10th FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ မနက်ခင်း ရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌မျက်နှာဖုံးအမျိုးမျိုးတပ်နေပေမယ့် စစ်တပ်ရဲ့အတွင်းသရုပ်ဟာ နိုင်ငံရေးအာဏာကို လက်နက်အားကိုးနဲ့ ကြိုးကိုင်ထားဖို့ပဲဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြား
📌တရားမဝင်တဲ့လူနဲ့စကားသွားပြောနေရင်သူတို့ကိုတရားဝင်အောင်လုပ်သလို ဖြစ်နေလိမ့်မယ်လို့ KNU ဘက်ကပြော
📌အကြမ်းဖက်စစ်ကောင်စီနဲ့ လုံးဝဆွေးနွေးမှာမဟုတ်ဘူးလို့ ချင်းအမျိုးသားတပ်ဦး CNF ကထုတ်ဖော်ပြောကြား

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မျက်နှာဖုံးအမျိုးမျိုးတပ်နေပေမယ့် စစ်တပ်ရဲ့အတွင်းသရုပ်ဟာ နိုင်ငံရေးအာဏာကို လက်နက်အားကိုးနဲ့ ကြိုးကိုင်ထားဖို့ပဲဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့တဲ့သတင်းကို တင်ဆက်ပေးချင်ပါတယ်

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတိုက်ပွဲကို အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး Burmese American Community Institute (BACI) နှင့် နိုင်ငံတကာမှ တက္ကသိုလ်များနှင့် မိတ်ဖက်လက်တွဲလျက်ရှိသော National University of the Union of Myanmar - Global Campus (NUMM) တို့ပူးတွဲကျင်းပသော မြန်မာ့နွေဦးပန်းများ အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲ (Spring Flowers International Conference on Myanmar) ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ လ ၅ ရက် နေ့မှ ၁၂ ရက်နေ့ထိ ကျင်းပ ပြုလုပ်လျက်ရှိပါတယ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလကလည်း အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်နေတဲ့ အဆိုပါဆွေးနွေးပွဲသို့ အခမ်းအနားအဖွင့် မိန့်ခွန်းပေးပို့ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးရည်မွန်ကလည်း အဆိုပါ မြန်မာ့နွေဦးပန်းများအပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲသို့ သို့ ဟောပြောချက်များပေးပို့ခဲ့ရာမှာ

ဒီနေ့ဒီအချိန်ဟာ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့ တိုင်းသစ်ပြည်သစ်တည်ဆောက်ဖို့အချိန်ရောက်ပြီလို့ မှတ်ယူတဲ့အကြောင်း
တကယ်တော့ ဒီလိုတိုင်းသစ်ပြည်သစ်မျိုးကိုတည်ဆောက်ဖို့ဆိုတာ လွန်ခဲ့တဲ့ ၇၅ နှစ်ကာလပင်လုံစာချုပ်ချုပ်ဆိုစဉ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်း‌ဆောင်ကြီးတွေ မျှော်မှန်းခဲ့ကြတာဖြစ်ကြောင်း သူတို့မျှော်မှန်းခဲ့တဲ့အချက်နှစ်ချက်က ဒီမိုကရေစီစနစ်ကျင့်သုံးဖို့နှင့် ပြည်ထောင်စုတခုအဖြစ်တည်ဆောက်ဖို့ဖြစ်တယ်လို့ဆိုပါတယ် ယခုခေတ်စကားနဲ့ဆိုရရင် ဖက်ဒရယ်ဒီမိုကရေစီကျင့်သုံးတဲ့ ပြည်ထောင်စုတခုကို ပုံဖော်နိုင်မှသာ နိုင်ငံဟာ ငြိမ်းချမ်းမှု တည်ငြိမ်မှု သာယာဝပြောမှုရှိမယ် တိုင်းရင်းသားများအဖို့လည်း တန်းတူညီမျှမှုနှင့်ကိုယ်ပိုင်ပြဌားန်းခွင့်ရမယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဆက်လက်ပီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက ပြောကြားရာမှာ မျက်နှာဖုံးအမျိုးမျိုးတပ်နေပေမယ့် စစ်တပ်ရဲ့အတွင်းသရုပ်ဟာ နိုင်ငံရေးအာဏာကို လက်နက်အားကိုးနဲ့ ကြိုးကိုင်ထားဖို့ပဲဖြစ်တယ်လို့ ခုလိုရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်

“ အာဏာသိမ်း စစ်အုပ်စု အဆက်ဆက်ဟာ ဆိုရှယ်လစ်မျက်နှာဖုံးတပ်ချင်တပ်မယ် ဒီမိုကရေစီမျက်နှာဖုံးဆောင်ချင်ဆောင်မယ် သို့သော် သူတို့ရဲ့ အတွင်းသရုပ်ကတော့ နိုင်ငံရေးအာဏာကို စစ်တပ်က လက်နက်အားကိုးနဲ့ ထိန်းချုပ်ကြိုးကိုင်ထားရေးပဲဖြစ်ပါတယ် တနည်းအားဖြင့် နိုင်ငံရေးမှာ စစ်အုပ်စု အဆက်ဆက်က အစဥ်အမြဲ ဗိုလ်ကျစိုးမိုးရေးပဲ ဖြစ်ပါတယ် ဒီကနေ့ မြန်မာစစ်တပ်ဟာ တပ်မတော်တရပ်ရဲ့ အမည်နာမ တပ်မတော်တရပ်ရဲ့ ဂုဏ်ကို မဆောင်နိုင်တော့ရုံသာမက ကို​ယ့်ပြည်သူကို ကိုယ်ရန်ပြုနေတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ တစ်ခုအဖြစ် လျောကျသွားခဲ့ပြီလည်းဖြစ်ပါတယ် ဒီကနေ့ မြန်မာ့သမိုင်းရဲ့တောင်းဆိုမှုက နိုင်ငံနဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက်မှုပေးမယ့် တပ်မတော်သစ်တရပ်ထူထောင်ရေးဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်’

မြန်မာ့နွေဦးပန်းများ အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်များက မြန်မာ့အရေးနဲ့ပက်သက်တဲ့အခက်အခဲစိန်ခေါ်မှုများ ပိုမိုနားလည်လာရန်
ထိုအခက်အခဲနှင့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်မယ့်နည်းလမ်းများဖော်ထုတ်နိုင်ရန်
တစည်းတလုံးတည်းရှိသော မျှော်မှန်းချက်ဗျူဟာများပေါ်ထွက်လာနိုင်ရန် ဖြစ်ကြောင်း ဖော်ပြထားပါတယ်

ဖေဖော်ဝါရီ ၅ ရက်မှ ၁၂ ရက်အထိ တစ်ပတ်ကြာ ကျင်းပနေဆဲ နွေဦးပန်းများ အပြည်ပြည်ဆိုင်ရာ သုတေသနညီလာခံ (Spring Flowers International Conference) တွင် ပညာရပ်သုတေသနစာတမ်းအစီအစဥ် ၁၂ ခု၊ ပညာရှင်ဆွေးနွေးသည့်အစီအစဥ် ၈ခု၊ စကားဝိုင်းဆွေးနွေးပွဲ၁၂ ခုနှင့် Keynote speaker ၄၀ ကျော် အပါအဝင် စုစုပေါင်း အခန်းကဏ္ဍ၁၅ ခုကို ပြုလုပ်နေဆဲဖြစ်ပါတယ်။

========================

📌📌တရားမဝင်တဲ့လူနဲ့စကားသွားပြောနေရင်သူတို့ကိုတရားဝင်အောင်လုပ်သလို ဖြစ်နေလိမ့်မယ်လို့ KNU ဘက်ကပြောဆိုလိုက်တဲ့သတင်းတပုဒ် တင်ပြဖို့ရှိပါတယ်

၂၀၂၁ ခုနှစ်မှာ အကြမ်းဖက်ပြီးအာဏာသိမ်းယူခဲ့တဲ့စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းတွေမပါဝင်ဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေကို ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်တယ်လို့ အာဏာသိမ်းတနှစ်ပြည့်ပီးနောက် ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ အခုလက်ရှိအချိန်ထိ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ကိုသာမက ၎င်းတို့လက်အောက်ခံ ဦးဝဏ္ဏမောင်လွင်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အာဆီယံက မဖိတ်သေးပါဘူး။ စစ်တပ်ဟာ အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ဒေသတိုင်းနေရာတိုင်းကို ရက်ရက်စက်စက်လေကြောင်းထိုးစစ်တွေဆင်နွှဲခဲ့ပြီး အရှင်လတ်လတ်ရွာသားတွေကိုမီးရှို့သတ်တဲ့အထိ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ထားတာကြောင့် နိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်းများရဲ့ စောင့်ကြည့်အရေးယူမှုကိုလည်း ခံနေရပါတယ်။ ဒီ့နောက်မှာပဲ မကြာခင်ရောက်ရှိတော့မယ့် ပြည်ထောင်စုနေ့ကိုအကြောင်းပြပြီး ထာဝရငြိမ်းချမ်းရေးဆွေးနွေးကြစို့ ဆိုပြီးတော့ သတင်းထုတ်ပြန်လာတာကိုတွေ့ရပါတယ်။ ကြေငြာချက်ထွက်ပေါ်ခဲ့အပြီးနောက်ပိုင်း တိုက်ပွဲတွေငြိမ်သက်နေခဲ့တဲ့ ရခိုင်ပြည်မှာလည်း စစ်ပွဲတွေ တဖန်ဖြစ်ပေါ်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေကြား ဒီဖိတ်ခေါ်မှုကို တက်မယ်မတက်ဘူး ဆွေးနွေးမှုတွေကြားနေရပီး ကချင့်လွတ်မြောက်ရေးတပ်မတော့ KIA ဘက်ကတော့ NUG နဲ့အတူလက်တွဲပြီး ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲကို အားလုံးပူးပေါင်းပါဝင်ကြဖို့ပြောဆိုထားပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ဘက်ကလည်း ဒီ ငြိမ်းချမ်းရေးဟန်ပြ ဆွေးနွေးပွဲဟာ တရားမဝင်သူကိုတရားဝင်အောင်အားပေးသလိုဖြစ်နေလိမ့်မယ်ဆိုတဲ့အကြောင်း ပြတ်ပြတ်သားသားတုံ့ပြန်ထားပါတယ်။ KNU ဗဟိုကော်မတီဝင်လည်းဖြစ် နိုင်ငံခြားရေးဌာနတာဝန်ခံလည်းဖြစ်သူ ပဒိုစောတောနီးက ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှာ ကရင်အမျိုးသားမီဒီယာကို ခုလိုဖြေကြားပြောဆိုထားပါတယ်။

"သူတို့ပဲအကြမ်းနည်းနဲ့နိုင်ငံရေးကိုဖြေရှင်းတယ် စစ်အာဏာသိမ်းလိုက်တယ် အဲ့ဒီကတည်းကိုက ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့အခြေခံမူအားလုံးကို ချိုးဖောက်လိုက်တယ်လေ အဲ့ဒီကတည်းက ရှင်းနေတာပဲ ကျနော်တို့က သူတို့နဲ့စကားပြောစရာကိုအကြောင်းမရှိတော့တာ ဘာဖြစ်လို့လဲ ဆိုတော့ တရားမဝင်တဲ့လူတွေဖြစ်လာပီလေကွာ တရားမဝင်တဲ့လူနဲ့စကားသွားပြောနေရင် သူတို့ကို တရားဝင်လာအောင်လုပ်သလို ဖြစ်သွားမှာပဲ အဲ့ဒါကြောင့်ကျနော်တို့က ခပ်ရှင်းရှင်းပဲနေတယ် . ပါးစပ်ကနေငြိမ်းချမ်းရေးစကားပြောပြီး လက်ကနေ ကားယားကားယား လုပ်နေတာ တောက်လျှောက်ပဲလေ အခုကြည့်ပါလား ကျနော်တို့ကရင်ဒေသမှာတင်မကဘူး နေရာတိုင်းမှာပါးစပ်က ငြိမ်းချမ်းရေးစကားပြောပြီး တကယ်တမ်းကစစ်ဆင်နေတာ ။ အဲ့လိုစစ်ဆင်နေလို့လည်း ကျနော်တို့လည်း ခံနေရတာ အလူးအလဲပဲလေ ယုံကြည်မှုဆိုတာအဝီစိထဲကိုကျသွားပြီ ဘယ်လိုမှ ပြန် မ တင်လို့မရတော့ဘူး'

သူတို့က ငြိမ်းချမ်းရေးစကား ပြောလာပြီဆိုရင် ကျွန်တော်တို့က သေနတ်မောင်းတင်ပြီးတော့ လက်ညိုးက ကွေးရတော့မယ်လို့ ကျွန်တော်တို့ ဘဝပေးအသိက အဲဒီလိုဖြစ်နေခဲ့ပြီလို့ ပဒိုစောတောနီးရဲ့ပြောစကားကို မီဒီယာများက အကျယ်တဝင့်ဖော်ပြနေကြပါတယ်။ KNU ဟာ စစ်အာဏာရှင်ဖြုတ်ချရေးနွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပြည်သူတရပ်လုံးနှင့်အတူပြတ်ပြတ်သားသားရပ်တည်လာတာတွေ့ရပီး ရှေ့ဆက်လုပ်စရာတွေက အသင့်ရှိပြီးသားဖြစ်ကြောင်း ခုလိုဆက်ပြောပါတယ်။

“ရှေ့ဆက်လုပ်စရာတွေရှိပြီးသား စစ်အာဏာရှင်ကိုတော်လှန်တဲ့အဖွဲ့အစည်းအားလုံးနဲ့ တနှစ်ပတ်လုံးလက်တွဲပြီး ကျနာ်တို့ကျားကုတ်ကျားခဲလုပ်လာတာ အခြေအနေကောင်းလည်းရသွားပီ စီစီဖွဲ့ပီးပီ ညီလာခံဆုံးဖြတ်ပီးပီ အဲ့မှာဆုံးဖြတ်မယ့်ဟာတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ပဲရှိတော့တယ် အခုလိုကျနော်တို့ကြိုးစားမှုအားလုံးရဲ့ အဟန့်အတားက စစ်တပ်ပဲ ဒီစစ်တပ်ကလူတွေဟာ ငြိမ်းချမ်းရေးရဲ့ ရန်သူတွေပဲ ဖက်ဒရယ်ဒီမိုကရေစီရဲ့ရန်သူပဲ
အဲ့ရန်သူကိုရှင်းထုတ်ရမယ့်တာဝန်ရှိတယ် သူတို့မရှိမှပဲ ကျနော်တို့အားလုံးလိုချင်တဲ့ဖက်ဒရယ်ဒီမိုကရေစီလမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူးသွားလို့ရမယ်”
“ဆုံးဖြတ်ထားတဲ့အတိုင်းပဲ ဆက်လုပ်မယ် အားလုံးနဲ့အတူလက်တွဲသွားမယ် ပြည်သူလူထုကိုယ်တိုင်လည်းပြင်းပြတဲ့ဆန္ဒနဲ့ တောင်းဆိုနေကြတာရှိတယ် စစ်တပ်ကနိုင်ငံရေးကိုစွန့်ရမယ် စစ်တပ်ဟာ စစ်တပ်ပဲဖြစ်ရမယ် ကျနော်တို့လိုချင်တဲ့စစ်တပ်က ဒီပုံစံမျိုးလုံးဝမဖြစ်ရဘူး အရပ်သားအုပ်ချုပ်မှုအောက်ရှိရမယ် နိုင်ငံရေးကင်းရမယ်တစ်အချက် ၊ နောက်အချက်က ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီကိုသွားမယ် ဒီလိုသွားဖို့အတွက် ဒီစစ်တပ်လုပ်ပုံနဲ့ဘယ်လိုမှလက်တွဲလို့မရဘူး ဒါကြောင့် ဒီလိုပြောချင်ပါတယ်”

ကရင့်တော်လှန်ရေးဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ၇၃ နှစ်မြောက်ပြည့်ခဲ့ပြီး ဖြစ်ပါတယ်။ စောဘဦးကြီး မူလေးချက်နှင့်အညီ ကရင်လူမျိုးများရဲ့ မတရားမှုအတွက် ဦးမညွှတ်တတ်သောစိတ်ဓာတ်၊ ဘဝတူတိုင်းရင်းသားများနှင့်တသားတည်းရပ်တည်ချက်များ၊ ရိုးသားပွင်းလင်းမှုနှင့်အတူတိုက်ပွဲဝင်ခဲ့ပုံများက ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပို၍ထင်ရှားလာသည်။ KNU-KNLA ရပ်တည်များသည် ပြတ်သားသောလုပ်ရပ်များဖြစ်တယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ကလည်း မကြာခင်ကကျရောက်ခဲ့ ကရင့်တော်လှန်ရေးနေ့အတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။

========================

📌📌အကြမ်းဖက်စစ်ကောင်စီနဲ့ လုံးဝဆွေးနွေးမှာမဟုတ်ဘူးလို့ ချင်းအမျိုးသားတပ်ဦး CNF ကထုတ်ဖော်ပြောကြားခဲ့ပါတယ်

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လုံးဝလက်မခံသလို နိုင်ငံတော်အာဏာကိုမတရားသဖြင့်သိမ်းပိုက်ထားတဲ့စစ်ကောင်စီရဲံ ကမ်းလှမ်းမှုကို တက်ရောက်မှာမဟုတ်ဘူးလို့ ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောခွင့်ရ ပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ပြည်သူဘက်ကရည်တည်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံးအနေနဲ့လည်း စစ်ကောင်စီရဲ့ဆွေနွေးပွဲကိုမတက်သင့်ကြောင်း သူကတိုက်တွန်းသွားပါတယ်

"စစ်ကောင်စီက ကမ်းလှမ်းထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမျိုး တက်တယ်ဆိုတာ ဒီနေ့ဒီအချိန် ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကို ကြည့်လိုက်ရင် ပြည်သူ့တော်လှန်ရေး ဖြစ်နေတယ်၊ ပြည်သူဘက်ကနေ ရပ်တည်မယ်ဆိုရင် စစ်ကောင်စီက လုပ်တဲ့ ဟာတွေမှန်သမျှ ဘယ်လိုမှ မထောက်ခံသင့်ဘူး၊ သူတို့ ဖိတ်တာလည်း မတက်သင့်ဘူး။ ဘာလို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံတယ်ဆိုရင် တက်တဲ့သူကတော့ တက်မှာပေါ့။ ကျနော်တို့ အနေနဲ့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူး၊ အာဏာသိမ်းပြီးကတည်းကိုက စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ လုံးဝ မရှိဘူး။ သွားဖို့ လက်တွေ့မကျဘူး၊ သွားလည်း သွားတက်မှာ မဟုတ်ဘူး" ဟု ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ခေတ်သစ်သတင်းဌာနကိုပြောဆိုခဲ့တာပါ

စစ်တပ်အာဏာသိမ်းပြီးကတည်းက ချင်းပြည်နယ်မှာ စစ်တပ်ရဲ့မတရားမှုကိုပြတ်ပြတ်သားသား တော်လှန်နေကြတာဖြစ်ပြီး စစ်တပ်ကလည်း ချင်းပြည်နယ်တွင်းက တော်လှန်ရေးအင်အားစုတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် မြို့ရွာများကိုမီးရှို့ဖျက်ဆီးခြင်းများနဲ့တုံ့ပြန်ခဲ့ပါတယ်။
ချင်းပြည်နယ်ထန်တလန်မြို့ကို အကြိမ်များစွာ စစ်အုပ်စုကမီးရှို့ပစ်ခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀၂၁ မှစလို့ ယနေ့အချိန်ထိ ထန်တလန်မြို့ နေအိမ် ၉၂၈ လုံး မီး‌ရှို့ဖျက်ဆီးခံခဲ့ရပါတယ် ဒါဟာထန်တလန်ရဲ့ အိမ်ခြေ ၅၀% မီးလောင်ခဲ့ရခြင်းဖြစ်တယ်လို့ ချင်းလူ့အခွင့်ရအရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ နေ့စဉ်လိုလိုတိုက်ပွဲဖြစ်ပွားနေခဲ့ပေမယ့် ၂၀၂၂ ခုနှစ်အစောပိုင်းကစလို့ ချင်းပြည်နယ် ဟားခါးမြို့နယ်အပါအဝင် မြို့နယ်အချို့မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးတည်ဆောက်ခြင်းလုပ်ငန်းတွေလည်း လုပ်ဆောင်လာနိုင်ခဲ့ကြတာတွေ့ရပါတယ်။ လက်နက်အင်အားကွာခြားမှုတွေကြီးလွန်းနေပေမယ့် ချင်းပြည်နယ်မှာ CNF လို လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ ပူးပေါင်းခုခံစစ်က အားကောင်းနေဆဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ CDF မင်းတပ်အဖွဲ့က မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ကျောက်ထု၊ ဆော၊ ဂန့်ဂေါနှင့်ထီးလင်း စသည့်မြို့နယ်များရှိ စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် အသုံးစရိတ်များလိုအပ်ပါက MA ကျည် 40 MM နှင့် 60 MM တို့ကို ဆက်သွယ်ပြီး ရောင်းချနိုင်ပါကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့ ပူးပေါင်းကာ Chinland Joint Defense Committee ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်နှင့် ပူးပေါင်းသူ မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို အမြစ်ပြတ် တိုက်ထုတ်သွားမည်ဟု ထုတ်ပြန်ထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်များက ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့သော စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိကြဘဲ ဒါဟာ သွေးရူးသွေးတန်းဖြင့် မျက်နှာပြောင်တိုက်တဲ့လုပ်ရပ်သာဖြစ်ကြောင်း ဒီဆွေးနွေးပွဲကိုလုံးဝတက်မှာမဟုတ်ဘူးလို့ KNU နှင့်အတူ ချင်းအမျိုးသားတပ်ဦး CNF အတိအလင်းထုတ်ဖော်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment