သတင်းခေါင်းစဉ်များ -
📌စာနာမှု အကူအညီ လိုအပ်နေတဲ့ ကလေးတွေကို နည်းလမ်းအားလုံး ရှာဖွေပံ့ပိုးပေးဖို့ သံအမတ်ကြီး တောင်းဆို
📌(၄၂) ကြိမ်မြောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေး (၅/၂၀၂၂) ကျင်းပပြုလုပ်
📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ ထုတ်ပြန်ကြေညာချက်အမှတ် (၂/၂၀၂၂)
📌ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက် အခမ်းအနားအကြို Profile Campaign
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စာနာမှု အကူအညီ လိုအပ်နေတဲ့ ကလေးတွေကို နည်းလမ်းအားလုံး ရှာဖွေပံ့ပိုးပေးဖို့ သံအမတ်ကြီး တောင်းဆို
မြန်မာပဋိပက္ခ ဖြစ်ပွားရာဒေသက လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့ ကလေးတွေကို နယ်စပ်ဖြတ်ကျော်အပါအဝင် နည်းလမ်းအားလုံးကို ရှာဖွေပြီးပံ့ပိုးပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဖေဖေါ်ဝါရီ ၈ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF) အမှုဆောင် ဘုတ်အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် ပထမအကြိမ် ပုံမှန်အစည်းအဝေးမှာ ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာပါ။
ပဋိပက္ခဖြစ်ပွားရာဒေသက ကလေးအများအပြားဟာ လူသားချင်းစာနာမှု အကူအညီ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေး ဝန်ဆောင်မှုတွေ လိုအပ်နေတယ်လို့ သူကပြောပါတယ်။
မြန်မာကလေးသူငယ်တွေအတွက် ကဏ္ဍစုံ စာနာမှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ UNICEF က လိုအပ်နေတဲ့ ရန်ပုံငွေ ကန်ဒေါ်လာ ၁၅၁ ဒဿမ ၄ သန်းကို အလှူရှင်နိုင်ငံတွေအနေနဲ့ ကူညီထောက်ပံ့ပေးဖို့လည်း သံအမတ်ကြီးက မေတ္တာရပ်ခံပါတယ်။
အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်ကစပြီး အသက် ၃ နှစ်ကနေ ၁၇ နှစ်ကြား ကလေးငယ် ၁၁၄ ဦးထက်မနည်းကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ UNICEF ကထုတ်ပြန်ခဲ့ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ပဏာမလေ့လာဆန်းစစ်ချက်တွေအရ အကြမ်းဖက်စစ်တပ်က ပြည်သူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန် တဲ့ အကြမ်းဖက်မှုတွေထဲမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တဲ့ ပညာရေးနဲ့ဆေးဘက် ဆိုင်ရာ ဝန်ထမ်းတွေကို တိုက်ခိုက်ခြင်း၊ မတရားချုပ်နှောင်ထားသူတွေကို သေတဲ့အထိ ညှင်းပန်းနှိပ်စက်ခြင်း၊ လူ သားချင်းစာနာမှု အကူအညီတွေကို ပိတ်ဆို့ခြင်း၊ အိမ်တွေနဲ့ဘာသာရေး အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးခြင်း၊အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတို့ ပါဝင်ကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ်မှာ ဒီဇင်ဘာ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ Save the Children ဝန်ထမ်းနှစ်ဦး၊ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သား ၃၅ ဦးထက်မနည်းကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်မီးရှို့ခဲ့ကြောင်းလည်း ဆိုပါတယ်။
========================
📌📌(၄၂) ကြိမ်မြောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေး (၅/၂၀၂၂) ကျင်းပပြုလုပ်
(၄၂) ကြိမ်မြောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်အဝေး (၅/၂၀၂၂)ကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးတွင် ယာယီသမ္မတကြီဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းရန် ကြုံရွယ်မှု တစ်နှစ်ပြည့်နေ့တွင် လူထုဦးဆောင်တဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်သော silent strike လှုပ်ရှားမှုကို လူထုတရပ်လုံး ရဲရဲဝံ့ဝံ့ပါဝင်ခဲ့ကြတာကို လေးစား ဂုဏ်ယူမိပါကြောင်း၊ တဖက်မှာလည်း အာဏာသိမ်း တစ်နှစ်ပြည့်တဲ့အနေနဲ့ အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်အစိုးရတို့ပူးပေါင်းပြီး အာဏာရှင်များနှင့် ၄င်းတို့၏ ထောက်တိုင်များကို စီးပွားရေးအရ ပိတ်စို့ဒဏ်ခတ်အရေးယူမှုကို ပြုလုပ်ခဲ့ပါကြောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အင်္ဂလိပ်ကိုလိုနီလက်အောက်မှ အတူလွတ်လပ်ရေးယူခဲ့ကြသည့် ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်းနှင့် ဗမာခေါင်းဆောင်များ ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြကြောင်း၊ တိုင်းပြည်ကို ဒီမိုကရေစီ နှင့် တိုင်းရင်းသားများ ကိုယ်ပိုင်ပြဠာန်းအပြည့်အဝရှိသည့် ဖက်ဒရယ်စနစ်အဖြစ် တည်ထောင်ဖို့ ကတိပြုခဲ့ကြသော်လည်း အဆက်ဆက်သော တိုင်းပြည်ကို ဦးဆောင်ခဲ့သည့် ခေါင်းဆောင်များနှင့် အာဏာရှင်များအနေဖြင့် အကောင်အထည် မဖော်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များ အားလုံး ညီညီညွတ်ညွတ် အတူလက်တွဲပါဝင်လာနိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရ ကတ်ဘိနက်အဖွဲ့ ဝင်များ အတူဝိုင်းဝန်းကြိုးစားကြစို့လို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်က တော်လှန်ရေးကာလဖြစ်တာကြောင့် နေ့စဉ်နှင့်အမျှ စိတ်မချမ်းမြေ့စရာ အခြေအနေတွေကို ကြားသိနေရသလို တဘက်ကလည်း စိတ်အားတက်စရာ အခြေအနေတွေကို ကြားရပြန်ကြောင်း၊ ဆက်လက်ပြီးတော့လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုအသီးသီးနဲ့ အတူအတကွ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာကို ဒီကနေ့ အစည်းအဝေးမှာ ထပ်လောင်းကတိပြု ပြောကြားလိုပါကြောင်းစသဖြင့်ပြောကြားသွားပါတယ်။
ကြားကာလအုပ်ချုပ်မှု ဖော်ဆောင်နိုင်ရေးအတွက် မြို့နယ်အသစ်တွေ ဖွဲ့စည်းနိုင်ဖို့လည်း စီမံဆောင်ရွက်နေတာတွေရှိသလို တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဖွဲ့စည်းရေး စီမံချက်ကိုလည်း ရေးဆွဲနေတာ ရှိပါကြောင်း၊ တော်လှန်ရေး အင်အားစုများနဲ့ အတူတကွ ပုံစံမျိုးစုံနဲ့ ဆက်လက်တော်လှန်သွားမှာဖြစ်ပါကြောင်း၊ အခုဆိုရင် ကျနော်တို့ ခုခံကာကွယ်စစ်ဟာလည်း အတော်လေးခရီးရောက်နေပြီဖြစ်သလို မြို့ကြီးတွေရော ကျေးလက်ပါ မကျန် ပြည်သူတွေရဲ့ တော်လှန်မှုပုံစံမျိုးစုံကလည်း အားမကျသွားဘဲ လူထုဟာ တောင့်ခံတွန်းလှန် နေကြဆဲ ဖြစ်တာမို့ မဝေးတော့တဲ့ အောင်မြင်မှုတွေအတွက် ကျွန်တာ်တို့ ရေကုန်ရေခမ်း တိုက်ပွဲဝင်သွားကြရအောင်လို့ ပြောကြားလိုပါကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးတွေက တင်ပြဆွေးနေးရာ ဖက်ဒရယ်ပြည်ထောင်စု ရေးရာပြည်ထောင်စုဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅နှစ်မြောက် အခမ်းအနားကျင်းပရေး ပြင်ဆင်နေမှုတွေကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
📌📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ ထုတ်ပြန်ကြေညာချက်အမှတ် (၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်မှာ
၁။ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (Federal Health Professional Council – FHPC) ကို တော်လှန်ရေးကာလဖြစ်သည့် ကြားကာလနှင့် အသွင်ကူးပြောင်းရေးကာလတွင် ကျန်းမာရေးပညာရှင် လုပ်သားအင်အားစုများအားလုံး၏ အကျိုးစီးပွားကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဖော်ဆောင်ပေးရန် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ ဆေးပညာရှင်များ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားပြုသူများဖြင့် (၁-၁၂-၂၀၂၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။
၂။ မြန်မာနိုင်ငံဆေးကောင်စီ (Myanmar Medical Council - MMC) သည် မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေ (၂၀၁၅ ခုနှစ်)၊ အခန်း (၂)၊ ရည်ရွယ်ချက်များတွင် ပြဋ္ဌာန်းထားသည့် “အရည်အသွေး ပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး ခံစားခွင့်ရရှိစေရန်၊ ဆရာဝန်များ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်နိုင်စေရန်၊ ကောင်းမွန်သော ဆေးကုသမှုပတ်ဝန်းကျင် ဖြစ်ထွန်းစေရန်’’ အစရှိသည့် ရည်ရွယ်ချက်များကို ဖော်ဆောင်နိုင်ခြင်း မရှိသည့်အပြင် ဆရာဝန်များအပါအဝင် ကျန်းမာရေးလုပ်သားများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်ဖိနှိပ်နေသည့် အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administration Council – SAC) ၏ လက်ကိုင်တုတ်အဖြစ် ပြောင်ပြောင်တင်းတင်း ရပ်တည်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။
၃။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဆေးကောင်စီ (MMC) သည် ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြုပြီး ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအပေါ် အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အလိုကျ ဖိနှိပ်ဆောင်ရွက်နေမှုများကို ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီအနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး အဆိုပါဖိနှိပ်မှုများကို ဆက်လက်ကျူးလွန်ဆောင်ရွက်နေမည်ဆိုပါက မြန်မာနိုင်ငံဆေးကောင်စီ (MMC) ၏ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်ပါတယ်လို့ ပါရှိပါတယ်။
========================
📌📌ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက် အခမ်းအနားအကြို Profile Campaign
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်မည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက် အခမ်းအနားအစီအစဉ်ကို အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အနှစ်သာရများ၊ တိုင်းရင်းသားများအားလုံး၏ စုစည်းညီညွတ်မှုများကို ထင်ဟပ်ပေါ်လွင်စေမည့် ပုံသဏ္ဍာန်ဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် Profile Campaign တွင် အောက်ပါ Profile Frameများထဲမှ ကြိုက်နှစ်သက်ရာတစ်ခုကို ယနေ့မှစ၍ ဖေဖော်ဝါရီလ (၁၂)ရက်နေ့အထိ ပြောင်းလဲပေးခြင်းအားဖြင့် တိုင်းရင်းသားပြည်သူများအားလုံး ပူးပေါင်းပါဝင်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသွားရောက်မည့် ပြည်သူတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်မှုကို ပြသပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။ လုပ်ဆောင်ရမှာတွေနဲ့ပတ်သက်ပြီး
Profile (1) - ပင်လုံစာချုပ်ကတိတည်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ၊အာဏာရှင်စနစ်အမြစ်ဖြတ်မည်
Profile (2) - ပင်လုံမှသည်ဖက်ဒရယ်ဆီ၊ လူမျိုးကြီးဝါဒတိုက်ဖျက်ညီ၊ အာဏာရှင်စနစ်အမြစ်ဖြတ်မည်
Profile (3) - တန်းတူရေးကိုရှေးရှုချီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ ပါရှိသလို
Profile Frame ထားနည်းကိုဖေါ်ပြပါ
Link ကို နှိပ်ရပါမည်။
1) twb.nz/towardsfederalunion1
2) မိမိနှစ်သက်ရာ Frame တစ်ခုကို ရွေးပါ
3) Choose photoကိုနှိပ်ပါ၊
4) Files Managerထဲက မိမိ profileသုံးမယ့်ပုံကိုရွေးပါ၊
5) Nextကို နှိပ်ပါ၊
6) Downloadကို နှိပ်ပါ၊
ပြီးလျှင် ဂယ်လာရီထဲသွားပြီး Downထားတဲ့ပုံကို မိမိ Facebookမှာ Profileတင်နိုင်ပါပြီ ဆိုပြီး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက် အခမ်းအနားဖြစ်မြောက်ရေး ကော်မတီ ထုတ်ပြန်ထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment