဲ့ အာဏာသိမ်း မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီနှင့် လုံးဝဆွေးနွေးသွားမှာမဟုတ်ဘူးလို့ CNF ပြောခွင့်ရ ဆလိုင်းထက်နီက ပြောဆိုထားပါတယ်။ ဒါ့ပြင် ပြည်သူဘက်တွင် ရပ်တည်သော တိုင်းရင်းသားလက်နက်ကိုင်အားလုံးအနေဖြင့် စစ်ကောင်စီက ဖိတ်ခေါ်သော ဆွေးနွေးပွဲကို မတက်သင့်ကြောင်း CNF ကပြောဆိုတိုက်တွန်းပါတယ်။ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး နွေဦးတော်လှန်ရေးစတင်ကလည်းက CNF အပါအဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့များဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အင်အားစုများနှင့်ပူးပေါင်းပြီး ခုခံတိုက်ပွဲများကို အပြင်းအထန်ဆင်နွှဲနေတာဖြစ်ပါတယ်။ ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ကလည်း ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှာကျရောက်မှာဖြစ်ပြီးတော့ ဒီပွဲကိုအကြမ်းဖက်စစ်ကောင်စီကဦးဆောင်ပြီးတော့ ကျင်းပဖို့စီစဉ်နေကြောင်းသိရပါတယ်။ စစ်ကောင်စီသည် စစ်ဘေးသင့်ချင်းပြည်သူများအား မထောက်ထားမစာနာပဲ ချင်းပြည်နယ်တွင် ချင်းအမျိုးသားနေ့ကိုကျင်းပကြမည်ဟု သတင်းရရှိထားကြောင်း၊ လက်ရှိအခြေအနေသည် နေ့ထူးနေ့မြတ်များကိုကျင်းပရန် မသင့်တော်သော အချိန်ဖြစ်ပါကြောင်း ထို့ကြောင့် စစ်ကောင်စီကဦးဆောင်ပြုလုပ်မယ့် ချင်းအမျိုးသားနေ့တွင် မည်သူမျှပါဝင်ဆင်နွဲခြင်းမပြုလုပ်ကြရန် တိုက်တွန်းကြောင်း၊ တိုက်တွန်းချက်များအားမလိုက်နာပါက စစ်ကောင်စီထောက်ခံသူအဖြစ်မှတ်ယူသွားမည်ဖြစ်ပြီး ကြုံတွေ့လာမည့်ပြသနာများအား မိမိတာဝန်သာဖြစ်ကြောင်း ချင်းပြည်နယ်တွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက သတိပေးတားမြစ်ချက်များထုတ်ပြန်ထားတာကိုလည်း သိရှိရပါတယ်။

========================

📌📌ဖာပွန်မြို့နယ်ကနေ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီဝန်ထမ်းတွေ ထွက်ခွါနေကြတဲ့သတင်းတပုဒ်ကိုဖတ်ကြားပေးပါ့မယ်

ကရင်ပြည်နယ် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန် မြို့နယ်မှာရှိနေကြတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေဟာ ဒီရက်ပိုင်းအတွင်းမှာ ဆက်တိုက်ဆိုသလို နေရပ်ပြန်သွားကြပြီလို့ ဒေသခံတွေကပြောပါတယ်။ ခုလို စစ်ကောင်စီရဲ့ဌာနဆိုင်ရာ လုပ်ငန်းတွေကို မလုပ်ကိုင်တော့ဘဲ တာဝန်စွန့်ခွာ နေရပ်ပြန်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ မပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ဖာပွန်မြို့နယ်တွင်းကနေ ထွက်သွားကြပါ သတိပေးချက်တရပ်ကို ကေအန်ယူ တပ်မဟာ ၅ ကထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အခုလိုဆက်တိုက် ဖာပွန်မြို့ကို စွန့်ခွာ နေရပ်ပြန်မှုတွေ ဖြစ်ပေါ်လာတာပါ။ KNU-KNLA တပ်မဟာ ၅ တာဝန်ရှိသူတွေကတော့ အခုလို ဆောင်ရွက်တာဟာ ဝန်ထမ်းတွေကို ခြိမ်းခြောက်တာမဟုတ်ပဲ CDM ပြုလုပ်ခိုင်းတာဖြစ်ပြီး ဖာပွန်မြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်ဖို့နဲ့ ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်ရေးကို ပြန်လည်ကျင့်သုံးဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်နီပြည်နယ် ချင်းပြည်နယ် မကွေးတိုင်း စစ်ကိုင်းတိုင်း စတဲ့ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က နယ်မြေအချို့စိုးမိုးထားနိုင်မှု ရှိလာသလိုပဲ KNU တပ်မဟာ ၅ ကလည်း ၎င်းတို့တပ်ဖွဲ့ထိန်းချုပ်နယ်မြေမှာ အာဏာသိမ်းအုပ်စုရဲ့ လက်အောက်ခံဝန်ထမ်းတွေကိုအလိုမရှိကြပါဘူး။ ဖာပွန်မြို့နယ်အတွင်းကစစ်ကောင်စီဝန်ထမ်းတွေကို KNU တပ်မဟာ ၅ ရဲ့ လမ်းအသုံးပြုနယ်အတွင်းက ဖာပွန်- မဲ့ဝိုင်-ဘီးလင်းလမ်းကနေ ထွက်ခွာသွားလာခွင့်ပေးထားတယ်လို့ တိမ်းရှောင်လာတဲ့ ဝန်ထမ်းမိသားစု တစ်ဦးကပြောပါတယ်။

"ဖာပွန် မြို့နေ စစ်အုပ်စုဝန်ထမ်း တွေ ဖေဖော်ဝါရီ လ၁၀ရက်ထွက်သွားပေးရမယ်လို့ တပ်မဟာ၅က အမိန့် ထုတ်ထားတော့ နယ်ဝေးကဝန်ထမ်းတွ လူကြီးအလစ်မှာပြန်ပြေးကြတယ်။ဝန်ထမ်းတချို့လည်း ဘီးလင်း- မဲ့ဝိုင် - ဖာပွန် KNUနယ်မြေ တောလမ်းကနေ ပြန်ကြတယ်၊ နယ်ခံဝန်ထမ်းတွေက တော့မြိုင်ကြီးငူဘက် ပြောင်း နေကြတယ် လူကြီးပိုင်းဝန်ထမ်းနဲ့ တချို့တွေကတော့ဖာပွန်စစ်တပ်ကပေးမပြန်ဘူး။ ဝန်ထမ်း၅၀လောက် ရှိနေကြသေးတယ်။ လစာတွေလည်းမရ ကြသေးဘူး။ ဖာပွန်- ကမမောင်း ကားလမ်းကတံတားတွေကျိုးနေတယ်၊ မိုင်းတွေ ရှိ နေတာကြောင့် တောလမ်းကပတ်ပြီးပြန်ခဲ့ရတယ်"လို့ ဖာပွန် မှ ကမမောင်းမြို့ဘက်ကို ပြန်လာတဲ့ဝန်ထမ်းမိသားစုဝင်တစ်ဦးက ဘီဘီစီသတင်းဌာနကို ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ ဖာပွန်မြို့ဟာ ဇန်နဝါရီလလယ်ပိုင်းကစပြီး ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်နေသလို လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် အခြေခံစားသောက်ကုန်နဲ့ ကုန်စည်ပစ္စည်းတွေလည်း ဈေးတွေထိုးတက်နေတဲ့အတွက်ကြောင့် အခြေခံလူတန်းစားတွေ အခက်ပိုကြုံနေရတာပါ။ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီနဲ့ KNLA တပ်မဟာ ၅ တို့အကြား တိုက်ပွဲတွေနေ့စဉ်လိုလိုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့ KNU ဘက်ကသတင်းထုတ်ပြန်ထားပါတယ်

“မြို့က တော်တော်ခြောက်ကပ်သွားတယ်။ ဒေသခံတွေလောက်ပဲ ကျန်တော့တယ်။ ဝန်ထမ်းတွေလည်း ပြန်ကုန်တယ်။ ဒေသခံထဲက ဝန်ထမ်းတွေဆိုရင်လည်း နေရာပြောင်းနေကြတယ်။ ဆွေမျိုးတွေရှိတဲ့ တခြားမြို့တွေကို သွားပြောင်းနေလိုက်ကြတယ်”လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ အာဏာသိမ်းတနှစ်ပြည့်လာချိန်ထိ နိုင်ငံတကာသံခင်းတမန်ခင်းအရေးတွေမှာ ဆက်တိုက်ဆိုသလိုအရေးနိမ့်နေပါတယ် မကြာခင် ဖနွမ်းပင်မှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုလည်း စစ်အုပ်စုကိုယ်စားလှယ်တွေ တက်ရောက်ဖို့ဖိတ်ကြားသူ မရှိခဲ့ပါဘူး။ ပြည်တွင်းမှာလည်း မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုက ဖိတ်ခေါ်ခဲ့ပေမယ့် ဒီ ငြိမ်းချမ်းရေးဟန်ပြဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ ကေအန်ယူဘက်က တုံ့ပြန်ထားပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment