၂၀၂၂ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ မနက်ခင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌တယ်လီနောမြန်မာအား အာဏာသိမ်းစစ်တပ်နှင့်ချိတ်ဆက်ထားသည့် ကုမ္ပဏီထံ ရောင်းချမှုကို ရပ်တန့်ပေးဖို့ justice for myanmar က အရေးတကြီးတောင်းဆို
📌KNU သထုံခရိုင် ဖားအံမြို့နယ်က စစ်ကောင်စီနောက်လိုက်တွေ ထွက်သွားကြဖို့ မြို့နယ်အလုပ်မှုဆောင်ကော်မတီက သတိပေးထုတ်ပြန်
📌ရခိုင်ပြည်နယ်မှာ တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေပီး အာဏာသိမ်းတပ်ဖွဲ့များလိုက်ပါလာတဲ့ကား မိုင်းဆွဲခံလိုက်ရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌တယ်လီနောမြန်မာအား အာဏာသိမ်းစစ်တပ်နှင့်ချိတ်ဆက်ထားသည့် ကုမ္ပဏီထံ ရောင်းချမှုကို ရပ်တန့်ပေးဖို့ justice for myanmar က အရေးတကြီးတောင်းဆိုလိုက်ပါတယ်
Telenor Group ဟာ ၎င်းတို့ရဲ့ မြန်မာနိုင်ငံတယ်လီကွန်းစီးပွားရေးလုပ်ငန်းအား အာဏာသိမ်းစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးထံ ရောင်းချဖို့စီစဉ်နေတယ်လို့ သွေးစွန်းငွေရပ်တန့်ရေးနှင့် တရားမျှတရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်နေတဲ့ justice for myanmar ကထုတ်ဖော်ရြေးသားလိုက်ပါတယ်။ အခုလိုလက်လွတ်စပယ်ရောင်းချခဲ့မယ်ဆိုရင် တရားမဝင် လူသတ်စစ်ကောင်စီအား ကြွယ်ဝချမ်းသာစေမှာဖြစ်ပြီး သုံးစွဲနေသူ မြန်မာပြည်သူ ၁၈ သန်းရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်များကို စစ်ရာဇဝတ်ကောင်များ လက်အတွင်း ကျရောက်စေမယ့် အန္တရာယ်လည်း ရှိနေတဲ့အကြောင်း ထောက်ပြပြောဆိုလိုက်ပါတယ်။ နော်ဝေတယ်လီကွန်း ကုမ္ပဏီကြီးတယ်လီနောကို နော်ဝေနိုင်ငံအစိုးရက ၅၃.၉၇ ရာခိုင်းနှုန်း ပိုင်ဆိုင်တာဖြစ်ပီး အာဏာသိမ်းပြီးနောက်ပိုင်း ရောင်းချမှု တွင် စစ်ကောင်စီ ပါဝင်ပတ်သက်မှုရှိနေပါတယ်။ ရောင်းချမှုဖြစ်မြောက်ခဲ့မယ်ဆိုရင် ခရိုနီစီးပွားရေးလုပ်ငန်းစုကြီးရွှေဗျိုင်းဖြူက အဆိုပါ မိုဘိုင်း ဖုန်းအော်ပရေတာရဲ့ အဓိကပိုင်ဆိုင်သူဖြစ်လာမှာဖြစ်ပီး စာရွက်စာတမ်းများအရ အာဏာသိမ်းအုပ်စုရဲ့ နစက ကောင်စီဝင်နှစ်ဦးလည်း အဆိုပါဝယ်ယူမှုတွင် ပါဝင်နေမှာဖြစ်ပါတယ်။
ရွှေဗျိုင်းဖြူလုပ်ငန်းစုဟာ မြန်မာစစ်တပ်နှင့်၏စီးပွားရေးစပ်တူလုပ်ကိုင်တဲ့ သမိုင်းကြောင်းရှိခဲ့ပြီး ကျောက်မျက်တူးဖော်ရေးလုပ်ငန်းနှင့် ရေနံကုန်သွယ်မှုလုပ်ဆောင်ရန် စစ်တပ်စီးပွား ရေးလုပ်ငန်း မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် နှင့် အမြတ်ငွေခွဲဝေရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ဖူးပါတယ်။ ဒါ့အပြင် ရွှေဗျိုင်းဖြူလုပ်ငန်းစုရဲ့ ဒါရိုက်တာတစ်ဦးဟာ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့အရေးယူထားသည့် Forest Products Join Venture Corporation Limited ၏ ရှယ်ယာရှင်လည်းဖြစ်နေပါတယ်။
တယ်လီနော၏ မြန်မာကုမ္ပဏီခွဲအား ဝယ်ယူရရှိမယ့် ကုမ္ပဏီအမည်ကို Investcom Myanmar ဟု အမည် ပေးထားပြီး အဆိုပါရောင်းချမှုကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ထက်နောက်မကျဘဲ အပြီးသတ်လုပ်ဆောင်မှာဖြစ်ကြောင်းသိရပါတယ်။ တယ်လီနောကတော့ အဆိုပါအရောင်းအဝယ်တွင် ရွှေဗျိုင်းဖြူပါဝင်မှု သို့မဟုတ် မည်သည့်တရားဝင် အဖွဲ့အစည်းထံ ရောင်းချသည်ကို အတည်ပြုရန် ငြင်းဆိုထားခဲ့ပြီး ပွင့်လင်းမြင်သာမှုကင်းမဲ့နေခြင်းကလည်း စိုးရိမ်ဖွယ်ရာ ဖြစ်တယ်လို့ တရားမျှတရေးအင်အားစုတွေက ထောက်ပြနေကြပါတယ်။ Justice For Myanmar က ကြည့်ရှုခဲ့သည့် သက်သေအထောက်အထားများအရ တယ်လီနောက ၎င်းတို့၏ ရောင်းဝယ်မှုတွင် ပိုင်ဆိုင်မှုကို ပြည်တွင်းကုမ္ပဏီတစ်ခုထံ လွှဲပြောင်းပေးရန် ခွင့်ပြုထား ကြောင်း တွေ့ရတယ်လို့ဆိုပါတယ်။ တယ်လီနောအနေဖြင့် စစ်တပ်နှင့်ဆက်နွယ်သည့် ကုမ္ပဏီတစ်ခုထံ ရောင်းချသည်ကို သိလျက်နှင့် အခြားတဖက်တွင် အဆိုပါရောင်းချမှုက M1 Group ထံဖြစ်ကြောင်း ပြည်သူလူထုသို့ လှည့်စားဖော်ပြကာ စစ်တပ်နှင့်အတူ ဖုံးဖိကွယ်ဝှက်မှုတွင် ပါဝင်နေသည်ကို ညွှန်ပြနေတယ်လို့ ဖော်ထုတ်မှုကိုခံနေရပါတယ်။
အဆိုပါအရောင်းအဝယ်တွင် စစ်ဗိုလ်ချုပ်ကြီးများ၏ ပါဝင်မှုသည် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာကန့်သတ်ပိတ်ပင်ရေးပြဌာန်းချက် များကို ချိုးဖောက်ရာ ရောက်နေပါတယ်။ ရောင်းချမှုတွင် စစ်ကောင်စီ၏ ကြားဝင်ပတ်သက်မှု၊ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများ ပါဝင်မှု၊ စစ်တပ်နှင့် ရွှေဗျိုင်းဖြူတို့၏ နက်ရှိုင်းသည့်စီးပွားရေးဆက်နွှယ်မှု၊ ရွှေဗျိုင်းဖြူအနေဖြင့် တယ်လီကွန်းလုပ်ငန်းတွင် အတွေ့အကြုံမရှိဆိုသည့်အချက်များက ယင်းကုမ္ပဏီသည် စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် သွယ်ဝိုက် ၍ ရှိနေနိုင်ကြောင်း ညွှန်းဆိုပါတယ်လို့ justice for myanmar ကထောက်ပြပါတယ်။
ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများအရ ဒဏ်ခတ်ပိတ်ဆို့ထားသည့်လူပုဂ္ဂိုလ်များထံ စီးပွားရေးအရင်း အမြစ်များ လက်လှမ်းမီရရှိစေမှုကို တားမြစ်ကန့်သတ်ထားပြီး အဆိုပါပုဂ္ဂိုလ်တစ်ဦးက အဖွဲ့အစည်းတစ်ခု ခုအား ထိန်းချုပ်ထားသည့်အခါတွင်လည်း သက်ရောက်ပါတယ်။ နော်ဝေနိုင်ငံသည် ဥရောပစီးပွားရေးနယ်မြေအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယေဘုယျအားဖြင့် ဥရောပ သမဂ္ဂဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း လိုက်နာရပါတယ်။
Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တယ်လီနောအနေနဲ့ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းကိုရောင်းချဖို့ တရားမဝင်စစ်ကောင်စီနဲ့ ကြံရာပါပတ်သက်လုပ်ဆောင်နေတာ၊ ဝယ်ယူသူဘယ်သူ ဖြစ်တယ်ဆိုတာကို ဖုံးကွယ်နေတာက စိတ်ပျက်ဖွယ်ရာဖြစ်ပါတယ်”
“တယ်လီနောရဲ့ တာဝန်မဲ့ရောင်းချမှုက စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန် တဲ့ ရာဇဝတ်မှုတွေကို အားပေးထောက်ပံ့နေတဲ့ ကျည်ဆံတွေ၊ ဗုံးတွေနဲ့ ဂျတ်တိုက်လေယာဉ်လောင်စာဆီ တွေအတွက် ငွေကြေးအကူအညီတွေ ဖြစ်လာပါလိမ့်မယ်”
“တယ်လီနောအုပ်စုရဲ့ အများစုပိုင်ဆိုင်သူ နော်ဝေအစိုးရအနေနဲ့ အဲ့ဒီရောင်းချမှုကြောင့် ဖြစ်ပေါ်လာမယ့် ပြည်သူတွေအပေါ် ကြီးမားတဲ့ထိခိုက်ခံစားရမှုတွေအတွက် တာဝန်ရှိပါတယ်” လို့ပြောဆိုခဲ့ပါတယ်
အခုလို အာဏာသိမ်းစစ်အုပ်စုနဲ့ချိတ်ဆက်ထားမှုရှိတဲ့ လုပ်ငန်းစုကြီးများထံ တယ်လီနောရောင်းချမှုပြီးမြောက်သွားမယ်ဆိုရင် တယ်လီနောမြန်မာအခွန်ဝင်ငွေများဟာ စစ်ကောင်စီ ထံ စီးဆင်းမှာဖြစ်ပါတယ်။ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို ငွေးကြေးထောက်ပံ့မှု သေသေချာချာ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ နော်ဝေအာဏာပိုင်များအနေဖြင့် အဆိုပါရောင်းချမှုအား ရပ်တန့်အဆုံးသတ်ရေး ကြားဝင်ဟန့်တားမှု ချက်ချင်းလုပ်ဆောင်ရန် Justice For Myanmar က တောင်းဆိုပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။
========================
📌📌KNU သထုံခရိုင် ဖားအံမြို့နယ်က စစ်ကောင်စီနောက်လိုက်တွေ ထွက်သွားကြဖို့ မြို့နယ်အလုပ်မှုဆောင်ကော်မတီက သတိပေးထုတ်ပြန်ထားပါတယ်
KNU ကရင်အမျိုးသားအစည်းအရုံး သထုံခရီုင်ဖားအံမြို့နယ်က တပ်ရင်း ၁ ထိန်းချုပ်နယ်မြေတွင်းက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်များအားလုံး လုပ်ငန်းတာဝန်မှထွက်သွားပေးကြရန် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ ကော်သူးလေ သထုံခရိုင် ကေအန်ယူကထုတ်ပြန်ချက်ထဲတွင် "မြန်မာနိုင်ငံတွင် စစ်တပ်ကမတရားအာဏာသိမ်းပြီးနောက် လက်ရှိအချိန်မှာ မြန်မာပြည်တဝန်းလုံးက ဆန္ဒပြကြ တော်လှန်နေကြတာကို ပြည်တွင်းသာမက နိုင်ငံတကာတဝန်းလုံးကလည်းသိရှိကြောင်း ။ လက်ရှိဖြစ်ပွားနေသောအခြေအနေအရ စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ နယ်ခြားစောင့်တပ် BGF တပ်စခန်းတွင် နေထိုင်နေသော မိသားစုဝင်များအားလုံး စခန်းတွင်းမှထွက်ခွါပေးဖို့ ဖော်ပြပါရှိပါတယ်။
ဒါ့ပြင် အာဏာသိမ်းစစ်ကောင်စီလာက်အောက်တွင် တာဝန်ထမ်းနေသော အရပ်ဖက်ဆိုင်ရာဌာနအသီးသီးမှ ဝန်ထမ်းအားလုံးလည်း လက်ရှိလုပ်ငန်းတာဝန်မှနှုတ်ထွက်ကြဖို့ သတိပေးထားပါတယ် အဆိုပါသတိပေးထုတ်ပြန်ချက်ကို ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ဖားအံမြို့နယ် အလုပ်မှုဆောင်ကော်မတီက ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ မြန်မာပြည်တဝန်းလုံးမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာရှင်ကိုစုပေါင်းခုခံတွန်းလှန်စစ်များ ပြင်းထန်ခဲ့အပြီး တနှစ်ကာလအလွန်မှာတော့ ထာဝရငြိမ်းချမ်းရေးဆွေးနွေးဖို့ကမ်းလှမ်းတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများဘက်က မည်သည့်အဖွဲ့က တက်ရောက်မယ်မတက်ရောက်ဘူး အသံမျိုးစုံထွက်ပေါ်နေပါတယ်။
KNU ဗဟိုကော်မတီဝင် ပဒိုစောတောနီးကတော့ အာဏာသိမ်းစစ်တပ်ရဲ့ ကမ်းလှမ်းမှုနဲ့ပက်သက်ပီး ငြိမ်းချမ်းရေးပြောနေပေမဲ့ ကျွန်တော်တို့ဒေသကိုထိုးစစ်တွေလုပ်နေတဲ့အခါကျတော့ ဒီအချိန်ဒီကာလမှာ ဘယ်လိုမှယုံကြည်မှုကတည်ဆောက်လို့မရပါဘူး။ လွန်လည်းလွန်သွားပြီ ’’ လို့ ပြောဆိုပြီး လူသတ်အကြမ်းဖက်စစ်တပ်က ကမ်းလှမ်းတဲ့ဆွေးနွေးပွဲကိုတက်ရောက်မှာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ အလားတူပဲ KIO - KIA ဥက္ကဌ အင်ဘန်လကလည်း တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းအားလုံးဟာ ဒီကနေ့အချိန်မှာ NUG အစိုးရနဲ့အတူ လက်တွဲပြီး အာဏာရှင်ကိုပူးပေါင်းတွန်းလှန်ကြဖို့လည်း ၆၁ နှစ်မြောက်ကချင်တော်လှန်ရေးနေ့မိန့်ခွန်းမှာ ပြောကြားထားပါတယ်။
========================
📌📌ရခိုင်ပြည်နယ်မှာ တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေပီး အာဏာသိမ်းတပ်ဖွဲ့များလိုက်ပါလာတဲ့ကား မိုင်းဆွဲခံလိုက်ရပါတယ်
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးတင်းမာရုံသာရှိပြီး တိုက်ပွဲထိတွေ့မှုမရှိခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကစလို့ ထိတွေ့တိုက်ပွဲများ တဖန်ဖြစ်ပေါ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၇ ရက် ည ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်မှာလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်း ကျေးရွာအနီးရှိ ကွန်ကရစ်တံတားတွင် တေဘာကားအမျိုးစားဖြင့်စစ်ကောင်စီတပ်သားများသယ်ဆောင်လာသည့် ကားတစ်စီးမိုင်းဆွဲခံလိုက်ရပါတယ်။ တိုက်ခိုက်မှုကြောင့် ကားပေါ် ပါလာတဲ့ ဒေသခံ ၂ ဦးသေဆုံးသွားကြောင်း သိရပါတယ်။
မိုင်းဆွဲခံရလိုက်ရသည့် ကားမှာ ကြိမ်ချောင်းကျေးရွာမှ ဖားဝပ်ချောင်းကျေးရွာသို့ မောင်းနှင်လာချိန်တွင် မိုင်းခွဲခံလိုက်ရခြင်းဖြစ်တဲ့အကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဖားဝပ်ချောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
"ကားကသစ်တင်တဲ့ကား။ အဲဒီကားထဲမှာ မြန်မာစစ်သားတွေကိုတင်လာတယ်လို့သိရတယ်။ ဘယ်အဖွဲ့က မိုင်းခွဲလိုက်တာလည်းဆိုတာကိုတော့ တိတိကျကျမသိဘူး။ ကားပိုင်ရှင်အမျိုးသမီးလည်း သေတယ်။ အကူတစ်ယောက်လည်း သေသွားတယ်" လို့ပြောပြပါတယ်။
သေဆုံးသူ ၂ ဦးမှာ ဖားဝပ်ကျေးရွာမှ ကားပိုင်ရှင် ဒေါ်စောခင်လှအသက် (၅၀)နှင့် ငန်းချောင်းကျေးရွာမှ ကိုအေးကိုကို အသက် ၂၅ တို့ဖြစ်ကြကြောင်းလည်း သိရပါတယ်။
ဖားဝပ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက"မိုးလင်းတော့ ကျွန်တော်ကို စစ်တပ်ကဖုန်းဆက်လာတယ်။ အလောင်း၂ လောင်းသယ်လာဖို့။ ကြိမ်းချောင်းတပ်ရင်းက ဖုန်းဆက်လာတာ။ အခုတော့အလောင်းရွာကို ရောက်နေပြီ။ ဘယ်အဖွဲ့ကမိုင်းဆွဲတာလည်း တိတိကျကျမသိရဘူး။ ကားမှာတော့ မြန်မာစစ်သားတွေပါလာတယ်လို့သိရတယ်” လို့သူကပြောပါတယ်။ အဆိုပါကားမိုင်းဆွဲခံလိုက်ရပြီးနောက်မှာတော့ နာရီခွဲခန့် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားလိုက်ရကြောင်းလည်း ရွာသားများက ပြောပြကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ရက္ခိုင့်တပ်တော် AA နှင့် အာဏာသိမ်းတပ်တို့ကြား တိုက်ပွဲတွင် ရက္ခိုင့်တပ်တော် AAဖက်က တပ်သားတစ်ဦး ကျဆုံးခဲ့ရပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့မှာတော့ မောင်တောမြို့နယ် မီးတိုက်ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဖက်မှ ၇ဦးသေဆုံးခဲ့သည်ဟု သိရပါတယ်။
ထို့အပြင် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှ အထက်ပိုင်းကျေးရွာသို့ ပြေးဆွဲနေသော ယာဥ်လိုင်းများကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကစတင်ကာ အကြမ်းဖက်စစ်ကောင်စီဖက်က ပိတ်ထားပါတယ်
“ကြိမ်ချောင်းကအထက်ပိုင်းကို ပြေးဆွဲနေတဲ့ လိုင်းကားတွေကိုပိတ်လိုက်ပါတယ်။ ကိုယ်ပိုင်ကားနဲ့ သွားတဲ့ သူတွေ ကိုလည်း စစ်ဆေးမှုတွေ အရမ်းလုပ်နေပါတယ်”ဟု ကျေးရွာသားတစ်ဦးက ပြောပါတယ်။ ဒါ့ပြင် မောင်တောမြို့သို့ရောက်ရှိနေသော ဝန်ထမ်းအားလုံး တာဝန်ကျရာနေရာသို့ ပြန်ကြရန် ခက်ခဲ နေပြီး ဖေဖော်ဝါရီလ ၈ ရက်၊ နံနက်ကစတင်ပြီး ကျီးကန်းပြင်ဌာနချုပ်ဂိတ်တွင် ပိတ်ထားလိုက်သဖြင့် မောင်တောမြောက်ပိုင်းတစ်ခုလုံးနီးပါး ပိတ်ဆို့ခံထားရတဲ့အခြေအနေမှာရှိကြောင်း သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment