10th FEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အရပ်သားပြည်သူကိုမငဲ့ကွက်ဘဲ လူနေရပ်ကွက်တွင်းက စစ်ကောင်စီစခန်းများအနီး မိုင်းထောင်ထားရန် ညွှန်ကြားနေ
📌ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး ကော်မတီ ဥက္ကဌ နှင့် NUG အစိုးရရဲ့ ချက်သမ္မတ နိုင်ငံဆိုင်ရာ မြန််မာကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး
📌အကြမ်းဖက်စစ်တပ်ပိုင် MEC နဲ့ ဖက်စပ်လုပ်နေတာရပ်ဖို့ ဂျပန်ကုမ္ပဏီကို HRW တိုက်တွန်း

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အရပ်သားပြည်သူကိုမငဲ့ကွက်ဘဲ လူနေရပ်ကွက်တွင်းက စစ်ကောင်စီစခန်းများအနီး မိုင်းထောင်ထားရန် ညွှန်ကြားနေ

အဓမ္မစစ်အာဏာသိမ်းမှုကြောင့် ပြည်သူလူထုရဲ့ခုခံတွန်းလှန်စစ်များ ဖြစ်ပွားလျက်ရှိပါတယ်။ တော်လှန်စစ်ပြင်းထန်ရာဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကလည်း နယ်မြေအချို့ကိုစိုးမိုးထားနိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားများကို စတင်ထူထောင်နေကြပါတယ်။ စစ်ကောင်စီရဲ့မတရားအာဏာသိမ်းမှု ဖိနှိပ်မှုများကြောင့် တပ်စခန်းကိုစွန့်ခွာနေကြသော စစ်ကောင်စီတပ်သားများနေ့စဉ်နဲ့အမျှ ရှိနေပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များရဲ့ စခန်းသိမ်း ဝင်ရောက်စီးနင်းမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူနေရပ်ကွက်အတွင်းမှာ စခန်းချထားတဲ့ စစ်ကောင်စီစခန်းများအနီး မိုင်းထောင်ထားဖို့ ညွှန်ကြားချက်များ ထွက်ပေါ်လာကြောင်း သိရပါတယ်။ စစ်ရေးစည်းကမ်းနှင့် ကျင့်ဝတ်လိုက်နာမှုများကင်းမဲ့နေတဲ့ စစ်ကောင်စီတပ်များဟာ အခုလို အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးစေနိုင်တဲ့ လူနေရပ်ကွက်အတွင်း ၎င်းတို့စခန်းလုံခြုံရေးအတွက် မိုင်းထောင်ရန် ကြံစည်နေခြင်းဟာ လူမဆန်တဲ့ပြစ်မှုမျိုးဖြစ်ပါတယ်။
စစ်လက်နက်အင်အားအမြောက်အမြားပိုင်ဆိုင်ထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်အလိုက် ရဲစခန်းများတွင် လုံခြုံရေးဘန်ကာများ သဲအိတ်များ ကတုတ်ကျင်းများ ပစ်ကျင်းများ ဆောက်လုပ်စေပြီး ပြည်သူလူထုရဲ့ တော်လှန်စစ်ကို ရင်ဆိုင်နေရတာ တနှစ်ကြာကာလပြည့်ခဲ့ပါပြီ။ ခုလို အုပ်ချုပ်ရေးယန္တရားများ ယိုင်လဲနေပေမယ့် ၇၅ နှစ်မြောက်ပြည်ထောင်စုနေ့ကို စည်စည်ကားကားဖြစ်အောင်ကြိုးစားကျင်းပနိုင်ဖို့ ပြည်သူများနှင့် နိုင်ငံတကာကိုလှည့်စားနိုင်ဖို့ မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုက ကြိုးစားနေတာကိုလည်း သိရပါတယ်။ အခုလို ရဲစခန်းသို့ဝင်ရောက်နိုင်သော လမ်းကြောင်းနေရာများကို မိုင်းဗုံးများပါထောင်ထားစေဖို့ ညွှန်ကြားချက်များပေါက်ကြားလာတာကြောင့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူအပေါ် လူမဆန်တဲ့စစ်ရာဇဝတ်မှုများဟာ ပိုမိုမြင်သာလာစေတဲ့အကြောင်း သုံးသပ်ပြောဆိုနေကြပါတယ်။

========================

📌📌ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး ကော်မတီ ဥက္ကဌ နှင့် NUG အစိုးရရဲ့ ချက်သမ္မတ နိုင်ငံဆိုင်ရာ မြန််မာကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး

ချက်သမ္မတ နိုင်ငံအထက်လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး ကော်မတီ ဥက္ကဌ မစ္စတာ Pavel Fisher ၏ ဖိတ်ကြားချက်အရ NUG အမျိုးသား ညီညွတ်ရေး အစိုးရ၏ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ချက်သမ္မတ နိုင်ငံဆိုင်ရာ မြန််မာကိုယ်စားလှယ် ဦးလင်းသန့်တို့သည် ယနေ့ နံနက်ပိုင်းက ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်၊ မစ္စတာ ပါဗဲလ်ဖစ်ရှာ၏ ရုံးခန်းတွင် မြန်မာနိုင်ငံအရေး ပိုမိုအားပေးမှု ရှိစေရေး ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

========================

📌📌အကြမ်းဖက်စစ်တပ်ပိုင် MEC နဲ့ ဖက်စပ်လုပ်နေတာရပ်ဖို့ ဂျပန်ကုမ္ပဏီကို HRW တိုက်တွန်း

မြန်မာအကြမ်းဖက် စစ်တပ်ပိုင် MEC ကော်ပိုရေးရှင်းနဲ့ ဖက်စပ်လုပ်ငန်း လုပ်နေတာရပ်တန့်ဖို့ ဂျပန်နိုင်ငံ အခြေစိုက် Yokogawa Bridge Corp ကို HRW က တိုက်တွန်းလိုက်ပါတယ်။
Yokogawa Bridge Corporation ဟာ ၂ဝ၁၄ ခုနှစ် မတ်လက MEC ကော်ပိုရေးရှင်းနဲ့ အကျိုးတူပူးပေါင်းရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာ တွေ့ရပြီး ၂ဝ၂ဝ ပြည့်နှစ်က ထုတ်ပြန်လိုက်တဲ့ Yokogawa Bridge Corp ရဲ့ အစီရင်ခံစာမှာ MEC နဲ့ ဆက်ဆံရေးပိုမိုခိုင်မာအောင် လုပ်ဖို့နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့သွားဖို့ ရှိတယ်လို့ ဖော်ပြထားကြောင်း HRW (လူ့အခွင့်အရေးလေ့လာစောင့်ကြည့်မှုအဖွဲ့) ရဲ့ ဖေဖေါ်ဝါရီ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၄ ခုနှစ်ကစပြီး MEC ကော်ပိုရေးရှင်းအတွက် သင်တန်းတွေ စတင်ပို့ချပြီး သံမဏိထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေးနည်းပညာဆိုင်ရာ နည်းပညာလွှဲပြောင်းပေးဖို့ ဆောင်ရွက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဂျပန်အစိုးရရဲ့ အကူအညီနဲ့ တည်ဆောက်နေတဲ့ ပဲခူးမြစ်ကူးတံတားစီမံကိန်းအတွက် သံမဏိတွေကို MEC ပိုင် မှော်ဘီသံမဏိစက်ရုံကနေ ထုတ်လုပ်ပေးနေတယ်လို့လည်း သိရပါတယ်။
ဆက်လက်ပြီး ဂျပန်က မြန်မာပြည်သူတွေအတွက် စာနာမှုအကူအညီ ကန်ဒေါ်လာ ၁၈ သန်းခွဲ ထောက်ပံ့မယ်လို့ သိရပါတယ်။ အကြမ်းဖက် စစ်တပ်ကအာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှုနဲ့ အထွေထွေ အကြပ်အတည်းကြောင့် အခုလိုပေးအပ်မှာဖြစ်ကြောင်းနဲ့ ဂျပန်အနေနဲ့ မြန်မာနိုင်ငံကို အကူအညီတွေ ဆက်လက်ပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hayashi Yoshimasa က သတင်းစာရှင်း လင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ကုလသမဂ္ဂလူသားချင်းဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ စာရင်းအရ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း တစ်သိန်းကျော် နဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ အိုးအိမ်စွန့်ထွက်ပြေးရသူပေါင်း နှစ်သိန်းကျော်၊ စုစုပေါင်း သုံးသိန်းရှစ်သောင်းကျော် ရှိနေတယ်လို့ သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment